ဆရာနှင့်တပည့်
Vol. 171 Ch. 2448
တစ်လကြာပြီးနောက် ရီဖူရှင်းက သူ နေထိုင်ရာ ခြံဝန်းအတွင်း မျက်လုံးများမှိတိကာ ကျင့်ကြံနေဆဲဖြစ်နေသည်။ သူ့တစ်ကိုယ်လုံးကို မဟာလမ်းစဥ် အရှိန်အဝါတို့ဖြင့် လွှမ်းခြုံထားသည်မှာ မဟာလမ်းစဥ်၏ တောက်ပသောအလင်းတို့နှင့် ရေချိုးထားသလို ထင်မှတ်ရပေသည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်နှင့် သူ၏ စိတ်ဝိညာဥ်က အပြည့်အဝ ပြန်လည်သက်သာလုနီးပါး ဖြစ်နေပြီ ဖြစ်၏။
သူက မျက်မမြင်ထျယ်နှင့် အခြားလူများ သူ့နောက်သို့ လိုက်လာရန် ခွင့်မပြုခဲ့ပေ။ အဆုံးမှာတော့ သူတို့က ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်၏ နယ်မြေအတွင်း ရှိနေဆဲ ဖြစ်သည်။ သူတော်စင်ကျန်းချန်က ဆန္ဒခြောက်ပါးကောင်းကင်အတွင်း သူတို့ကို ပိုက်စိပ်တိုက် ရှာဖွေရန် ကျင့်ကြံသူများစွာကို စေလွှတ်ခဲ့သည်။ သူတို့က အထက်အောက် အတွင်းအပြင် နေရာအနှံ့ သူ့ကို ရှာဖွေရန် ကြိုးစားနေကြသည်။ ဤကဲ့သို့သော အခြေအနေမျိုး၌ သူက မျက်မမြင်ထျယ်နှင့် အခြားလူများကို အသက်နှင့်ရင်း၍ ဤနေရာသို့ လာရန် ခွင့်မပြုနိုင်ပေ။ သူတို့က ဆန္ဒခြောက်ပါးကောင်းကင်အပြင်ဘက်၌ ရှိနေသရွေ့ အန္တရာယ်ကင်းရန် သေချာနိုင်ပေသည်။
တစ်လဟူသော အချိန်အတွင်း ရီဖူရှင်းက ခြံဝန်းအတွင်းမှ မထွက်ခွာခဲ့ပေ။
ထိုအခိုက်တွင် ခြံဝန်းအပြင်ဘက်၌ မမြင်ရသော လှုပ်ရှားမှုတစ်ခု ရှိလာခဲ့ပေသည်။ ၎င်းက လှိုင်းများအတွင်း ပါလာသည့် မမြင်နိုင်သည့် လေပွေကဲ့သို့ ဝင်ရောက်လာပြီး ရီဖူရှင်းသာလျှင် ထိုခံစားချက်ကို ခံစားမိပေသည်။ သို့သော် သူက ၎င်းကို အာရုံမစိုက်ခဲ့ပေ။ မည်သူရောက်လာခြင်းဖြစ်ကြောင်း သိသည့်အတွက်ကြောင့် သူက မျက်လုံးများမှိတ်ကာ ဆက်လက်ကျင့်ကြံနေခဲ့သည်။
ဟွာဂျီယူက ရီဖူရှင်း ဘေး၌ နီးကပ်စွာ ထိုင်နေခဲ့သည်။ ထိုအချိန်တွင် သူမ၏ မျက်လုံးများက ပွင့်ဟလာကာ ရှေ့သို့ ကြည့်လိုက်ပြီး အမျိုးသမီးငယ်လေးတစ်ယောက်ကို မြင်လိုက်ရပေသည်။ ထိုအမျိုးသမီးက ထူးထူးခြားခြား လှပကာ ကြည်လင်သည့် မျက်လုံးများ ရှိသည်။ သူမ၏ သန့်စင်သော အသွင်အပြင်မှာ စိတ်ကျေနပ်ဖွယ်ပင် ဖြစ်သည်။
သူမ အမည်က ဟုန်ယဲ့ဖြစ်ပြီး သူမက ဤအိမ် ပိုင်ရှင်၏ သမီးဖြစ်ပေသည်။ သူမသည် တစ်ခါက ဤနေရာသို့ ရောက်လာခဲ့ရင်း ဟွာဂျီယူကို မြင်တွေ့ခဲ့သည်။ သူမက ဟွာဂျီယူ၏ ဖမ်းစားခြင်းကို ခံလိုက်ရပြီး သူမကို တပည့်အဖြစ် လက်ခံပေးပါရန် ဟွာဂျီယူအား တောင်းဆိုခဲ့သည်။
ဟွာဂျီယူသည် ယခင်က တပည့်လက်ခံရန် မည်သည့်အခါမှ မတွေးမိခဲ့သောကြောင့် ချက်ချင်း သဘောမတူခဲ့ပေ။ သို့သော် ဟုန်ယဲ့က လက်မလျှော့ဘဲ မကြာခဏ လာလည်ခဲ့သည်။ တဖြေးဖြေး ဟွာဂျီယူနှင့် ရီဖူရှင်းတို့က ထိုမိန်းကလေးအပေါ် နှစ်သက်မှုတချို့ ရှိလာခဲ့ပြီး အပြင်ဘက် လောက၌ ဖြစ်ပျက်နေသော အကြောင်းအရာများကို စုံစမ်းခြင်းကဲ့သို့သော သေးငယ်သည့် ကိစ္စလေးများကို လုပ်ဆောင်ရန် သူမ အကူအညီကို ရယူခဲ့သည်။ အဓိကရည်ရွယ်ချက်က သူတို့အတွက် သူတော်စင်ကျန်းချန်အကြောင်း ရှာဖွေပေးရန်မှာ အဓိကအချက် ဖြစ်ပေသည်။
ထပ်ပြောရလျှင် သူက ထိုလောက၏ အသေးစိတ်မြေပုံကို ရရှိချင်နေပေသည်။ နေရာဒေသအမည်များသာမက လောကတစ်ခုချင်းစီမှ ထိပ်သီးအင်အားစုများနှင့် ထိပ်သီးကျင့်ကြံသူများအကြောင်း ပါဝင်ပေသည်။ ရီဖူရှင်းက အနောက်ဘက်လောကအတွင်းမှ အခြေအနေကို ရှင်းလင်းစွာ သိချင်နေခဲ့သည်။
သို့သော် ဟုန်ယဲ့၏ ကျင့်ကြံခြင်းက အလွန် မမြင့်မားသောကြောင့် ရီဖူရှင်း လိုချင်သည့် အချက်အလက်အားလုံး ရရှိရန်မှာ မလွယ်ကူလှပေ။ ၎င်းက အချိန်နှင့် အားထုတ်မှုများစွာ လိုအပ်သော်လည်း သူမက နောက်ဆုံးတွင် သူလိုချင်သည်အား ရရှိလာခဲ့ပေသည်။
“နတ်မိမယ် ဒါက မြေပုံကျောက်စိမ်းပြားပဲ။ ရှင့်ရဲ့ နတ်အာရုံကို ဒီထဲ ထည့်လိုက်တာနဲ့ အရာအားလုံးကို မြင်ရလိမ့်မယ်။” ဟုန်ယဲ့က ကျောက်စိမ်းပြားကို ထုတ်ယူကာ ဟွာဂျီယူအား ပေးရင်း ပြောလိုက်သည်။ ဟွာဂျီယူက ၎င်းကို ယူလိုက်သည်နှင့် ဟုန်ယဲ့က ချိုမြိန်စွာ ပြုံးရင်း ပြောလိုက်သည်။ “နတ်မိမယ် အခု ကျွန်မရဲ့ ဆရာ ဖြစ်ပေးနိုင်မလား။”
ဟွာဂျီယူက သူမရှေ့မှ အမျိုးသမီးလေးကို ကြည့်ကာ အနည်းငယ် အံ့သြသွားခဲ့သည်။ သူမသည် တစ်ဖက်လူက ထိုမျှအထိ ဇွဲကောင်းကာ စိတ်အားထက်သန်လိမ့်မည်ဟု ထင်မှတ်မထားမိခဲ့ပေ။
“နင်က အနှေးနဲ့အမြန် ထွက်ခွာသွားပြီး ငါလည်း အချိန်မရွေး ပျောက်ကွယ်သွားနိုင်တယ်။” ဟွာဂျီယူက ဟုန်ယဲ့ကို ပြောလိုက်သည်။
“အဲဒါကိစ္စမရှိဘူး။ စိတ်ထဲမထားပါဘူး။” ဟုန်ယဲ့က ဆက်ပြောလိုက်သည်။
ဟွာဂျီယူက တွေဝေနေဆဲဖြစ်သော်လည်း သူမဘေးတွင် ရှိနေသည့် ရီဖူရှင်းက မျက်လုံးများ ဖွင့်လာကာ ပြုံးလိုက်သည်။ “ဂျီယူ” သူက ပြောလိုက်၏။ “ဟုန်ယဲ့က စိတ်ရင်းအမှန်နဲ့ ပြောမှတော့ သူမကို ဘာလို့ တပည့်တစ်ယောက်အဖြစ် လက်မခံရမှာလဲ။ သူမက အချိန်မရွေး ထွက်သွားသွားနိုင်ပေမယ့် ငါတို့ ဒီနေရာမှာ ကျင့်ကြံနေတုန်း တစ်ခုခု ချန်ထားပေးခဲ့နိုင်တယ်လေ။”
ဟွာဂျီယူက ချက်ချင်းပင် ရီဖူရှင်း၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။ သူက ဟုန်ယဲ့ မည်မျှ ရိုးသားစစ်မှန်သည်ကို မြင်သောအခါ သူသည် ဟွာဂျီယူက ဆရာနှင့် တပည့်ကြားမှ လုပ်ထုံးလုပ်နည်းများအကြောင်း အများကြီး ဂရုမစိုက်ရန် မျှော်လင့်မိသည်။ သူတို့ ဤနေရာ၌ ရောက်နေစဥ် တစ်ယောက်နှင့် တစ်ယောက် ချစ်ကြည်ရင်းနှီးစေမှုအတွက် တစ်ခုနှစ်ခုခန့် သင်ကြားပြသပေးနိုင်ပေသည်။
ဆရာနှင့်တပည့် ပတ်သတ်မှုက သူတို့အပေါ် အမှန်တကယ် သက်ရောက်မှုရှိလိမ့်မည် မဟုတ်ပေ။
ရီဖူရှင်းကို ကြည့်လိုက်ပြီး ဟွာဂျီယူက ခေတ္တမျှ တွေးတောနေခဲ့သည်။ ထို့နောက် သူမက ဟုန်ယဲ့ကို ခေါင်းညိတ်ပြလိုက်၏။ သူမက ရီဖူရှင်းအား သူမ ရရှိခဲ့သည့် ကျောက်စိမ်းပြား လက်လွှဲပေးခဲ့သည်။
“ကျေးဇူးတင်ပါတယ် ဆရာ။”
ဟုန်ယဲ့သည် နောက်ဆုံး၌ ဟွာဂျီယူက သူမ၏ တောင်းဆိုချက်ပါး သဘောတူလိုက်သည်ကို မြင်သောအခါ စိတ်ကျေနပ်အားရသွားခဲ့ပေသည်။ သူမက ချက်ချင်းပင် အရိုအသေပြုကာ ပြောလိုက်သည်။
“တပည့်ဟုန်ယဲ့က ဆရာ့ကို နှုတ်ဆက်ပါတယ်။”
“အင်း။”
ဟွာဂျီယူက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“နင်က ငါ့ကို ဆရာဖြစ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ငါ့ရဲ့ ကျင့်ကြံခြင်းက နင့်အတွက် မသင့်တော်ဘူး။ သင့်တော်မယ့် နည်းစနစ်တချို့ ငါ နင့်ကို သင်ပေးမယ်။ ကျင့်ကြံခြင်းနဲ့ ပတ်သတ်ပြီး မေးစရာတစ်ခုခု ရှိရင် မေးလို့ရတယ်။”
တစ်ချိန်က ဟွာဂျီယူသည် ကျင့်ကြံရေးဆိုင်ရာ အတွေ့အကြုံတို့ ပြောပလောက်စရာ မရှိလိုက်ပေ။ သို့သော် ယခုတွင် သူမက ဘဝသက်တမ်းများစွာ ရှင်သန်နေထိုင်ခဲ့ဖူးသည့် သူမ၏ မှတ်ဉာဏ်များကို ပြန်လည်ရရှိလာခဲ့ပြီ ဖြစ်သည်။ သူမက ရီဖူရှင်းထက် ပို၍ ကျင့်ကြံခြင်းနည်းစနစ်များစွာ သိရှိသော်လည်း မည်သည်ကမှ သူ ကျင့်ကြံခဲ့သည့် နတ်ဘုရားနည်းစနစ်များကဲ့သို့ အစွမ်းထက်ခြင်း မရှိပေ။
“ရပါတယ် ဆရာ။ ဆရာ သင်ပေးတာဖြစ်သရွေ့ ဟုန်ယဲ့က ကြိုးကြိုးစားစား ကျင့်ကြံမှာပါ။”
ဟုန်ယဲ့က ပျော်ရွှင်စွာ ပြောလိုက်သည်။ သူမ ပထမဆုံးအကြိမ် ဤနေရာသို့ ရောက်လာစဥ်က ဟွာဂျီယူကို မြင်သောအခါ ဤလောကနှင့် သက်ဆိုင်မရှိသည့် အလွန် ထူးခြားဆန်းကြယ်သူတစ်ယောက်ဟု ခံစားမိခဲ့ပေသည်။ သူမ၏ မျက်နှာ၊ အသွင်အပြင်နှင့် သူမ၏ အပြုအမူတိုင်းဖြစ်စေ သူမ၏ ဖုံးကွယ်ထားသော အရှိန်အဝါတို့ဖြစ်စေ ဟွာဂျီယူသည် အလွန် အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း ဟုန်ယဲ့ သေချာပေသည်။
ရီဖူရှင်း ကိုယ်တိုင်က အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သ အဖြူရောင်ဆံပင်နှင့် အဖြူရောင်ဝတ်စုံက အနည်းငယ် ပေါ်လွင်ထင်ရှားပေသည်။ ဟုန်ယဲ့က ဟွာဂျီယူ ရှေ့၌ သူ့အား ဆရာအဖြစ် တောင်းဆိုရန်မှာ မသင့်တော်နိုင်ပေ။
ဟွာဂျီယူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဘာလို့ အရင်ပြန်မသွားတာလဲ။ ငါ့ မှတ်ဉာဏ်ထဲမှာ ရှိနေတဲ့ ကျင့်ကြံရေးနည်းစနစ်တွေကို ပြန်စိစစ်ဖို့ လိုအပ်ပြီး နင့်အတွက် သင့်တော်မယ့် တစ်ခုခုကို ဆုံးဖြတ်ပေးမယ်။”
“ကောင်းပြီ။” ဟုန်ယဲ့က သဘောတူညီကာ ခေါင်းညိတ်လိုက်သည်။ “အခု ပြန်လိုက်ပါမယ်။”
ထို့နောက် သူမက ပြုံးကာ ထွက်ခွာသွားခဲ့သည်။
သူမ ထွက်ခွာသွားပြီးနောက် ဟွာဂျီယူက ရီဖူရှင်းကို ကြည့်သည့်အခါ သူက သူမအား အပြုံးနှင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။ ထို့နောက် သူမက သူ့ကို မေးလိုက်သည်။ “ဘာလို့ သူမကို တပည့်အဖြစ် လက်ခံစေချင်ရတာလဲ။”
“ဖြစ်ပျက်သမျှ အရာအားလုံးက ကြိုတင်စီစဥ်ထားတဲ့အတိုင်းပဲလို့ ဗုဒ္ဓက ပြောခဲ့ဖူးတယ်မဟုတ်ဘူးလား။ ငါတို့နှစ်ယောက် အနောက်ဘက်လောကမှာ ကျင့်ကြံဖို့ရောက်နေမှတော့ ဒါက တွေ့ဆုံဖို့ ကံကြမ္မာဖန်လာတယ်လို့ ယူဆနိုင်တယ်မလား။ အဲဒီတော့ ဒီမှာတစ်ခုခု ချန်ရစ်ထားခဲ့ပြီး စိတ်ကျေနပ်ဖို့ကောင်းတဲ့ မှတ်ဉာဏ်တွေ ဖန်တီးနိုင်တာပေါ့။” ရီဖူရှင်းက တုန့်ပြန်လိုက်သည်။ သူက ပြောလိုက်ပြီး ဟွာဂျီယူထံမှ ကျောက်စိမ်းပြားကို လှမ်းယူလိုက်၏။ သူ၏ နတ်အာရုံက ၎င်းကျောက်စိမ်းပြားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ချက်ချင်းပင် ပုံရိပ်များစွာက သူ့စိတ်ထဲ၌ ပေါ်ပေါက်လာ၏။
မကြာခင်၌ ဗုဒ္ဓလောကမှ ပုံရိပ်များက ရီဖူရှင်း စိတ်ထဲတွင် ထွက်ပေါ်လာပေသည်။ သူ၏ နတ်အာရုံကို ပြန်ဆွဲထုတ်လိုက်ပြီးနောက် သူက အနည်းငယ်အံ့သြစွာဖြင့် အသက် ခပ်ပြင်းပြင်းရှူလိုက်မိပေသည်။ သူသည် အနောက်ဘက်လောက၏ ခွန်အားက ကောင်းကင်ဒေသနှင့် တန်းတူယှဥ်နိုင်သည်အထိ အစွမ်းထက်လိမ့်မည်ဟု ထင်မှတ်မထားမိခဲ့ပေ။
သူတို့၏ ကျန်သည့် အချိန်များကို တိတ်ဆိတ်ငြိမ်သက်စွာ ကုန်ဆုံးခဲ့ကြသည်။ ဟုန်ယဲ့က ဤနေရာသို့ မကြာခဏလာကာ ဟွာဂျီယူနှင့် ကျင့်ကြံခြင်းအကြောင်း ဆွေးနွေးခဲ့သည်။ သူမက တစ်ခါတစ်ရံ၌ ရီဖူရှင်းကို မေးတတ်သည်။ တစ်ခါက သူမ စူးစမ်းကာ မေးမြန်းခဲ့သည်။ “ဆရာ အခု လက်ရှိ ရန်ဟောင်ဘယ်အဆင့်မှာလဲ။”
ဟွာဂျီယူက သူမကို လျစ်လျူရှုလိုက်ပြီးနောက် ဟုန်ယဲ့က ရီဖူရှင်းကို ကြည့်လိုက်သည်။ သို့သော် ရီဖူရှင်းက စကားတစ်လုံးမှ မပြောဘဲ ပြုံးရုံသာ ပြုံးနေခဲ့၏။ သူက သူမ၏ မေးခွန်းကို မတုန့်ပြန်ခဲ့ပေ။
“အရမ်းအစွမ်းထက်တဲ့ အဆင့်မှာ ဖြစ်ရမယ်။ အဆင့်နိမ့်ရန်ဟောင်အဆင့်ကို ကျော်သွားခဲ့ပြီး အလယ်အလတ်အဆင့်မှာ ရောက်နေတာ ဖြစ်ရမယ်။” ဟုန်ယဲ့က ပြုံးကာ ခန့်မှန်းလိုက်သည်။ အချိန်တစ်ခု ကျင့်ကြံပြီးနောက် သူမက တစ်ဖန် ထွက်ခွာသွားခဲ့သည်။
ဤရက်များတွင် သူမက အတော်လေး မကြာခဏ လာရောက်တတ်သည်။ တစ်ခါတစ်ရံ၌ သူမက သူတို့ထံ၌ ရက်အတော်ကြာ နေထိုင်တတ်သည်။
တစ်ရက်တွင် ဟုန်ယဲ့က သူတို့ အိမ်သို့ လာသောအခါ သူမ မျက်လုံးများတွင် အပြောင်းအလဲတချို့ ရှိနေခဲ့သည်။ ၎င်းတို့က ယခင်ကနှင့် ကွဲပြားနေခဲ့ပြီး အနည်းငယ် လျှို့ဝှက်ဆန်းကြယ်နေပုံရသည်။
ဟွာဂျီယူက သူမကို ကြည့်လိုက်ပြီး ဟုန်ယဲ့ တစ်ခုခုကို စိုးရိမ်ပူပန်နေသည်အား ရှင်းလင်းစွာ ခံစားမိခဲ့ပေသည်။
“ဟုန်ယဲ့ ဘာဖြစ်လို့လဲ။” ရီဖူရှင်း၏ ထိုးထွင်းသိမြင်နိုင်စွမ်းက စူးရှလှပေသည်။
ဟုန်ယဲ့က ရီဖူရှင်း မေးခွန်းကို ကြားသောအခါ သူ့အား ကြည့်လိုက်ပေသည်။ သူမက နှုတ်ခမ်းကိုက်လိုက်ပြီး အတွင်းဘက်၌ တစ်ခုခုကို ရုန်းကန်နေရကာ နာကျင်မှုအချို့ ခံစားနေရပုံပေါ်သည်။
“ဒါက အမှားပဲ ဖြစ်ရမယ်။” ဟုန်ယဲ့က သူမကိုယ်သူမ သတိပေးလိုက်သည်။ ထို့နောက် သူမက ဟွာဂျီယူကို ပြောလိုက်သည်။ “ဆရာ ဒီကနေ မြန်မြန် ထွက်သွားပါတော့။”
ဟွာဂျီယူက မျက်မှောင်ကြုတ်လိုက်သော်လည်း ရီဖူရှင်းက တောင့်တင်းသွားခဲ့ပေသည်။ ထိုစကားလုံးများက သူ့ကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။