နိုင်ငံသစ္စာဖောက်မှု
Vol. 1 Ch. 237
ဝိညာဉ် ပျက်သုဉ်းတောင်ကြားမှ ဖြစ်ရပ်သည် အရေးပါလေသည်။ ထိုစစ်တပ်သည် အိမ်ရှေ့စံ မင်းသား ရှားဝူဟွေ့မှ သူ့ကြင်ယာတော် စုလောရွှယ်အား သွားရောက် တင်တောင်းရန် သွားသည့်လမ်း ဖြစ်သည်။ အိမ်ရှေ့စံသည် ရှန်ဝူနိုင်ငံကို ကိုယ်စားပြုနိုင်လေသည်။ အရေးကြီးဆုံးမှာ အလစ်ဝင်တိုက်သူ၏ ဇာစ်မြစ် ဖြစ်လေသည်။
သူသည် ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ လက်ရှိ နံပါတ်တစ် ပါရမီရှင်၊ နိုင်ငံ အဆင့်ပြိုင်ပွဲ၏ ပထမဆုရှင်၊ ရှန်ဝူနိုင်ငံ၏ နဂါးစစ်သူကြီး၊ နယ်မြေ၏ အတော်ဆုံး သိုင်းသမား ဆယ်ယောက် စာရင်းဝင် ကျန်းပိုင်လီ၏ တရားမဝင်သား ဖြစ်လေသည်။
ထိုဂုဏ်ပုဒ် အဆင့်အတန်း များထဲမှ ဘယ်တစ်ခုမဆို အုတ်အော် သောင်းနင်း ဖြစ်သွားရန် လုံလောက် လေသည်။ ရှန်ဝူနိုင်ငံမှ အိမ်တော်ကြီးများ၏ မျက်လုံးထဲတွင် ကျန်းရီသည် တောက်ပ နေသည့် ကြယ်တစ်ပွင့်၊ ဒုတိယကျန်းပိုင်လီ၊ ရှန်ဝူနိုင်ငံ အနာဂတ်အတွက် မျှော်လင့်ချက် များထဲမှ တစ်ခု ဖြစ်သည်။
သူသည် ကျန်းပိုင်လီ၏ တရားမဝင်သား ဖြစ်သောကြောင့် ထိုသတင်းသည် စစ်တပ်ထဲရှိ ဂိုဏ်းသား အသီးသီး၏ လျှို့ဝှက် လမ်းကြောင်းများမှ တစ်ဆင့် ပျံ့နှံ့နေပြီး ဖြစ်လေသည်။ သတင်းသည် ရှန်ဝူနိုင်ငံ တစ်ခုလုံးကို အမြန်ဆုံးနှုန်းနှင့် ပျံ့နှံ့သွားပြီး နယ်မြေ တစ်ခုလုံးသို့ပါ ဆက်လက် ပျံ့နှံ့ သွားလေသည်။
ထိုဖြစ်ရပ် ဤမျှမြန်မြန် ပျံ့နှံ့သွားရခြင်းမှာ ရှားဝူဟွေ့၏ တိုးတိုးတိတ်တိတ် လှုံ့ဆော်မှုကြောင့်လည်း ဖြစ်သည်။ သူသာ သတင်းကို ပိတ်ထားချင်ပါလျှင် လပေါင်းများစွာ ကြာပြီးမှ လူများ သိကြလောက်သည်။
စုလောရွှယ်နှင့် ကျန်းရီအကြားရှိ မရှင်းမလင်း ဆက်ဆံရေးသည် ရှားဝူဟွေ့၏ မကျေနပ်မှုများ အားလုံးအား ကျန်းရီထံ ရောက်သွား စေသည်။ အိမ်ရှေ့စံမပြောနှင့် ဘယ်အမျိုးသားမှ ဦးထုပ်စိမ်း အဆောင်းမခံချင်ကြပေ။ (ဖောက်ပြန်ခံရတာကို ပြောတာပါ) ထို့ပြင် ပြီးခဲ့သည့် စားသောက်ပွဲ အခမ်းအနားတွင် ကျန်းရီသည် သူ့ရှေ့၌ ကျန်းစွန်းဂိုဏ်းမှ လူငါးယောက်ကို သတ်ခြင်းဖြင့် သူ့မျက်နှာကို ဖြတ်ရိုက်ခဲ့ပြီး ဖြစ်လေသည်။ ယခုလည်း သူ့စစ်တပ်ကို စိတ်လွတ် ကိုယ်လွတ် လာရောက် သတ်ဖြတ်သွားပြီး သူ့ဒေါသကို ဆွသွားပြန်လေသည်။
ရှားဝူဟွေ့သည် ကျန်းရီကိုဆွဲချရန်နှင့် အကူအညီပေးမည့်သူများ ဖြတ်တောက်ပစ်ရန် နည်းလမ်းပေါင်းစုံ သွားမည် ဖြစ်သည်။ ကျန်းပိုင်လီသည် ကျန်းရီကို ကာကွယ်ရန် ဝင်ပါလာပါက ရှားထင်ဝေ့နှင့် ထိပ်တိုက် တွေ့လိမ့်မည်။
ဤကိစ္စသာ နယ်မြေတစ်ခွင် ပျံ့သွားလျှင် သူသာ အရှက်ကွဲမည် မဟုတ်ဘဲ ရှန်ဝူနိုင်ငံလည်း အရှက်ကွဲပေလိမ့်မည်။ ကျန်းရီသည် ခွင့်လွှတ်၍ မရနိုင်သော နိုင်ငံသစ္စာဖောက်မှုကို ကျူးလွန်ခဲ့ရာ ကျန်းပိုင်လီ ဝင်မပါရုံသာမက သူနှင့် ပတ်သက်မှုများ အားလုံးကိုပါ ဖြတ်တောက် လိုက်သည်လည်း ဖြစ်နိုင်သည်။ ကျန်းပိုင်လီသာ မရှိလျှင် ကျန်းရီသည် ရှားဝူဟွေ့အတွက် သင်းကွဲ ဝံပုလွေ တစ်ကောင်နှင့် မခြားပေ။ နိုင်ငံတစ်ခုလုံး၏ အင်အားသည် လူတစ်ယောက်အား သတ်နိုင်သည်ထက် ပိုနေလေပြီ။
အရာအားလုံးသည် ရှားဝူဟွေ့၏ အစီအစဉ်များ အတိုင်းသာ...
သတင်းသည် ရှန်ဝူနိုင်ငံသို့ လျင်မြန်စွာ ရောက်သွားခဲ့ပြီး တစ်နိုင်ငံလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။ ရှားထင်ဝေ့သည် ဒေါသအမျက် ချောင်းချောင်း ထွက်တော့၏။ စစ်သူကြီးများ၊ အရာရှိများသည်လည်း ဒေါသထွက်လွန်း၍ တိုက်ရိုက်ဖြစ်စေ၊ စာရေး၍ ဖြစ်စေ ပြစ်ဒဏ်ချမှတ်ရန် တိုက်တွန်း ကြတော့သည်။ ချမ်ကွေ့၊ ကျန့်ရီမင်နှင့် အခြားလူများသည်လည်း ကျန်းရီကိုယ်စား သက်ညှာပေးပါရန် မတောင်းဆို ရဲကြတော့ပေ။ ဤတစ်ခေါက်တွင် ကျန်းရီသည် အတိုင်းအတာ ထက်ကို ကျော်၍ ရှန်ဝူစစ်တပ်မှ စစ်သည်တော်များကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်လေသည်။
ရှားထင်ဝေ့သည် လူတစ်ယောက် စေလွှတ်၍ ကျန်းပိုင်လီ၏ သဘောထားကို မေးမြန်းချင်သော်လည်း ကျန်းပိုင်လီ ရောက်ချလာကာ ကျန်းရီ၏ ပစ်မှုကို အပြစ်ပေးပါရန် တောင်းဆို လာခဲ့သည်။
"ကျန်းရီရဲ့ အပြုအမူတွေက ဥပဒေနဲ့ ဆန့်ကျင်ပါပြီ၊ ကျွန်တော်တို့ ဂိုဏ်းဆီ ကျန်းရီကို ကျန်းမိသားစုထဲက ထုတ်ပစ်လိုက်ဖို့ စာပို့လိုက်ပါပြီ... အဲဒီ ကလေးက ကျန်းဂိုဏ်းနဲ့ ဘာမှ မသက်ဆိုင်တော့ပါဘူး၊ မင်းကြီးက သူ့ပြစ်မှု အတွက် ပြစ်ဒဏ်ချမှတ်ပေးပါ"
ကျန်းပိုင်လီ၏ လေသံသည် တစ်သမတ်တည်း တည်ငြိမ်နေခဲ့သည်။ ရှားထင်ဝေ့လည်း ဆုံးဖြတ်ချက် မြန်မြန်ချ၍ ကျန်းရီသည် နိုင်ငံသစ္စာဖောက်မှုကို ကျူးလွန်ခဲ့သည့် အတွက် တစ်နိုင်ငံလုံးက အလိုရှိကြောင်း လောကအား ကြေညာ လိုက်သည်။ ရှန်ဝူနိုင်ငံ၏ မည်သည့် အိမ်တော်တွင်မဆို သူ့အား တွေ့မိပါက ချက်ချင်း သတ်ပစ်နိုင်သည်။
ကျန့်ဝူရွှမ်းသည် တော်ဝင်မြို့တော်တွင် ရှိနေရာ ထိုသတင်းကို ကြားသည့်အခါ ကျောက်ရုပ် ဖြစ်သွားလေသည်။ နေ့တစ်ဝက်ခန့် ကြာပြီးခါမှ သူ သတိပြန်ဝင် လာခဲ့သည်။ သူသည် စိတ်ထဲမှ လက်မထောင် လိုက်ပြီး သက်ပြင်း ချလိုက်သည်။
"ထူးချွန်တဲ့ လူတစ်ဦး အဖြစ် နေထိုင်သွားပြီး သူရဲကောင်း အဖြစ်နဲ့ သေဆုံးသွားတယ်... မင်းကို အတိအကျ ဒီစကားနဲ့ သရုပ်ဖော်လို့ ရတယ် ကျန်းရီ၊ ဒီလို ရူးမိုက်တဲ့ လုပ်ရပ်ကို လုပ်ပြီးမှတော့ မင်းရဲ့ နာမည်က သမိုင်း စာအုပ်တွေထဲမှာ သစ္စာဖောက် အဖြစ် ကျန်ခဲ့တော့မယ်... ငါတို့မှာသာ အခွင့်အရေး ရမယ်ဆို ပျော်ပျော်ပါးပါး အတူ သောက်ချင်ပါသေးတယ်...ဟူး..."
ချမ်ဝမ်ကွမ်သည် မြို့ငယ်လေးထဲတွင်သာ ရှိနေပြီး တည်းခိုခန်း တစ်ခုလုံးအား ချမ်ဂိုဏ်းသားများကို စောင့်ကြပ် ထားစေခဲ့သည်။ သတင်းသွား ထွက်လာသောအခါ နေရာအား ထပ်မံ စောင့်ကြပ်ရန် မလိုတော့ပေ။ လက်ရှိအချိန်တွင် ချမ်ဝမ်ကွမ်သည် တည်းခိုခန်း၏ အပေါ်ထပ်တွင် ထိုင်နေခဲ့ပြီး အားလုံးအား ထွက်သွားကြရန် လက်ဟန်ပြလိုက်သည်။ သူသည် ဝိုင်ကို ပျော်ရွှင်စွာ သောက်နေလေသည်။ သူသည် လူယုတ်မာပြုံး ပြုံးရင်း အကျယ်ကြီး အော်ရယ် လိုက်သည်။
"အစ်ကိုကြီး... အလုပ်ကောင်းကောင်း လုပ်ခဲ့တာပဲ၊ မင်းစိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို ရခဲ့မယ်လို့ ငါထင်တယ်...မင်းသာ ရခဲ့ရင် အားလုံး ပြည့်စုံသွားပြီ၊ တစ်ယောက်ယောက် ဒီသခင်လေး ဝိညာဉ်သားရဲ သင်တန်းကျောင်းကို ထွက်ခွာဖို့ သွားပြင်ဆင်ချေ"
***
"ချက်ချင်း ရှားနိုင်ငံဆီ ကင်းထောက် တစ်ယောက် လွှတ်ပြီး ကျန်းရီကို သွားရှာချေ... သူ့ကိုပြောလိုက်... မိုးပြာနဂါးအင်ပါယာက သူ့ကို အချိန်မရွေး ဆီးကြိုနေတယ်လို့"
ကြယ်ကောင်းကင်မြို့၏ အင်ပါယာနန်းတွင်း... လှပသော နန်းဆောင် တစ်ခုတွင် ပန်းရောင် ဝတ်စုံကို ဆင်မြန်းထားသော မင်းသမီး လင်းရွှယ်၏ မျက်လုံးများ တောက်ပ နေခဲ့သည်။ သူမသည် သတင်းများကြားသည်နှင့် ချက်ချင်း အမိန့်ထုတ်လိုက်သည်။
နိုင်ငံသစ္စာဖောက်မှုကို ကျူးလွန်ထားသည့် အပြစ်သား တစ်ဦးသည် အခြားနိုင်ငံများအတွက် အကူညီ ပေးနိုင်ဆုံး ဖြစ်လေသည်။ ဤအချိန်တွင် စည်းရုံးရန်မှာ အကောင်းဆုံး ဖြစ်သည်။
"တစ်ခုခု မှားနေသလိုပဲ...ငါ့ကို ကျန်းရီရဲ့ အချက်အလက် အားလုံး ပေးစမ်း"
မင်းသမီး လင်းရွှယ်သည် တစ်ခုခု မှားနေသေးသည်ဟု ခံစားနေရသည်။ ကျန်းပိုင်လီ၏ တရားမဝင်သားသည် အဘယ့်ကြောင့် ပေါ်ပေါ်ထင်ထင် နိုင်ငံသစ္စာဖောက်မှု ကျူးလွန် ရပါသနည်း... နောက်ကွယ်မှ မသမာမှုများ မရှိရန်မှာ မဖြစ်နိုင်သလောက်ပေ။
မိန်းမစိုးတစ်အုပ်သည် စာရွက်စာတမ်း အမြောက်အများ သယ်ဆောင်လာခဲ့ပြီး မင်းသမီး လင်းရွှယ်သည် အသေးစိတ်ကို သေချာ ဖတ်နေလိုက်သည်။ တစ်နာရီခန့် ကြာသော် သူမသည် ပျော်ရွှင်စွာ ထရပ်လိုက်ပြီး ခပ်မြူးမြူးလေး ပြောလိုက်သည်။
"ငါ့ဆီ ဇာမဏီတံဆိပ်တုံးနဲ့ တော်ဝင် အမိန့်စာတစ်ခု ယူလာခဲ့ပေး... ပြီးမှ ကျန်းရီကို သွားရှာချေ။ သူ့ကို ကင်းထောက် သံတမန် ရာထူး ချီးမြှင့်လိုက်...ဒါက ငါချီးမြှင့်တာလို့ ပြော၊ မိုးပြာနဂါး အင်ပါယာ အတွက် သူဘာမှ လုပ်ပေးစရာ မလိုဘူး"
ကင်းထောက် သံတမန်သည် အာဏာမရှိသော ဟန်ပြရာထူး တစ်ခု ဖြစ်သည်။ သို့သော် အပေါ်ယံတွင်တော့ အလွန်အရေးပါသော ရာထူးဖြစ်ပြီး သူသည် အင်ပါယာ ကိုယ်စား နယ်မြေ တစ်ခွင်ကို လှည့်လည် စစ်ဆေးနိုင်လေသည်။ အတိတ်က မိုးပြာနဂါးအင်ပါယာ နယ်မြေကို အုပ်ချုပ်ခဲ့စဉ်ကမူ ကင်းထောက် သံတမန် အဆင့်အတန်းသည် အင်ပါယာ၏ ကိုယ်စား အရေးအခင်းများကို ဖြေရှင်း ပေးရလေသည်။ ယခုအခါတွင် ထိုရာထူးသည် ဘာအာဏာမှ မရှိတော့ချေ။
မင်းသမီးလင်းရွှယ် ကျန်းရီကို ထိုရာထူး ချီးမြှင့် လိုက်ခြင်းသည် ရှေ့တွင်တော့ ဘာမှ ပေးပုံမရဘဲ အနည်းငယ် မျက်နှာသာ ပေးလိုက်ခြင်း ဖြစ်လေသည်။ သူပြဿနာ မျိုးစုံရှာနေလျှင် အင်ပါယာက အသာလေးထိုင်၍ အကျိုးအမြတ်များ ယူနေရုံပင်။ နိုင်ငံခြောက်ခုမှ လာရောက် စုံစမ်းပါလျှင် ထိုရာထူးသည် အင်ပါယာ ချီးမြှင့်ထားခြင်း မဟုတ်ဘဲ မင်းသမီး လင်းရွှယ် ချီးမြှင့်ထားသောကြောင့် အင်ပါယာ မိသားစုနှင့် မသက်ဆိုင်ပေ။
***
ကြယ်တံခွန်ကျွန်း...ကြယ်တံခွန်ခန်းမ...
ကြယ်တံခွန်ကျွန်း၏ ကောင်းကင်ထက်တွင် ထူးဆန်းသည့် ခန်းမတစ်ခု ရှိလေသည်။ ထိုခန်းမသည် မြင့်မြတ်သည့် နေရာတစ်ခုလည်း ဖြစ်သည်။ နယ်မြေ၏ သိုင်းသမား များစွာတွင် အထွတ်အမြတ် ထားရာ နေရာများ ရှိကြသည်။ ထိုခန်းမထဲတွင် မိန်းကလေး တစ်ယောက် ထိုင်နေခဲ့သည်။ ယောက်ျားသားများ အရှက် ရသွားစေနိုင်သည့် ပြိုင်ဘက်ကင်း အစွမ်းတို့ ပိုင်ဆိုင်ထားသော မိန်းမလှ ရွှေယို့လန်...
"မိန်းကလေး ဖျောင်ဖျောင်ရဲ့သားက သူမနဲ့ လုံးဝကို တစ်ပုံစံထဲပဲ... အတိတ်တုန်းက နယ်မြေမှာ ပြဿနာ အကြီးကြီး ဖြစ်အောင် သူမ လုပ်မိလုနီးပါးပဲ၊ အခု သူမ သားကို ကြည့်လိုက်တော့လည်း... နယ်မြေကို ငြိမ်းငြိမ်းချမ်းချမ်း ထားမယ့်ပုံ မပေါ်ဘူး"
ရွှေယို့လန်သည် ခန်းမကြီး၏ ပြတင်းပေါက်နားတွင် ရပ်နေ၍ သမုဒ္ဒရာနှင့် အရောင်တူသော ကောင်းကင်ပြာကြီးကို ငေးကြည့်နေခဲ့သည်။ သူမသည် နောက်လှည့်၍ ထိုင်ခုံတစ်ခုပေါ်တွင် နှုတ်ခမ်းစူကာ ထိုင်နေသည့် ရွှေချမ်လော့ကို လှည့်ကြည့်လိုက်ရင်း နှုတ်ခမ်း ထောင့်စွန်းများ ကွေးတက်သွားကာ ပြုံးယောင်ယောင်လေး ဖြစ်သွားခဲ့သည်။ သူမသည် ရွှေချမ်လော့ကို ချစ်စနိုး ပြုံးပြလိုက်သည်။
"ချမ်လော့...မင်းကျန်းရီနဲ့ ရန်ငြိုးတွေ ထပ်မဖွဲ့တော့ရင် ပိုကောင်းလိမ့်မယ်၊ မင်းဒီလို ဆက်ပြီး တိုက်ခိုက်နေမယ်ဆို မင်းပဲ ရှုံးနေလိမ့်မယ်... မိန်းကလေး ဖျောင်ဖျောင်က ငါ့ထက်ပိုပြီး ရက်စက် ပြတ်သားတယ်၊ သူ့သားကလည်း မင်းထက်ပိုပြီး ရက်စက်တယ်... ဒီတစ်သက်လုံး ကျန်းရီကို မင်းအနိုင်မရနိုင်ဘူး"
"ဟမ့်"
ရွှေချမ်လော့သည် အလျှော့ ပေးလိုဟန်မရဘဲ ပြတင်းပေါက် အပြင်ကို ကြည့်လိုက်သည်။ ထို့နောက်မှ ရွှေယို့လန်ကို သုန်မှုန်နေသည့် မျက်နှာနှင့် လှည့်ကြည့် လိုက်သည်။
"အမေ... ချမ်လော့ တံခါးပိတ် ကျင့်ကြံတော့မယ်၊ ကျွန်မရဲ့ ကောင်းကင် စိတ်နယ်လွန်ခန္ဓာက သာမန် ခန္ဓာကိုယ်နဲ့လူကို မယှဉ်နိုင်ဘူးဆိုတာ မယုံဘူး၊ ငါးနှစ် ကျင့်ကြံပြီးသွားရင် ကျွန်မ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်ကို ရောက်နေလောက်ပြီ၊ အချိန်ကျလာရင် ချမ်လော့ သူ့ကို နောက်တစ်ခေါက် ပြဿနာ သွားရှာမှာပဲ... ဟမ့်"
ရွှေယို့လန်၏ မျက်လုံးများတွင် နားလည်ရခက်သည့် အပြုံးများ ရှိနေပြီး လက်ဝှေ့ယမ်း ပြလိုက်သည်။
"ဒါဆိုလည်း သွားလေ...မင်း စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အမြင့်ဆုံး အဆင့်ကို ရောက်ရင် ငါမင်းကို မီးလျှံဖီးနစ် ဆုချမယ်"
"ဝါး...ကျေးဇူးတင်လိုက်တာ...သမီးအခုပဲ သွားတော့မယ်"
ရွှေချမ်လော့၏ မျက်လုံးများ တောက်ပ သွားခဲ့သည်။ မီးလျှံဖီးနစ်နှင့် ဖီးနစ်ငှက် ကွာခြားသည်မှာ မီးလျှံဖီးနစ်သည် ဗာဂျရာ အဆင့်နှင့် ခွန်အား တူသည့် စတုတ္ထ အဆင့် နတ်ဆိုးသားရဲ ဖြစ်နေခြင်းပင်။ မီးလျှံဖီးနစ် အရှိန်အဝါကို ထုတ်ဖော်လိုက်သည်နှင့် ကျန်းရီသည် လှုပ်ရှားနိုင်မည်တောင် မဟုတ်တော့ပေ။ သူမသတ်မည်ကိုသာ စောင့်နေရလောက်သည်။
ရွှေချမ်လော့သည် ချက်ချင်း အခန်းငယ်တစ်ခုထံ လျှောက်သွားကာ ဝင်ရောက်၍ တံခါးပိတ် လိုက်သည်။ ထိုလှပသော မိန်းကလေး၏ မျက်နှာတွင် ဆုံးဖြတ်ချက်တို့ အတိုင်းသား ပေါ်နေပြီး ကျင့်ကြံခြင်း မစခင်တွင် အံကို တင်းတင်းကြိတ်၍ ရေရွတ် လိုက်သည်။
"ကျန်းရီ... ငါ့ကို ငါးနှစ်စောင့်နေ... ငါးနှစ်အတွင်း နင်သေမသွားနဲ့"
*****