မျက်နှာကို ဖြတ်ရိုက်ခြင်း
Vol. 1 Ch. 236
စစ်သူကြီး ထိုက်ရှစ်သည် ဂိုဏ်းကြီးခုနှစ်ခုတွင် ပါဝင်သော ထိုက်ရှစ်ဂိုဏ်းမှ ဖြစ်သည်။ သူ၏ နာမည် အပြည့်အစုံသည် ထိုက်ရှစ်ကျန်းဖြစ်ပြီး ရှန်ဝူစစ်တပ်၏ အတော်ဆုံး စစ်သူကြီး ဆယ်ဦးထဲမှ တစ်ဦး ဖြစ်လေသည်။ သူသည် ဤစစ်တပ်ကို တာဝန်ယူပေးရသည့် ခေါင်းဆောင် စစ်သူကြီး ဖြစ်ပြီး စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အမြင့်ဆုံးအဆင့် ဖြစ်လေသည်။
သူ ဤနေရာသို့ ရောက်ရန် ထိုက်ရှစ်ဂိုဏ်းသည် အများကြီး ထောက်ပံ့ခဲ့၏။ ထို့ကြောင့် သူကိုယ်တိုင်လည်း ဤနေရာရောက်ရန် အရည်အချင်း ပြည့်မှီသည်။ သို့သော် ပို၍ အရေးကြီးသည်မှာ သူ၏ ဉာဏ်ရည် ဖြစ်လေသည်။ ဤတစ်ကြိမ်တွင် သူ၏ တာဝန်မှာ ရှားဝူဟွေ့ကို ကာကွယ်ပေးရန် ဖြစ်ပြီး သူကိုယ်တိုင်က ကျန်းရီကို ကာကွယ် ပေးချင်သည်။ သူစွမ်းအားကြီးသည် ဆိုလျှင်တောင် စစ်သည် နှစ်သောင်းထက် သာလွန် နိုင်ပါမည်လော။ ကျန်းရီသည် အလွန် အားကောင်း လောက်သော်လည်း စစ်သည်တော်များ ရေတွက်မရအောင် ရှိနေသည်။ သူ့လို ခေါင်းဆောင် စစ်သူကြီး ကိုယ်တိုင် လှုပ်ရှားရန် လိုပါ၏လော။
ထို့ပြင် နောက်ထပ် အရေးကြီးသည့် အချက်မှာ ကျန်းရီ၏ အဆင့်အတန်း ဖြစ်လေသည်။
မည်သူက ကျန်းပိုင်လီ၏ သားကို သွားရောက် သတ်ရဲပါမည်နည်း။
ကျန်းပိုင်လီသည် ရှန်ဝူနိုင်ငံ၏ နံပါတ်တစ် စစ်သည်တော်၊ နိုင်ငံကို ကာကွယ်သူ၊ ရှားထင်ဝေ့ အယုံကြည်ရဆုံးသူ ဖြစ်လေသည်။ ကျန်းရမ်ထူသည် ကောင်းကင် အစောင့် စစ်သည် တစ်သောင်းကို ဦးဆောင်၍ နဂါးတစ်သောင်း တောင်ကြားကို လိုက်သွားခဲ့ခြင်း၊ တော်ဝင် မြို့တော်တွင် ကျန်းပိုင်လီကိုယ်တိုင် ကျန်းရီကို သွားတွေ့ခဲ့ခြင်း စသော အချက်များကို ကြည့်လျှင် ကျန်းရီအပေါ် ကျန်းပိုင်လီ၏ သဘောထားကို သိနိုင်လေသည်။ ကျန်းရီကို သွားရောက် သတ်ဖြတ်မည် ဆိုပါက ထိုက်ရှစ်ကျန်း အသက်ရှည်ရှည် မနေချင်တော့၍သာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် သူသည် တွန့်ဆုတ်နေဟန်နှင့် တိုက်ရိုက် ပြောလိုက်သည်။
"အရှင့်သား...အရှင့်သားရဲ့ လုံခြုံရေးက အရေးအကြီးဆုံးပါပဲ၊ လက်ရှိ အခြေအနေတွေက ရှုပ်ထွေး လွန်းနေပါတယ်...ဒီစစ်သူကြီး အရှင့်သား အနားကနေ မခွာရဲပါဘူး၊ အရှင့်သားသာ တစ်ခုခု ဖြစ်သွားခဲ့ရင် ဒီစစ်သူကြီးမှာ ခေါင်းဆယ်လုံး ပါမယ်ဆိုရင်တောင် ဖြတ်ပေးလို့ လောက်မှာ မဟုတ်ပါဘူး"
ထိုက်ရှစ်ကျန်းတောင် သွားမတိုက်ခိုက်ရဲလျှင် ကျန်လူများဆို ထားသာထားပါလေ၊ လူတိုင်းသည် ထုတ်ပြော လာကြသည်။
"အရှင့်သား... ကျန်းရီက တစ်ယောက်တည်းနဲ့ စစ်တပ်တစ်တပ်ကို ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ၊ အရှင့်သား စိတ်အေးအေးထားပါ... မကြာခင်မှာ အနိုင်ရရှိကြောင်း သတင်း ရောက်လာ ပါလိမ့်မယ်"
"အသုံးကို မကျဘူး"
ရှားဝူဟွေ့သည် ဒေါသထွက်လွန်း၍ ရှူးရှူးရှဲရှဲ ဖြစ်နေခဲ့သည်။ ထိုလူများ ဘာကို စိုးရိမ်နေကြမှန်း သူနားလည် ပေသည်။ ကျန်းရီ နိုင်ငံအဆင့် ပြိုင်ပွဲတွင် ပထမရခဲ့လျှင် သူ့တွင် ပုံမှန်လူများ မခုခံ နိုင်လောက်သည့် ဝှက်ဖဲများ ရှိနေမည်ကို သူသိလေသည်။
ရှားဝူဟွေ့သည် အကြံတစ်ခု ရလာ၍ သူ့ဘေးမှ မိန်းမဆိုးအိုကြီးကို ကြည့်ကာ တောင်းဆို လိုက်သည်။
"ကုန်းကုန်းဝေ့...ဒီမင်းသားအတွက် အပြစ်သားရဲ့ ခေါင်းကို သွားဖြတ်ပေးပါ၊ သူက ဘယ်လိုတောင် ရဲတင်းပြီး စစ်တပ်ကို အလစ် ဝင်တိုက်ရဲရတာလဲ... အဲ့ကောင်ကို ခွင့်လွှတ်ပေးလို့ မရဘူး"
မိန်းမဆိုး အိုကြီးဝေ့သည် ရှားဝူဟွေ့၏ လျှို့ဝှက်သက်တော်စောင့် ဖြစ်လေသည်။ သူသည် နှစ်ခါပြန်ပင် မစဉ်းစားဘဲ အရိုအသေပေး၍ ရိုးကျိုးစွာ ပြောလိုက်သည်။
"အရှင့်သား...မင်းကြီးက ကျွန်တော်မျိုးကို အရှင့်သားရဲ့ ဘေးကနေ ခြေဆယ်လှမ်းထက် ပိုမခွာရဘူး အမိန့်တော် ချမှတ်ထားပါတယ်၊ မင်းကြီးရဲ့ ခွင့်ပြုမိန့်မရဘဲ ဒီအစေခံ အရှင့်သား ဘေးကနေ မခွာရဲပါဘူး"
"အသုံးမကျဘူး... မင်းတို့အားလုံး အသုံးကို မကျဘူး "
ရှားဝူဟွေ့သည် ရူးမတတ် ဒေါသ ထွက်နေသော်လည်း ရွေးစရာမရှိရကား ထိုက်ရှစ်ကျန်းကို ကျန်းရီအား ဝန်းရံရန် လူများ စေလွှတ် ခိုင်းလိုက်သည်။ ဤတစ်ခေါက်တွင် ထိုက်ရှစ်ကျန်းသည် သူ့အမိန့်ကို မဆန့်ကျင်ခဲ့ပေ။ သူ ကျန်းရီကို ကိုယ်တိုင် မသတ်ရသရွေ့ အဆင်ပြေသည်။ ကျန်းပိုင်လီ ဤကိစ္စကို စုံစမ်းမည် ဆိုလျှင်တောင် အိမ်ရှေ့စံကိုသာ သွားပြဿနာ ရှာရလိမ့်မည်။ သူ့ကို ဘာမှလုပ်မည် မဟုတ်ပေ။ သူသည် ချက်ချင်း အော်ဟစ်ကာ အမိန့်ပေးလိုက်သည်။
"ငါအမိန့်ပေးတယ်...ရန်သူကို အားကုန် တိုက်ခိုက်ပြီး သတ်ဖြတ်ကြ"
***
ထိုက်ရှစ်ကျန်း အမိန့်ပေးသည်နှင့် အစက ကျန်းရီကို ကြောက်ရွံ့ နေကြသော စစ်သည် အားလုံးတို့သည် အသက်ကို ပဓာနမထားဘဲ ကျန်းရီအား မီးကုန်ယမ်းကုန် တိုက်ခိုက်ကြတော့သည်။
"သေကြ...ငါ့လမ်းကို ပိတ်တဲ့သူတွေ သေရမယ်"
ကျန်းရီသည် ကမ္ဘာ့မီးလျှံများ ကုန်သွားမည်ကို လုံးဝမစိုးရိမ်ဘဲ မီးတောက်များကို ပို၍ ပြင်းထန်စေကာ သူ့ကိုယ်ပတ်လည်တွင် မီးကွင်းကြီး ဖန်တီး ထားလိုက်သည်။ အားနှင့်မာန်နှင့် ပြေးဝင်လာကြသော စစ်သားများသည် ချပ်ဝတ်များ၊ အဝတ်အစားများ မီးစွဲကုန်ကြကာ ပြာအဖြစ် ပြောင်းလဲ သွားကြသည်။ သူတို့သည် မီးတောက်များ အနီးတောင် မရောက်လိုက်ကြပေ။ သို့သော်လည်း စစ်သည်များသည် ကျန်းရီထံ မရပ်မနား တိုးဝင်လာကြပြီး ရှန်ဝူနိုင်ငံ၏ စစ်တပ် အုပ်ချုပ်သည့် အစွမ်းအစကို သရုပ်ဖော်ပြလျက် ရှိသည်။
အချိန်တိုအတွင်း ကျန်းရီသည် စစ်သည် နှစ်ထောင်ကျော်ကို မီးရှို့ခဲ့သည်။ သူသည် ရတနာ သေတ္တာများနှင့် မီတာ အနည်းငယ်သာ ဝေးတော့သည်။
"ဝှစ်..ဝှစ် "
စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များ ပြေးလာကြပြီး အတွင်းအားများဖြင့် ပစ်လာ ကြသည်။ ကျန်းရီ၏ ကိုယ်အား မီးကွင်းကြီးက ဝန်းရံထားရာ အတွင်းအား တိုက်ခိုက်မှုများသည် ကမ္ဘာ့မီးလျှံများကို လွင့်သွားစေ၍ စစ်သည်များကို ပိုမိုသေကြေ စေလေသည်။ ကျန်းရီ၏ ကမ္ဘာ့ မီးလျှံများသည် စီးဆင်းနေသည့် ရေများ အလား ဖြစ်နေတော့သည်။
"သေစမ်း"
ကျန်းရီသည် ရှေ့သို့ အလောတကြီး ပြေးသွားလိုက်သည်။ အတွင်းအား တိုက်ခိုက်မှုများ ပြုလုပ်နေသော စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် ခုနှစ်ယောက်၊ ရှစ်ယောက်ခန့်ကို သူ မြင်သောအခါ မီးနဂါးဓား တောက်ပသွားခဲ့ပြီး မီးနဂါး နှစ်ကောင်သည် မီးကွင်းကြီးကို ဖြတ်၍ ကမ္ဘာ့မီးလျှံများကိုပါ တစ်ခါတည်း ယူဆောင်သွားကာ ရှေ့ရှိ လူများထံ တိုးဝင်သွားခဲ့သည်။
"အား..."
မီးနဂါးများနှင့် ကမ္ဘာ့မီးလျှံများသည် ရှေ့ရှိလူအုပ်ကို ဖြတ်သန်း သွားသောကြောင့် ချောက်ချားဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် ရှစ်ယောက်မှ ငါးယောက်သည် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကျန်လူများသည် အချိန်မီ ရှောင်တိမ်း လိုက်နိုင်၍ ဒဏ်ရာ မရလိုက်ကြပေ။
"ငါတို့ သူ့ကို မထိန်းနိုင်တော့ဘူး"
နောက်ဆုတ်လိုက်ကြသော စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ညည်းတွား လိုက်ကြသည်။ ကျန်းရီ၏ ကမ္ဘာ့မီးလျှံများ မကုန်သရွေ့ သူ ပြိုင်ဘက်ကင်း ဖြစ်နေဦးမည်သာ။ သူ့ထံပြေးသွားကြသော လူတိုင်းသည် တိုက်ခိုက်ချိန်ပင် မရလိုက်ဘဲ သေဆုံး သွားကြလေသည်။
စစ်တပ်၏ အမိန့်သည် နာခံရလေသည်။ သို့သော် မည်သူမှ ပြိုင်ဘက်ကင်း ရန်သူ တစ်ယောက်ကို ရင်ဆိုင်၍ မသေချင်ကြပေ။ သေရမည်ကို ကြောက်ရွံ့ လာမှုကြောင့် သူတို့ထဲမှ အများစုသည် ရှေ့ဆက် မတက်ကြတော့ပေ။
"ဝှစ်"
ကျန်းရီသည် မီးတောက်များနှင့်အတူ ရှေ့ဆက် တက်လိုက်လျှင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များ နောက်ဆုတ် သွားကြသည်။ သူတို့ နောက်ဆုတ်လျှင် ကျန်စစ်သည်များလည်း လိုက်နောက်ဆုတ် ကြလေသည်။ သူတို့ အားလုံးသည် ကျန်းရီအား ငရဲမှ ထွက်လာသော နတ်ဆိုး တစ်ကောင်ပမာ ကြည့်နေကြလေသည်။
"ရတနာသေတ္တာတွေ"
ကျန်းရီသည် ရတနာသေတ္တာများ အနီး အောင်အောင်မြင်မြင် ရောက်ရှိ သွားခဲ့သည်။ သူသည် အလျင်အမြန် မီးဝိညာဉ် ပုလဲကို ထုတ်၍ ကမ္ဘာ့မီးလျှံများအား စုပ်ယူစေလိုက်သည်။ ထို့နောက် ကျန်းရီသည် ရှေ့ဆက်ပြေးသွား၍ ရတနာ သေတ္တာများကို မီးဝိညာဉ် ပုလဲအတွင်း သိမ်းဆည်း လိုက်လေသည်။
ကျန်းရီသေတ္တာ ဆယ်ခုကျော်ကို သိမ်းဆည်း ပြီးသည့်အခါ သူ့ရှေ့မှ လူများသည် သတိ ဝင်လာကြသည်။ သူတို့သည် ကျန်းရီ၏ ကိုယ်ပေါ်တွင် မည်သည့် မီးတောက်မှ မရှိတော့သည်ကို တွေ့သောအခါ ကျန်းရီထံ ချက်ချင်း ပြေးဝင်သွားကြသည်။ သို့သော် ကျန်းရီ၏ ဘေးပတ်လည်တွင် လက်ဖွဲ့ ပစ္စည်းများ ရှိနေလေရာ မည်သူကမှ အတွင်းအား တိုက်ခိုက်မှု မလုပ်ရဲကြဘဲ ကျန်းရီအနီး ရောက်ရန်သာ ကြိုးစားကြရ၏။
"ဟက်...သတ်ဖြတ်ခြင်း အရှိန်အဝါ"
ကျန်းရီ၏ ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါများ ထပ်ထွက် လာခဲ့ပြီး လူတိုင်းအား ဖိနှိပ် လိုက်လေသည်။ မီးနဂါးဓားသည်လည်း တောက်ပလာပြီး ဖိအားတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် အပျက်အစီးများကို ရှောင်၍ ကျန်သေတ္တာများထံ ဆက်သွား နေခဲ့သည်။ မီးဝိညာဉ် ပုလဲသည် နောက်တစ်ကြိမ် တောက်ပသွားပြီး ရတနာ သေတ္တာများ အားလုံးကို သိမ်းဆည်း လိုက်လေသည်။
"ကမ္ဘာ့မီးလျှံ"
နောက်ဆုံးသေတ္တာအား အလုခံလိုက်ရသည့် အခါ ကျန်းရီ၏ မျက်နှာချင်းဆိုင်ရှိ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များသည် အံကြိတ်၍ သူ့ထံပြေးလာခဲ့သည်။ သို့သော် သူတို့အား အဆုံးအစမဲ့သော မီးတောက်များက ဆီးကြိုလိုက်သည် ကိုသာ ခံစားလိုက်ကြရလေသည်။
ကျန်းရီသည် အတွင်းအား ပေါက်ကွဲလက်ဝါးကို သုံး၍ ကမ္ဘာ့မီးလျှံများကို ဘေးပတ်လည်သို့ တွန်းထုတ်ကာ စစ်သည် များစွာအား လောင်ကျွမ်းစေလိုက်သည်။ ထို့နောက် သူသည် ရှားဝူဟွေ့တို့ ရှိရာဘက်သို့ ကြည့်ကာ သံသယနှင့် ရေရွတ် လိုက်သည်။
"အမ်....ဒီလောက်တောင် ကြာနေပြီ၊ စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အမြင့်ဆုံး အဆင့် ရောက်မလာ သေးဘူးလား"
စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံး အဆင့်များသာ မဟုတ် ပဉ္စမ အဆင့်များလည်း ရောက်မလာပေ။ မဟုတ်ပါက ရတနာ သေတ္တာများကို ကျန်းရီ လွယ်လွယ် လုနိုင်မည် မဟုတ်ပေ။
"သွားမယ်"
လက်ထဲတွင် ပစ္စည်းများ ရောက်နေပြီ ဖြစ်သောကြောင့် တခြား အကြောင်းအရာများကို ကျန်းရီ စိတ်မပူတော့ပေ။ သူသည် ရှေ့နှင့်နောက်မှ မီးလောင် နေကြသူများကို ကြည့်ကာ ထွက်လာခဲ့သည်။ သူသည် မီးနဂါးဓားကို မြေပေါ်တွင် အားပြင်းပြင်းနှင့် ထိုးစိုက်ချကာ မြေအောက်သို့ ဝင်ရောက် သွားခဲ့သည်။
မြေအောက်တွင် ဥမင်ပေါင်းများစွာ ရှိလို့နေပြီး ကျန်းရီအား နာရီပေါင်းများစွာ အလုပ်ရှုပ် ခံထားရသည့် အသီးအပွင့်တို့ကို ခံစားရစေသည်။ သူသည် အလျင်အမြန် ဥမင်တစ်ခုထံ ဝင်သွားလိုက်သည်။ ထို့နောက် မီးဝိညာဉ်ပုလဲမှ အလင်းတစ်ချက် လက်သွားပြီး ဝိညာဉ်သားရဲ အဆောင်တစ်ခု ထွက်လာခဲ့သည်။ ကျန်းရီ အော်ဟစ်လိုက်သည်။
"ဟွမ်ကြီး"
"ဘွတ်အဲ...ဘွတ်အဲ"
ကျယ်ဝန်းသော လှိုဏ်ဂူကြီးထဲတွင် သားရဲကြီး တစ်ကောင် ထွက်ပေါ်လာခဲ့ပြီး သားရဲကြီး၏ ကျောထက် ကျန်းရီ ခုန်တက်လိုက်သည်။ အဝါရောင် ခွာကြီးလေးခုသည် ပုံရိပ်များအလား ဖြစ်သွားကာ ဥမင်တစ်ခုထဲ ဝင်ရောက် သွားခဲ့သည်။ ဟွမ်ကြီး၏ အမြန်နှုန်းနှင့် ဆိုလျှင် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အမြင့်ဆုံး အဆင့်သာ သူတို့ကို လိုက်မီပေလိမ့်မည်။
ကြင်ယာတော် အစောင့်အကြပ် စစ်တပ်တွင် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အမြင့်ဆုံး အဆင့်မှာ ထိုက်ရှစ်ကျန်းနှင့် မိန်းမစိုးအိုကြီး ဝေ့တို့ နှစ်ယောက်သာ ရှိလေသည်။ သူတို့ ကျန်းရီနောက် လိုက်လံ သတ်ဖြတ်ကြမည်။
လုံးဝ မလိုက်ပါချေ။
စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ပဉ္စမအဆင့်မှ လက်ထောက် စစ်သူကြီးများလည်း မလှုပ်ရှားရဲပါချေ။ ထို့ကြောင့် ကျန်းရီသည် စစ်သည်တို့၏ ပြာများ ပြည့်နေသည့် အနိဋ္ဌာရုံ တိုက်ပွဲ ကွင်းပြင်ကို ချန်ရစ်ခဲ့၍ အလွယ်တကူ လွတ်မြောက် သွားခဲ့သည်။
"ဘာ... ကျန်းရီ လွတ်သွားတယ်ဟုတ်လား၊ စစ်သည် သုံးထောင်ကျော်ကို သတ်သွားသေးတယ်... စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် ဗိုလ်ချုပ် နှစ်ယောက် မကတာလည်း အကုန် သေသွားတယ်၊ ရတနာ သေတ္တာတွေ အားလုံးကိုလည်း ကျန်းရီ မ သွားသေးတယ်... ဘယ်နေရမှာမှ အသုံးမကျတဲ့ဟာတွေ....အမှိုက်တွေ၊ ငါမင်းတို့ကို ဘာအတွက် လိုတော့မှာလဲ"
သတင်းရသည်နှင့် ရှားဝူဟွေ့သည် ဒေါသကို မထိန်းနိုင်တော့ဘဲ ထိုက်ရှစ်ကျန်းနှင့် အခြားလူများကို လက်ညှိုးထိုး၍ ပြစ်တင် ကြိမ်းမောင်း တော့သည်။ စစ်တပ်အတွင်းတွင် ရှန်ဝူနိုင်ငံ၏ အရပ်သားများ၊ ဂိုဏ်းကြီးများမှ လူများ စသဖြင့် လူတန်းစားအစုံ ရှိနေသည်။ ဤဖြစ်ရပ်ကို မည်သို့ ဖုံးကွယ်ရမည်နည်း။
ကျန်းရီသည် ရှန်ဝူနိုင်ငံ တော်ဝင်မိသားစု၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပေ။
လူတစ်ယောက်တည်းသည် စစ်သည် နှစ်သောင်းပါသော စစ်တပ်ကို တိုက်ခိုက်ခဲ့သည်။ စစ်သည် ထောင်ဂဏန်းခန့်ကိူ သူသတ်လိုက်လျှင် ကိစ္စမရှိသော်လည်း သူလုပ်သည်မှာ စုလောရွှယ် အတွက် လက်ဖွဲ့ပစ္စည်းများကို ယူသွားခဲ့ခြင်းလေသည်။ နောက်ဆုံးတွင် ထိုလူသည် အစအနရှာမရအောင် လွတ်မြောက် သွားသေးသည်။ ဤကိစ္စသာ တစ်လောကလုံး သိသွားလျှင် ရှားဝူဟွေ့ သူ့မျက်နှာအား ဘယ်တွင် သွားထားရမည်နည်း။ ရှန်ဝူနိုင်ငံ၏ တော်ဝင် မိသားစုသည် မျက်နှာများ ဘယ်တွင် ထားရမည်နည်း။ လက်ဖွဲ့ပစ္စည်းများ မပါဘဲ သတို့သမီးကို သူတို့မည်သို့ တင်တောင်း ရမည်နည်း။
"သူဘာလို့ လက်ဖွဲ့ ပစ္စည်းတွေကို လုတာလဲ... စုလောရွှယ် အတွက် များလား၊ ငါသတို့သမီး တောင်းရင် အရှက်ရအောင်လား"
ဒေါသများ အနည်ထိုင်သွားပြီးနောက် ရှားဝူဟွေ့၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ပေါ်ထွက်လာခဲ့သည်။ သူ့အေးစက်သည့် မျက်လုံးများ ကျဉ်းမြောင်း သွားခဲ့ပြီး လူယုတ်မာပြုံး ပြုံးလိုက်သည်။ ရှေးဟောင်း နတ်ဘုရား လက်စွပ်တစ်ကွင်းမှ အလင်းရောင်များ တောက်ပလာခဲ့ပြီး သူ့လက်ထဲတွင် ကျောက်စိမ်း သေတ္တာတစ်လုံး ပေါ်ထွက်လာခဲ့သည်။ သူသည် လှောင်ပြုံးပြုံးကာ သရော်လိုက်သည်။
"ငါအခုသိပြီ.... ကျန်းရီ၊ မင်းဒီကို စိတ်ဝိညာဉ်အားဖြည့်ဆေးပင် လုဖို့ ရောက်လာတာမလား.. ဒီမင်းသားက ကြိုတင် ပြင်ဆင်ထားတာ ကံကောင်းသွားတယ် မဟုတ်ရင် မင်းအဲဒါကို ရသွား လောက်ပြီ။ ဟမ့်... မင်းက ဒီစစ်တပ်ကို အလစ် ဝင်တိုက်ရဲတယ်လား၊ ဒီတစ်ခေါက် မင်းကို ကျန်းပိုင်လီတောင် ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး... ငါ့ခမည်းတော်ကို ဒီအကြောင်း လျှောက်တင်ပြီးတဲ့ အထိပဲ စောင့်နေ...စစ်ကူတွေ ရောက်လာတဲ့ နေ့က မင်းသေမယ့်နေ့ပဲ"
*****