← Chapters

ယွမ်ရှန်ရှန် ရင်သွေးကမ္ဘာ မွေးဖွားခြင်း

Vol. 77 Ch. 1147

ယွမ်ရှန်ရှန် ရင်သွေးကမ္ဘာ မွေးဖွားခြင်း

Vol. 77 Ch. 1147

နန်းကုန်းယွဲ့ဟွာသည် ထိုအချိန်တွင် လုချန်းကို အာရုံမစိုက်လိုတော့ပေ။ သူ၏ အနှောင့်အယှက်ပေးခြင်းကို ယခုလေးတင် ခံထားရသဖြင့် သူမ၏ စိတ်ထဲတွင် အနည်းငယ် မကျေမနပ်ဖြစ်နေခြင်းက ပုံမှန်သာဖြစ်သည်။

ထိုအချိန်တွင် လုချန်း၏ စိတ်ထဲ၌ အသိပေးသံတစ်ခု ဝင်လာသည်။

“ယွမ်ရှန်ရှန်သည် ရင်သွေးကမ္ဘာကို အောင်မြင်စွာ ပျိုးထောင်နိုင်ခဲ့သဖြင့် ကောင်းကင်ပေါက်ကွဲခြင်း အင်းကွက်ကို ဆုချီးမြှင့်ပါသည်”

အသိပေးသံကို ကြားသောအခါ ကောင်းကင်ပေါက်ကွဲခြင်း အင်းကွက်၏ အချက်အလက်များကို လုချန်း စိတ်ဝင်တစား ဖွင့်ကြည့်လိုက်သည်။

[ကောင်းကင်ပေါက်ကွဲခြင်း အင်းကွက် : အခြေခံပေါက်ကွဲခြင်း အင်းကွက်ပုံစံ၏ အဆင့်မြင့် အမျိုးအစား ဖြစ်ပြီး အင်းလက်နက်များ ပြုလုပ်ရာတွင် အသုံးပြုနိုင်သည်။ သို့သော် အင်းကွက်၏ စွမ်းအားကို ထိန်းချုပ်ရန်အတွက် အလွန် တန်ဖိုးရှိသော ပစ္စည်းများ လိုအပ်၏။ မဟုတ်ပါက လက်နက် ပေါက်ကွဲပြီး ကိုင်ဆောင်သူကို ထိခိုက်စေနိုင်သည်။]

အင်းကွက်၏ မိတ်ဆက်ကို ဖတ်ပြီးနောက် လုချန်း တွေးလိုက်သည်။ ထိုပစ္စည်းက တကယ်ကို ကောင်းလှသည်။ အခြေခံ အင်းကွက် လက်နက်သည်ပင် ကောင်းကင်လူသားအဆင့် ကျင့်ကြံသူတစ်ဦးအား သတ်ဖြတ်နိုင်စွမ်းရှိသည်။

ယခု သူ့၌ ကောင်းကင်အဆင့် ပေါက်ကွဲခြင်း အင်းကွက်ပုံစံ ရှိနေပြီဖြစ်ရာ ထိုပုံစံဖြင့်ပြုလုပ်လိုက်သော အင်းလက်နက်၏ စွမ်းအားသည် ပို၍ ကြီးမားလာမည် မဟုတ်ပါလား။

ထိုအတွေးဖြင့် လုချန်း၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုလှိုင်းတစ်ခု ဖြတ်သန်းသွားသည်။

စိတ်လှုပ်ရှားလာသည်နှင့်အမျှ လုချန်း၏ စိတ်ဝင်စားမှု တဖန် မြင့်တက်လာပြန်၏။ သူ့ရှေ့ရှိ အေးစက်သော အလှပဂေးကို မြင်သောအခါ မနေနိုင်တော့ပဲ ထပ်မံ အလုပ်ရှုပ်တော့သည်။

နန်းကုန်းယွဲ့ဟွာ အံကို တင်းတင်း ကြိတ်လိုက်သည်။ ဒီလူဆိုး ခုနက ဘာတွေ တွေးလိုက်မှန်း သူမ မသိပေ။ ဘာကြောင့် ရုတ်တရက် ထပ်ပြီး ရူးသွပ်သွားရပြန်သနည်း။ ဒီတစ်ခါတော့ သူတို့၏ အပြန်အလှန်တုံ့ပြန်မှု ပြီးဆုံးသွားပြီဟု သူမ ထင်မှတ်ခဲ့သည်။ သူတို့ အတူနေခဲ့သည်မှာ တစ်လကျော်ပြီဖြစ်ပြီး ယခု သူမသည် သူ့ဘဝ၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီဟု ခံစားမိသည်။

…….

ထိုအချိန်တွင်...

ချန်ဟိုင်ဂိုဏ်း...

တစ်နှစ်ကြာ ကြိုးစားပြီးနောက် လေဟောင်ရန်သည် နောက်ဆုံးတွင် ဂိုဏ်းပြင်ပ အကြီးအကဲတစ်ဦး၏ အာရုံစိုက်မှုကို ရရှိခဲ့ပြီး ထိုအကြီးအကဲ၏ တပည့် ဖြစ်လာခဲ့သည်။

ထိုဂိုဏ်းပြင်ပ အကြီးအကဲ၏ ကူညီမှုဖြင့် လေဟောင်ရန်၏ အင်အား ပြန်လည်ကောင်းမွန်လာရုံသာမက သူ၏ နတ်ဝိညာဉ်လည်း အတော်အတန် သက်သာလာခဲ့သည်။

ထိုအချိန်တွင် တောင်ထိပ်တစ်ခုပေါ်၌ အကြီးအကဲတစ်ဦးသည် အဝေးမှ တောင်တန်းများကို လှမ်းကြည့်ပြီး သူ့အနောက်တွင် ရပ်နေသော လေဟောင်ရန်ကို ပြောလိုက်သည်။

“ဟောင်ရန်... မင်းရဲ့ အင်အားက ပြန်ကောင်းသလောက် ရှိနေပြီ။ မင်း အပြင်ထွက်ပြီး အတွေ့အကြုံယူနိုင်ဖို့ မင်းရဲ့ဆရာ စီစဉ်ထားတယ်”

“မင်းရဲ့ ပါရမီက သိပ်မကြီးပေမဲ့ မင်းရဲ့ အင်အားကတော့ အဆင်ပြေပါတယ်။ ကျင့်ကြံခြင်းအပေါ် မင်းရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပေါင်းစပ်လိုက်ရင် အနာဂတ်မှာ အတွင်းဂိုဏ်းကို မင်း ဝင်ရောက်နိုင်လောက်တယ်။”

ထိုစကားကို ကြားသောအခါ လေဟောင်ရန်က

“ဟုတ်ကဲ့... တပည့်က ဆရာ့အမိန့်အတိုင်း လိုက်နာပါ့မယ်”

ကျိုဖေးအန်က

“ကောင်းပြီ... မင်း သွားပြင်ဆင်လို့ ရပြီ”

ကျိုဖေးအန်၏ စကားဆုံးသွားသော်လည်းလေဟောင်ရန် ချက်ချင်း ထွက်မသွားပေ။ လေဟောင်ရန်၏ စိတ်ထဲတွင် ပြောစရာတစ်ခု ရှိနေသည်ကို မြင်သောအခါ ကျိုဖေးအန်က မေးလိုက်သည်။

“ဘာလဲ... မင်းမှာ ပြောစရာ ကျန်သေးလို့လား”

လေဟောင်ရန်က

“ဆရာ... ဆရာနဲ့ ဆွေးနွေးသင့် မဆွေးနွေးသင့် တပည့် မသေချာတဲ့ ကိစ္စတစ်ခု ရှိနေလို့ပါ”

ကျိုဖေးအန်က နားမလည်စွာဖြင့်

“ဘာကိစ္စလဲ... ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ”

လေဟောင်ရန်သည် ပုံမှန်အားဖြင့် ကျင့်ကြံခြင်း၌သာ အာရုံစိုက်လေ့ရှိပြီး တောင်းဆိုမှုများ ပြုလေ့ မရှိပေ။ သို့သော် ယနေ့ သူ့တွင် ရုတ်တရက် ပြောစရာရှိနေခြင်းက ကျိုဖေးအန်၏ စိတ်ဝင်စားမှုကို နှိုးဆွလိုက်၏။

လေဟောင်ရန်က

“တပည့်က တစ်ချိန်တုန်းက နိုင်ငံတစ်ခုရဲ့ ဧကရာဇ် ဖြစ်ခဲ့ဖူးပါတယ်။ တစ်နေ့မှာ တပည့်ရဲ့ လက်အောက်ငယ်သားတွေက အိမ်နီးချင်းကမ္ဘာမှာ မဟာဧကရာဇ် ဂူသင်္ချိုင်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်...”

လေဟောင်ရန် စကားမဆုံးခင်မှာပင် ကျိုဖေးအန်က ချက်ချင်း ဖြတ်ပြောလိုက်သည်။

“နေဦး... မဟာဧကရာဇ် ဂူသင်္ချိုင်း ဟုတ်လား။ မင်း ပြောနေတာ အမှန်ပဲလား”

လေဟောင်ရန်က

“တပည့် ပြောသမျှ စကားတိုင်းက အမှန်ပါပဲ။ အဲဒါက အဆင့်နိမ့်ကမ္ဘာတစ်ခု ဖြစ်ပေမဲ့ အဲ့ဒီက ကျင့်ကြံသူတွေက ပြန်လည်ပျက်စီးခြင်းအဆင့်ကို ချိုးဖောက်ဝင်ရောက်နိုင်ကြပြီး ကောင်းကင်အဆင့် ဝိညာဉ်လက်နက်တွေ အများကြီး ပိုင်ဆိုင်ထားကြပါတယ်။ အရေးအကြီးဆုံးကတော့ အဲဒီကမ္ဘာကို စွမ်းအားရှင်တစ်ဦးက ကန့်သတ်ချက်တွေနဲ့ ချိပ်ပိတ်ထားခဲ့တာပါ။”

“အဲဒီ အဆင့်နိမ့်ကမ္ဘာက တပည့် နေထိုင်ခဲ့တဲ့ ကမ္ဘာနဲ့ ကပ်လျက်မှာ ရှိနေပေမဲ့ တပည့်ရဲ့ နိုင်ငံ တည်ရှိခဲ့တဲ့ ကာလတစ်လျှောက်လုံး ဘိုးဘေးတွေက အဲဒီကမ္ဘာကို တစ်ခါမှ ရှာမတွေ့ခဲ့ပါဘူး။”

လေဟောင်ရန်၏ စကားများကို ကြားသောအခါ ကျိုဖေးအန် တိတ်ဆိတ်သွားသည်။ ရိုးရိုးသားသား ပြောရလျှင် မဟာဧကရာဇ် ဂူသင်္ချိုင်းရှိသော အဆင့်နိမ့်ကမ္ဘာတစ်ခု ရှိသည်ဟူသော လေဟောင်ရန်၏ ပြောစကားကို အစပိုင်းတွင် သူ မယုံကြည်ပေ။

သို့သော် ထိုးဖောက်၍ မရနိုင်လောက်အောင် စွမ်းအားရှင်တစ်ဦး၏ ချိပ်ပိတ်ခြင်း ခံထားရသော နေရာတစ်ခုတွင် ရတနာများ ဧကန်မုချ ရှိနေပေမည်။ ထို့ပြင် ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူများကို မွေးထုတ်ပေးနိုင်ပြီး ကောင်းကင်အဆင့် ဝိညာဉ်လက်နက် အများအပြား ပိုင်ဆိုင်ထားသော အဆင့်နိမ့်ကမ္ဘာတစ်ခု ဖြစ်နေခြင်းကို ထည့်ပေါင်းစဉ်းစားလိုက်လျှင် ထိုကမ္ဘာတွင် မဟာဧကရာဇ် ဂူသင်္ချိုင်း အမှန်တကယ် ရှိနိုင်ပေသည်။

အဲဒါသာ အမှန်ဆိုရင်...

ကျိုဖေးအန်၏ မျက်နှာပေါ်တွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်။ ထို့နောက် လေဟောင်ရန်ကို ကြည့်ကာ မေးလိုက်သည်။

“ဟောင်ရန်... မင်းပြောတဲ့ ကမ္ဘာက ဘယ်ကြယ်တာရာနယ်မြေမှာ ရှိတာလဲ။ ဒီကိစ္စကို ဂိုဏ်းဆီ တင်ပြပြီး အဲဒီနေရာမှာ မဟာဧကရာဇ် ဂူသင်္ချိုင်း ရှိကြောင်း အတည်ပြုနိုင်ရင် မင်းက အကောင်းဆုံး အကျိုးဆောင်နိုင်သူ ဖြစ်လာလိမ့်မယ်။ အဲဒီကျရင် အတွင်းဂိုဏ်းကို မင်း ဝင်ခွင့်ရဖို့ သေချာသလောက်ပဲ။”

လေဟောင်ရန်က ချက်ချင်း ပြန်ဖြေလိုက်သည်။

“အဲဒီကမ္ဘာကို ထျန်းချန်ကမ္ဘာလို့ ခေါ်ပြီး ဖရိုဖရဲကြယ်ပင်လယ်ထဲမှာ တည်ရှိပါတယ်”

ထိုစကားကို ကြားသောအခါ ကျိုဖေးအန် ခဏမျှ ကြောင်အသွားသည်။

ဖရိုဖရဲကြယ်ပင်လယ်...

အဲဒါ ဘယ်လိုနေရာလဲ။

သူ ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ။

ကျိုဖေးအန်က

“မင်းပြောတဲ့ ဖရိုဖရဲကြယ်ပင်လယ်ဆိုတာကို ငါ ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ”

လေဟောင်ရန်က လျင်မြန်စွာ ပြောလိုက်သည်။

“ဖရိုဖရဲကြယ်ပင်လယ်က အရိုင်းအစိုင်း ကြယ်တာရာနယ်မြေတစ်ခု ဖြစ်ပြီး ကမ္ဘာ သေတွေနဲ့ ပြည့်နှက်နေသလို အချိန်နှင့်နေရာ မငြိမ်မသက်မှုတွေလည်း မကြာခဏ ဖြစ်ပွားတတ်ပါတယ်။ ဆရာ ဖရိုဖရဲကြယ်ပင်လယ်ကို မသိတာ မဆန်းပါဘူး။”

ကျိုဖေးအန်က

“ဒါဆို အရိုင်းအစိုင်း ကြယ်တာရာနယ်မြေတစ်ခုပဲကိုး... ငါ မကြားဖူးတာ မဆန်းပါဘူး”

“ဒါပေမဲ့...”

“မင်းက ဖရိုဖရဲကြယ်ပင်လယ်ကနေ လာတာဆိုတော့ ပြန်သွားရမယ့် လမ်းကိုလည်း သိမှာပေါ့... ဟုတ်တယ်မလား”

ဒါက...

လေဟောင်ရန် ဖြေရခက်နေသည်ကို မြင်သောအခါ ကျိုဖေးအန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

“မင်းက ဖရိုဖရဲကြယ်ပင်လယ်ကနေ လာတာဆိုပြီး ဖရိုဖရဲကြယ်ပင်လယ်ကို ဘယ်လိုပြန်သွားရမလဲဆိုတာ မသိဘူးလို့ ငါ့ကို ပြောနေတာလား။”

လေဟောင်ရန်က ပြန်ဖြေသည်။

“ဆရာ့ကို ရိုးရိုးသားသား ပြောရရင် ဖရိုဖရဲကြယ်ပင်လယ်ကနေ ဆန္ဒအလျောက် ထွက်ခွာလာပြီးကတည်းက တပည့်လည်း လမ်းကြောင်း ပျောက်ဆုံးသွားခဲ့ပါတယ်။ ဖရိုဖရဲကြယ်ပင်လယ်ရဲ့ ကြယ်မြေပုံကို တစ်နှစ်လုံးလုံး ရှာခဲ့ပေမဲ့ ဘာမှ မတွေ့ခဲ့ရပါဘူး”

ထိုစကားကို ကြားသောအခါ ကျိုဖေးအန် ဒေါသမထွက်သည့်အပြင် သူ၏ မျက်နှာပေါ်ရှိ အပြုံးက ပိုပီပြင်လာသည်။

ဟုတ်နိုင်သည်...

အရိုင်းအစိုင်း ကြယ်တာရာနယ်မြေအကြောင်း လူသိပ်မသိကြပေ။ မည်သို့ပင်ဆိုစေ ထိုနေရာသို့ သွားရောက်သူ နည်းပါးလှသော်လည်း သိရှိသူ တစ်ဦးတစ်လေတော့ ရှိပေလိမ့်မည်။

အရိပ်အယောင်မျှပင် မတွေ့ရှိနိုင်ခြင်းနှင့် လေဟောင်ရန် ပြောသလို အဆင့်နိမ့်ကမ္ဘာတစ်ခုကို ရှာမတွေ့နိုင်အောင် တစ်စုံတစ်ယောက်က ကန့်သတ်ချက်များ ပြုလုပ်ထားကြောင်း ထည့်သွင်းစဉ်းစားလိုက်လျှင် ဤအရိုင်းအစိုင်း ကြယ်တာရာနယ်မြေသည် တမင် ဖွက်ထားခံရခြင်း ဖြစ်နိုင်ကြောင်း ညွှန်ပြနေသည်။

ထိုအဆင့်နိမ့်ကမ္ဘာကို ဖုံးကွယ်ရန် ကန့်သတ်ချက်များ ပြုလုပ်ထားသော စွမ်းအားရှင်၏ လက်ချက် ဖြစ်ကောင်းဖြစ်နိုင်ပြီး ဖရိုဖရဲကြယ်ပင်လယ်တွင် မဟာဧကရာဇ် ဂူသင်္ချိုင်း အမှန်တကယ် ရှိနေနိုင်ကြောင်း ပိုမို သေချာစေသည်။

မဟာဧကရာဇ် ဂူသင်္ချိုင်းအတွင်း၌ ရေတွက်မရနိုင်သော အခွင့်အရေးများနှင့် အမွေအနှစ်များ ရှိနိုင်သည်။ အကယ်၍ သူသာ ထိုနေရာကို ရှာဖွေတွေ့ရှိပါက သူတော်စင်အဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်မည့် အခွင့်အရေး ပိုများလာပေလိမ့်မည်။

ထိုအတွေးဖြင့် ကျိုဖေးအန်က လေဟောင်ရန်ကို ပြောလိုက်သည်။

“ဒီကိစ္စကို ဂိုဏ်းဆီ လောလောဆယ် မတင်ပြနဲ့ဦး။ မင်းက ပြန်သွားရမယ့် လမ်းကိုလည်း ရှာမတွေ့သေးသလို မင်း ပြောတာတွေ အမှန် ဟုတ် မဟုတ် ဆိုတာလည်း ဘယ်သူမှ မသိနိုင်ဘူး။ နောက်ဆုံးကျမှ မင်းပြောတဲ့ မဟာဧကရာဇ် ဂူသင်္ချိုင်းကို ရှာမတွေ့ရင် ဂိုဏ်းက မင်းကို အပြစ်ပေးမှာ သေချာတယ်။”

“ဒီလို လုပ်ကြစို့... ငါ မင်းကို ကူညီဖို့ လူတချို့ လွှတ်ပေးမယ်။ မင်းက ဖရိုဖရဲကြယ်ပင်လယ်ကို ပြန်သွားရမယ့် နည်းလမ်းကို ရှာကြည့်။ ဖရိုဖရဲကြယ်ပင်လယ်ရဲ့ ကြယ်မြေပုံကို မင်း ရှာတွေ့ရင် မင်းကိုယ်စား ဂိုဏ်းကို ငါ ချက်ချင်း တင်ပြပေးမယ်”

ထိုစကားကို ကြားသောအခါ လေဟောင်ရန်က ဝမ်းသာအားရ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဆရာ”

ကျုံးဖေးအန်က ဆက်ပြောသည်။

“အင်း... လောလောဆယ်တော့ ဒီအတိုင်းပဲ လုပ်ကြတာပေါ့”

“ဟုတ်ကဲ့ပါ ဆရာ”

ထို့နောက် လေဟောင်ရန် လှည့်ထွက်သွားသည်။

ထွက်ခွာသွားသော လေဟောင်ရန်၏ ကျောပြင်ကို ကြည့်ရင်း ကျိုဖေးအန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားကာ သူ၏ မုတ်ဆိတ်မွေးကို သပ်ရင်း စိတ်ထဲတွင် တစ်စုံတစ်ခုကို ကြံစည်နေပုံ ရသည်။

မဟာဧကရာဇ် ဂူသင်္ချိုင်းသတင်းကို ဂိုဏ်းအား လောလောဆယ် မပြောပြရန် သူ ဆုံးဖြတ်လိုက်သည်။ အမွေအနှစ်နှင့် အခွင့်အရေးများအကြောင်း လူသိများလေ‌လေ ပြိုင်ဘက်များလေလေ ဖြစ်လိမ့်မည်။ လူနည်းနည်းသာ သိခြင်းက ပိုကောင်းသည်။ ထို့ကြောင့် လေဟောင်ရန် ပြောခဲ့သော ဖရိုဖရဲကြယ်ပင်လယ်ကို အရင်ရှာပြီးမှ သူ့ဘာသာ တစ်ကိုယ်တော် စူးစမ်းလေ့လာရန်စဉ်းစားလိုက်သည်။

All Chapters