ငါ့လမ်းကို လာပိတ်တဲ့ သူမှန်သမျှ သေရမယ်
Vol. 1 Ch. 235
"ဘန်း"
တစ်ဖက်တွင် ဖီးနစ်ငှက် မြေအောက်မှ ထွက်ပေါ် မလာသေး၍ တိုက်ပွဲ မစရသေးသော်လည်း ရတနာများ သယ်ဆောင် ထားသော ရထားလုံး သုံးလုံးရှိရာ နေရာတွင် မြေပြင် ရုတ်တရက် ပွင့်သွားခဲ့ပြီး နတ်ဆိုးမျက်နှာဖုံးနှင့် လူတစ်ယောက် ထွက်လာခဲ့သည်။
သူထွက်ပေါ်လာသော ခဏတွင် သူ့ကိုယ်မှ မီးတောက်များ ထွက်ပေါ်လာ၍ စစ်သားများအား ပြာဖြစ်သည်အထိ လောင်ကျွမ်း သွားစေလေသည်။
"သတ်"
ကျန်းရီသည် မီတာတစ်ရာကျော် ကွာဝေးသောနေရာမှ ရထားလုံး သုံးစင်းအား လှမ်းကြည့် လိုက်သည်။ သူ့မျက်လုံးများတွင် လူသတ်ငွေ့များ ပြည့်နှက်နေသည်။ သူသည် ခြေထောက် တစ်ဖက်အား မြေတွင် ဆောင့်နင်း၍ အနက်ရောင် အကြေးခွံဓားကို ဝှေ့ယမ်း လိုက်သည်။ အနက်ရောင် အကြေးခွံဓားသည် ဓားအရိပ်ပေါင်း များစွာအဖြစ် ပြောင်းလဲသွားကာ ရှေ့ရှိ စစ်သည်များအား လွှမ်းခြုံသွားခဲ့သည်။
"ရဲတင်းလိုက်တာ...သတ်ကြ"
အနီးမှ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် သုံးယောက်သည် အော်ဟစ်လိုက်ရင်း စစ်သည်များ ကြားမှ ထွက်လာကာ ကျန်းရီထံ ပြေးဝင်လာကြသည်။ ကျန်စစ်သည်များသည်လည်း စိတ်ဓာတ် တက်ကြွ လာကြကာ ကျန်းရီကို သတ်ဖြတ်ရန် ရှေ့သို့ ပြေးဝင်လာကြသည်။
"ဟက်... သတ်ဖြတ်ခြင်း အင်အား"
ကျန်းရီ၏ မျက်လုံးများသည် အနီရောင် အလင်းတစ်ချက် လက်သွားပြီး သူ့ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါများ ဖြာထွက် လာသည်။ ကျန်းရီထံ ပြေးလာနေသော စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် သုံးယောက်သည် သူတို့ အရှိန်များ နှေးကွေး သွားသောကြောင့် မျက်နှာများ ပျက်သွားကြသည်။ သူတို့ထဲမှ တစ်ယောက်သည် ဖိနှိပ်မှု အရှိန်အဝါကို မှတ်မိသွားဟန်ဖြင့် အော်ပြော လိုက်သည်။
"သတ်ဖြတ်ခြင်း အရှိန်အဝါ.... ကျန်းရီပေါ့... မင်း... မင်းရှန်ဝူနိုင်ငံရဲ့ စစ်တပ်ကို အလစ် ဝင်တိုက်ရအောင် ရူးသွားတာလား၊ မင်း နိုင်ငံ သစ္စာဖောက်မှု ကျူးလွန်တော့မလို့လား"
အခြား စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်နှစ်ယောက်နှင့် မရေမတွက်နိုင်သော စစ်သားများ သတိရ သွားကြသည်။ ဤကမ္ဘာတွင် သတ်ဖြတ်ခြင်း အရှိန်အဝါ ပိုင်ဆိုင်ထားသူမှာ ကျန်းရီတစ်ဦးသာ ရှိလေသည်။ ထို့ပြင် နိုင်ငံအဆင့်ပြိုင်ပွဲ အတွင်းတွင် ကျန်းရီသည် ကြောက်စရာ မီးတောက်များကို သုံး၍ လူများစွာကို မီးရှို့ပစ်ခဲ့သော သတင်းမှာလည်း နိုင်ငံအတွင်း ပျံ့နှံ့နေပြီး ဖြစ်လေသည်။ ဤသူမှာ ကျန်းရီ ဖြစ်ကြောင်း သေချာလေသည်။
သိပ်မကြာ သေးခင်ကမှ ကျန်းရီကို နဂါးစစ်သူကြီးဘွဲ့ ချီးမြှင့်ထားတာ မဟုတ်ဘူးလား... ထိုအကြောင်းကို တစ်နိုင်ငံလုံးအား ကြေညာထားခဲ့သည်။ ရှန်ဝူနိုင်ငံမှ စစ်သူကြီး တစ်ဦးသည် ရှန်ဝူနိုင်ငံ၏ ကြင်ယာတော် အစောင့်အရှောက် စစ်တပ်ကို အလစ် ဝင်တိုက်သည်။ အတိအကျ ပြောလျှင် အိမ်ရှေ့စံကိုယ်တိုင် ပါနေသော စစ်တပ် ဖြစ်လေသည်။ အားလုံးသည် ဆွံ့အ သွားကြပြီး ဤသူမှာ ကျန်းရီ မဖြစ်နိုင်ဟု တွေးနေကြသည်။ ကျန်းရီဆိုပါက သူရူးသွား၍သာ ဖြစ်ရပေမည်။
"သေစမ်း"
ကျန်းရီသည် တွေဝေနေရန် အချိန်မရသောပေ။ သူ့လက်ထဲမှ အနက်ရောင် အကြေးခွံဓား ပျောက်ကွယ် သွားပြီး နှစ်မီတာခန့် ရှည်လျားသော အနီရောင် ဓားရှည် တစ်ချောင်းက အစား ဝင်ရောက်လာသည်။ သူသည် အနက်ရောင် အတွင်းအားများ ဓားထံ ထည့်သွင်း လိုက်ကာ ဓားချက် ထုတ်ဖော် လိုက်သည်။ မီးနဂါးနှစ်ကောင်သည် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီး နိုင်လောက်သည့် အရှိန်အဝါတို့ဖြင့် ပျံသန်း သွားခဲ့သည်။
အမ်...မီးနဂါးဓားရဲ့ ဖျက်ဆီးနိုင်စွမ်း ဘာလို့ ထပ်တိုးသွားတာလဲ
မီးနဂါးများ ထွက်ပေါ်လာသည့် ခဏတွင် ကျန်းရီသည် ခြားနားမှု တစ်ခုကို ခံစားလိုက်ရသည်။ ဓား၏ ဖိနှိပ်နိုင်သော အရှိန်အဝါသည် ပြင်းထန် လွန်းနေသည်။ မီးနဂါးများလည်း ပိုရှည်လာပြီး အတိုက်အခိုက် စွမ်းအားသည် နှစ်ဆယ် ရာခိုင်နှုန်းခန့် တိုးတက် လာခဲ့သည်။
"အနက်ရောင်အတွင်းအား"
ကျန်းရီသည် သူအနက်ရောင် အတွင်းအားများကို ထည့်သွင်း လိုက်ခြင်းကြောင့် ဖြစ်မည်မှန်း သဘောပေါက် သွားခဲ့သည်။ အတိတ်က သူစုလောရွှယ်၏ ဝိညာဉ်အဆင့် ဓားထဲသို့ အနက်ရောင် အတွင်းအားများ ထည့်လိုက်သောအခါ ဓားအစွမ်းသည် ကောင်းကင် အဆင့်လောက် ဖြစ်သွားခဲ့သည်။ ထို့ကြောင့် မီးနဂါးဓား၏ အတိုက်ခိုက်စွမ်းအား နှစ်ဆယ် ရာခိုင်နှုန်းခန့် တိုးတက် သွားခြင်းသည် အနက်ရောင် အတွင်းအားကြောင့်သာ ဖြစ်လေသည်။
"သူတော်စင် အဆင့် လက်နက် မီးနဂါးဓား..."
စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် သုံးယောက်သည် ဤလူမှာ ကျန်းရီ ဖြစ်ကြောင်း သေချာသွားသည့် အတွင် လန့်သွားကြလေသည်။ ကျန်စစ်သား များသည်လည်း တစ်ယောက်ပြီး တစ်ယောက် သိရှိသွားကြကာ နောက်ဆုတ်ရန် ကြိုးစား လိုက်ကြသည်။ သို့သော် သူတို့၏ ခြေထောက်များ ပျော့ခွေနေပြီး လှုပ်ရှား၍ မရသည်ကို တွေ့လိုက်ကြရသည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များပင် အဆများစွာ နှေးကွေး နေခဲ့လေသည်။
မီးနဂါးဓားနှင့် သတ်ဖြတ်ခြင်း အရှိန်အဝါ နှစ်ခု၏ ဖိနှိပ်မှုအောက်တွင် လမ်းလျှောက် နေနိုင်ခြင်းမှာပင် သူတို့ ကံကောင်းနေပြီ ဖြစ်လေသည်။
"တိုက်ကြ"
စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် သုံးယောက်၏ မျက်ဝန်းများတွင် ဆုံးဖြတ် လိုက်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။ သူတို့ ထွက်မပြေး နိုင်လျှင် စွန့်စား၍ တိုက်ခိုက် ရပေမည်။ သုံးယောက်လုံးသည် သူတို့၏ အတွင်းအားများကို ထုတ်ဖော်၍ မီးနဂါးများထံ ပစ်ခွင်း လိုက်ကြသည်။
အနီးတွင် စစ်သားများစွာ ရှိနေသည်။ အတွင်းအား တိုက်ခိုက်မှုများနှင့် မီးနဂါးများ တိုက်မိသည်နှင့် ထိုလူများ သေချာပေါက် သေကုန် ကြလိမ့်မည်။ သူတို့တွင် အခြားရွေးစရာ ရှိသေးပါ၏လော။ သူတို့ အတွင်းအား တိုက်ခိုက်မှုများ မလုပ်လျှင်ပင် မီးနဂါးဓား၏ ရက်စက်မှု အောက်တွင် ထိုလူများ သေသွားကြရမည်သာ ဖြစ်လေသည်။
"ဝှစ်...ဝှစ်"
မီးနဂါး နှစ်ကောင်နှင့် အတွင်းအား တိုက်ခိုက်မှုများ ဆုံတွေ့ချိန်တွင် အနီးရှိ စစ်သည်များ အားလုံး စိတ်ပျက် ဝမ်းနည်းမှုများ ပြည့်နေသည့် မျက်လုံးများကို မှေးမှိတ် လိုက်ကြသည်။
"ဝုန်း"
မိုးကြိုး ပစ်ချလိုက်သည့် အလား ပေါက်ကွဲသံ ကျယ်ကြီး ထွက်ပေါ်ခဲ့ပြီး သူတို့ အားလုံးအား အဖြူရောင် အလင်းတစ်ခုက လွှမ်းခြုံ သွားလေသည်။ ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီးကြောင့် စစ်သည် များစွာသည် အသားစများ ဖြစ်သွားကာ နေရာတစ်ခုလုံးအား အရုပ်ဆိုး သွားစေသည်။ ပေါက်ကွဲမှုမှ တွန်းကန်အား လှိုင်းကြီးကြောင့် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် သုံးယောက် လွင့်ထွက် သွားကြသည်။ သူတို့၏ ကိုယ်ပေါ်မှ ချပ်ဝတ်များ၊ အဝတ်အစားများ အားလုံး စုတ်ပြတ် သွားကြပြီး မကြည့်ရဲစရာ ကောင်းလောက် တစ်ကိုယ်လုံး သွေးချင်းချင်း နီနေလေသည်။ သူတို့ သေသလား ရှင်သလားပင် မသိနိုင်ချေ။
"ဖုန်း...ဖုန်း...ဖုန်း...ဖုန်း"
နောက်မှ ပြေးဝင်လာကြသော စစ်သည်များသည်လည်း အားလှိုင်း လုံးကြီးကြောင့် လွင့်ထွက် သွားကြသည်။ ရထားလုံး သုံးခုသည်လည်း လဲကျသွားခဲ့ပြီး လက်ဖွဲ့ ပစ္စည်းများပါသော အနက်ရောင် သတ္ထုသေတ္တာများမှာ လွင့်စဉ်၍ ပြန့်ကျဲနေခဲ့သည်။
"ကောင်းကင် နတ်ဆိုးပိုးချည် "
ပေါက်ကွဲချိန်တစ်ခဏတွင် ကျန်းရီသည် ကောင်းကင် နတ်ဆိုးပိုးချည်ကို ထုတ်၍ သူ့ကိုယ်သူ စည်းထုပ် ထားလိုက်သည်။ အရာအားလုံးကိုပင် လွင့်ထွက် သွားစေနိုင်သည့် အားလှိုင်းကြီးသည် သူ့ကိုယ်ကိုလည်း လွင့်စဉ် သွားစေခဲ့သည်။ ကျန်းရီ၏ နောက်မှ စစ်သည်များသည်လည်း လွင့်ထွက် သွားကြပြီး ခပ်လှမ်းလှမ်းမှ စစ်သည်များကမူ လဲကျသွားကြကာ ထရပ်ရန်ပင် အနိုင်နိုင် ဖြစ်နေတော့သည်။
သူ ရတနာ သေတ္တာများထံ ရောက်တော့မည့် ဆဲဆဲတွင်မှာ လွင့်ထွက် သွားရခြင်းသည် ကျန်းရီကို ဒေါသတကြီး ဖြစ်သွားစေသည်။
သူသည် သူ့အင်အားကို ဖုံးကွယ် မနေတော့ပေ။ သူ့လက်ထဲမှ ကောင်းကင် နတ်ဆိုးပိုးချည် ပျောက်ကွယ် သွားခဲ့ပြီး မီးဝိညာဉ်ပုလဲထဲမှ ကမ္ဘာ့မီးလျှံများ ထွက်ပေါ်လာကာ သူ့အနီးရှိလူများအား ပြာအဖြစ် ပြောင်းလဲ ပစ်လိုက်သည်။
သူ အတွင်းအား ပေါက်ကွဲ လက်ဝါးကို သုံး၍ ကမ္ဘာ့မီးလျှံများကို တွန်းထုတ်လိုက်ကာ သူ့နောက်မှ လူများစွာကို ဝါးမျိုစေလိုက်သည်။ သူသည် တစ်နေရာထဲတွင် မနေဘဲ ကမ္ဘာ့မီးလျှံများ ထုတ်ရင်းဖြင့် ရတနာ သေတ္တာနှစ်ဆယ်ကျော်ထံ အားကုန် ပြေးသွားခဲ့သည်။
သေတ္တာများထဲမှ ရတနာများသည် စုလောရွှယ်ကို လက်ထပ်ရန်အတွက် တင်တောင်းသော လက်ဖွဲ့ပစ္စည်းများ ဖြစ်ကြသည်။ ထို့ကြောင့် စိတ်ဝိညာဉ် အားဖြည့်ဆေးပင်သည် သေတ္တာများထဲတွင် ပါနိုင်ချေ ရှိလေသည်။ ကျန်းရီသည် ဖီးနစ်ငှက်၏ ဘက်တွင် မည်သို့ အခြေအနေ ရှိသည်ကို မသိပေ။ သို့သော် ဒဏ်ရာရနေသော ဖီးနစ်ငှက် တစ်ကောင်သည် အချိန်အကြာကြီး မတောင့်ခံ နိုင်လောက်ပေ။ မကြာခင်တွင် အိမ်ရှေ့စံတို့ဘက်မှ စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အမြင့်ဆုံးအဆင့် ရောက်လာလိမ့်မည်။ စိတ်ဝိညာဉ်အားဖြည့်ဆေးပင်ကို သူမြန်မြန် မယူနိုင်လျှင် ထွက်သွားရန် အခွင့်အရေး မရှိတော့သည်လည်း ဖြစ်သွားနိုင်သည်။
"အား.."
ကျန်းရီ၏ နောက်ထပ် အတွင်းအား ပေါက်ကွဲလက်ဝါး ထွက်ပေါ်လာပြီး ကမ္ဘာ့မီးလျှံများသည် အဘက်ဘက်သို့ ပြန့်ကျဲ သွားခဲ့သည်။ ရှန်ဝူနိုင်ငံ၏ စစ်သည်များ များစွာ သေကြေ ကြလေသည်။
ရှန်ဝူစစ်တပ်သည် ရှန်ဝူနိုင်ငံတွင် အတော်ဆုံးသော စစ်သည်များ ဖြစ်ကြသည်။ သူတို့ထဲတွင် အားအနည်းဆုံးမှာ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အမြင့်ဆုံးအဆင့် ဖြစ်ပြီး ခေါင်းဆောင်များမှာ ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံးအဆင့်များ ဖြစ်ကြလေသည်။
သူတို့ ခရမ်းရောင်နန်းတော်ရှင် အမြင့်ဆုံးအဆင့် ဆိုတော့ရော ဘာဖြစ်လဲ၊ ကမ္ဘာ့မီးလျှံတွေကို ခံနိုင်တာမို့လား...
ထို့ပြင် ဝိညာဉ်ပျက်သုဉ်း တောင်ကြားမှ လမ်းလေးသည် အလွန်ကျဉ်းမြောင်းရာ နေရာတိုင်းမှ လူများသည် ကမ္ဘာ့မီးလျှံများကို ရင်ဆိုင် နေကြရလေသည်။ ကမ္ဘာ့မီးလျှံများသည် သူတို့ တစ်ကိုယ်လုံးအား ဝါးမျိုသွားလျှင် ချက်ချင်း သေဆုံးသွားမည် ဖြစ်သောကြောင့် တော်သေးသည်။ ကမ္ဘာ့မီးလျှံများသည် မီးပွားလေးများ ဖြစ်သွားကာ သူတို့ ကိုယ်ပေါ် ကျသွားခဲ့လျှင် သေသည်ထက် ဆိုးသေးတော့၏။ သူတို့ကိုယ်ပေါ်တွင် မီးကျွမ်းရာ အပေါက်လေးများ ဖြစ်လာပြီး ကမ္ဘာ့မီးလျှံများ၏ တတိတိ လှိုက်စားခြင်း ခံရလေသည်။ ဦးခေါင်းကို မီးလျှံများ တိုက်ရိုက်ထိမှန်သူ အချို့ကမူ ချက်ချင်း သေဆုံးသွားကြသည်။ လက်မောင်းပေါ်သို့သာ မီးလျှံများ ကျလာခြင်း ခံရသူများကမူ သူတို့လက်မောင်းများ ပျောက်ကွယ် သွားသည်ကို ကြည့်နေရလေသည်။ အောက်ပိုင်းရှိ ငယ်ပါနေရာသာ ကွက်၍ မီးလောင်သွားခြင်း ခံရသူများလည်း ရှိသေးသည်။
သွေးလွှမ်းသော အလောင်းများ၊ ပေါက်ကွဲသံများ၊ ချောက်ချားဖွယ် အော်သံများနှင့် တုန်ခါနေသည့် မြေပြင်.....
ထိုအသံများဖြင့် ဝိညာဉ်ပျက်သုဉ်း တောင်ကြားသည် သက်ရှိငရဲအဖြစ် ပြောင်းလဲ သွားခဲ့သည်။ မြင်ကွင်းသည် မကြည့်ရဲစရာပင် ဖြစ်နေခဲ့ချေပြီ။
"ငါ့လမ်းကို လာပိတ်တဲ့ သူမှန်သမျှ သေရမယ်"
ကျန်းရီ၏ တစ်ကိုယ်လုံးအား ခြောက်မီတာခန့် ကျယ်ဝန်းသော ကမ္ဘာ့မီးလျှံတို့က လွှမ်းခြုံ၍ သူ့အား မီးနတ်ဘုရား တစ်ပါးအလား ထင်မှတ်ရစေသည်။ သူသည် ကြောက်စရာ မီးတောက်များကို သယ်ဆောင်၍ ရတနာ သေတ္တာများဆီ တိုးသွားခဲ့သည်။ သွေးနီရောင် မျက်လုံးအစုံနှင့် ကျန်းရီသည် နှစ်တစ်သောင်းကြာ အေးခဲနေသည့် လေသံနှင့် တောင်ကြားတစ်ခုလုံး ကြားရအောင် အော်ဟစ်လိုက်သည်။
"ငါ့လမ်းကို လာပိတ်တဲ့ သူမှန်သမျှ သေရမယ်"
"အမ်"
တစ်ဖက်ခြမ်းမှ အသံသည် ရှားဝူဟွေ့နှင့် သူ့လူစုကို အံ့အားသင့် သွားစေသည်။ သူတို့သည် တောင်ကြား အထက် မီတာရာပေါင်းများစွာ ဝေးသော အမြင့် တစ်နေရာတွင် ရပ်နေကြခြင်း ဖြစ်သည်။ ဝေးကွာလွန်းသော်လည်း ပေါက်ကွဲသံ ကျယ်ကြီးကို ကြားရပြီး မီးတောက်များ တောက်လောင် နေသည့် ကျန်းရီ၏ ပုံရိပ်ဖျော့ဖျော့ကို မြင်နိုင် နေလေသည်။
ကျန်းရီ ထွက်ပေါ်လာသည့် ခဏတွင် အားလုံးသည် ရှားဝူဟွေ့ကို လူတစ်စု လာရောက် လုပ်ကြံသည်ဟု ထင်လိုက်ကြသည်။ ဖီးနစ်ငှက်ကို စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များက သတ်လိုက်ပြီးနောက် အနီးအနားတွင် နတ်ဆိုးသားရဲများနှင့် လူများ အရိပ်တစ်စတောင် မတွေ့ရသောကြောင့် သူတို့ စိတ်အေး သွားခဲ့သည်။
"ဝူး.."
စည်းချက်ညီလှသော ဦးချိုမှုတ်သံများ ပေါ်ထွက်လာသောကြောင့် ရှားဝူဟွေ့ဘေးရှိ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အမြင့်ဆုံး အဆင့် တစ်ယောက်သည် မျက်နှာ ပျက်သွားခဲ့သည်။ သူသည် တစ်ခဏ တွန့်ဆုတ်နေပြီး ပွင့်ပွင့်လင်းလင်း လျှောက်တင်လိုက်သည်။
"အရှင့်သား... အဲဘက်က သတင်းက တစ်ယောက်ယောက် စစ်တပ်ကို အလစ် ဝင်တိုက်တယ်လို့ ဆိုပါတယ်၊ သူက မီးနဂါးဓားကို ကိုင်ထားပြီး ကြောက်စရာ မီးတောက်တွေနဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါကိုလည်း ပိုင်ဆိုင်ထားပါတယ်... အဲဒါ သူတို့တွေက နဂါးစစ်သူကြီး... ကျန်းရီလို့ သံသယ ဝင်နေကြပါတယ်"
"ကျန်းရီ ... "
ရှားဝူဟွေ့သည် တစ်ခဏ မှင်တက် သွားပြီး သူ့ကိုယ်မှ လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့သည်။ သူချက်ချင်း အော်ဟစ် လိုက်သည်။
"စစ်သူကြီး ထိုက်ရှစ်...စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ပဉ္စမအဆင့် အယောက် နှစ်ဆယ်ကို ခေါ်သွား... အဲဒီအပြစ်သားကို ငါ့အတွက် သတ်ပေး"
*****