ထိတ်လန့်တုန်လှုပ်နေသည့်’လီကျင်းဝမ်’
Vol. 26 Ch. 365
အခန်း (၃၆၅) ထိတ်လန့်တုန်လှုပ်နေသည့်’လီကျင်းဝမ်’
ရန်ကျောက်ကဲစကားကိုကြားတော့ ဖုန်းမော့ယန်က ခေါင်းညိတ်ရင်း...
“ဘာများလဲ ဂိုဏ်းတူအစ်ကို’ရန်’”
ရန်ကျောက်ကဲက ဝါဒတောင်မှ ရင်းမြစ်ပစ္စည်းများကို ကြိုက်သလို အသုံးပြုခွင့်ရှိသလို ဝါဒတောင်တပည့်များကိုလည်း လိုသလို စေခိုင်းခွင့်ရှိသည်။ သူ၏အခွင့်အာဏာက ပထမအဆင့် ထိပ်တန်းအကြီးအကဲတစ်ယောက်ထက် သာလွန်သည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် သူအမိန့်ပေးစေခိုင်းလျှင် ‘ဖုန်း’ သားအဖ ငြင်းဆန်နိုင်မည် မဟုတ်ပေ။
သို့သော် သူတို့နှစ်ယောက်လုံးက ‘ရန်’ အိမ်တော်နှင့် ကာလာရှည်ကြာမိတ်ဆွေများဖြစ်ကြသဖြင့် ရန်ကျောက်ကဲက အာဏာပါဝါ မပြလိုပါပေ။
သူက...
“ဦးလေး’ဖုန်း’ ဆေးလုံးဖော်စပ်ပြီးသွားရင် မင်းတို့တွေ တောင်ပေါ်ပြန်ကြမှာလား”
ဖုန်းမော့ယန်က...
“ဟုတ်တယ် ၊ တောင်ပေါ်မပြန်တာကြာပြီလေ ၊ ပြီးတော့ ဒီအတောအတွင်း ရလာတဲ့အကျိုးအမြတ်တွေက အရမ်းများတော့ အဲဒါတွေကို ခွဲခြမ်းစိတ်ဖြာစီစစ်ဖို့လည်း အချိန်ယူရဦးမယ်”
ရန်ကျောက်ကဲက အားဟူကိုလှည့်ကြည့်လိုက်တော့ အားဟူက အလိုက်တသိပင် အရိပ်ကျုံ့အိတ်ကို ရန်ကျောက်ကဲထံ လှမ်းပေးသည်။
ရန်ကျောက်ကဲက အရိပ်ကျုံ့အိတ်ကို ဖုန်းမော့ယန်ထံ ကမ်းပေးရင်း...
“မင်း တောင်ပေါ်ပြန်ရင် ဒီအရိပ်ကျုံ့အိတ်ကို ယူသွားပေးပါ”
သူက ဆက်ပြောသည်။
“အထဲမှာ ငါဖမ်းထားတဲ့ လူတစ်ယောက်ရှိတယ် ၊ ငါက သူ့ရဲ့ ကျင့်ကြံခြင်းတွေကို ထိန်းချုပ်ထားလို့ အန္တရယ်မရှိနိုင်ဘူး ၊ ဒီတိုင်း ယူသွားလို့ရတယ်”
ဖုန်းမော့ယန်က အိတ်ကိုယူကာ စစ်ဆေးကြည့်လိုက်သည်။ အိတ်တစ်ခုလုံးကို အထူးကန့်သတ်ချက်ဖြင့် အလုံပိတ်ထားကြောင်း တွေ့ရသည်။
အရိပ်ကျုံ့အိတ်ကို ခွင့်ပြုချက်မရဘဲ ဖွင့်မိလျှင် နောက်တစ်ကြိမ် ပြန်ပိတ်နိုင်မည် မဟုတ်တော့ပေ။
ရန်ကျောက်ကဲက ဖုန်းမော့ယန်အမူအရာကို သတိပြုမိလိုက်သည်နှင့်...
“ဒါကို ငါ့အဖေဆီ တန်းပြီးယူသွားပေးပါ”
ထိုစကားကိုကြားသည်နှင့် ဤကိစ္စက အရေးကြီးလျှို့ဝှက်ကိစ္စဖြစ်ကြောင်း ချက်ချင်းသဘောပေါက်သွားသည်။ သူတို့သားအဖမပြောနှင့် ပထမအဆင့်ထိပ်တန်းအကြီးအကဲများသည်ပင် သိခွင့်ရကြမည် မဟုတ်ပေ။
ဤကိစ္စကို မည်သည့်အဆင့်ထိ လျှို့ဝှက်ထားမည်လဲဆိုသည်ကတော့ ဂိုဏ်းချုပ်ဖြစ်သည့် ‘ရန်တိ’ က ဆုံးဖြတ်မည် ဖြစ်သည်။
ဖုန်းမော့ယန်က တည်ငြိမ်စွာဖြင့်ပင်...
“စိတ်ချပါ ၊ ဘာလုပ်ရမယ်ဆိုတာ ငါ သိပါတယ်”
ရန်ကျောက်ကဲက စစ်ခုန်ချင်းကို ညွှန်ပြရင်း...
“မော့ယန် ၊ မင်း ဒီဂိုဏ်းတူညီမလေးကို မှတ်မိသေးလား”
ဖုန်းမော့ယန်က ရယ်မောရင်း...
“ဂိုဏ်းတူညီမလေး’စစ်ခုန်ချင်း’ မဟုတ်လား ၊ မမှတ်မိဘဲ နေစရာလား ၊ ဒါနဲ့ ဂိုဏ်းတူညီမလေး ကျင့်ကြံခြင်းအဆင့်တက်တာ အံ့အမခန်းလျှင်မြန်တယ်လို့ သတင်းတွေကြားထားတာလေ ၊ အခု လူကိုယ်တိုင်တွေ့ရတော့ စကားလုံးနဲ့တောင် ဘယ်လိုချီးကျူးရမှန်း မသိတော့ဘူး ၊ ဂိုဏ်းတူညီမလေး’စစ်ခုန်’ က ကြားထားတဲ့သတင်းတွေထက်တောင် ပိုပြီးတော်နေတာပဲ ၊ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်လျှင်မြန်မှုက ငါ့ကို အရှက်ရစေတာပဲ”
စစ်ခုန်ချင်းက...
“ဂိုဏ်းတူအစ်ကို’ဖုန်း’က ယဉ်ကျေးလွန်းနေပြီ”
ဖုန်းမော့ယန်က ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း ခေါင်းတစ်ချက်ခါယမ်းသည်။
“တကယ်တော့ မင်းတို့နှစ်ယောက်လုံး အတူတူပါပဲ”
ရန်ကျောက်ကဲက ဖုန်းမော့ယန်ကို လက်ညှိုးထိုးပြရင်း စစ်ခုန်ချင်းကို စကားဆိုသည်။
“သူ လှည့်စားတာမခံနဲ့ ၊ သူက သိုင်းတာအိုတစ်ခုတည်းမှာ တော်တာမဟုတ်ဘူး ၊ တခြားပညာတွေလည်း အရမ်းတော်တယ်”
စစ်ခုန်ချင်းက သိုင်းတာအိုတစ်ခုတည်းကိုသာ စွဲစွဲလန်းလန်း ကျင့်ကြံသူဖြစ်လေရာ အခြားသောပညာရပ်များတွင် လေ့လာမှုအားနည်းသည်။
စစ်ခုန်ချင်းအနေဖြင့် ဖုန်းမော့ယန်ကို အရင်က သိရှိဖူးသော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်က ရန်ကျောက်ကဲ ၊ ရွှီဖေးနှင့် လုဝမ်တို့ထက် နိမ့်ပါးသည်ဟုသာ သိရှိထားပြီး အခြားပညာရပ်များ တတ်မြောက်သည်ကို မသိရှိခဲ့ပေ။
ရန်ကျောက်ကဲက...
“သက်တူရွယ်တူတွေကြားထဲမှာ မော့ယန်ရဲ့ အဂ္ဂိရတ်ပညာကို ဘယ်သူမှ မယှဉ်နိုင်ဘူး ၊ တောင်ပေါ်က အကြီးအကဲတွေတောင် အဲဒီပညာမှာ သူ့ကိုလိုက်မမီကြတဲ့သူတွေရှိတယ်”
ထိုစကားအရ ရန်ကျောက်ကဲသည်လည်း အဂ္ဂိရတ်ပညာတွင် မော့ယန်ထက် မသာကြောင်း ဖော်ပြနေသည်။ သို့သော် ရန်ကျောက်ကဲကိုယ်တိုင်က ထိုပညာရပ်တွင် အာရုံစူးစိုက်ခြင်း မရှိသေးသောကြောင့် ဖြစ်သည်။
ဖုန်းမော့ယန်က ပေါ့ပေါ့ပါးပါးပင် ရယ်မောရင်း...
“အပေါ်ယံလောက် သိတာပါဗျာ ၊ ဘာမှ သိပ်များများစားစား မသိပါဘူး”
ယခုနှစ်များအတွင်း ရန်ကျောက်ကဲ၏ထူးချွန်မှုကို တွေ့မြင်ရသဖြင့် သိုင်းတာအိုတစ်ခုတည်းကိုသာ အာရုံစိုက်သော စစ်ခုန်ချင်းသည်ပင် အခြားသောပညာရပ်များကို လျစ်လျူရှုထားခြင်း မရှိတော့ပေ။
မည်သည့်စွမ်းအား ၊ မည်သည့်ပညာရပ်အတွက်မဆို အဂ္ဂိရတ်ပညာသည် အလွန်အရေးကြီးသော အခြေခံအုတ်မြစ် ဖြစ်သည်။
သိုင်းပညာရော အဂ္ဂိရတ်ပညာပါကျွမ်းကျင်သူသည် ထိပ်တန်းစွမ်းအားနှစ်ရပ် ကျွမ်းကျင်သည်ဟု ဆိုနိုင်သည်။ သိုင်းပညာက တိုက်ခိုက်စွမ်းရည်ကို မြင့်မားစေပြီး အဂ္ဂိရတ်ပညာကတော့ စွမ်းအားအဆင့်တစ်ခုလုံးကို သဘာဝအရည်အချင်းများအတိုင်း မြှင့်တင်ပေးနိုင်စွမ်းရှိသည်။
ဖုန်းမော့ယန်က စစ်ခုန်ချင်းကို အကဲခတ်ရင်း...
“ဒါနဲ့... ဂိုဏ်းတူညီမလေး’စစ်ခုန်’ ဒဏ်ရာရထားတာလား”
စစ်ခုန်ချင်းက ခေါင်းညိတ်ပြစဉ် ရန်ကျောက်ကဲက အခြေအနေကို ရှင်းပြသည်။
“သူ လူတစ်ယောက်နဲ့တိုက်ခိုက်ရင်း ဒဏ်ရာရသွားတာ ၊ သူ့ဒဏ်ရာတွေ ပိုဆိုးမလာအောင် အခြေခံအဆင့်တော့ ငါ ကုသပေးပြီးပြီ ၊ ဒါပေမဲ့ အမြစ်ပြတ်ဖို့ကတော့ အချိန်ယူကုသရဦးမယ် ၊ ကျောက်စိမ်းပင်လယ်မြို့တော်မှာ ဆေးတွေပေါပါတယ်ကွာ ၊ ခဏနေရင် မြို့ထဲဆေးသွားဝယ်ဖို့ ဆုံးဖြတ်ထားတယ်”
ထိုစကားကြားတော့ ဖုန်းမော့ယန်က တစ်စုံတစ်ခု သတိရသွားဟန်ဖြင့်...
“သြော်... ဒါနဲ့... ၊ အစ်ကို’ရန်’က ‘ဆေးလုံးလွတ်မြောက်စေသောရွှေအပ်နည်းစနစ်’ ကို ရှာဖွေတွေ့ရှိထားတယ်လို့ သတင်းကြားထားတယ် ၊ အဲဒါကြောင့် မင်းနဲ့တွေ့ပြီး နည်းနည်းပါးပါး လမ်းညွှန်ချက်လေးတောင်းရင်ကောင်းမလား စဉ်းစားနေတာ”
ရန်ကျောက်ကဲက ရယ်မောရင်း...
“ဆေးပစ္စည်းတွေ ဝယ်ပြီးရင် ငါမင်းကို ပြောပြမယ်”
သူတို့အုပ်စု အချိန်အတန်ကြာ ရယ်မောစကားဆိုနေကြသည်။
ထို့နောက် ကျောက်စိမ်းပင်လယ်မြို့တော်မှ သိုင်းသမားများကို နှုတ်ဆက်စကားဆိုပြီး ကျာက်စိမ်းပင်လယ် အပြင်ပိုင်းမြို့တော်ရှိ စျေးဆိုင်များရှိရာသို့ ထွက်ခွာလာခဲ့ကြသည်။
လမ်းတွင် ဖုန်းမော့ယန်က မေးမြန်းသည်။
“အစ်ကို’ရန်’ ၊ မင်း ဆေးဝါးတွေလိုချင်ရင် ကျောက်စိမ်းပင်လယ်မြို့တော်က တောင်းလိုက်ရင်ရတာပဲ ၊ အပြင်ပိုင်းမြို့တော် စျေးထဲကဆေးတွေထက်ဆာရင် စျေးပိုသက်သာသလို ပစ္စည်းလည်းပိုကောင်းမှာလေ”
ရန်ကျောက်ကဲက ရယ်မောရင်း...
“ဆေးတွေအပြင် တခြားပစ္စည်းတွေလည်း လိုချင်သေးတယ်လေ”
အရင်ကလိုပင် ရန်ကျောက်ကဲက သူအမှန်တကယ်လိုချင်သည့်ပစ္စည်းကို အခြားသူများအတိအကျ မရိပ်မိစေရန် အပိုပစ္စည်းများစွာ ဝယ်ယူခဲ့သည်။
ကျောက်စိမ်းပင်လယ်မြိုတော်သို့ပြန်ရောက်သည့်အခါ ရန်ကျောက်ကဲဝယ်လာသည့် ပစ္စည်းများက အမျိုးအစားစုံလင်စွာ အထုပ်ကြီးအထုပ်ငယ်ဖြင့် စုပုံလျှက်ရှိသည်။
ရန်ကျောက်ကဲက စစ်ခုန်ချင်းအတွင်း ဆေးကြိုနေစဉ် ဖုန်းမော့ယန်က ဘေးမှစောင့်ကြည့်နေသည်။
ရန်ကျောက်ကဲက...
“မော့ယန် ၊ ကျောက်စိမ်းပင်လယ်မြို့တော်သခင်’စုန့်ဝူလျန်’က တံခါးပိတ်ကျင့်ကြံတာ ဘယ်လောက်ကြာပြီလဲ”
ဂိုဏ်းတူညီအစ်ကိုနှစ်ယောက် ဆေးဖော်ရင်း စကားစမြည် စတင်ပြောဆိုကြသည်။
ဖုန်းမော့ယန်က ခဏမျှတွက်ချက်ကြည့်ပြီးနောက်...
“ငါတို့သားအဖမရောက်ခင်လေးပဲ မြို့တော်သခင်’စုန့်’ တံခါးပိတ်ကျင့်ကြံခြင်း ဝင်သွားတာဆိုတော့... ရက်(၂၀)လောက်တော့ ရှိပြီ”
သူက သေသေချာချာ စဉ်းစားပြီးမှ စကားဆက်ပြောသည်။
“ငါစိတ်ထင်တာလား မသိပေမယ့်... အရှေ့နဂါးကျွန်းပတ်ဝန်းကျင်က ဒီရေတွေ အပြောင်းအလဲဖြစ်နေတယ်”
ရန်ကျောက်ကဲက...
“ဒီရေတွေအပြောင်းအလဲဖြစ်နေတယ်... ဟုတ်လား”
ဖုန်းမော့ယန်က...
“ငါက ဒီဒေသနဲ့ သိပ်မရင်းနှီးတော့ သေတော့မသေချာဘူး ၊ ငါ့စိတ်ထဲခံစားရတာကို ပြောတာပါ”
ခဏမျှအလေးအနက်စဉ်းစားပြီးနောက် ရန်ကျောက်ကဲ ပြုံးလိုက်သည်။
“မဟုတ်ဘူး မော့ယန် ၊ မင်းထင်တာမှန်ပါတယ်”
ဖုန်းမော့ယန်၏ မျက်နှာက တည်ကြည်လေးနက်နေသည်။ ထို့နောက် သူက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး မည်သည့်စကားမှ မဆိုတော့ပေ။
ရန်ကျောက်ကဲ ဆေးကြိုပြီးသည်နှင့် စစ်ခုန်ချင်းက ဆေးကိုမော့သောက်လိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ ချီစွမ်းအားလှည့်ပတ်ပြီး ဒဏ်ရာကိုကုသလိုက်သည်။
ဖုန်းမော့ယန်နှင့် ရန်ကျောက်ကဲတို့ကတော့ ဟိုဟိုဒီဒီအကြောင်းများ စကားပြောဆိုနေကြပြီး အတန်ကြာမှ ဖုန်းမော့ယန် ပြန်သွားလေသည်။
ထိုအခါမှ ရန်ကျောက်ကဲလည်း အခန်းထဲတွင် တင်ပျဉ်ခွေထိုင်ရင်း များပြားလှသောကိစ္စရပ်များကို တွေးတောနေမိသည်။
ထိုအကြောင်းအရာများထဲတွင် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ လူသားမျိုးနွယ်များအကြောင်းနှင့် အခြားသော ထိပ်သီးသိုင်းဂိုဏ်းကြီးများအပြင် ပန်းချီဆရာအဘိုးအို’မော့’ အကြောင်းလည်း ပါဝင်သည်။
စစ်ခုန်ချင်း ၊ ချွိယန်ချီနှင့် ချန်နင်တို့အကြောင်းကိုလည်း စဉ်းစားရသလို နောက်ပြန်ဆုတ်ကာ ငြိမ်သက်သွားသော ငရဲကိုးထပ်အကြောင်းသည်လည်း မပါမဖြစ် တွေးရသည်။
အဓိကစဉ်းစားသည်ကတော့ အစွန်းရောက်ရှစ်ပါးကမ္ဘာ အက်ကွဲကြောင်းဥမင်မှတစ်ဆင့် ဝင်ရောက်လာသော မီးတောက်မိစ္ဆာများအကြောင်း ဖြစ်သည်။
အတန်ကြာပြီးနောက် ရန်ကျောက်ကဲ အတွေးများကို ရပ်တန့်လိုက်ပြီး မီးတောက်မိစ္ဆာများအကြောင်းကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။
သူက ဝတ်ရုံအတွင်းမှ အရိပ်ကျုံ့အိတ်လေးတစ်လုံးကို ထုတ်ယူပြီး ဖွင့်ကြည့်လိုက်သည်။ အထဲတွင် အနီရောင်ရေခဲသလင်းကျောက် များစွာရှိသည်။
အနီရောင်ရေခဲသလင်းကျောက်များက လတ်ဆတ်သောသွေးများပမာဖြစ်ပြီး အေးစိမ့်သောချီစွမ်းအားလှိုင်းများ စိမ့်ထွက်နေသည်။
ရန်ကျောက်ကဲက သလင်းကျောက်တစ်ခုကို ရွေးချယ်ထုတ်ယူလိုက်ပြီး လက်ဖြင့်ညင်သာစွာ ပွတ်သပ်လိုက်သည်။ ထို့နောက် အခြားပစ္စည်းများစွာထဲမှ တစ်စုံတစ်ခုကို လိုက်လံရှာဖွေနေလေသည်။
***
ထို့သို့ဖြင့်...
ရန်ကျောက်ကဲတစ်ယောက် ကျောက်စိမ်းပင်လယ်မြို့တော်တွင် အေးအေးလူလူ နေထိုင်လျှက်ရှိသည်။ နေ့စဉ်နေ့တိုင်း ကျင့်ကြံလိုက် ၊ စမ်းသပ်မှုများစွာပြုလုပ်လိုက်ဖြင့် အသားကျနေသည်။
တစ်နေ့...
ရန်ကျောက်ကဲ အပြင်ပိုင်းမြို့တော်ထဲ လမ်းလျှော်ကထွက်လာစဉ် လျှင်မြန်စွာပြေလွှားလူသူတစ်ယောက်ကို တွေ့လိုက်ရသည်။
သူမက ကျောက်စိမ်းပင်လယ်မြို့တော်မှ တပည့်တစ်ယောက်ဖြစ်သော လီကျင်းဝမ်ပင်။
သူမကိုကြည့်ရသည်မှာ အလွန်တရာ ထိတ်လန့်တုန်လှုပ်လျှက် ရှိနေလေသည်။