ရန်သူတော်များ ရောက်ရှိလာခြင်း
Vol. 77 Ch. 1150
ယွမ်ရှန်ရှန်၏ ပြုစုမှုကို ခံယူပြီးနောက် ရေချိုးအဝတ်အစားလဲကာ နဂါးနက်မြို့ နန်းတော်ရှိ နန်းတွင်းစာကြည့်ခန်းသို့ လုချန်း အမြန် ထွက်ခွာလာခဲ့သည်။ ရောက်သည်နှင့် နန်းတွင်းစာကြည့်ခန်းတွင် လာတွေ့ဆုံရန် ယင်ကျန်းယဲ့ကို ဆင့်ခေါ်လိုက်သည်။
တစ်ခဏအကြာတွင် ယင်ကျန်းယဲ့ နန်းတွင်းစာကြည့်ခန်းထဲသို့ ရောက်ရှိလာကာ
“မင်းကြီး”
ဟု ရိုသေစွာ နှုတ်ဆက်လိုက်သည်။
လုချန်းက
“ထုံးစံတွေ ထားလိုက်ပါ”
ဟု ခပ်အေးအေး တုံ့ပြန်လိုက်သည်။
“ကောင်းကင် အင်းကွက် လက်နက် နည်းပညာတစ်ခုကို ကျွန်တော် ရထားတယ်။ ဒါကြောင့် သန့်ရှင်းသော နဂါးနက် နယ်မြေက လက်နက်သွန်းလုပ်သူတွေကို သူတို့လက်ရှိအလုပ်တွေ ခဏထားပြီး ကျွန်တော့်အတွက် အင်းကွက် လက်နက်တွေ လုပ်ဖို့ အာရုံစိုက်စေချင်တယ်။”
ထိုစကားကို ကြားသောအခါ ယင်ကျန်းယဲ့ အံ့အားသင့်သွားခဲ့သည်။ အင်းကွက် လက်နက်များ အကြောင်းကို သူသိသော်လည်း ထျန်းချန်ကမ္ဘာသို့ ရောက်လာပြီးမှသာ စကြဝဠာထဲတွင် ဤကဲ့သို့ ဆန်းကြယ်သော လက်နက်များ ရှိကြောင်း သူ အမှန်တကယ် နားလည်ခဲ့ခြင်း ဖြစ်သည်။
အင်းကွက် လက်နက်များနှင့် စိတ်ဝိညာဉ် လက်နက်များမှာ ကွာခြားသည်။ စိတ်ဝိညာဉ် လက်နက်အချို့တွင် နည်းဗျူဟာပုံစံများ ရေးထိုးရန် လိုအပ်သော်လည်း ၎င်းတို့အား ပြုလုပ်ပုံမှာ အင်းကွက် လက်နက်များကဲ့သို့ လွယ်ကူခြင်း မရှိပေ။
စိတ်ဝိညာဉ် လက်နက် တစ်ခုကို ဖန်တီးရန် လက်နက်သွန်းလုပ်သူ တစ်ဦးက နာရီပေါင်းများစွာ အချိန်ပေးရသော်လည်း ရှနိုင်ငံတော်မှ လက်မှုပညာသည်များမှာမူ အင်းကွက် လက်နက် ဒါဇင်ပေါင်းများစွာကို နှစ်နာရီအတွင်း ထုတ်လုပ်နိုင်သည်။
အင်းကွက် လက်နက်များ၏ ကြောက်မက်ဖွယ် ကောင်းသော အချက်မှာ ရိုးရှင်းမှုတွင် တည်ရှိသည်။ လက်နက်ပေါ်တွင် အင်းကွက်များ ရေးထိုးလိုက်ရုံဖြင့် ကြီးမားသော စွမ်းအားကို ထုတ်လွှတ်နိုင်ပြီး သာမန်လူများပင် အသုံးပြုနိုင်သည်။
သို့သော် အင်းကွက် လက်နက်များတွင် အားနည်းချက်များလည်း ရှိသည်။ အဓိကအားနည်းချက်က စွမ်းအား ကန့်သတ်ချက် ရှိနေခြင်း ဖြစ်သည်။ အသုံးပြုသူ မည်မျှပင် အားကောင်းပါစေ အင်းကွက် လက်နက်၏ စွမ်းအားမှာ အကန့်အသတ်ဖြင့်သာ ရှိနေမည် ဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် စိတ်ဝိညာဉ် လက်နက်များ၏ စွမ်းအားမှာမူ ကိုင်ဆောင်သူ၏ အင်အားအလိုက် အစွမ်းထက်လာသည်။ ကျင့်ကြံသူ ပိုမို စွမ်းအားကြီးလေလေ လက်နက်၏ အစွမ်းထက်မြက်မှု ပိုမို ကြီးမားလေလေ ဖြစ်သည်။
သို့သော် အင်းကွက် လက်နက်များကို ကိုင်တွယ်အသုံးပြုရန် လွယ်ကူမှုကို လျစ်လျူရှု၍ မရပေ။ မိမိတို့ထက် အဆင့်များစွာ မြင့်မားသော ပြိုင်ဘက်များကို လွယ်ကူစွာ ချေမှုန်းနိုင်သည့် လက်နက်တစ်ခုကို သာမန် ကျင့်ကြံသူများ ပိုင်ဆိုင်နိုင်မည် ဆိုပါက အဆင့်မြင့် ကျင့်စဉ်ကမ္ဘာများကို တိုက်ခိုက်လျှင်ပင် ရှနိုင်ငံတော်အတွက် အနိုင်ရရန် အခွင့်အရေး ပိုများပေလိမ့်မည်။
ယင်ကျန်းယဲ့က
“မင်းကြီး... အဲ့ဒီကိစ္စကို ကျွန်တော် ချက်ချင်း စီစဉ်လိုက်ပါ့မယ်”
လုချန်းက
“အလျင်လိုစရာ မလိုသေးဘူး။ အင်းကွက် လက်နက်တွေ ပြုလုပ်ဖို့ အသက်ဝင်ရွှေ အမြောက်အမြား လိုတယ်။ ခင်ဗျားတို့အခေါ် ‘ရှန်ကျင်’ ပေါ့။ သန့်ရှင်းသော နဂါးနက် နယ်မြေက လူတွေကို ထျန်းချန်ကမ္ဘာဆီ ရှန်ကျင်တွေ ပိုပို့ခိုင်းလိုက်ပါ။”
အင်းကွက် လက်နက် ထုတ်လုပ်ရန် အသက်ဝင်ရွှေ လိုအပ်ကြောင်း သိလိုက်ရသောအခါ ယင်ကျန်းယဲ့ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ ကောင်းကင် အင်းကွက် လက်နက်များသည် ရှနိုင်ငံတော်မှ ထုတ်လုပ်သော သံမဏိများကို အသုံးပြု၍ ရိုးရှင်းစွာ ပုံသွင်းနိုင်သည့် အဆင့်နိမ့် အင်းကွက် လက်နက်များကဲ့သို့ ဖြစ်မည်ဟု သူထင်မှတ်ခဲ့မိသည်။
အကယ်၍သာ ထိုသို့ ဖြစ်ခဲ့လျှင် လက်နက်မှာ အလွန်စွာ အစွမ်းထက်လွန်းနေပေမည်။ အနာဂတ်တွင် ဈေးကွက်ထဲ၌ ဤလက်နက်များ ပျံ့နှံ့သွားမည်ကို သူစိုးရိမ်မိသည်။ လူတိုင်းတွင် ကောင်းကင် အင်းကွက် လက်နက် ရှိနေပါက ကျင့်ကြံသူများအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာနိုင်သည်။ ဒါက ကောင်းသော ကိစ္စ မဟုတ်ပေ။
အခြေခံ အင်းကွက် လက်နက် ကိုင်ဆောင်ထားသော သာမန်လူများပင် ကောင်းကင်လူသားအဆင့် ရှိသူများကို သတ်ဖြတ်နိုင်သည်။ ထိုသို့ဆိုလျှင် သာမန် ကျင့်ကြံသူများသာ ကောင်းကင် အင်းကွက် လက်နက်များကို ရရှိသွားပါက မည်သို့ ဖြစ်မည်နည်း။ သူတို့က ဥပဒေနိယာမ အလုံးစုံ အဆင့် သို့မဟုတ် နတ်ဘဝပြောင်းလဲခြင်း အဆင့် ရှိသူများကိုပင် စိတ်ကြိုက် သတ်ဖြတ်နိုင်ကြမည် မဟုတ်ပါလား။
ယင်ကျန်းယဲ့သည် အတွေးအခေါ်အားဖြင့် အတော်အတန် ရှေးရိုးဆန်သူ ဖြစ်သည်။ အင်းကွက် လက်နက်များ အများအပြား ထုတ်လုပ်ခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုး နှစ်ခုစလုံးကို သူမြင်သည်။
၎င်းတို့ကို သူတို့လက်ထဲတွင်သာ ထိန်းသိမ်းထားနိုင်ပါက သူတို့၏ အင်အားကို သိသိသာသာ တိုးတက်စေသောကြောင့် ပြဿနာ ရှိမည် မဟုတ်ပေ။
သို့သော် အင်းကွက် လက်နက်နည်းပညာများ ပေါက်ကြားသွားပြီး အခြား အင်အားစုများ၏ လက်ထဲသို့ ရောက်ရှိသွားပါက ထျန်းချန်ကမ္ဘာနှင့် ရှနိုင်ငံတော်အတွက် ဘေးဆိုးတစ်ခု ဖြစ်လာလိမ့်မည်။ အနာဂတ်တွင် အခြားသူများက ကောင်းကင် အင်းကွက် လက်နက်များကို ကိုင်ဆောင်၍ ထျန်းချန်ကမ္ဘာကို တိုက်ခိုက်လာသည့် ဖြစ်ရပ်များ ရှိလာနိုင်သည်။
မည်သို့ပင် ဖြစ်စေ ယင်ကျန်းယဲ့ သူ၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော် မပြောတော့ပေ။ ဤပြဿနာများကို သူသိပါက မင်းကြီးလည်း သိလိမ့်မည်ဟု ယုံကြည်သည်။ မင်းကြီးက ဤဆုံးဖြတ်ချက်ချပြီးဖြစ်၍ သေချာ စဉ်းစားပြီးလည်း ဖြစ်လိမ့်မည်။ သူလုပ်ရန် လိုအပ်သည်မှာ မင်းကြီး၏ ညွှန်ကြားချက်များကို လိုက်နာရန်သာ ဖြစ်သည်။
ထို့နောက် ယင်ကျန်းယဲ့က
“မင်းကြီး အမိန့်တော်အတိုင်းပါ”
“ကောင်းပြီ။ ခင်ဗျား သွားလို့ရပြီ”
ဟု လုချန်းက ပြောလိုက်သည်။
“ကျွန်တော့်ကို ခွင့်ပြုပါဦး”
ထိုသို့ ပြောပြီးနောက် ယင်ကျန်းယဲ့ နန်းတွင်းစာကြည့်ခန်းမှ ချက်ချင်း ထွက်ခွာသွား တော့သည်။
…….
တစ်ချိန်တည်းမှာပင်။
စကြဝဠာ ဟင်းလင်းပြင်ထဲ၌ နတ်လှေတစ်စင်းသည် အဝေးဆီသို့ ဖြည်းညှင်းစွာ ပျံသန်းနေသည်။
ထိုအချိန်တွင် နတ်လှေပေါ်ရှိ လူတိုင်း၏ မျက်နှာထားများမှာ ကြည်လင်ခြင်း မရှိပဲ အုံ့မှိုင်းနေကြသည်။
ဤနတ်လှေမှာ ယင်မီးဂိုဏ်းမှ ဖြစ်ပြီး လျှို့ဝှက်လဝန်းနန်းတော် ထျန်းယွမ်ကမ္ဘာမှ ထွက်ခွာခြင်းကို ခြေရာခံ စောင့်ကြည့်ရန် လုယန်ဟွာက အထူး စီစဉ်ပေးထားခြင်း ဖြစ်သည်။ လုချန်းကို လုပ်ကြံသတ်ဖြတ်ရန် လူများ စေလွှတ်ရမည့် တာဝန်လည်း သူတို့မှာ ရှိသည်။
လျှို့ဝှက်လဝန်းနန်းတော်၏ ရိပ်မိခြင်းကို ရှောင်ရှားနိုင်ရန် လျှို့ဝှက်လဝန်းနန်းတော်၏ နတ်လှေအုပ်စုနှင့် အတော်အတန် ဝေးကွာသော အကွာအဝေးကို သူတို့ အမြဲ ထိန်းသိမ်းထားခဲ့သည်။ သို့သော် လျှို့ဝှက်လဝန်းနန်းတော်အတွင်း ထည့်သွင်းထားသော လုယန်ဟွာ၏ သူလျှိုများက သတင်းများကို စဉ်ဆက်မပြတ် ပေးပို့နေခဲ့သဖြင့် လျှို့ဝှက်လဝန်းနန်းတော်၏ ယာဉ်အုပ်စု ပျောက်ဆုံးသွားမည်ကို သူတို့ မပူပန်ခဲ့ကြပေ။
သို့သော် ရုတ်တရက် လွန်ခဲ့သော နှစ်နှစ်က ရှေ့တန်းမှ သတင်းပို့ချက်များ ရပ်တန့်သွားပြီး လျှို့ဝှက်လဝန်းနန်းတော်၏ ယာဉ်အုပ်စုနှင့် အဆက်အသွယ် လုံးဝ ပြတ်တောက်သွားခဲ့သည်။ သူလျှိုများထံမှ သတင်းအချက်အလက် မရရှိပဲ ထျန်းချန်ကမ္ဘာကို သူတို့ မည်သို့ ရှာဖွေနိုင်မည်နည်း။
ထိုအချိန်တွင် စစ်မာဟောင်ရန်က မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်သည်။
“ တောက်....ကျုပ်တို့ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ လှည့်စားတာ ခံလိုက်ရပြီ။ တစ်ယောက်ယောက်က သတင်းပေးနေတာကို သူတို့ ကြိုသိနေပုံရတယ်။ အဲဒီလူတွေကို သတင်းအချက်အလက်တွေ ဆက်ပို့ခိုင်းပြီး တမင်တကာ တခြားနေရာကို ခေါ်သွားတာ ဖြစ်ရမယ်”
ယခုအချိန်တွင် အခြေအနေမှန်ကို ယင်မီးဂိုဏ်းမှ လူများ သဘောပေါက်သွားကြသည်။ သူတို့ရရှိထားသော သတင်းအချက်အလက်များအရ ယခုအချိန်တွင် ထျန်းချန်ကမ္ဘာသို့ ရောက်ရှိနေသင့်ပြီ ဖြစ်သည်။ ယခုထိ မရောက်ရှိသေးခြင်းက လျှို့ဝှက်လဝန်းနန်းတော်၏ အလှည့်စားခံလိုက်ရကြောင်း သက်သေပြနေသည်။
ထိုအရာကို တွေးမိသောအခါ ယင်မီးဂိုဏ်းမှ နောက်လိုက်များ အလွန် ခံပြင်းသွားသလို ခံစားလိုက်ရသည်။ သူတို့သည် ခွေးတစ်ကောင်လိုပင် သူတပါး၏ လှည့်စား ခေါ်ဆောင်ခြင်း ခံလိုက်ရသည် မဟုတ်ပါလား။
ထို့နောက် လန်ဟွေက
“အခု ဘာလုပ်ကြမလဲ။ အခု ပြန်သွားရင် ဟိုလူ့ကို ကျုပ်တို့ ဘယ်လို ရှင်းပြရမလဲ ဆိုတာ စိုးရိမ်မိတယ်။”
လုယန်ဟွာ၏ စရိုက်အရ ဤမျှ ရိုးရှင်းသော ကိစ္စကို မအောင်မြင်ပါက သူတို့ကို တိုက်ရိုက် သုတ်သင်ပစ်မည့် အလားအလာ ရှိသည်။
သို့သော် ဤကဲ့သို့ ဆက်လက် ရှာဖွေနေခြင်းကလည်း အဖြေတစ်ခု ဖြစ်လာမည် မဟုတ်ပေ။ စကြဝဠာသည် ကျယ်ပြောလှသည်။ အဆင့်နိမ့် ကမ္ဘာတစ်ခုကို ရှာဖွေရန် မည်သည့်နေရာမှ စတင်ရမည်နည်း။
ဤစကြဝဠာထဲတွင် မရေမတွက်နိုင်သော ကမ္ဘာများ ရှိနေပြီး ကြယ်တာရာမြေပုံ မပါပါက သူတို့၏ နောက်ဆုံးအချိန်အထိ ရှာဖွေလျှင်ပင် ထျန်းချန်ကမ္ဘာကို တွေ့နိုင်မည် မဟုတ်ပေ။
ထို့ပြင် လျှို့ဝှက်လဝန်းနန်းတော်က ထျန်းချန်ကမ္ဘာနှင့် ကွဲပြားသော လမ်းကြောင်းတစ်ခုသို့ သူတို့ကို ခေါ်ဆောင်သွားခဲ့သည်မှာ သေချာသည်။ သူတို့၏ လက်ရှိ လမ်းကြောင်းအတိုင်း ဆက်လက် ရှာဖွေလျှင်ပင် ထျန်းချန်ကမ္ဘာကို တွေ့ရှိနိုင်မည် မဟုတ်ပေ။
စစ်မာဟောင်ရန်သည် အချိန်ကြာမြင့်စွာ စဉ်းစားပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။
“အဲဒီကိစ္စကို ဟိုလူ့ဆီ အသိပေးဖို့ ကျုပ် စဉ်စားထားတယ်။ ဘာပဲဖြစ်ဖြစ် ပြဿနာတက်တာက ကျုပ်တို့ မဟုတ်ပဲ သူ့ရဲ့ သူလျှိုတွေလေ။”
လန်ဟွေက
“အခုတော့ အဲဒါက တစ်ခုတည်းသော နည်းလမ်းပဲ ထင်တယ်”
လန်ဟွေ၏ စကားဆုံးသည်နှင့် သူတို့၏ နတ်လှေသည် တစ်စုံတစ်ခုကို ဝင်တိုက်မိသကဲ့သို့ ဖြစ်သွားပြီး နတ်လှေလည်း ရုတ်တရက် စတင် လည်ပတ်လာသည်။
နတ်လှေပေါ်ရှိ ယင်မီးဂိုဏ်းသားများ၏ မျက်နှာများလည်း အကြီးအကျယ် ပြောင်းလဲသွားသည်။
“မကောင်းတော့ဘူး အာကာသ လေပွေလှိုင်းပဲ”
“မြန်မြန်... ဒီကနေ အခုပဲ ထွက်ကြ”
အကယ်၍ အာကာသ လေပွေလှိုင်းထဲတွင် ပိတ်မိပါက ပျက်စီးစေသော အချိန်ကာလ စွမ်းအားများက သူတို့၏ ခန္ဓာကိုယ်များကို စုတ်ဖြဲပစ်မည့် အလားအလာ များသည်။ အသက်ရှင် လွတ်မြောက်လျှင်ပင် ဝေးလံခေါင်သီသော အရိုင်းအစိုင်း ကြယ်နယ်မြေ တစ်ခုခုသို့ ပို့ဆောင်ခံရနိုင်ပြီး မူလကမ္ဘာသို့ ဘယ်တော့မှ ပြန်မလာနိုင်ပဲ လမ်းပျောက်သွားနိုင်သည်။
ဤနေရာတွင် အာကာသ လေပွေလှိုင်း ရှိလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ပေ။
နတ်လှေပေါ်ရှိ လူများက လှေကို စွန့်ခွာပြီး ထွက်ပြေးရန် ပြင်ဆင်နေချိန်မှာပင် သူတို့အောက်တွင် ကြီးမားသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် ကြောက်မက်ဖွယ် ကောင်းသော စုပ်ယူအားတစ်ခု ရောက်ရှိလာပြီး သူတို့အားလုံးကို အာကာသ လေပွေလှိုင်းထဲသို့ စုပ်ယူသွားသည်။
သူတို့ သေပြီဟု စစ်မာဟောင်ရန်နှင့် လန် ဟွေတို့ ထင်မှတ်လိုက်ချိန်တွင် သူတို့၏ မြင်ကွင်း ရုတ်တရက် လင်းထိန်သွားပြီး ပျက်စီးနေသော ကမ္ဘာများ ပြည့်နှက်နေသည့် ဟင်းလင်းပြင်တစ်ခုသို့ ရောက်ရှိသွားကြသည်။