ကြီးမားတဲ့လှုပ်ရှားမှုကြီးတစ်ခုအတွက်အားဖြည့်
Vol. 26 Ch. 366
အခန်း (၃၆၆) ကြီးမားတဲ့လှုပ်ရှားမှုကြီးတစ်ခုအတွက်အားဖြည့်
ရန်ကျောက်ကဲနှင့် လီကျင်းဝမ်တို့က အလွန်တရာ ခင်မင်ရင်းနှီးသူများ မဟုတ်ကြပေ။
သို့သော် ရန်ကျောက်ကဲ အကဲခတ်မိသလောက် လီကျင်းဝမ်က ရင့်ကျက်တည်ငြိမ်သော မိန်းကလေးတစ်ယောက် ဖြစ်သည်။
သူမက နူးညံ့သောအသွင်အပြင်ရှိသော်လည်း စိတ်ဓာတ်ခိုင်မာပြီး ခံနိုင်ရည်ရှိသူ ဖြစ်သည်။
ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင် ဖြစ်ပွားခဲ့သော ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲတွင် လျိုရှန်းဖုန်း၏ဖမ်းဆီးမှုကို ခံရစဉ်က လီကျင်းဝမ်က အခြားသူများထက် အေးဆေးတည်ငြိမ်ခဲ့သည်။ သူမက ရန်သူ၏ ခြိမ်းခြောက်မှုကို အရှုံးမပေးခဲ့သဖြင့် ရန်ကျောက်ကဲ သတိပြုမိခြင်း ဖြစ်သည်။
သူမ ယခုလို ထိတ်လန့်တုန်လှုပ်နေသည်ကို ရန်ကျောက်ကဲ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။
လီကျင်းဝမ် ပြေးထွက်သွားသည်ကိုကြည့်ရင်း ရန်ကျောက်ကဲ စိတ်ရှုတ်ထွေးစွာဖြင့် မျက်တောင်တစ်ချက်ခတ်လိုက်သည်။
နောက်လှည့်ကြည့်လိုက်တော့ လီကျင်းဝမ်ပြေးထွက်လာရာလမ်းကြောင်းတွင် မတ်တတ်ရပ်နေသည့် စစ်ခုန်ချင်းကို တွေ့ရသည်။ သူမက လီကျင်းဝမ်ကို အကျိုးအကြောင်း မေးမြန်းပြီး နှုတ်ဆက်စကားဆိုလိုက်ဟန် ရှိသည်။
ရန်ကျောက်ကဲက စစ်ခုန်ချင်းအနား လျှောက်သွားရင်း...
“ဂိုဏ်းတူညီမလေး’စစ်ခုန်’”
စစ်ခုန်ချင်းက ရန်ကျောက်ကဲကို ဦးညွှတ်ရင်း...
“ဂိုဏ်းတူအစ်ကိုကြီး’ရန်’”
ရန်ကျောက်ကဲက သူမဂါရဝပြုသည်ကို ခေါင်းညိတ်အသိအမှတ်ပြုလိုက်ပြီး မေးခွန်းထုတ်သည်။
“ညီမလေး’လီကျင်းဝမ်’ အထိတ်တလန့်နဲ့ ထွက်ပြေးသွားတာ... ဘာများဖြစ်လို့လဲ”
သူမျှော်လင့်ထားသည့်အတိုင်း စစ်ခုန်ချင်းက လီကျင်းဝမ် ထွက်ပြေးသွားရသည့်အကြောင်းရင်းကို သိနေခဲ့သည်။
သူမက...
“အစ်မ’လီ’ အိမ်မှာ ပြဿနာဖြစ်လို့တဲ့ ၊ အဲဒါကြောင့် သူ အိမ်ပြန်သွားတာ”
ရန်ကျောက်ကဲက ကျောက်စိမ်းမြို့တော်အတွင်းပိုင်းကို တစ်ချက်လှမ်းကြည့်ပြီး လူအများ စည်ကားသွားလာနေသော အပြင်ပိုင်းမြို့တော်ကို ပြန်ကြည့်လိုက်သည်။
“သူ့ မိဘတွေက အပြင်ပိုင်းမြို့တော်မှာနေတာ မဟုတ်ဘူးလား”
စစ်ခုန်ချင်းက အေးစက်ပြီး မိတ်ဆွေအပေါင်းအသင်းထားသူ မဟုတ်ပေ။ သို့သော် လီကျင်းဝမ်ကတော့ သူမနှင့် ခင်မင်ရင်းနှီးသော သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။
စတွေ့ကတည်းက တစ်ယောက်နှင့်တစ်ယောက် ခင်မင်ကြပြီး အချိန်အတန်ကြာပြီးနောက် အခင်ဆုံးသူငယ်ချင်းများ ဖြစ်လာကြသည်။
စစ်ခုန်ချင်းက...
“အစ်မ’လီ’ ရဲ့ မိဘတွေက ဘိုးဘေးနေရပ်က ဆွေမျိုးတွေဆီကို အလည်အပတ် ခရီးထွက်သွားကြတာ ၊ ကြည့်ရတာ... အဲဒီနေရာမှာ ပြဿနာတစ်ခုခုဖြစ်တာထင်တယ် ၊ အခုပဲ သတင်းရောက်လာလို့ အစ်မ’လီ’ က အကြီးအကဲတွေကို အကြောင်းကြားပြီး ထိတ်လန့်တခြားနဲ့ ပြေးထွက်သွားတာ”
ရန်ကျောက်ကဲက...
“သူတို့ ဘိုးဘေးနေရပ်က ဘယ်မှာတဲ့လဲ”
စစ်ခုန်ချင်းက...
“ရှင်းလင်မြို့တော် အုပ်ချုပ်နယ်မြေထဲက ကျန်းပေစီရင်စုက မြို့တစ်မြို့ပဲ ၊ ယီကျိုးမြို့လို့ခေါ်တယ်”
ရှင်းလင်မြို့တော်ဆိုသည်က ရေနယ်မြေ၏မြို့တော်ကိုးခုအနက် တစ်ခု ဖြစ်သည်။
ရေနယ်မြေ၏ မြို့တော်ကိုးခုအနက် မြို့တော် (၆)ခုက ပင်လယ်ပြင်ရှိ ကျွန်းများထွက်တွင် တည်ရှိပြီး ကျန် (၃)ခုကတော့ ပြည်မအရှေ့ဘက် ကုန်းတွင်းပိုင်းတွင် တည်ရှိသည်။
ကျောက်စိမ်းပင်လယ်မြို့တော်နှင့် ကျောက်သားမြို့တော်တို့က ကျွန်းများထက်တွင်တည်ရှိသော်လည်း ရှင်းလင်မြို့တော်ကတော့ ကုန်းမြေပေါ်တွင်တည်ရှိသော မြို့တော် (၃)ခုအနက်မှ တစ်ခု ဖြစ်သည်။
ရေနယ်မြေ၏ မြို့တော်ကိုးခုကို “မြို့တော်များ” ဟု ခေါ်ဝေါ်ကြသော်လည်း တကယ်တမ်းတွင် ထိုနေရာများက ကြီးမားသောနယ်မြေကြီးများ၏ ဗဟိုချက်ဖြစ်ကြသည်။ နောက်ပိုင်းမှ ထိုနေရာများကို ‘မြို့တော်များ’ ဟု အမည်ပြောင်းလဲလိုက်ပြီး ပတ်ဝန်းကျင်နယ်မြေများကို ဥပဒေပြုအုပ်ချုပ်ခြင်း ဖြစ်၏။
ကျန်းပေစီရင်စုသည် ရှင်းလင်မြို့တော် တရားစီရင်မှုအောက်တွင်ရှိသော စီရင်စုများထဲမှ တစ်ခုဖြစ်ပြီး ယီကျိုးမြို့က ကျန်းပေစီရင်စုထဲတွင်ပါရှိသော မြို့များထဲမှ တစ်ခု ဖြစ်သည်။
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အရှေ့ပင်လယ်ရဲ့ အခြေအနေက မူမမှန်ဘူးလို့ သိရတယ် ၊ မီးတောက်မိစ္ဆာတွေနဲ့ မကြာခင် တိုက်ပွဲဖြစ်တော့မယ် ၊ ဒါပေမဲ့ ရှင်းလင်မြို့က ကုန်းတွင်းပိုင်းဒေသဆိုတော့ အခြေအနေ ကောင်းလောက်ပါတယ်”
စစ်ခုန်ချင်းက ခဏမျှ စဉ်းစားရင်း...
“အခုတလော အရှေ့ပင်လယ်မှာ မီးတောက်မိစ္ဆာတွေ အတော်လေးငြိမ်သက်တာ... မုန်တိုင်းမတိုက်ခင် ငြိမ်သက်ခြင်းမျိုး မဟုတ်လား ၊ ကြီးမားတဲ့တိုက်ပွဲကြီးတစ်ခု ဖြစ်လာမယ့် လက္ခဏာပဲ”
ရန်ကျောက်ကဲက...
“အမှန်ပဲ ၊ လှိုင်းနက်ဂေဟာက ဂေဟာသခင်မ’အန်းချင်လင်’ တောင် ရေကန်နယ်မြေကနေ ပင်လယ်ဘက်ကို ခရီးထွက်လာပြီလို့ သတင်းကြားတယ်”
စစ်ခုန်ချင်းက ကျောက်စိမ်းပင်လယ်မြို့တော် အတွင်းပိုင်းသို့ လှမ်းကြည့်ရင်း...
“မြို့တော်သခင်’စုန့်’ ကတော့ တံခါးပိတ်ကျင့်ကြံနေတုန်းပဲ”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ကြီးမားတဲ့လှုပ်ရှားမှုကြီးတစ်ခုအတွက် အားဖြည့်နေတာလေ”
သူ့စကားကို စစ်ခုန်ချင်း သေသေချာချာ မကြားလိုက်ရသဖြင့် ထပ်မံမေးမြန်းလိုက်သည်။
“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ဘာပြောလိုက်တာလဲဟင်”
ရန်ကျောက်ကဲက ပြုံးရင်း...
“မြို့တော်သခင်’စုန့်’ တံခါးပိတ်ကျင့်ကြံရာကထွက်လာရင် ထူးခြားတာတစ်ခုခု ဖြစ်လိမ့်မယ်လို့ ပြောတာပါ”
စစ်ခုန်ချင်းက သဘောပေါက်သွားဟန်ဖြင့်...
“နေသူတော်စင်ဂိုဏ်းက ဟွမ်ကွမ်လီ တံခါးပိတ်ကျင့်ကြံရာကထွက်လာတော့ ကျင့်ကြံခြင်းအဆင့် မြင့်တက်သွားသလိုမျိုးလား ၊ ဒါမှမဟုတ် ကျောက်စိမ်းပင်လယ်မြို့တော်က အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ပြုလုပ်နိုင်ပြီလား”
ရန်ကျောက်ကဲက ခပ်တိုးတိုးလေသံဖြင့်...
“အဲဒါတွေထက် နည်းနည်းပိုကြီးမားတယ်”
စစ်ခုန်ချင်း ခေါင်းညိတ်လိုက်သော်လည်း ဆက်လက်မမေးမြန်းတော့ပေ။
သူတို့နှစ်ယောက် စကားပြောနေသည့်အနားသို့ အားဟူရောက်လာပြီး မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
“မြို့တော်သခင်’စုန့်’ က ဘယ်အချိန်မှ တံခါးပိတ်ကျင့်ကြံရာက ထွက်လာမလဲ မသိဘူး ၊ မီးတောက်မိစ္ဆာတွေက လှုပ်ရှားတော့မှာဆိုတော့ အချိန်မီပါ့မလားတောင် မသိဘူး”
ရန်ကျောက်ကဲက ကျောက်စိမ်းမြို့တော်အတွင်းပိုင်းသို့ လှမ်းကြည့်ရင်း...
“ပြောရခက်တယ် ၊ သူ နောက်ဆုံးအဆင့် မရောက်သေးဘူးဆိုရင် အခြေအနေအရ တံခါးပိတ်ကျင့်ကြံတာကို ရပ်တန့်ရလိမ့်မယ် ၊ နောက်ဆုံးအဆင့်ရောက်ပြီဆိုရင်တော့ ဘယ်လိုအကျပ်အတည်းပဲရှိရှိ တစ်ချက်တည်းနဲ့အောင်မြင်အောင် ဆက်ကျင့်ကြံရလိမ့်မယ်”
အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း...
“လှိုင်းနက်ဂေဟာက ဂေဟာသခင်မ‘အန်းချင်လင်’က တော့ ပင်လယ်ဘက်ကိုသွားနေပြီ ၊ ပြဿနာကြီးကြီးမားမားတော့ မဖြစ်လောက်ဘူးမလား”
သူက ဆက်ပြောသည်။
“မီးတောက်မိစ္ဆာတွေ အုံနဲ့ကျင်းနဲ့ ကျူးကျော်လာမယ်ဆိုရင်တော့ နေသူတော်စင်ဂိုဏ်းက ထူးကဲယင်သရဖူနဲ့အတူ မန်ဝမ်ကို စေလွှတ်ရလိမ့်မယ် ၊ မြောက်ပိုင်းက ကောင်းကင်မိုးကြိုးခန်းမလည်း ထိုင်ကြည့်နေလို့မရဘူး“
အားဟူက လက်ချောင်းများအချင်းချင်းပွတ်သပ်နေရင်း...
“ဒီတစ်ခေါက် မီးတောက်မိစ္ဆာတွေနဲ့တိုက်ပွဲက ပြင်းထန်နိုင်တယ် ၊ ပင်လယ်နဲ့ပိုနီးတဲ့ ထိပ်သီးသိုင်းဂိုဏ်း (၃)ဂိုဏ်းအတွက် ဖိအားအရမ်းများတယ်ဆိုရင် ကျွန်တော်တို့ ဝါဒတောင် ၊ အဆုံးမဲ့တောင်တန်းနဲ့ နေသူတော်စင်ဂိုဏ်းတို့ကလည်း တိုက်ပွဲမှာ အားဖြည့်ဖို့ ထိပ်တန်းသိုင်းသမားတွေ စေလွှတ်ရမှာပဲ မဟုတ်လား”
ရန်ကျောက်ကဲက...
“အရှေ့ပင်လယ်က ဝင်ပေါက်အက်ကွဲကြောင်းမှာ မီးတောက်မိစ္ဆာတွေကို ပိတ်ဆို့ထားနိုင်သရွေ့ အခြေအနေတွေက အရမ်းရှုတ်ထွေးသွားမှာ မဟုတ်ပါဘူး”
***
ရှင်းလင်မြို့တော် ၊ ကျန်းပေစီရင်စု။
ယီကျိုးမြို့တောင်ဘက်။
ထိုနေရာရှိ ကြီးမားကျယ်ပြန့်သော ခြံဝင်းတစ်ခုထက်တွင် အိမ်တော်တစ်ခု တည်ရှိလေသည်။ ထိုအိမ်တော်သည်ကား ယီကျိုးမြို့တွင် အချမ်းသာဆုံးဖြစ်သော ‘လီ’ အိမ်တော်ပင် ဖြစ်၏။
‘လီ’ အိမ်တော်က ချမ်းသာကြွယ်ဝသလို နက်နဲခိုင်မာသောအခြေခံအုတ်မြစ်ရှိသဖြင့် ယီကျိုးမြို့တွင် နံပါတ် (၁) ဖြစ်သည်။
အထူးသဖြင့် လီကျင်းဝမ်က ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခုဖြစ်သော ကျောက်စိမ်းပင်လယ်မြို့တော်၏ ပင်မတိုက်ရိုက်တပည့်တစ်ယောက်ဖြစ်သဖြင့် သူတို့၏ သြဇာအာဏာက ပိုမိုကြီးမားလာပြီး မည်သူမှ မတွန်းလှန်နိုင်ကြပေ။
‘လီ’အိမ်တော်မှလူများက သာမန်သိုင်းကျင့်ကြံသူများသာ ဖြစ်ကြသည့်တိုင် မည်သူမှ သူတို့ကို ပေါ့ပေါ့တန်တန်သဘောမထားဝံ့ကြဘဲ လေးလေးစားစား ဆက်ဆံကြလေသည်။
သို့သော် ယခုတော့ ‘လီ’ အိမ်တော်တွင် တုန်လှုပ်ချောက်ချားဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
ပြင်ပရန်သူများကျူးကျော်ဝင်ရောက်ခြင်းမရှိပါဘဲ တစ်စုံတစ်ရာ ဖောက်ပြန်ပြောင်းလဲသွားခဲ့သည်ဟု ဆိုသည်။
သတင်းရရခြင်းပင် လီကျင်းဝမ်မှာ တစ်ချက်အနားမယူဘဲ ယီကျိုးမြို့ ၊ ‘လီ’အိမ်တော်သို့ အပြေးအလွှားရောက်ရှိလာခဲ့သည်။
လီကျင်းဝမ်က ရောက်ရောက်ချင်းပင် မိခင်ဖြစ်သူ၏လက်ကိုဆွဲရင်း စိုးရိမ်တကြီး မေးမြန်းသည်။
“အမေ... အဖေ ဘာဖြစ်တာလဲဟင်”
သူမအမေ၏မျက်နှာတွင်လည်း စိုးရိမ်ပူပန်မှုများ ပြည့်နက်နေလေသည်။
“သမီးရဲ့အဖေ ရုတ်တရက် သတိလစ်သွားတာ ၊ ဘာဖြစ်သွားမှန်း မသိပါဘူးကွယ် ၊ သမားတော်တွေခေါ်ပေမယ့် ဘာရောဂါမှလည်း ရှာမတွေ့ကြဘူး ၊ အဲဒါကြောင့် အမေလည်း စိတ်ပူလွန်းလို့ ကြံရာမရဘဲ သမီးဆီပဲ အကြောင်းကြားလိုက်ရတာ ၊ သမီးက ကျောက်စိမ်းပင်လယ်မြို့တော်ကဆိုတော့ ဗဟုသုတကြွယ်ဝသလို ပညာလည်းတော်တယ်လေ ၊ အဲဒါ သမီးများ ဖြေရှင်းပေးနိုင်မလားလို့ပါ”
လီကျင်းဝမ်က ဖခင်ဖြစ်သူကို သွားရောက်ကြည့်ရှုရင်း အိမ်တော်၏ဘိုးဘေးအကြီးအကဲများကိုပါ နှုတ်ဆက်ဂါရဝပြုလိုက်လေသည်။
***
‘လီ’ အိမ်တော်အပြင်ဘက်။
လီကျင်းဝမ် အိမ်တော်ထဲ အပြေးအလွှားဝင်ရောက်သွားသည်ကို တိတ်တဆိတ်စောင့်ကြည့်နေသူတစ်ယောက် ရှိနေလေသည်။
လီကျင်းဝမ်ကတော့ ထိုသူ သူမကိုစောင့်ကြည့်နေသည်ကို မသိရှိခဲ့ပေ။
ထိုသူက အခြားသူမဟုတ် ၊ လင်ကျိုးပင် ဖြစ်လေ၏။
လီကျင်းဝမ်ပျောက်ကွယ်သွားသည်အထိ ငေးမောကြည့်နေပြီးမှ လင်ကျိုးလှည့်ထွက်လာခဲ့သည်။
“မင်းရဲ့ အဖေ ဘာမှမဖြစ်ပါဘူး ကျင်းဝမ် ၊ မင်းမှာ ကျောက်စိမ်းပင်လယ်မြို့တော်က ဆေးစွမ်းကောင်းတွေ ရှိတာပဲ ၊ သူ မကြာခင် သတိရလာမှာပါ ၊ ဒါပေမဲ့ အချိန်တစ်ခုအထိ မင်း ယီကျိုးမြို့မှာ မိသားစုနဲ့အတူ အေးအေးဆေးဆေး နေလိုက်ပါကွာ”
လင်ကျိုး၏ မျက်ဝန်းများက တည်ငြိမ်နေသည်။
“မင်း အဲဒီနေရာမှာမရှိရင် ငါလည်း စိုးရိမ်ပူပန်စရာ မရှိတော့ပါဘူး ၊ ကျောက်စိမ်းပင်လယ်မြို့တော်တစ်ခုလုံး သွေးချောင်းစီးပြီး မီးလောင်ပြင်ဖြစ်သွားလည်း ငါ့အတွက် ဘာမှအရေးမကြီးတော့ဘူး”
ထို့နောက် အရှေ့အရပ်ဆီ စူးစိုက်ကြည့်ရင်း လင်ကျိုး၏မျက်ဝန်းများ အေးစက်သွားသည်။
“ရန်ကျောက်ကဲ... မင်းအခု ကျောက်စိမ်းပင်လယ်မြို့တော်ကိုရောက်နေတာ အရမ်းကောင်းတယ်”
“ငါက တစ်လျှောက်လုံး မိုးကောင်းကင်ကိုဆန့်ကျင်ပြီး ကံကြမ္မာကို ပြောင်းလဲပစ်ချင်ခဲ့တယ် ၊ ငါ့ကံကြမ္မာ ၊ ငါ့မိသားစုကံကြမ္မာ ၊ ငါ့ချစ်သူကံကြမ္မာ... အရာအားလုံးကို ပြောင်းလဲပစ်ချင်ပေမယ့် ငါ ဘာမှ မတတ်နိုင်ခဲ့ဘူး ၊ ဒါကြောင့် ဒီတစ်ခါတော့ ငါ ဘာမှမလုပ်တော့ဘူး ၊ အနာဂတ်မှာ ဖြစ်လာမှာတွေကိုပဲ တိတ်တိတ်လေး စောင့်နေတတော့မယ်”
ထို့နောက် သူ့ခြေလှမ်းများက ပင်လယ်ပြင်တည်ရှိရာ အရှေ့ဆီသို့ ဦးတည်ထွက်ခွာသွားသည်။
“အဖေက အရင်ကလို ငရဲကိုးထပ်က နတ်ဆိုးတွေနဲ့ တိုက်ခိုက်ရင်း မသေခဲ့ရပေမယ့် မင်းတို့ ဝါဒတောင်လက်ချက်ကြောင့် သေခဲ့ရတယ် ၊ ဒီတော့ မင်းတို့အကုန်လုံး ငါ့အဖေကို အဖော်ပြုပေးလို့ရအောင် ငရဲကိုပို့ပေးလိုက်မယ်...”
“မင်းကနေ စ လိုက်ကြတာပေါ့... ရန်ကျောက်ကဲရာ...”