← Chapters

ကံအပြောင်းအလဲ အခွင့်အရေးကို ရချင်ရုံလေးပါ

Vol. 28 Ch. 406

ကံအပြောင်းအလဲ အခွင့်အရေးကို ရချင်ရုံလေးပါ

Vol. 28 Ch. 406

အခန်း (၄၀၆)  :   ကံအပြောင်းအလဲ အခွင့်အရေးကို ရချင်ရုံလေးပါ

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်က ကောင်းကင်အရှိန်အဝါများ ယှက်သမ်းလာပြီးနောက် ရှေ့တိုးလာသည်။

ထို့နောက် သူက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်

“ ထျန်းအာ … မင်းရဲ့ သူတော်စင် အပ်နှင်းပွဲအခမ်းအနားက ဒီရက်ပိုင်းအတွင်း ကျင်းပလိမ့်မယ်။ အဲဒါက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအတွက် ဝမ်းမြောက်စရာ အခမ်းအနားတစ်ခုပဲ။

ပင်မအင်အားစုအားလုံးလည်း ငါတို့ကို လာရောက်ဂုဏ်ပြုကြလိမ်မယ်။ ငါနဲ့အတူတူ ဂိုဏ်းဆီ ပြန်ပြီးတော့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားရအောင် … မလိုအပ်ရင် အပြင်ထပ်မထွက်နဲ့တော့နော် ”

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသည် နှစ်တစ်ရာတိုင်း သူတော်စင် အသစ် ရွေးချယ်လေ့ ရှိ၏။

နှစ်ကိုးဆယ်ကို သူတော်စင်အဖြစ် တာဝန်ထမ်းဆောင်ပြီး လက်ကျန် ဆယ်နှစ်ကို နောက်ထပ် ဆက်ခံသူ ရှာဖွေရင်း ကုန်ဆုံးလေ့ရှိသည်။

ရှန်ထျန်းက နောက်သူတော်စင် ဖြစ်လာဖို့ အဆိုပြုခံရသူတစ်ဦး ဖြစ်သော်လည်း အခမ်းအနားကျင်းပ၍ တစ်ကမ္ဘာလုံးကို အသိမပေးရသေးသောကြောင့် ယခု အံ့ဖွယ်မိုးကောင်းကင် သူတော်စင်တပိုင်းအဖြစ်သာ မှတ်ယူနိုင်သေးသည်။

သို့သော် ဤကာလအတွင်း သူက နယ်မြေငါးခုလုံးကို သူ့နာမည်သိစေခဲ့ပြီး သူ့ဂုဏ်သတင်းမှာလည်း ယခင်မျိုးဆက် သူတော်စင်များကို ကျော်လွန်သွားခဲ့သည်။

သူက နယ်မြေငါးခုလုံး၌ သူ့အကြောင်း ယုံတမ်းစကားများစွာ ပျံ့နှံ့နေသောကြောင့် သရဖူမဲ့ ဘုရင်ဟုပင် ညွှန်းဆိုနိုင်သည်။

ယခု အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက သူ့အခမ်းအနား ကျင်းပပေးပြီး တစ်လောကလုံးအား သူ့ရာထူးကို တရားဝင် ကြေညာပေးဖို့ ပြင်ဆင်နေကြလေပြီ။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ လူများစွာက အခမ်းအနားအတွက် ရောက်လာကြလိမ့်မည်။

ရှန်ထျန်း၏ မျက်လုံးများ လင်းလက်လာလေ၏။

အင်အားစုအသီးသီးက ငါ့ရာထူးအပ်နှင်းပွဲ အခမ်းအနားမှာ ဆင်နွဲဖို့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ရောက်လာကြမှာလား …

အဲဆိုရင် အင်အားစုအသီးသီးက ကံကြမ္မာသားတော်တွေ၊ ထိပ်တန်း ပါရမီရှင်တွေပါ ရောက်လာမှာ မဟုတ်ဘူးလား

ဒီလိုသာဆိုရင်တောင် ရှယ်ပဲ … ငါ သိုးအသစ် … အဲလေ မိတ်ဆွေအသစ် မရမှာကို စိတ်ပူနေတာ

ချီရှောက်ရွမ်၊ မင်းသမီးလင်းလုံ၊ ဝမ်ရှန်းယုနှင့် အခြားလူများက ကံကြမ္မာကောင်းနှင့် ရှားပါးလူများ ဖြစ်ပြီး ဤခေတ်အနာဂတ်၏ ဇာတ်လိုက်များလည်း ဖြစ်ကြသော်လည်း သိုးများများရှိခြင်းအား မည်သူမှ ညီးညူမည် မဟုတ်ပေ။

ဒါက အရမ်းကို အာဟာရ ဖြစ်တယ်လေ … ပြီးတော့ ငါက မိတ်ဆွေဖွဲ့ရတာ သဘောကျတဲ့ နှလုံးသားနွေးထွေးတဲ့ လူတစ်ယောက်ပါ

အခု တွေ့ရမဲ့ သိုးအသစ်လေးတွေနဲ့ မိတ်ဆွေ ဖြစ်လာဖို့ ကံစပ်နေတယ်လို့ ခံစားနေရတယ် … ငါတို့တွေ တစ်ခုတည်းကို စိတ်ကူးယဉ်ကြတာ အကြံကောင်းမလား

“ ဆရာ စိတ်မပူပါနဲ့။ တပည့် ကောင်းကောင်း ပြင်ဆင်ထားလိုက်ပါ့မယ် ”

သိုးများများ ရလာနိုင်ကြောင်းကို တွေးကာ ရှန်ထျန်းက မနေနိုင်ဘဲ ပြုံးလိုက်မိသည်။ ရုတ်ချည်းဆိုသလို ရှန်ထျန်းလက်မောင်းရှိ ပုတီးစေ့က အနည်းငယ် တုန်ခါလာသည်။

ကျိုးအာ အသံလေး ထွက်ပေါ်လာလေ၏  “ သခင် … ကျိုးအာတော့ မင်းသမီးလင်းလုံဆီကနေ အားပြင်းပြင်း အငြိုးတရားကို ခံစားမိနေတယ် ”

ဘာ … သူမက ဘာဖြစ်တာလဲ

ရှန်ထျန်းက လှည့်ကြည့်လိုက်သည့်အခါ မင်းသမီးလင်းလုံ၏ အငြိုးတရားအပြည့် ဖြစ်နေသည့် မျက်နှာကို မြင်လိုက်ရသည်။

အစ်ကိုရှန်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ပြန်တော့မှာလား …

အဲလိုဆိုရင် အစ်ကိုရှန်ကို အကြာကြီး မတွေ့ရတော့ဘူးပေါ့

မရဘူး … အစ်ကိုကြီးရှန် ဘယ်သွားသွား ငါလည်း လိုက်မယ်

ထိုအကြောင်းကို တွေးကာ မင်းသမီးလင်းလုံက သူမအဝတ်ကို သပ်သပ်ရပ်ရပ် ပြင်လိုက်ပြီး အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ဆီ ဖြည်းဖြည်းချင်း လျှောက်လာလိုက်သည်။

“ လင်းလုံက ဦးလေးလုံယွမ်ကို ဂါရဝပြုပါတယ် ”

မင်းသမီးလင်းလုံက ခြေလှမ်းအနည်းငယ် လှမ်းလာပြီးနောက် ဂိုဏ်းချုပ်ရှေ့ အနည်းငယ် ဦးညွှတ်လိုက်သည်။

“ ငါတို့နောက်ဆုံးတွေ့ခဲ့တာ တစ်လပဲ ရှိသေးတယ်။ မင်းသမီးလင်းလုံရဲ့ ကျင့်ကြံဆင့်က ထပ်တိုးတက်လာတယ်။ မင်းက တကယ်ကို ပါရမီကောင်းတာပဲ ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ခေါင်းအသာညိတ်ကာ သူ့ခန္ဓာကိုယ်မှ ကောင်းကင်အရှိန်အဝါတို့ အသာလှုပ်ခတ်နေသည်။

သူက မင်းသမီးလင်းလုံ၏ အရှိန်အဝါသည် ထာဝရဘုံဗိမာန်ကျွန်းပေါ်တွင် ရှိစဉ်အခါထက် ပိုအားကောင်းလာကြောင်း ခံစားမိလိုက်သည်။ တစ်လတာမျှသာ ကြာမြင့်သေးသော်လည်း သူမက ကျင့်ကြံဆင့်ကို နောက်တဆင့်အထိ တိုးမြင့်ထားနိုင်လေပြီ။

သူမက ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ဂူဗိမာန်အတွင်း ကံအပြောင်းအလဲ အခွင့်အရေးကြီးကြီးမားမား ရလာကြောင်း သိသာလှသည်။

မင်းသမီးလင်းလုံက ရှန်ထျန်းအား တစ်ချက်ခိုးကြည့်လိုက်ပြီးနောက် ပြုံးလိုက်ကာ  “ ဦးလေးလုံယွမ်က ချီးကျူးလွန်းနေပါပြီ။ လင်းလုံရဲ့ ကျင့်ကြံဆင့် တိုးတက်လာတာတွေအားလုံးက အစ်ကိုရှန်ရဲ့ ကျေးဇူးကြောင့်ပါ ”

“ … ”

မင်းသမီးလင်းလုံ၏ စကားက အားလုံးကို အံ့အားသင့်သွားစေသည်။

လူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်ကို အချိန်တိုလေးအတွင်း တိုးတက်သွားစေနိုင်တာ ဘယ်လိုအကူအညီမျိုးလဲ

သာမန်ကျင့်ကြံနေပါက မင်းသမီးလင်းလုံ၏ စွမ်းဆောင်မှုမျိုး ရဖို့ မဖြစ်နိုင်ပေ။

သီးသန့်ကျင့်စဉ်မျိုးကို မကျင့်ကြံသရွေ့ပေါ့ … ဥပမာ နှစ်ကိုယ်တူ ကျင့်စဉ်မျိုး …

ဖြစ်နိုင်တာ ညီလေးရှန်က …

ဖန်ချန်း၊ ကျန်းယွင်ထင်နှင့် အခြားလူများ၏ မျက်နှာအမူအယာက ထူးဆန်းလာကြသည်။

ကျန်းယွင်ရှီးက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း မျက်နှာကြီး မည်းမှောင်လာလေသည်။ သူမ မျက်ဝန်း၌ အေးစက်စက် အလင်းတချက် ဖြတ်ပြေးသွားသည်ကို မြင်တွေ့နိုင်သေးသည်။

သို့သော်လည်း မင်းသမီးလင်းလုံက ဂရုမစိုက်ပေ  “ ဦးလေးလုံယွမ် … လင်းလုံလည်း  အစ်ကိုရှန်ရဲ့ ရာထူးအပ်နှင်းပွဲ အခမ်းအနား တက်ဖို့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ လိုက်ခဲ့လို့ ရမလား ”

ဝုန်း …

ထိုစဉ် ထူးထူးဆန်းဆန်း ဖြစ်ရပ် ဖြစ်လာသည်။

ကျန်းယွင်ရှီး၏ အရှိန်အဝါတို့ ထွက်လာကာ ကျားဖြူပုံရိပ်သဏ္ဌာန်က သူမနောက်တွင် ပေါ်ထွက်လာသည်။ ထိုအရာက ကောင်းကင်ကို မော့ကာ မာန်ဖီလိုက်သောကြောင့် သူမနောက်ရှိ အာကာပြင်တို့ကို ကြေမွသွားစေသည်။

“အရှင်မလို အဆင့်အတန်း မြင့်မားတဲ့လူက အပြင်ဘက်မှာ အကြာကြီးနေတာ မသင့်တော်ပါဘူး။ အလယ်ပိုင်းကုန်းမြေဆီ ပြန်သွားသင့်ပြီ ”

ကျန်းယွင်ရှီး၏ လေသံက အေးစက်နေပြီး သူမ မျက်ဝန်းထဲ ရန်လိုစိတ်က ပိုပြင်းထန်လာသည်။

ဒီနတ်ဆိုးမက မောင်လေးရှန်ကို လိုက်နှောင့်ယှက်နေတာမလား … သူမက မောင်လေးရှန်ရဲ့ ရုပ်ရည်ကို တပ်မက်နေတာပဲ ဖြစ်ရမယ်

ဒီနှာဗူးမ … အရမ်းလွန်လွန်းလာပြီ

“ သူတော်စင်မက လင်းလုံနဲ့ ပတ်သတ်ပြီး တစ်ခုခု အထင်လွဲနေပုံပဲ ”

ခြယ်လှယ်လွန်းတတ်သည့် ကျန်းယွင်ရှီးနှင့် ရင်ဆိုင်ရသည့်အခါ မင်းသမီးလင်းလုံက အသာရယ်မောလိုက်မိသည်။ သူမနောက်တွင်လည်း အံ့ဖွယ်အလင်းတန်း ဖြာထွက်လာသည်။

လောကဘုံသုံးခုက တစ်ခုနှင့် တစ်ခု ရောင်ပြန်ဟပ်နေပြီး မတူညီ ကွဲပြားသော အနေအထားတို့ကို ယူထားကြသည်။ သူတို့က ကောင်းကင်ဘုံ၊ မြေကြီးနှင့် လူသား၏ စွမ်းအားကို ပြသထားသည်။

သူတို့ထွက်ပေါ်လာသည်နှင့် မင်းသမီးလင်းလုံ၏ အရှိန်အဝါက ချက်ချင်း မြင့်တက်လာကာ ဖိအားပြင်းပြင်းတစ်ခုက နေရာအနှံ့ကို ပျံ့နှံ့သွားသည်။ ပါရမီရှင်များ၏ စိတ်ထဲ၌ပင် လေးလံလာမိသည်။ သူတို့က ရှေးဟောင်းအံ့ဖွယ်တောင် အဖိခံလိုက်ရသလိုမျိုး ခံစားနေရသည်။

အားလုံးက အံ့အားသင့်သွားကြသည်။

“ အစ်ကိုရှန် မင်းသမီးလင်းလုံကို ဘယ်လိုအကူအညီမျိုး ပေးလိုက်လို့ သူမရဲ့ အင်အားက ဒီလောက်တိုးလာရတာလဲ ”

သီးသန့်နည်းလမ်းမှလွဲ၍ သူမကျင့်ကြံဆင့် ဤမျှအထိ တိုးတက်လာစေဖို့ မဖြစ်နိုင်ပေ။

အားလုံးကလည်း သူတို့မှန်းဆချက် ပိုသေချာသွားကြသည်။

သူတော်စင်က သူ့ပထမဆုံး နှစ်ကိုယ်တူ ကျင့်ကြံရေးကို ဖြတ်ကျော်လိုက်တာများလား …

မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ မင်းသမီးလင်းလုံက သူတော်စင်လိုမျိုး ကံကြမ္မာသားတော်အတွက် ထိုက်တန်ရုံမျှသာ ဖြစ်သော်လည်း သူတော်စင်မ အကာအရံကို ကျော်လွှားဖို့တော့ မလွယ်လှပေ။

အေးစက်စက် ကျန်းယွင်ရှီးကို ကြည့်ကာ အားလုံးက မနေနိုင်ဘဲ သက်ပြင်းချလိုက်ကြသည်။

ကျားဖြူပုံရိပ်သဏ္ဌာန်က ဝေဟင်ထဲ နေရာယူထားပြီး ဘေးပတ်လည်ကို အရှိန်အဝါများ ထုတ်လွှင့်နေကာ ကောင်းကင်ယံရှိ အပေါက်သုံးပေါက်ထဲ တည့်တည့်ဝင်ရောက်သွားသည်။

နယ်မြေငါးခု၏ ထိပ်သီး အမျိုးသမီးကျင့်ကြံသူနှစ်ယောက်က မျက်စောင်းတထိုးထိုး အခြေအနေ ဖြစ်၏။

လေထုက ချက်ချင်း တင်းမာလာသည်။

ထိုအရာကို မြင်ကာ ရှန်ထျန်းက ခေါင်းမခါဘဲ မနေနိုင်တော့ပေ  “ မင်းသမီးလင်းလုံ၊ အစ်မယွင်ရှီး ကျွန်တော့်မျက်နှာထောက်ပါဦး ”

ယခု သူသာ ဘာမှဝင်မပြောလျှင် ထိုမိန်းကလေးနှစ်ယောက်က ထပ်တိုက်ခိုက်ကြပေဦးမည်။

ရှန်ထျန်းက ရှင်းပြလိုက်သည်  “မင်းသမီးလင်းလုံရဲ့ ကျင့်ကြံဆင့် မြန်မြန်ဆန်ဆန် တိုးမြင့်လာတာက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကြောင့်ပါ ”

ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးလား …

အားလုံးက ကြောင်အမ်းသွားကြသည်။

သူတို့ခန့်မှန်းတာ မှားသွားတာလား …

ဘယ်လိုဆေးလုံးမျိုးက ဒီလောက်အာနိသင်ကောင်းပြီးတော့ စွမ်းအားကို သိသိသာသာ တိုးတက်လာစေမှာလဲ

ရှန်ထျန်းက ပြုံးကာ ကျောက်စိမ်းဖြူ ပုလင်းလေးကို ထုတ်ယူလိုက်သည်

“ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးက ကိုယ်ခန္ဓာတည်ဆောက်ပုံကို တိုးတက်အောင် လုပ်ပေးပြီးတော့ နားလည်နိုင်စွမ်း ပါရမီကို တိုးမြင့်ပေးနိုင်တယ်”

ရှန်ထျန်းက အဖုံးဖွင့်လိုက်ပြီး လုံးဝန်းနေသည့် အစိမ်းရောင် ဆေးငါးလုံးကို ထုတ်လိုက်သည်။ ထိုစဉ် ရနံ့သင်းသင်းလေးက မိုးမြေအနှံ့ ပြည့်နှက်သွားလေသည်။

ကမ္ဘာစည်းမျဉ်းက ထိုဆေးလုံးများအပေါ် ဆက်တိုက် ဖိအားပေးနေပြီး အငွေ့အသက်တချို့ ထုတ်လွှင့်နေသည့်  ကြာပန်းပြာပုံရိပ်များ ဖွဲ့စည်းလာစေသည်။

ဆေးရနံ့ကို ရလိုက်သည်နှင့် သူတို့ကျင့်ကြံဆင့် တိုးမြင့်လာသလို ခံစားလိုက်ရပြီး သူတို့တာအိုအပေါ် ဉာဏ်အလင်းပွင့်သွားကြသည်။

အားလုံးက အံ့ဩသွားကြ၏။ သူတို့က ယခင် ဤသို့ထူးဆန်းလှသော ဆေးလုံးမျိုး မမြင်ဖူးကြချေ။

ဤသည်မှာ နေလတို့၏ အဆီအနှစ်မှ သန့်စင်ထားသော အထွတ်အထိပ်ဆေးလုံး ဖြစ်နေသည်။

“ အစ်ကိုကြီး၊ ဒုတိယအစ်ကို၊ အစ်မယွင်ရှီး၊ ညီလေးကျောက်ဟောင်နဲ့ ဦးလေးကွေ့တို့အတွက် ဒီဆေးလုံးတစ်လုံးစီ ပြင်ထားပေးတာ။ ဒါသောက်ပြီးသွားတာနဲ့ သဘာဝကိုယ်ခန္ဓာဖွဲ့စည်းပုံနဲ့ ကျင့်ကြံဆင့်က နောက်တစ်ဆင့် ရောက်သွားလိမ့်မယ်။ ”

ရှန်ထျန်းက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးကို နှမြောတွန့်တိုခြင်းမရှိ အားလုံးကို ပေးလိုက်သည်။ သူက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ရောက်သည်မှာ ကြာမြင့်လှပြီ ဖြစ်၍ အိမ်အဖြစ် သတ်မှတ်ထားသည်။

ဤတပည့်များက ရှန်ထျန်းအတွက် သိုးများ ဖြစ်သော်လည်း မိသားစုလည်း ဖြစ်ကြသည်။

အထူးသဖြင့် ဦးလေးကွေ့ ဖြစ်၏။ ရှန်ထျန်းအတွက် သူက မိသားစုနှင့် မခြားပေ။ ထို့ကြောင့် ရှန်ထျန်းက ဦးလေးကွေ့အား ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးကို တုံ့ဆိုင်းခြင်းမရှိ ပေးလိုသည်။

သို့သော်လည်း ရှန်ထျန်းက ထိုသို့လုပ်ရန် ဆန္ဒရှိသော်လည်း တခြားသော ပါရမီရှင်များက အလွန်ရှက်ရွံ့လာကြသည်။

“ ငါ ဒီလိုအဖိုးတန် ရတနာကို လက်မခံနိုင်ဘူး ”

“ဒါက အရှင့်သားရဲ့ အခွင့်အရေးလေ။ ဘယ်လိုလုပ် ကျွန်တော်မျိုးကို ပေးရတာလဲ ”

“ ဒါက အထွတ်အထိပ် ရတနာလေ။ အစ်ကိုရှန်ဘာသာ နောင်ကျရင် တခြားအဖိုးတန်ရတနာတွေနဲ့ လဲရအောင် သိမ်းထားသင့်တယ် ”

“ ဒီဆေးလုံးမရှိရင်တောင် ဒီသူတော်စင်မက မင်းသမီးကို မရှုံးပါဘူး။ တကယ်လို့ ရှီမျိုးနွယ် မင်းသမီးသာ သတ္တိရှိပြီး ငါနဲ့ တိုက်ရဲတယ်ဆိုရင် ထွက်ခဲ့လိုက် ”

“ ညီမလေး အလျှင်မလိုပါနဲ့။ သူမက အလယ်ပိုင်းကုန်းမြေရဲ့ တော်ဝင်မိသားစုဝင်နော်။ ငြိမ်းချမ်းရေးက အဖိုးတန်ဆုံးပဲ … ”

အားလုံးက ရှန်ထျန်းဆီမှ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံး လက်ခံရရှိလိုက်စဉ်အခါက မနေနိုင်ဘဲ လက်သီးဆုပ်ထားမိလိုက်ကြသည်။ သို့သော် သူတို့က ငြင်းဆန်လိုက်ကြသည်။

ပါးစပ်က ငြင်းဆန်နေသော်လည်း သူတို့ခန္ဓာများက အလွန်ရိုးသားလှသည်။

ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးက အလွန်ထူးခြားနေသောကြောင့် သူတို့အတွက် ရှက်စရာတော့ မဟုတ်ပေ။ အားလုံးက ငြင်းဆန်လိုကြသော်လည်း သူတို့ခန္ဓာကိုယ်များက အလွှတ်မပေးနိုင်ကြပေ။

ထိုအရာက သူတို့အား ဤဆေးလုံး မည်မျှအဖိုးတန်ကာ ထူးခြားကြောင်း သတိပြုမိစေသည်။

ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ပါရမီကို တိုးမြင့်ပေးနိုင်သည့် ဆေးလုံးမျိုးက အဖိုးမဖြတ်နိုင်ပေ။

အကယ်၍ ဤအရာသာ ပြင်ပလောကဆီ ယူဆောင်သွားခဲ့လျှင် အဖိုးတန်ရတနာအမြောက်အများနှင့် လဲလှယ်နိုင်ပေမည်။ သို့သော်လည်း ရှန်ထျန်းက အားလုံးကို ဝေမျှပေးနေချင်သည်။ ဤအရာက သူတို့အနေနှင့် ရှန်ထျန်းအား  ကျေးဇူးတင်မိသလို အထင်ကြီးမိသည်။

ငါတို့ဂိုဏ်းရဲ့ သူတော်စင်က တကယ်ကို လူငယ်အုပ်ချုပ်သူ စွမ်းရည်မျိုး ရှိနေတာပဲ …

....................

“ ညီအစ်ကိုတို့ အားနာနေစရာ မလိုဘူး။ ကျွန်တော်လည်း ဒီဆေးလုံးကို သောက်ပြီးပြီ။ အားလုံးက တစ်ခါပဲ သောက်နိုင်တာလေ။ တကယ်လို့ ကျွန်တော် သိမ်းထားရင်တောင် အသုံးမဝင်ဘူး။ အားလုံး အင်အားကောင်းလာတာ ပိုကောင်းတယ် မဟုတ်ဘူးလား။

နောင်ကျရင် နယ်မြေငါးခုကို အတားအဆီးမဲ့ သွားလာပြီး အတူတူ ကြီးစိုးကြမယ် ”

ရှန်ထျန်းက အားလုံး ရှက်နေကြောင်း မြင်လိုက်သည့်အခါ အပြုံးလေးဖြင့် ဖျောင်းဖျလိုက်သည်။

ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးက ရှန်ထျန်းအတွက် အသုံးမဝင်သော်လည်း အခြားလူများအတွက် အဖိုးမဖြတ်နိုင်သည့် ရတနာ ဖြစ်နေသည်။ ထို့အပြင် ထိုလူများက ရှန်ထျန်း၏ မိတ်ဆွေကောင်းများ ဖြစ်ကြသည်။ သူတို့အင်အားသာ တိုးပွားလာပါက ရှန်ထျန်းလည်း သိုးမွေးကောင်းကောင်း ရိတ်သိမ်းနိုင်လိမ့်မည်။

“ သူတော်စင်ရဲ့ ကြင်နာမှုကို မှတ်ထားပါ့မယ် ”

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ လူငယ်လေးယောက်က အချင်းချင်း ကြည့်လိုက်ကြသည်။ အမျိုးသားသုံးယောက်၏ မျက်ဝန်း၌ လေးစားမှုအတိ ဖြစ်နေသည်။

ကျန်းယွင်ရှီးက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးကို ကိုင်ထားရင်း မင်းသမီးလင်းလုံကို တစ်ချက်ကြည့်လိုက်သည်။

ဒီမိန်းကလေး ကျင့်ကြံဆင့် မြင့်လာတာက ဒီဆေးလုံးကြောင့်လား …

ငါလည်း ဆေးအာနိသင် ကောင်းကောင်း စုပ်ယူပြီးတာနဲ့ ဒီတစ်ယောက်ကို ငါ့မောင်လေးရှန်က ပိုးပန်းဖို့ မလွယ်ဘူးဆိုတာ ပြရမယ် …

ကွေ့ကုန်းကုန်းက ဆေးလုံး လက်ထဲကိုင်ထားရင်း ပြောလိုက်သည်  “ အရှင့်သားက ဒီလိုအထွတ်အထိပ်ဆေးလုံးကို ဖော်စပ်ခဲ့တာလား။ ကိုယ်လုပ်တော်လန်သာ ဒီမြင်ကွင်းကို မြင်နိုင်ရင် သေချာပေါက် ပျော်နေတော့မှာပဲ ”

ဖန်ချန်း၊ ကျန်းယွင်ထင်နှင့် အခြားလူများ၏ မျက်လုံးများ တလက်လက် ဖြစ်နေကာ ဆေးလုံးသောက်ဖို့ မစောင့်နိုင်ကြတော့ပေ။

ရှန်ထျန်းက သူတို့အား သတိပေးလိုက်သေးသည်  “ အားလုံး ဖန်းလဲ့ကျွန်းဆီ အရင်သွားရအောင် ”

သူတို့က ဆေးလုံးကို လေထဲမှာ ရပ်နေရင်း စုပ်ယူချင်နေကြတာလား …

တစ်ဝက်တပျက်နဲ့ ပင်လယ်ထဲ ပြုတ်ကျသွားမှာ မကြောက်ကြဘူးလား …

“ ညီလေးပြောတာ မှန်တယ် ”

ဖန်ချန်း၊ ကျန်းယွင်ထင်နှင့် အခြားလူများက မျက်နှာနီနီဖြင့်   ဖန်းလဲ့ကျွန်းဆီ ဦးတည်လိုက်ကြသည်။ သိပ်မကြာခင် သူတို့ ဖန်းလဲ့ကျွန်းဆီ ရောက်လာကာ ဆေးလုံး သောက်သုံးလိုက်ကြတော့သည်။

ခဏအကြာ ငါးယောက်လုံး တိတ်ဆိတ်သွားကြ၏။

သူတို့ခန္ဓာကိုယ်မှ အစိမ်းရောင်အလင်းများ ဆက်တိုက် ထွက်ပေါ်လာသည်။ စည်းမျဉ်းများကလည်း သူတို့ခန္ဓာကိုယ်အတွင်း ဝင်ရောက်ပြီး ခန္ဓာကိုယ်ကို ပြောင်းလဲပေးနေကြသည်။

ရှန်ထျန်းက ထိုမြင်ကွင်းကို ကြည့်နေရင်း ပြုံးလိုက်မိသည်။

အားလုံး ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို သောက်သုံးလိုက်ပြီးနောက် သူတို့ကံကြမ္မာများ သိသိသာသာ တိုးတက်လာကြသည်။

ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးက မင်းသမီးလင်းလုံ၏ ကံအပြောင်းအလဲ အခွင့်အရေးမှ ဆင့်ပွားဖြစ်သောကြောင့် နဂိုကံအပြောင်းအလဲ အခွင့်အရေးလောက် အကျိုးမကြီးသော်လည်း ဆေးအာနိသင်က ထူးခြားလွန်းကြောင်း ဖုံးကွယ်ထားလို့ မရပေ။

အားလုံးက ရှန်ထျန်း၏ ဆေးလုံးကို စုပ်ယူပြီးနောက် သူတို့ခေါင်းအထက်ရှိ ရောင်ဝါမှာ ချက်ချင်း ပိုမို တောက်ပလာသည်။

ရှန်ထျန်းက အားလုံးခေါင်းပေါ်ရှိ ရောင်ဝါအစုံကို ကြည့်ရင်း ပျော်လာမိသည်။

သူ့သိုးလေးများက ပို၍ အားကောင်းလာပြီ ဖြစ်ရာ နောင်ကျ သူတို့ကံကြမ္မာ မတိုးတက်ဘဲ နေမည်ကို စိုးရိမ်စရာ လိုဦးမည်လား။

………...

ထိုအချိန် တည်ငြိမ်နေသော ပင်လယ်မျက်နှာပြင်အထက် ဝဲကတော့ကြီး ပေါ်လာလေသည်။

လှိုင်းလုံးများက ပင်လယ်ကြမ်းပြင်မှ လိမ့်တက်လာသည်။

ဝုန်း …

အသံက မြေတုန်လုမတတ် ဖြစ်နေသည်။

ရေလုံးကြီးက ကောင်းကင်အထက် သုံးဆယ်ကီလိုမီတာလောက် မြင့်တက်သွားပြီးနောက် ပုံရိပ်တစ်ခု ပြုတ်ကျလာသည်။

“ ငါ တကယ်ကြီး တစ္ဆေ မြင်ခဲ့ရတယ် ”

ကြာပြာကောင်းကင်အသျှင်က ဖန်းလဲ့ကျွန်းပေါ် ဗုန်းခနဲ ပြန်ပြုတ်ကျလာရင်း ညီးတွားနေလေသည်။

“ ဂိုဏ်းတူဦးလေး ဘာဖြစ်တာလဲ ”

ရှန်ထျန်းက စိတ်ရှုပ်ထွေးသွားမိသည်။

 ကြာပြာကောင်းကင်အသျှင်က ပဒုမ္မာကြာ နတ်ဧကရာဇ်ရဲ့ ဂူဗိမာန်ကို သွားတာ မဟုတ်ဘူးလား … ဘာလို့ တစ်ယောက်ယောက်က သူ့ကို ကန်ထုတ်လိုက်တယ်လို့ ခံစားနေမိပါ့လိမ့်

ကြာပြာကောင်းကင်အသျှင်က ချိုင့်ခွက်မှ လူးထလာသောကြောင့် စုတ်ပြတ်နေလေသည်။ သူ့ခရမ်းရောင်ဝတ်ရုံက ညစ်ပတ်နေပြီး တစ်ကိုယ်လုံးက မည်းတူးနေသည်။ သူ့ဆီမှ အသားကင်နံ့ သင်းသင်းလေး ထွက်နေသည်။

“ အစ်ကိုကြီး ပဒုမ္မာကြာ နတ်ဧကရာဇ်ရဲ့ ဂူဗိမာန်ကို တွေ့ခဲ့လား ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မပြောင်းမလဲ အသံ ထွက်ပေါ်လာပြီးနောက် သူ့ခန္ဓာကိုယ်ရှိ ကောင်းကင်အရှိန်အဝါတို့က အသာအယာ လှုပ်ခတ်သွားသည်။

“ အဟွတ်ဟွတ်  ဒါပေါ့ ငါ တွေ့တာပေါ့။ အဲဒီ ပဒုမ္မာကြာ နတ်ဧကရာဇ်က ငါ့အပေါ် အရမ်းကောင်းပြီးတော့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့လိုက်သေးတယ် ”

ကြာပြာကောင်းကင်အသျှင်က တည်ငြိမ်နေဟန်ဆောင်သော်လည်း သူ့နှုတ်ခမ်းတို့က လှုပ်ခတ်နေသည်။

သူက ဂူဗိမာန်နေရာကို အမှန်တကယ် ရှာတွေ့ခဲ့သော်လည်း မဝင်နိုင်ခဲ့ချေ။ ဂူအပြင်ဘက်တွင် အစီအရင်မြောက်များစွာ ရေးထွင်းထားပြီး အထဲရှိ အရာအားလုံးကို အပြည့်အဝ ဖုံးကွယ်ထားလေသည်။ သို့သော်လည်း ကြာပြာကောင်းကင်အသျှင်၏ ဒေါသအရ ရတနာရှိနေမှန်း သိရက်နှင့် မည်သို့ လက်လျော့နိုင်မည်နည်း။

ထို့အပြင် ဤသည်မှာ ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ဂူဗိမာန် ဖြစ်လေသည်။

ပဒုမ္မာကြာ နတ်ဧကရာဇ်က သဒ္ဒါတရားနှင့် စိတ်ကောင်းရှိခြင်းကြောင့် လူသိများသည်။ သူက ဂူရှေ့တွင် သတ်ဖြတ်ရေး အစီအရင် မခင်းကျင်းထားလောက်ပေ။

ပြီးတော့ ဟိုကောင်စုတ်လေး ရှန်ထျန်းကျ ဝင်လို့ ရပြီးတော့ ငါက ဘာလို့ မရတာလဲ

ထိုအတွေးဖြင့် ကြာပြာကောင်းကင်အသျှင်က လမ်းပွင့်လာစေရန် မျှော်လင့်ချက်လေးဖြင့် ရွှေတုတ်ကို ကိုင်ဆွဲကာ အစီအရင်ဆီ ပြေးဝင်သွားခဲ့သည်။ သို့သော်လည်း ကြာပြာကောင်းကင်အသျှင် အစီအရင်ထဲ ဝင်ပြီးနောက် အမှန်တကယ် သတ်ဖြတ်ရေး အစီအရင် မဟုတ်ကြောင်း သိလိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ လူများကို ရိုက်နှက်ရာ၌ သတ်ဖြတ်ရေး အစီအရင်ထက်ပင် ရက်စက်သေး၏။

ထိုအစီအရင်များက ကြာပြာကောင်းကင်အသျှင်အား တိုက်ခိုက်ဖို့ သူတို့စွမ်းအားကို ဆက်တိုက် စုဆောင်းထားသလိုမျိုး တစ်ယောက်ယောက်က ချုပ်ကိုင်ထားဟန် ပေါ်သည်။

အစီအရင်မှ အတောမသတ်နိုင်သည့် မီးတောက်များ ထွက်လာကာ သူ့အား လောင်ကျွမ်းစေသည်။

ကြာပြာကောင်းကင်အသျှင်က ကျင့်ကြံဆင့် မြင့်မားသော်လည်း ထိုစွမ်းအားကို တောင့်မခံနိုင်ပေ။ သူက လောင်မြိုက်ခံလိုက်ရပြီး ဆိုးဆိုးရွားရွား အခြေအနေနှင့် ထွက်ပြေးလာခဲ့ရသည်။

သို့သော်လည်း ထိုအစီအရင်များက ဒေါသပုံချနေသလိုမျိုး တူသည်။

သူတို့က ကြာပြာကောင်းကင်အသျှင်အား ပင်လယ်ထဲ ပို့ကာ ရိုက်နှက်ပြီး ဘဝအကြောင်း သံသယ ပြန်ဝင်လာအောင်အထိ လုပ်ခဲ့ကြသည်။

ငါက ပဒုမ္မာကြာ နတ်ဧကရာဇ်ရဲ့ ဂူဗိမာန်ထဲ ကံအပြောင်းအလဲ အခွင့်အရေးလေး ရဖို့ ဝင်ချင်ရုံလေးပါ …

ငါ ဘာမှမရရင်တောင် အဆင်ပြေပါတယ် … သူက ဘာလို့ ဒီလောက်ကြမ်းတမ်းရတာလဲ

သိုင်းပညာ ကျင့်ဝတ် မရှိရုံတင် မကဘူး .. ဒီတာအိုကိုယ်တော်ကြီးကိုတောင် ရိုက်လိုက်သေးတယ်

ငါ့နှလုံးသားထဲ ခါးသီးမှုတွေပဲ ကျန်တော့တယ်

All Chapters