← Chapters

သေခြင်းတရားနှင့် တိုက်ခိုက်ခြင်း

Vol. 11(B) Ch. 151

သေခြင်းတရားနှင့် တိုက်ခိုက်ခြင်း

Vol. 11(B) Ch. 151

လက်ရှိ အနေအထားသည် နတ်ဆိုးယုတ် ၁၂ ကောင် ဝိုင်းရံထားခြင်း ခံရစဉ်ထက် ပိုမိုဆိုးဝါးလှသည်။

အကြောင်းမှာ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားနှင့် နှိုင်းယှဉ်နိုင်သော နတ်ဆိုးယုတ်တစ်ကောင် ရှိနေခြင်းကြောင့် ဖြစ်သည်။

မဟုတ် ... တိတိပပ ပြောရမည်ဆိုလျှင် နှစ်ကောင်ဖြစ်သည်။ မြေပြင်တွင် လဲကျနေသည့် နတ်ဆိုးယုတ်သည်လည်း လူသားသွင်ပြင် ရှိသည်ဟု ယူဆနိုင်သည်။

“အခုက ဘာလုပ်ရမှာလဲ ... ပြေးရမှာလား” စုရှောင်လန်သည် တိုးဖွဖွ ပြောလာသည်။

အန်လင်းသည် ခါးသီးစွာဖြင့် ပြုံးလိုက်ပြီး “ဟိုက မကောင်းဆိုးဝါး ဆရာကြီးက ငါတို့က ဖမ်းထားပြီးတာ နင်မမြင်ဘူးလား။ ငါတို့ လှုပ်လိုက်တာနဲ့ သူက ချက်ချင်းတိုက်လာမှာ။ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ အဲဒီသတ္တဝါ လက်ထဲကနေ ငါတို့က လွတ်အောင် မပြေးနိုင်ဘူး”

“မင်းတို့တွေက နတ်ဆိုးယုတ် လေးကောင်ကို တာဝန်ယူလိုက်။ ငါက လူပုံစံရှိတဲ့ ကောင်ကို တာဝန်ယူလိုက်မယ်” အန်လင်းသည် အဆောင်လက်ဖွဲ့ များစွာကို ထုတ်ယူကာဖြင့် အခြားသူများအား ညွှန်ကြားလိုက်သည်။

စုရှောင်လန်သည် အန်လင်းအား စိုးရိမ်ဟန်ဖြင့် ကြည့်လိုက်သော်လည်း ဤသည်မှာ အကောင်းဆုံးသော နည်းလမ်း ဖြစ်သည်ကြောင့် ပြောစရာ မရှိပေ။

ကောင်းကင်ရှီးဖော့ ကျန်းထံမှ ရရှိထားသည့် တားမြစ် အစီအရင်တစ်ခု၊ တာအိုရောင်းရင်း ယူမူထံမှ ရရှိထားသည့် တိုက်ခိုက်ရေး အဆောင်လက်ဖွဲ့ လေးခုနှင့် တာအိုရောင်းရင်း ဘုန်းတော်ကြီး ရှုယွမ်ထံမှ ရရှိထားသည့် ကာကွယ်ရေး အဆောင်လက်ဖွဲ့ သုံးခုမှာ အန်လင်း လက်ထဲတွင် ကျန်ရှိနေသည့် ဝှက်ဖဲများ ဖြစ်ကြသည်။

ထိုဝှက်ဖဲမှာ မကုန်မီမှာပင် သူ့အနေဖြင့် လူသားသဏ္ဌာန် နတ်ဆိုးယုတ်အား သတ်ဖြတ်ရမည် ဖြစ်သည်။

နီရဲနေသည့် မျက်လုံး တစ်လုံးတည်းသာ ရှိသည့် နတ်ဆိုးယုတ်သည် သူ၏အကြည့်အား အန်လင်းလက်ထဲရှိ အဆောင်လက်ဖွဲ့များ ထံသို့ မပို့မီတွင် သေချာစွာ စဉ်းစားနေပုံ ရသည်။

နတ်ဆိုးယုတ် လေးကောင်သည် အန်လင်းထံသို့ တစ်ပြိုင်နက်တည်း ပြေးဝင်လာကြသည်။ သူတို့သည် ညွှန်ကြားချက် တချို့ ရရှိထားဟန်ပင်။

“အံ့ဖွယ်ဓား၏ လျှပ်စီးအား လိုသလို အသုံးပြုနိုင်သော နည်းစနစ်” ကျိယန်လင်၏ ဝတ်စုံဖြူသည် လေတွင် တလှပ်လှပ် လွင့်နေပြီး သူမ၏ ဓားရှည်မှနေ အဖြူရောင် လျှပ်စီးကြောင်းများ ထွက်ပေါ်လာကာ နတ်ဆိုးယုတ် လေးကောင်အား ပစ်ခွင်းလိုက်သည်။

နတ်ဆိုးယုတ်များသည် လျှပ်စီးအား ကြောက်ရွံ့သည့် သဘာဝ ရှိပုံရသည်။ ကောင်းကင်မှ လျှပ်စီးကြောင်းများ ကျဆင်းလာသည့် အခါတွင် အစုကွဲသွားကြသည်။

စုရှောင်လန်၊ ရှောင်ချိုးနှင့် တပိုင်တို့သည် ထိုသည်ကို အခွင့်ကောင်းယူကာ နတ်ဆိုးယုတ်များအား အသီးသီး ရင်ဆိုင်လိုက်ကြသည်။

ဆိုင်ကလော့ပ် နတ်ဆိုးယုတ်သည် ယင်း၏ တစ်လုံးတည်းသော မျက်လုံးနီဖြင့် အန်လင်းအား စိုက်ကြည့်ပြီးနောက် အလွန်များပြားသည့် အော်ရာများအား ထုတ်ဖော်လိုက်သည်။

ယင်းမျက်လုံးသည် ပြင်းထန်သည့် သွေးဆာလောင်မှုများနှင့် ပြည့်နှက်နေပြီး နတ်ဆိုးစွမ်းအား တစ်မျိုးနှင့် ပေါင်းစပ်လိုက်သည့် အခါတွင် အန်လင်းအား ကြောက်မယ်ဖွယ် အလောင်းများနှင့် ပြည့်နေသည့် ဆိုးဝါးလှသော နယ်မြေ၏ ဗဟိုချက်တွင် ရောက်နေသကဲ့သို့ ထင်မြင်စေကာ မျှော်လင့်ချက် ပျက်သုဉ်းမှုဖြင့် လောင်ကျွမ်းစေသည်။

ဆိုင်ကလော့ပ် နတ်ဆိုးယုတ်သည် အန်လင်း၏ စိတ်အနှောင့်အယှက် ဖြစ်နေမှုကို အခွင့်ကောင်း ယူကာဖြင့် ရှေ့သို့ တက်လာသပြီး အကာအကွယ် အရံအတားအား ချိုးဖောက်ကာဖြင့် အန်လင်း၏ ရှေ့တည့်တည့်တွင် ပေါ်လာသည်။

နတ်ဆိုးယုတ်၏ လှုပ်ရှားမှုနှင့် တစ်ချိန်တည်း နီးပါးမှုပင် အန်လင်း၏ မျက်လုံးများသည် နှင်းကဲ့သို့ ဖြူဖွေးကာ ခြေထောက် အောက်ခြေတွင် လေကွင်းဝိုင်းများ ပေါ်လာပြီး ပျံသန်းကာဖြင့် နောက်ဆုတ်လိုက်သည်။

တိုတောင်းလှသည့် အချိန်လေး အတွင်းမှာပင် အဆောင်လက်ဖွဲ့ တစ်ခုအား အသက်သွင်းနိုင်ပြီး ဖြစ်သည်လည်း အန်လင်းနှင့် နတ်ဆိုးယုတ်တို့သည် အလွန်နီးကပ်သည့် အနေအထားတွင် ရောက်ရှိနေကြသည်။

ဝိညာဉ်ဖိနှိပ် လျှပ်စီးကြောင်း။

သန့်စင်ယန် စွမ်းအားများ အပြည့်နှင့် လျှပ်စီးကြောင်း တစ်ခုသည် နတ်ဆိုးယုတ်၏ ခံစစ်အား တိုက်ခိုက်လိုက်သည်။

ဘုန်း

လျှပ်စီးကြောင်းသည် အရှိန်အဟုန်ဖြင့် ဖြစ်တည်လာပြီးနောက် ဆိုင်ကလော့ပ် နတ်ဆိုးယုတ်၏ ရင်ဘတ်အား ပစ်ခတ်လာသည်။ မြေပြင် ပေသုံးဆယ် ပတ်လည်သည် လျှပ်စီးကြောင်း၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။

နတ်ဆိုးယုတ်ထံမှ အော်သံနက်ကြီး ပေါ်ထွက်လာပြီးနောက် သူ၏ မည်းနက်နေသည့် ခန္ဓာကိုယ်မှာ ဆုတ်ပြဲကာဖြင့် နောက်သို့ဆုတ်လိုက်သည်။

ထိုတိုက်ခိုက်မှုသည့် သေချာပေါက် နာကျင်စေသည် အထိ ပြင်းထန်လှသော်လည်း မလုံလောက်သေးချေ။

အန်လင်း၏ အဆောင် လက်ဖွဲ့များသည် တောက်ပသည့် အလင်းရောင်များ ဆက်လက် ထွက်ပေါ်လာကြသည်။

ထိုအချိန်မှာပင် နတ်ဆိုးယုတ်၏ တစ်ခုတည်းသော အနီရောင် မျက်လုံးမှနေ အဖျက်အဆီး စွမ်းအားများ အကန့်အသတ်မဲ့ ပါဝင်သော အနီရောင် အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။ အနီရောင် အလင်းတန်းလာရာ လမ်းကြောင်းရှိ ကျောက်တုံး ကျောက်ခဲများနှင့် ပြည့်နှက်နေသည့် မြေပြင်သည် အက်စစ်နှင့် ပွတ်တိုက်စား သကဲ့သို့ ယိုယွင်း ဆွေးမြေ့လာသည်။

ဒဏ္ဍာရီလာ ရေခဲမှန်။

အဆောင်လက်ဖွဲ့နောက် တစ်ခုအား အသက်သွင်းလိုက်ပြီး နောက်တွင် အန်လင်း၏ရှေ့တွင် အဖြူရောင် ရေခဲမှန်တစ်ခု ပေါ်လာပြီး ခန္ဓာကိုယ် တစ်ခုလုံးအား လွှမ်းခြုံသွားသည်။

အလင်းတန်းသည် ရေခဲမှန်အား ရိုက်ခတ်လိုက်သည်။ ရေခဲမှန်သည် ချက်ချင်းဆိုသလို ကွဲကြေသွားသော်လည်း နတ်ဆိုးယုတ်၏ တိုက်ခိုက်မှုတွင် ပါဝင်သည့် စွမ်းအားများ သည်လည်း ကုန်ခန်းသွားပြီ ဖြစ်သည်။

နတ်ဆိုးယုတ်သည် အန်လင်းထံသို့ နောက်တစ်ဖန် ပြေးဝင်လာပြီး ချက်ချင်း ဆိုသလိုပင် ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်သော နက်မှောင်နေသော လက်သီးဖြင့် အန်လင်းအား ထိုးနှက်လာသည်။

ကျောက်သံချပ်ကာ။

အဆောင်လက်ဖွဲ့ နောက်တစ်ခု အသက်ဝင်လာပြီး နောက်တွင် လေထုထဲ၌ ရွှေရောင် ကျောက်လွှာတစ်ခု ပေါ်လာသည်။

ဘုန်း

နတ်ဆိုးယုတ်၏ လက်သီးနှင့် ရင်ဆိုင် တိုက်မိသည့်အခါတွင် ကြောက်မက်ဖွယ် စွမ်းအားကြီး ပေါက်ကွဲမှုများ ဖြစ်ပေါ်လာပြီး မြေပြင် ပေတစ်ရာ ပတ်လည်သည် အက်ကွဲ တုန်ခါလာသည်။

သို့သော်လည်း တစ်ချိန်တည်းမှာပင် နတ်ဆိုးယုတ်လည်သည်း ပြင်းထန်သည့် ပြန်လည် တိုက်ခိုက်မှုကြောင့် နောက်သို့ ဆုတ်လိုက်ရသည်။

ကာကွယ်ရေးအဆောင် လက်ဖွဲ့တွင် ပါဝင်သည့် အင်မော်တယ်မန္တန်မှာ ခုခံနိုင်စွမ်း ရှိသည်သာမကာ ပြန်လည် တိုက်ခိုက်နိုင်စွမ်းလည်း ရှိပေသည်။

အန်လင်းသည် ထိုအခိုက်အတန့်အား စောင့်နေခြင်း ဖြစ်သည်။ နတ်ဆိုးယုတ်အား နောက်ဆုတ်ရန် တွန်းအားပေးနိုင်ခြင်းသည် တိုက်ပွဲတွင် အနိုင်ရရှိသူအား အဆုံးအဖြတ် ပေးနိုင်မည့်အချိန် ဖြစ်သည်။

တာအိုရောင်းရင်း ယူမူထံမှ တိုက်ခိုက်ရေးအဆောင် လက်ဖွဲ့လေးခုသည် တောက်ပသည့် အလင်းများ ထွက်ပေါ်ကာဖြင့် လေထဲတွင် ရပ်တန့်နေသည်။

လေကြာပန်းတောင် ချေမှုန်းခြင်း။

လေထဲတွင် ဧရာမ ကြာပန်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကောင်းကင်မှ ဆင်းသက်လာကာ ဆိုင်ကလော့ပ် နတ်ဆိုးယုတ်အား တောင်တစ်လုံးမျှ လေးလံသည့်အားဖြင့် ဖိကြိတ်လိုက်သည်။

တောင်လေဖိအားကြောင့် မြေပြင်တွင် ပေတစ်ရာကျော် ရှိသော ကြီးမားသည့် အက်ကွဲကြောင်း တစ်ခု ပေါ်လာသည်။ ဆိုင်ကလော့ပ် နတ်ဆိုးယုတ်သည် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်ကြောင့် မြေပြင်တွင် ဒူးတစ်ဖက် ထောက်ကာဖြင့် ရှိနေကာ ဖိအားများကြောင့် ဦးခေါင်းပင် မော့မလာနိုင်ချေ။

ကောင်းကင်မီးလျှံ စီရင်ချက်။

ကောင်းကင်မှ မီးလုံးတစ်ခု ဆင်းသက်လာသည်။ လေထုနှင့် ထိတွေ့မိသည်ကြောင့် မီးလုံး၏ စွမ်းအားများ တိုးလာကာ အရှိန်အဟုန် ပြင်းပြင်းဖြင့် ကျဆင်းလာပြီးနောက် နတ်ဆိုးယုတ်အား လွှမ်းခြုံသွားတော့သည်။ ထို့နောက် ပူလောင်ပြင်းပြသည့် မီးအပူသည် မြေပြင်ကိုပင် ပျော်ကျစေသည်။

နေကိုးစင်း ဓားတစ်ပြက်။

အဖြူရောင် အလင်းတန်း ကိုးခုမှနေ အားကောင်းသော သတ်ဖြတ်လိုစိတ် ဆန္ဒများ ပါဝင်သည့် ဓားဖြူကိုးလက် ဖြစ်ပေါ်လာကာ ကောင်းကင်မီးလျှံများ လောင်ကျွမ်းခြင်း ခံနေရသည့် နတ်ဆိုးယုတ်အား ထိုးစိုက်လိုက်သည်။

နတ်ဆိုးရှင်း လျှပ်စီးလှံ။

အန်လင်း၏ နောက်ဆုံးတိုက်ကွက် ဖြစ်သည်။ နတ်ဆိုးယုတ်များအား တိုက်ခိုက်ရာတွင် လျှပ်စီးစွမ်းအားသည် အလွန်သက်ရောက်မှု ရှိပေသည်။ ထို့အတွက်ကြောင့် နတ်ဆိုးယုတ်၏ အားနည်းချက် ဖြစ်သော ဤတိုက်ခိုက်မှုအား နောက်ဆုံးမှ ထားရခြင်း ဖြစ်သည်။

လျှပ်စစ်စီးကြောင်းသည် မြေပြင်အား ဆုတ်ဖြဲသွားပြီးနောက် အသင်္ချေငှက် များစွာ၏ တေးဆိုသံနှင့်တူသည့် အသံအား ဖြစ်ပေါ်လာစေသည်။

အန်လင်း၏ လျှပ်စီးအား လိုသလို အသုံးပြုနိုင်သော နည်းစနစ်အောက်တွင် နတ်ဆိုးရှင်း လျှပ်စီးလှံသည် နတ်ဆိုးယုတ်၏ ဦးခေါင်းအား ဖောက်ထွက်သွားလေသည်။

ဘုန်း

လျှပ်စီးလှံသည် သူ၏စွမ်းအားများကို ထုတ်လွှတ်လိုက်သည့် အခါတွင် ကြီးမားသည့် လျှပ်စီးလုံးကြီး တစ်ခု ဖြစ်ပေါ်ကာ နတ်ဆိုးယုတ်အား အတွင်းမှ ဝါးမျိုသွားတော့သည်။

လေပြင်းများ ရပ်တန့်သွားသလို မီးတောက်များလည်း ငြိမ်းသက်သွားပြီ ဖြစ်သည်။ လျှပ်စီးကြောင်းများ သည်လည်း စတင်ပျောက်ကွယ် လာနေပြီ ...

အန်လင်းသည် မိစ္ဆာရှင်းဓားအား လက်တစ်ဖက်တွင် ကိုင်ဆောင်ပြီး အဝါရောင် အဆောင်လက်ဖွဲ့ တစ်ခုအား အခြားတစ်ဖက်တွင် ကိုင်ဆောင်ထားသည်။

ထိုအဆောင် လက်ဖွဲ့သည် သူ့ထံတွင် ကျန်ရှိသည့် နောက်ဆုံးသော ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် ကာကွယ်ရေးအဆောင် လက်ဖွဲ့ဖြစ်သည်။

ပြင်းထန်သည့် တိုက်ပွဲပြီးသည့် နောက်တွင် မြေပြင်၌ ပေရာပေါင်းများစွာ အချင်းရှိ အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။

ရှောင်ချိုးသည်လည်း တိုက်ခိုက်နေဆဲ ဖြစ်ကာ သူ၏ ဆလိုက်မီး မျက်လုံးများမှ အလင်းရောင်သည် ဟိုဟိုဒီဒီ ကျဲပြန့်လျက် ရှိသည်။ ဖုန်မှုန့်များသည် လေထုအတွင်း ရှိနေဆဲ ဖြစ်သည်ကြောင့် အန်လင်း အနေဖြင့် အက်ကွဲကြောင်းအား မမြင်နိုင်ချေ။ ထို့ကြောင့် နတ်ဆိုးယုတ် သေသလား ရှင်သလား မသိရှိရချေ။

အန်လင်းသည် သူ၏ အဆောင်လက်ဖွဲ့အား အသင့်ပြင်လျက် အက်ကွဲကြောင်းထံသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။

ထိုအချိန်တွင် သေခြင်းတရား၏ အငွေ့အသက်များသည် သူ့ထံသို့ အဘက်ဘက်မှနေ ရောက်ရှိလာကြသည်ကို ခံစားမိသည်။

‌ဗုဒ္ဓ၏ရွှေရောင် အကာအကွယ်။

အန်လင်းသည် တုံ့ဆိုင်းခြင်း မရှိဘဲနှင့် အကာအကွယ် အဆောင်လက်ဖွဲ့အား အသက်သွင်းလိုက်သည်။

လိမ်ပိန်နေသော အနက်ရောင် ပုံရိပ်တစ်ခုသည် အလွန်ပြင်းထန်သည့် အမုန်းစိတ်ဆန္ဒများ ထုတ်လွှတ်ကာ အန်လင်းအား ခုန်အုပ်လာသည်။

နတ်ဆိုးယုတ်၏ လက်တစ်ဖက်မှာ ပျောက်ကွယ်သွားပြီး ဖြစ်ကာ ဦးခေါင်းထက်တွင် ရှိသည့် တစ်လုံးတည်းသော အနီရောင် မျက်လုံးမှာလည်း ပျက်စီးသွားပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာလည်း ယခုအခါတွင် လိမ်ပိန်ကာ တုန်ခါနေလေသည်။ ယင်းသည် သေမင်း ခံတွင်းဝတွင် ရောက်နေသည့် အ‌ခြေအနေ ဖြစ်သော်လည်း သူ၏ အော်ရာသည် ယခင်ကထက်ပင် ပိုမိုကာ ကြောက်မက်ဖွယ် ဖြစ်နေသေးသည်။

ရွှေရောင် အလင်းချပ်တစ်ခု ပေါ်လာပြီးနောက် အန်လင်း၏ရှေ့တွင် အကာအကွယ်အဖြစ် ဖြစ်တည်နေပြီး ဗုဒ္ဓ၏ ကျမ်းဂါထာများ ပြည့်နှက်နေသည့် ထိုအလင်းချပ်သည် မြတ်ဗုဒ္ဓ၏ အဆုံးမရှိ ကြီးမားသည့် စွမ်းအားများကို ထုတ်လွှတ်နေလေသည်။

နတ်ဆိုးယုတ်သည် ရုတ်တရက်ဆိုသလို ပြင်းထန်စွာ တုန်ခါလျက် ရေခဲတမျှ အေးစက်လှသော အော်ရာများ ထုတ်လွှတ်လျက် ရှိသည့် အနက်ရောင် ဓားရှည်အား ဖန်တီးပြီးနောက် အန်လင်းထံသို့ ပစ်လွှတ်လိုက်သည်။ ဓားရှည်သည် ရွှေရောင် အကာအကွယ်အား ထိုးစိုက်သွားသည်။

ခွက်

အကာအကွယ်ပေါ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီးနောက် အနက်ရောင်ဓားသည် အန်လင်း၏ ခန္ဓာကိုယ် အတွင်းသို့ ထိုးစိုက်သွားသည်။

တစ်ချိန်တည်း နီးပါးမှာပင် အလွန်နာကျင်သည့် ခံစားချက်နှင့်အတူ အဆုံးမရှိသည့် စိတ်ဓာတ်ပျက်စီး စေနိုင်သည့် ခံစားမှုများသည် သူ၏ခန္ဓာကိုယ်အား ပြင်းထန်စွာ တိုက်စားတော့သည်။

အန်လင်း ခံစားရသည့် နာကျင်မှုအား ဖော်ပြ၍ပင် မရနိုင်ချေ။ စက္ကန့်ဝက် အတွင်းမှာပင် သူ၏စိတ်သည် ဗလာကျင်း သွားပြီးနောက် သူခံစားနိုင်သည့် အရာများမှာ နာကျင်မှုနှင့် မျှော်လင့်ချက်မဲ့ စိတ်အားငယ်မှုတို့ သာလျှင် ဖြစ်သည်။

ပုံမှန်မဟုတ်သော အကန့်အသတ်မဲ့သည့် စိတ်ခံစားချက်များသည် သူ့အား ဖိစီး နှိပ်စက်လျက်ရှိပြီး ခန္ဓာကိုယ်အား ဖောက်ခွဲပစ်ရန် ခြိမ်းခြောက်လျက် ရှိသည်။

နာကျင်မှုကြောင့် အော်ဟစ်လိုက်သည်။

“အန်လင်း ...” စုရှောင်လန်၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာပြီးနောက် အန်လင်း၏ နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်သည့် အခါတွင် တုံ့ဆိုင်းခြင်းမရှိဘဲ အန်လင်းထံ ပြေးသွားလိုက်သည်။

ထိုအချိန်မှာပင် တောက်ပသည့် အဖြူရောင် လျှပ်စီးကြောင်း တစ်ခုသည် နတ်ဆိုးယုတ်အား ပစ်ခတ်လာသည်။

ဘုန်း

လျှပ်စီးကြောင်းသည် နတ်ဆိုးယုတ်အား ခြေလှမ်း အနည်းငယ်ခန့် နောက်ဆုတ်သွားစေပြီး နတ်ဆိုးယုတ်၏ ခန္ဓာကိုယ်မှ ဖြစ်ပေါ်လာသော အနက်ရောင် ဓားရှည်အား ပျက်ပြယ်သွားစေသည်။

အန်လင်းမှာ မြေပေါ်တွင် ဒူးထောက်လိုက်ရပြီး သူ၏ခန္ဓာကိုယ်သည် ထိန်းချုပ်၍ မရနိုင်အောင် တုန်ယင်လျက် ရှိသည်။

စိတ်ပျက် အားငယ်ခြင်းများနှင့် ပြည့်နေသော ပျက်စီးယိုယွင်း စေနိုင်သော စွမ်းအားသည် သူ့အား ဆိုးညစ်စေကာ နတ်ဆိုးယုတ်အသွင် ပြောင်းလဲဖို့ရန် တွန်းအားပေးလျက် ရှိသည်။

သို့သော်လည်း တစ်ချိန်တည်းမှာပင် သန့်စင်ယန် စွမ်းအားများ ပါဝင်သော သန့်စင်သည့် ရွှေရောင်အလင်း တစ်ခုသည် အိတ်ကပ်အတွင်းမှ ထွက်ပေါ်လာပြီးနောက် အန်လင်း၏ ခန္ဓာကိုယ် အတွင်းသို့ စီးဆင်းသွားကာ နတ်ဆိုးယုတ်၏ စွမ်းအားများကို ရင်ဆိုင် တိုက်ခိုက်နေလေသည်။

ကျိယန်လင်သည် အန်လင်း၏ နံဘေးသို့ ပြေးလာပြီးနောက် အံကြိတ်ကာဖြင့် ဆုံးဖြတ်ချက် ချလိုက်သည်။

သူမနှင့် ရင်ဆိုင် တိုက်ခိုက်နေသော နတ်ဆိုးယုတ်သည်လည်း သူမနောက်သို့ လိုက်ပါလာသည်။ သို့သော်လည်း ရှောင်ချိုးသည် ထိုနတ်ဆိုးယုတ်အား တိုက်ခိုက်နိုင်ခြင်း မရှိစေရန် ထိန်းသိမ်းထားလိုက်သည်။

ဆိုင်ကလော့ပ် နတ်ဆိုးယုတ်သည် အလွန်အမင်း ကြောက်မက်ဖွယ် စွမ်းအားများ ထွက်ပေါ်လာပြီးနောက် သူ၏ အနက်ရောင် ဓားရှည်အား အလွန်ပြင်းထန်သည့် စွမ်းအားဖြင့် လေထုအား ခုတ်ပိုင်းလိုက်သည်။

ထိုသို့သာ ဆက်လက် ဖြစ်နေမည်ဆိုလျှင် ဤနေရာတွင် ရှိနေသည့် လူအားလုံး သေဆုံးသွားကြလိမ့်မည်။

“လျှပ်ကိုးပိုင်း”

ကျိယန်လင်သည် တည်ငြိမ်အောင် ပြုလိုက်ပြီးနောက် လက်သင်္ကေတ အနည်းငယ် ထုတ်ဖော်လိုက်ကာ ကောင်းကင်မှ လျှပ်စီးကြောင်းများ ဆင့်ခေါ်လိုက်သည်။

သို့သော်လည်း ဆိုင်ကလော့ပ် နတ်ဆိုးယုတ်၏ လှုပ်ရှားမှု နည်းစနစ်များသည် သူမဖမ်းဆီးနိုင်ရန် အတွက် အလွန်မြန်ဆန် နေလေသည်။ လျှပ်စီးကြောင်းများသည် မြေပြင်သို့ ကျဆင်းလာပြီး နောက်တွင် တငွေ့ငွေ့ လောင်ကျွမ်းနေသော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသော်လည်း လျင်မြန်စွာ ရွေ့လျားနေသည့် ပုံရိပ်အား ပစ်ခတ်နိုင်ခြင်း မရှိချေ။

ရုတ်တရက် ဆန်စွာပင် ဆိုင်ကလော့ပ် နတ်ဆိုးယုတ်သည် သူမ၏ရှေ့တွင် ပေါ်လာပြီး သူ၏ ဓားရှည်သည် ကျိယန်လင်၏ နှလုံးသား တည့်တည့်အား ထိုးစိုက်လိုက်သည်။

ဆိုင်ကလော့ပ် နတ်ဆိုးယုတ်၏ တိုက်ခိုက်နှုန်းသည် လျင်မြန်လှသည့်အပြင် ကြောက်မက်ဖွယ်လည်း ကောင်းသောကြောင့် ကျိယန်လန်အတွက် ရှောင်ရှားဖို့ရန် မဖြစ်နိုင်ချေ။

ကျိယန်လန်၏ မျက်လုံးများသည် သူမ၏ ကံကြမ္မာအား လက်မခံနိုင်လိုခြင်း များနှင့် ပြည့်နေလေသည်။ သူမ ထိုကဲ့သို့ မဖြစ်လိုချေ။ သူမရှာဖွေနေသည့် လူသားအား ယခုထိတိုင် မတွေ့ရသေးချေ။

ဝှစ်

ကျိယန်လင်၏ ရှေ့တွင် အနက်ရောင် ပုံရိပ်တစ်ခု ပေါ်လာသည်။

ဓားရှည်သည် ယင်းပုံရိပ်၏ ခန္ဓာကိုယ်သို့ ထိုးသွင်းလိုက်သော်လည်း ယင်း၏ လက်များသည် ဓားရှည်အား တင်းကျပ်စွာ ဆုပ်ကိုင် ဖမ်းထားလိုက်လေသည်။

ယင်းသည် ကျိယန်လင်ဘက်သို့ မျက်နှာမူလိုက်ပြီး နောက်တွင် ခန္ဓာကိုယ်တစ်ခုလုံး ထိန်းချုပ် မရနိုင်လောက်အောင် တုန်ယင်လာပြီးနောက် ပါးစပ်မှ နာနာကျင်ကျင် ညည်းညူသံများ ထွက်ကျလာလေသည်။

ကျိယန်လင်သည် သူမရှေ့ရှိ မြင်ကွင်းအား ဗလာမျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။

သူမသာမကဘဲ အန်လင်း၊ စုရှောင်လန်နှင့် အခြားသော သူများသည်လည်း သူတို့အရှေ့တွင် ဖြစ်သွားသည့် ဖြစ်ရပ်အား မယုံကြည်နိုင်ခြင်း များဖြင့် ကြည့်နေမိကြသည်။

အကြောင်းမှာ ကျိယန်လင်ကို တိုက်ခိုက်လာသည့် ဓားအား တားဆီးလိုက်သော ပုံရိပ်ဆိုသည်မှာ မြေပြင်တွင် လဲကျလျက်ရှိသည့် နတ်ဆိုးယုတ် ဖြစ်နေခြင်းကြောင့်သာ။

၁။ အရှေ့အပိုင်းမှာ ကောင်းကင်မီးလျှံ စီရင်ချက်ကို အကာအကွယ် အဆောင်လက်ဖွဲ့လို့ သုံးခဲ့ပါတယ်။ အခု တားမြစ် အစီအရင်လို့ ပြောင်းလဲ လိုက်ပါပြီ။

၂။         ဆိုင်ကလော့ပ် ဆိုတာ မျက်လုံး တစ်လုံးတည်းပါတဲ့ လူ့ဘီလူးတွေကို ခေါ်တာပါ။ အခု နတ်ဆိုးယုတ်ကလည်း ဆိုင်ကလော့ပ် မျိုးနွယ်တွေလို မျက်လုံး တစ်လုံးတည်းပါလို့ ဆိုင်ကလော့ပ် နတ်ဆိုးယုတ်လို့ သုံးထားတာ ဖြစ်ပါတယ်။ (ဆိုင်ကလော့ပ်က X-Men ပရိသတ်တွေအတွက် ရင်းနှီးပြီးသား အခေါ်အဝေါ် ဖြစ်ပါလိမ့်မယ်။)

All Chapters