ရန်သူတွေ လုပ်ကြံတိုက်ခိုက်ပြီ
Vol. 1 Ch. 234
ကြင်ယာတော် အစောင့်အကြပ်စစ်တပ်သည် တကယ်တမ်းလည်း ရှန်ဝူနိုင်ငံအတွင်းသာ ရှိသေးသည်။ သူတို့သည် ကျန်းရီ ကောင်းကင်နှင့် မြေကြီး၏ ဥပဒေသများနှင့် ထိတွေ့ခဲ့သည့် အချက်ကြောင့် ကြန့်ကြာနေခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက ရှားနိုင်ငံအတွင်း ရောက်နေ လောက်ပေပြီ။
ကောင်းကင် အလင်းတန်းကိုးခု ဟွာယွင်တောင်သို့ ကျဆင်းခဲ့စဉ်က စစ်တပ်သည် ရှန်ဝူနိုင်ငံ၏ တောင်ဘက်ပိုင်းသို့ ရောက်နေပြီ ဖြစ်သည်။ သူတို့သည် တောင်စဉ် သုံးထောင်အနီးမှ ဖြတ်၍ ဝိညာဉ်ပျက်သုဉ်း တောင်ကြားဆီ ဆက်ချီ တက်တော့မည့်ဆဲဆဲ ဖြစ်သည်။
ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်တို့ ပြင်းထန်စွာပါဝင်နေသည့် စွမ်းအင်လှိုင်းကြီးကြောင့် စစ်တပ်ထဲမှ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်များမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ရှားဝူဟွေ့သည်လည်း အံ့အားသင့် နေခဲ့သည်။ သူသည် စစ်တပ်အား နေရာတွင် စခန်းချခိုင်း၍ ထောက်လှမ်းရန် လူများ စေလွှတ်လိုက်သည်။ ထိုလူများသည် ရှားထင်ဝေ့၏ လွှတ်လိုက်သော လူများနှင့် လမ်းတွင်တွေ့ခဲ့သည်။
သတင်းရလာသောအခါ ရှားဝူဟွေ့သည် ပို၍ပင် သတိထားကာ အလျင်စလို ခရီးဆက်ခြင်း မရှိတော့ပေ။ သူသည် တာဝန်ကြီးကြီး ယူထားရသူ ဖြစ်သည်။ ရှေ့တွင် ဘာမှန်းမသိသည့် အခြေအနေ၌ သူ့စစ်တပ်ကို မည်သို့ ချီတက်ခိုင်းရမည်နည်း။ လက်ထပ်ရန် ရက်သည် လွန်လေပြီးသော အချိန်ကာလတည်းက သတ်မှတ်ထားခြင်း ဖြစ်သော်လည်း ရှားထင်ဝေ့ထံမှ စကားတစ်ခွန်းဖြင့် အလွယ်တကူ ပြန်ပြင် နိုင်လေသည်။ သူတို့အဖွဲ့ ဘေးကင်း လုံခြုံရေးကသာ ပထမဦးစားပေး ဖြစ်လေသည်။
ထောက်လှမ်းသည့် အခြေအနေသည် ဘာမှမထူးခြားရာ ရှားဝူဟွေ့ အလျင်လို လာတော့သည်။ နှစ်ရက်ကြာအောင် ရပ်နား စောင့်ဆိုင်းနေပြီးနောက် ရှားဝူဟွေ့ သည်းမခံ နိုင်တော့ပေ။ ရလာသည့် သတင်းသည်လည်း ဆက်လက်၍ မရှင်းမလင်း ဖြစ်နေသေးလျှင် သူ့တစ်သက်လုံး ရှားနိုင်ငံသို့ မသွားလည်း နေရတော့မည်လော၊ သူမသွားလျှင် စုလောရွှယ်ကဲ့သို့ လှပသည့် ကြင်ယာတော်ကို သူမည်သို့ လက်ထပ်၍ ခေါ်ဆောင်ရမည်နည်း။
"ရှေ့ဆက်တိုးမယ်၊ ရှေ့ပြေး ကင်းထောက်တပ်ဖွဲ့က စစ်တပ်နဲ့ ငါးဆယ်ကီလိုမီတာ အကွာကနေ လမ်းရှင်းပြီး တစ်နာရီကြာတိုင်း သတင်းပြန်ပို့... စစ်သူကြီးလုံ မင်းက လူနှစ်ထောင်ကို ခေါ်ပြီး ရှားယွိမြို့ဆီ သွားအကြောင်းကြား၊ စစ်သူကြီး စုတိကောက ငါတို့ကို လမ်းမှာ စောင့်ရှောက်ပေးဖို့ စစ်တပ် လွှတ်ပေးလိမ့်မယ်"
လေးရက်မြောက် နေ့တွင် ရှားဝူဟွေ့သည် စစ်တပ်ကို မြန်မြန်ချီတက်ရန် အမိန့်ထုတ် လိုက်သည်။ စစ်သူကြီးတစ်ဦးသည် လူနှစ်ထောင်ကို ဦးဆောင်၍ ရှေ့တွင် လမ်းရှင်းနေလေသည်။ ရှားဝူဟွေ့၏ ခမ်းနားလှသော ရထားလုံး အနီးတစ်ဝိုက်တွင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် လူတစ်ရာကျော် စောင့်ကြပ် လိုက်ပါနေခဲ့သည်။ စစ်သည် တစ်ထောင်သည်လည်း နတ်ဘုရား သတ်ဖြတ်ခြင်း လေးမြားများ တပ်ဆင်ထားကြပြီး လိုက်ပါလာကြသည်။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်တစ်ယောက် သူတို့အား လာရောက် လုပ်ကြံပါက သေရန်သာ ရှိလေသည်။ နယ်မြေတစ်ခုလုံးမှ ဗာဂျရာ အဆင့်များကမူ လက်ချိုးရေတွက်၍ ရလေသည်။ ထိုအထဲတွင် မည်သူကမှ ရှားဝူဟွေ့ကို သတ်ခြင်းဖြင့် ရှန်ဝူနိုင်ငံကို ရန်မစရဲကြပေ။
ကင်းထောက်များသည် ဘေးကင်းကြောင်း မကြာခဏ သတင်းပို့လျက် ရှိသည်။ စစ်တပ် ဝိညာဉ်ပျက်သုဉ်း တောင်ကြားသို့ ဝင်ရောက်ချိန်တွင် တောင်ကြားတွင် ချုံခိုပုန်းအောင်း နေသူများ မရှိဟူသော သတင်း ရှားဝူဟွေ့ထံ ရောက်လာခဲ့သည်။ နောက်ဆုံးတွင် သူစိတ်သက်သာရာ ရသွားခဲ့သည်။
ဝိညာဉ်ပျက်သုဉ်း တောင်ကြားကို ဖြတ်ကျော်ပြီးသည်နှင့် ရှားနိုင်ငံသို့ ရောက်သွားမည် ဖြစ်ပြီး ပို၍ ဘေးကင်း လုံခြုံ သွားလိမ့်မည်။ ရှားနိုင်ငံ၏ မြောက်ဘက်တွင် မြို့ကြီးတစ်မြို့ဖြစ်သော ရှားဖုန်းမြို့ တည်ရှိပြီး ထိုမြို့တွင် စစ်သည်သုံးသိန်း တပ်စွဲ ထားလေသည်။ ရှားဝူဟွေ့ ရောက်လာသည်ကို သူတို့သိလျှင် လိုက်ပါ စောင့်ရှောက်ရန် စစ်သည် သောင်းဂဏန်း စေလွှတ်ပေးမည်မှာ သေချာသည်။ မည်သို့ပင် ဆိုစေကာမူ ရှားနိုင်ငံတွင် ရှားဝူဟွေ့ သေဆုံးသွားပါက သူတို့မှာ အဓိက တရားခံများ ဖြစ်သွားကြလိမ့်မည် မဟုတ်ပါလော။
ဝိညာဉ်ပျက်သုဉ်း တောင်ကြားသည် မှောင်ရိပ်ကျကာ မြေပြင်တွင် ပြန့်ကျဲနေသော အရိုးများကြောင့် ထိတ်လန့် ချောက်ချားဖွယ် ကောင်းနေဆဲသာ ဖြစ်လေသည်။ ရှားဝူဟွေ့သည် ခမ်းနားလှသော ရထားလုံး ထက်တွင် ထိုင်နေရင်း စိတ်မသက်မသာ ဖြစ်နေခဲ့သည်။ သူလိုက်ကာစကို မ၍ လိုက်ပါ စောင့်ကြပ်နေကြသော စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်များ၊ မရေမတွက်နိုင်သော တော်ဝင် စစ်သားများကို ကြည့်လိုက်သော အခါမှ စိတ်သက်သာရာ ရသွားခဲ့သည်။ သူသည် အမိန့် ထပ်ပေးလိုက်သည်။
"ရှေ့ကို မြန်မြန်သွားပြီး ဝိညာဉ် ပျက်သုဉ်းတောင်ကြားကို မြန်မြန် ဖြတ်ရမယ်"
အမိန့်ရသည်နှင့် စစ်တပ်သည် အရှိန်ကို မြှင့်လိုက်ကြသည်။ ဝိညာဉ် ပျက်သုဉ်း တောင်ကြားမှာ လူသွားလမ်းသည် ကြမ်းတမ်း၍ မညီမညာ ဖြစ်နေလေသည်။ လူတစ်သောင်း ကျော်သော စစ်တပ်ဖြတ်သန်းရန်မှာ အနည်းဆုံး တစ်နာရီတော့ ကြာပေမည်။
***
"ဖုန်း...ဖုန်း...ဖုန်း"
စစ်တပ်သည် ညီညာစွာ ချီတက်လာသောကြောင့် မြေပြင်သည် တုန်ခါလာခဲ့သည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ကျန်းရီသည် နိုးသွားကာ မျက်လုံးများ ဖွင့်လိုက်သည်။ သူသည် အလျင်စလို မလှုပ်ရှားဘဲ ရွှံနံရံနားကပ်၍ နားစွင့်ထားလိုက်သည်။ သူသည် စစ်မှုရေးရာများကို မကျွမ်းကျင်သော်လည်း စစ်တပ်ကြီးတစ်ခု ချီတက်လျှင် ရှေ့ပြေး ကင်းထောက်တပ် တစ်ခု ထားသည်ကိုတော့ သိလေသည်။
တစ်နာရီအတွင်း မြေပြင်တုန်ခါမှုများ ပျောက်ကွယ် သွားခဲ့သည်။ ခြေသံများအရ လူနှစ်ထောင်ခန့် ဖြတ်သန်း သွားသည်မှန်း ကျန်းရီသိလိုက်သည်။ စစ်တပ် အစစ်သည် နောက်မှ လိုက်ပါ လာပေလိမ့်မည်။
နှစ်နာရီခန့်ကြာသော် ခြေသံများ ထပ်မံ ထွက်ပေါ်လာခဲ့သည်။ သူသည် ဖြူတစ်ကောင် အလား ဆံပင်များ ထောင်ထ လာခဲ့သည်။ သူ့အမူအရာသည် ဓားအိမ်ထဲမှ ထွက်လာသော ဓားတစ်ချောင်းပမာ ထက်ရှ လာသော်လည်း မြေပြင်ပေါ်မှ တစ်ယောက်ယောက် သတိပြုမိ သွားမည်စိုးသောကြောင့် မည်သည့် အရှိန်အဝါကိုမှ မထုတ်ရဲပေ။
"ဖုန်း...ဖုန်း...ဖုန်း"
ခြေသံများသည် တညီတညာထဲ ထွက်ပေါ်နေပြီး အပေါ်မှ စစ်တပ်သည် စနစ်တကျ လေ့ကျင့်ထားသော စစ်သည်တော်များဖြင့် ဖွဲ့စည်းထားကြောင်း သက်သေပြလို့နေသည်။ ကျန်းရီသည် မြေအောက် ဂူထဲတွင် ဆောင့်ကြောင့်ထိုင်၍ ခြေသံများကို နားထောင်ရင်း စစ်သား အရေအတွက်ကို ရေတွက်လို့ နေသည်။
သူတူးထားသော ဂူသည် မြေပြင်နှင့် ဆယ်ပေခန့် အကွာတွင်သာ ရှိရာ သူရွှံ့နံရံထက် နားကပ်၍ နားထောင်လိုက်ရုံပင်။ အပေါ်မှလာသော အသံများကို သူရှင်းရှင်းလင်းလင်း ကြားနေရလေသည်။
"ယား...ယား"
ရုတ်တရက် ဘီးလှိမ့်သံတို့ ထွက်ပေါ်လာခဲ့သည်။ ထိုရထားလုံး အနီးတွင် စစ်သည်များစွာ ရှိနေကြပြီး ထိုလူများ၏ ခြေသံတို့သည် ပို၍ ပေါ့ပါး နေလေသည်။
"ရှားဝူဟွေ့"
သူနှလုံးခုန်သံများ မြန်ဆန်လာပြီး မျက်လုံးတွင် သတ်ဖြတ်ချင်စိတ်တို့ ပြည့်လျှမ်း လာလေသည်။ ခြေသံများ ပေါ့ပါးနေသူတို့သည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့်များ ဖြစ်ကြပြီး သူတို့သည် ရထားလုံး အနီးတစ်ဝိုက်တွင် ဝန်းရံနေကြရာ ရထားလုံးထဲတွင် ထိုင်နေသူသည် သိသိသာသာ အဆင့်အတန်း မြင့်ရပေမည်။ ထို့ကြောင့် ရှားဝူဟွေ့ ဖြစ်နိုင်လေသည်။
"ငါလုပ်လို့ မဖြစ်ဘူး"
ကျန်းရီသည် မြေပြင်ပေါ် ပြေးတက်၍ အရာရာအား သတ်ဖြတ် ဖျက်ဆီး ပစ်ချင်စိတ်ကို ချိုးနှိမ် ထားရလေသည်။ သူသည် ဤနေရာသို့ စိတ်ဝိညာဉ် အားဖြည့်ဆေးပင် လုရန် လာရောက်ခြင်း ဖြစ်ကြောင်း၊ လူသတ်ရန် မဟုတ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးနေရသည်။ ထို့ပြင် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များ အများကြီးကြားတွင် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် တစ်ယောက်တော့ ရှိနိုင်လေသည်။ သူရုတ်တရက် ထွက်သွားပြီး ရှားဝူဟွေ့ကို သတ်လိုက်လျှင်တောင် သူလည်းသေမည်မှာ သေချာသလောက် ရှိလေသည်။
ရထားလုံးသည် အလွန်လျင်မြန်စွာ ရှေ့ဆက် တိုးလာခဲ့သည်။ ကျန်းရီသည် လက်သီးကို တင်းတင်းဆုပ်၍ ပျက်ယွင်းနေသော မျက်နှာနှင့် သည်းခံ စောင့်ဆိုင်း နေလိုက်သည်။ မိနစ်သုံးဆယ် ကြာသော် ရထားလုံး ဘီးသံများ ပျံ့လွင့် လာခဲ့ပြန်လေသည်။ ရထားလုံးမှာ သုံးလုံးဖြစ်ပြီး အစောင့်အကြပ်လည်း များပြားလေသည်။
"သတ်"
ကျန်းရီသည် သူ့သတ်ဖြတ်ခြင်း အရှိန်အဝါတို့ကို ထပ်မံ ထိန်းချုပ် မနေတော့ပေ။ သူ့လက်ထဲမှ ဝိညာဉ်သားရဲ အဆောင်တစ်ခု လင်းလက်လာပြီး ဖီးနစ်ငှက် ပေါ်ထွက် လာသည်။ သူအော်ဟစ် လိုက်သည်။
"ဖီးနစ်ငှက်...မင်းရဲ့ မီးတောက်တွေကို ထုတ်ပြီး ဒီဥမင် လမ်းအတိုင်း ငါးကီလိုမီတာ ရောက်တဲ့ အထိ ပျံသွား...မင်းကို လာတိုက်တဲ့ သူတွေကို သတ်ပစ်လို့ ရတယ်"
"ရွှီး"
ဖီးနစ်ငှက်၏ ကိုယ်ပေါ်မှ ဒဏ်ရာများ ပြန်မကောင်းသေးသည်မှာ အသိသာကြီး ဖြစ်သော်လည်း ကျန်းရီသည် မညှာမတာ အမိန့်ပေး လိုက်သောကြောင့် ဖီးနစ်ငှက်သည် မကျေမနပ် အော်ဟစ်လိုက်သည်။ အမိန့်ကို မလွန်ဆန်နိုင်ရကား မီးတောက်များ ထုတ်လွှင့်ရင်း ဟွမ်ကြီး တူးထားခဲ့သော ဥမင်လမ်း အတိုင်း ပျံသန်းသွားခဲ့သည်။
ကျန်းရီသည် ဖီးနစ်ငှက်မှာ ရှားဝူဟွေ့ကို သတ်နိုင်စွမ်း ရှိလောက်သည်ဟု မထင်သောကြောင့် သူ့အမိန့်ကို နားလည်မလည်ကို စိတ်ပူမနေပေ။ သူသည် ဖီးနစ်ငှက် ရန်သူအင်အား အချို့ကို မျှားခေါ်၍ သေသွားသည်ကို လိုချင်ခြင်း ဖြစ်လေသည်။
ရှားဝူဟွေ့တွင် အစောင့်အကြပ် များလွန်းလှသည်။ သူသာ လူအချို့ကို ကျန်းရီကို သွားရောက် တိုက်ခိုက်ရန် အမိန့်ပေးလိုက်လျှင် စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို သူမရခင် သေသွားလိမ့်မည်။
ရှားဝူဟွေ့၏ အဆင့်အတန်းသည် အိမ်ရှေ့စံ ဖြစ်၍ သူ့အသက်သည်သာ တန်ဖိုးအကြီးဆုံး ဖြစ်လေသည်။ ထို့ကြောင့် သူသည် ဖီးနစ်ငှက်ကို ရှားဝူဟွေ့ ရှိရာဘက်သို့ စေလွှတ်လိုက်ခြင်း ဖြစ်သည်။ ရှားဝူဟွေ့အနီးမှ လူများသည် သူ့ကို ကာကွယ်ရန်သာ ဦးစားပေး၍ ဖီးနစ်ငှက်ကို သတ်ဖြတ် ကြပေလိမ့်မည်။
"ဝှစ်"
ကျန်းရီ၏ လက်ထဲတွင် အနက်ရောင် အကြေးခွံဓား ပေါ်ထွက်လာခဲ့ပြီး မြေပြင်ပေါ်သို့ ဖောက်ထွက် လိုက်သည်။ အနက်ရောင် အကြေးခွံဓားသည် အလင်းရောင် တစ်ချက် လက်သွားပြီး ရွှံ့များ၊ ကျောက်တုံးများကို အမှုန့်အဖြစ် ပြောင်းလဲ လိုက်သည်။ သူကမူ မြေပြင် လျှပ်စီးအလျင်နှင့် တက်သွား လိုက်သည်။
"အမ်"
ဖီးနစ်ငှက် ထွက်သွားသည်နှင့် မြေပေါ်မှ စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့် တစ်ယောက်သည် ချက်ချင်း အာရုံခံမိ လိုက်သည်။ ဖီးနစ်ငှက်သည် မြားတစ်စင်း အလား ဥမင်တစ်လျှောက် ပျံသန်း သွားခဲ့သည်။ ၎င်း၏ ကိုယ်မှ တောက်လောင် နေသော မီးတောက်များသည် စစ်သားများ အားလုံးအား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။
"ရန်သူတွေ လုပ်ကြံတိုက်ခိုက်ပြီ"
အော်သံများ ပဲ့တင် ထပ်သွားခဲ့ပြီး စစ်သားများသည် ဦးချိုကြီးများ မှုတ်၍ ရှားဝူဟွေ့အနီးရှိ အစောင့်အကြပ် များကို သတိပေးလိုက်သည်။
"အမ်"
ဦးချိုသံကို ရှားဝူဟွေ့ ကြားသောအခါ မျက်နှာပျက် သွားခဲ့သည်။ သူချက်ချင်း အာရုံခံလိုက်သော အခါ မြေအောက်မှ တစ်စတစ်စ ပူလောင်လာသော အပူရှိန်ကို ခံစားမိလိုက်သည်။ သူ့ထံ ချည်းကပ်လာသည်မှာ မီးဓာတ် ပိုင်ဆိုင်သည့် နတ်ဆိုး သားရဲတစ်ကောင် ဖြစ်ကြောင်း ထင်ရှားလှသည်။
"အရှင့်သား... မစိုးရိမ်ပါနဲ့၊ ဒါက တတိယ အဆင့် နတ်ဆိုးသားရဲလေးပါပဲ"
မီးခိုးရောင် ဆံပင်များနှင့် ခါးကိုင်းနေသော မိန်းမဆိုးအိုကြီးသည် ရထားလုံးအတွင်း ဝင်ရောက် သွားခဲ့သည်။ သူသည် ရှားဝူဟွေ့ကို လက်တစ်ဖက်ဖြင့် ဆွဲ၍ ရထားလုံး အပြင်ဘက် ပျံသန်းလာခဲ့သည်။ ထိုမိန်းမစိုးကြီးသည် အသက်အရွယ် အလွန်အိုမင်းနေပုံ ရသော်လည်း ပြိုင်ဘက်ကင်း အစွမ်းကို ပိုင်ဆိုင်ထားသည့် အလားပင်။ သူသည် ရထားလုံးကို ခြေတစ်ဖက် ထောက်၍ ချောက်ကမ်းပါး တစ်လျှောက် ပျံသန်း သွားခဲ့သည်။ သူသည် ဝိညာဉ် ပျက်သုဉ်း တောင်ကြား၏ မီတာ တစ်ရာကျော် မြင့်သော ကျောက်စွန်း တစ်ခုတွင် ရပ်တန့်လိုက်သည်။
"ဝှစ်"
စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များစွာသည်လည်း လက်နက်အသီးသီးကို ကျောက်နံရံထက် ထောက်၍ လျင်မြန်စွာ ပျံတက်လာခဲ့ပြီး ရှားဝူဟွေ့ ရှိရာ နေရာတစ်ဝိုက်ကို ဝန်းရံ လိုက်ကြသည်။
"ဝှစ်"
စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်အချို့သည် မြေအောက်ထဲသို့ ဝင်သွားကြပြီး တော်ဝင်စစ်တပ်မှ အဆင့်မြင့် စစ်သားများသည် ဆယ်ယောက် တစ်စုစီဖွဲ့၍ နတ်ဘုရား သတ်ဖြတ်ခြင်း မြားများကို ချိန်ရွယ်ကာ ကျရောက်လာမည့် အခြေအနေကို ရင်ဆိုင်ရန် အဆင်သင့် ပြင်ထားလိုက်ကြသည်။
*****