← Chapters

ဘေးကြီးကလွတ် လာဘ်ကြီးလည်းရ

Vol. 77 Ch. 1151

ဘေးကြီးကလွတ် လာဘ်ကြီးလည်းရ

Vol. 77 Ch. 1151

သူတို့အားလုံး အသက်ရှင်လျက် ရှိနေကြသေးသည်ကို တွေ့လိုက်ရသောအခါ ယင်မီးဂိုဏ်းသားများ ချက်ချင်းပင် သက်ပြင်းချလိုက်ကြသည်။ အာကာသ လေပွေလှိုင်းဒဏ်ကြောင့် အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခံရတော့မည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြ၏။ ယခုလို အသက်ရှင်ကျန်ရစ်လိမ့်မည်ဟု ဘယ်သူမှ မမျှော်လင့်ခဲ့ကြပေ။

အမှန်စင်စစ် ရှေးစကားဆိုရိုး ရှိသည်မဟုတ်ပါလား။

ကြီးမားသော ဘေးအန္တရာယ်များမှ အသက်ရှင်ကျန်ရစ်သူများမှာ ကံကောင်းခြင်းများ ရရှိရန် ရည်ရွယ်ပြီးသား ဖြစ်သည်။

ယင်မီးဂိုဏ်းမှ တပည့်များသည် နတ်လှေကုန်းပတ်ပေါ်၌ မောဟိုက်စွာဖြင့် မှီခိုလဲလျောင်းနေကြသည်။

အတန်ကြာမှ လူတိုင်း သတိပြန်ဝင်လာကြပြီး နတ်လှေကုန်းပတ်ပေါ်မှ ထလာကြသည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ စကြဝဠာ ဟင်းလင်းပြင်ကြီးကို ဝေ့ဝဲကြည့်ရှုလိုက်ကြသည်။

သူတို့ ရောက်ရှိနေသည့် ကြယ်နယ်မြေမှာ မီးလောင်ထားသည့် ကမ္ဘာပျက်များ၊ ပုံပန်းသဏ္ဌာန် မပီပြင်တော့အောင် ပျက်စီးနေသည့် ဂြိုဟ်များနှင့် ဟင်းလင်းပြင်တစ်လျှောက် ပြန့်ကျဲနေသော ကမ္ဘာအပိုင်းအစများစွာတို့ဖြင့် ပြည့်နှက်နေသည်။

သို့သော် ဤ ‘ကမ္ဘာသင်္ချိုင်း’ အတွင်း၌ အလင်းရောင် ထုတ်လွှတ်နေသော သက်ရှိကမ္ဘာ အနည်းငယ် ရှိနေသေးသည်ကို တွေ့လိုက်ရသည်။ ထိုအခါမှသာ အာကာသ လေပွေလှိုင်းက သူတို့ကို ထိုသေမင်းနယ်မြေများထဲသို့ ဆွဲခေါ်မသွားခဲ့သည့်အတွက် ကျေးဇူးတင်မိရင်း ယင်မီးဂိုဏ်းသားများ ထပ်မံ သက်ပြင်းချလိုက်မိကြပြန်သည်။

စကြဝဠာထဲတွင် စိတ်ဝိညာဉ်စွမ်းအား လုံးဝမရှိသည့်အပြင် သက်ရှိဟူ၍လည်း ရှာမတွေ့နိုင်သော ကြယ်နယ်မြေအချို့ တည်ရှိနေတတ်သည်။ ဤဒေသများမှာ အလွန် ရှေးကျလွန်းလှပြီး ထိုနေရာများကို သေမင်းနယ်မြေများ သို့မဟုတ် အမှောင်ဒေသဟု ခေါ်ဆိုကြသည်။

ထိုသေမင်းနယ်မြေထဲသို့ မတော်တဆ ဝင်ရောက်မိသော ကျင့်ကြံသူများသည် အသက်ရှင်လျက် ပြန်ထွက်လာနိုင်လေ့ မရှိချေ။ ထိုနေရာ၌ ခန္ဓာကိုယ်အတွက် ဖြည့်တင်းရန် စိတ်ဝိညာဉ်စွမ်းအား မရှိပေ။ ထို့ပြင် ဖရိုဖရဲ စွမ်းအားအချို့၏ တိုက်စားမှုကို တားဆီးရန် မိမိတို့၏ ကိုယ်ပိုင် စွမ်းအားများကိုသာ ထုတ်ယူသုံးစွဲနေရတတ်သည်။

ပိုဆိုးသည်က ကုန်ဆုံးသွားသော စွမ်းအားကို ပြန်လည်ဖြည့်တင်းရန် အခွင့်အရေး မရှိခြင်းဖြစ်သည်။ ထိုအချက်က ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်စွမ်းအား အများအပြားကို ကုန်ဆုံးစေသည်။ သေမင်းနယ်မြေများမှာ အလွန် ကျယ်ပြောလှသလို အလင်းရောင်လည်း မရှိသလောက် နည်းပါးသည်။ ထို့ကြောင့် ဝင်ရောက်မိသူများသည် လမ်းစပျောက်ကာ သက်တမ်းကုန်ဆုံးချိန်အထိ ပိတ်မိနေတတ်ကြသည်။

ယခုအချိန်တွင် ယင်မီးဂိုဏ်းသားတို့လည်း သူတို သေမင်းနယ်မြေထဲသို့ မရောက်ရှိခဲ့သည့်အတွက် စိုးရိမ်စိတ် လျော့ပါးကာ စိတ်သက်သာရာ ရသွားကြသည်။

ပတ်ဝန်းကျင် အနေအထားအရ သူတို့သည် အာကာသ လေပွေလှိုင်းကြောင့် ဝေးလံခေါင်သီသော အရိုင်းအစိုင်း ကြယ်နယ်မြေတစ်ခုသို့ ပို့ဆောင်ခံခဲ့ရပုံ ပေါ်သည်။ သို့သော် သက်ရှိကမ္ဘာများ ရှိနေသဖြင့် အခြေအနေမှာ သိပ်ဆိုးရွားလှသည်တော့ မဟုတ်ချေ။ သူတို့၏ ခန္ဓာကိုယ်များထဲ၌ စိတ်ဝိညာဉ် စွမ်းအားများကို ပြန်လည် ဖြည့်တင်းနိုင်သရွေ့ အားလုံး အဆင်ပြေပေလိမ့်မည်။

ထိုအခါမှ လန်ဟွေက

“အကြီးအကဲ စစ်မာ... ကျုပ်တို့ ရှေ့က ကမ္ဘာကို သွားပြီး စိတ်ဝိညာဉ် စွမ်းအားတွေကို အရင်ဖြည့်တင်းကြရအောင်”

ဟု အကြံပြုလိုက်သည်။

စစ်မာဟောင်ရန်ကလည်း

“ကျုပ်လည်း အဲဒီလိုပဲ တွေးနေတာပါ”

ထို့နောက် သူတို့သည် နတ်လှေကို ရှေ့မှ အပြာရောင် ကမ္ဘာဆီသို့ ဦးတည် မောင်းနှင်သွားကြသည်။ ဤအဆင့်နိမ့် ကမ္ဘာကို ချဉ်းကပ်ရန် ပြင်ဆင်နေစဉ် အခြား နတ်လှေတစ်စင်း အဝေးမှ သူတို့ဆီသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။

ချဉ်းကပ်လာသော နတ်လှေပေါ်ရှိ စစ်သားများသည် ထျန်းချန်ကမ္ဘာထဲသို့ နတ်လှေတစ်စင်း ဝင်ရောက်လာသည်ကို သတိထားမိလိုက်ကြသည်။ ထို့ကြောင့် ကျူးကျော်မှုကို သတိပေးရန် ယင်ကျန်းယဲ့ထံ ချက်ချင်း သတင်းပို့လိုက်ကြ၏။

ယင်ကျန်းယဲ့လည်း လုချန်းထံ အလျင်အမြန် သတိပေးရန် ပြေးလာခဲ့သည်။ သို့သော် ယင်ကျန်းယဲ့ သတင်းမပို့နိုင်မီကပင် ကျူးကျော်သူများ ရောက်လာခြင်းကို လုချန်း သိထားပြီး ဖြစ်နေသည်။

သူသည် ထျန်းချန်ကမ္ဘာ၏ ကောင်းကင်ဘုံ လမ်းစဉ်နှင့် တိုက်ရိုက် ဆက်သွယ်မှု ပြုလုပ်ထားပြီး ဖြစ်သည်။ ထို့ကြောင့် ရန်သူတစ်ဦး ကျူးကျော်လာသည့်အခါတိုင်း သို့မဟုတ် ထူးဆန်းသော နတ်လှေတစ်စင်း ချဉ်းကပ်လာသည့်အခါတိုင်း ကောင်းကင်ဘုံ လမ်းစဉ်က သူ့ကို ချက်ချင်း အသိပေးလေ့ရှိသည်။

ထိုအချိန်တွင် ယင်မီးဂိုဏ်းသားများကလည်း ထျန်းချန်ကမ္ဘာ၏ နတ်လှေကို မြင်လိုက်ရသည်။ ချဉ်းကပ်လာသော နတ်လှေကို မြင်သောအခါ အကြီးအကဲ စစ်မာနှင့် အခြားသူများ အတော်လေး အံ့အားသင့်သွားကြသည်။

သေဆုံးကမ္ဘာများ ပေါများလှသော ဤကဲ့သို့ အရိုင်းအစိုင်း ကြယ်နယ်မြေတွင် နတ်လှေတစ်စင်း မည်သို့ ရှိနိုင်ပါမည်နည်း။

ဤအဆင့်နိမ့် ကမ္ဘာပေါ်တွင် ရတနာ တစ်မျိုးမျိုး ရှိနေတာလား။

လူတိုင်း ဇဝေဇဝါ ဖြစ်နေစဉ် ချဉ်းကပ်လာသော နတ်လှေမှ အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

“ခင်ဗျားတို့ ဘယ်သူတွေလဲ”

ထိုစကားကို ကြားသောအခါ လန်ဟွေနှင့် အကြီးအကဲ စစ်မာတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် လန်ဟွေက ဦးဆောင်၍

“ကျုပ်တို့က ဒီကမ္ဘာထဲကို ဝင်ပြီး စိတ်ဝိညာဉ် စွမ်းအားတွေ ပြန်ဖြည့်တင်းချင်တဲ့ ခရီးသွား ကျင့်ကြံသူတွေပါ။”

လန်ဟွေ၏ စကားဆုံးသည်နှင့် နတ်လှေမှ အမျိုးသား၏ အသံ ထပ်မံ ထွက်ပေါ်လာသည်။

“ကျုပ်တို့ ကမ္ဘာက ဖရိုဖရဲ ကြယ်ပင်လယ်ရဲ့ အပြင်ဘက်ဒေသက နတ်လှေတွေကို ဝင်ခွင့် မပြုဘူး။ ချက်ချင်း ထွက်သွားကြ။”

ယင်မီးဂိုဏ်းမှ လူများ လှောင်ပြောင်စွာ ရယ်မောလိုက်ကြသည်။ အဆင့်နိမ့် ကမ္ဘာလေး တစ်ခုက ယင်မီးဂိုဏ်းကို ထိုကဲ့သို့ ပြောဆိုရဲနေသည် မဟုတ်ပါလား။

တစ်ဖက်တွင် နတ်လှေ ရှိနေသော်လည်း အထင်ကြီးစရာ မရှိပေ။ ထိုနတ်လှေသည် တစ်နေရာရာမှ ကောက်ယူထားသကဲ့သို့ ပျက်စီးပြီး စုတ်ပြတ်နေသည်။

အဆင့်နိမ့် ကမ္ဘာတစ်ခုရှိ အင်အားအကြီးဆုံး ကျင့်ကြံသူများမှာ ဥပဒေနိယာမ အလုံးစုံ နယ်ပယ်တွင်သာ ရှိတတ်သည်။ ဤအဆင့်နိမ့် ကမ္ဘာထဲသို့ သူတို့ ဝင်ရောက်ခြင်းကိုတားဆီးနိုင်မည်ဟု ဤ အဆင့်နိမ့်ကမ္ဘာသားက အမှန်တကယ် ထင်နေတာလား။

ထို့နောက် စစ်မာဟောင်ရန်က တစ်လှမ်းတည်းဖြင့် ခုန်ထွက်လာခဲ့ပြီး စကြဝဠာ ဟင်းလင်းပြင်ထဲသို့ ပျံသန်းကာ သူ၏ ခန္ဓာကိုယ်မှ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် နံပါတ်ငါး အလွှာ၏ အငွေ့အသက်ကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

စစ်မာဟောင်ရန်ထံမှ ထွက်ပေါ်လာသော နတ်ဘဝ ပြောင်းလဲခြင်းအဆင့် အငွေ့အသက်ကို ခံစားလိုက်ရသော်လည်း ထျန်းချန် နတ်လှေမှ စစ်သားများ မကြောက်ရွံ့ခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးသည် ထျန်းချန်ကမ္ဘာတွင် ရှားပါးသော အရာ မဟုတ်သောကြောင့် ဖြစ်သည်။

ထိုအချိန်တွင် ထျန်းချန် နတ်လှေမှလည်း နတ်ဘဝ ပြောင်းလဲခြင်းအဆင့်၏ အငွေ့အသက်နှင့် ဖိအားကို အလားတူ ထုတ်လွှတ်လာသည်။ သူတို့ရှေ့မှ နတ်လှေမှ ထွက်ပေါ်လာသော အငွေ့အသက်ကို ခံစားလိုက်ရသောအခါ ယင်မီးဂိုဏ်းသားများ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြသည်။

ဤအရိုင်းအစိုင်း ကြယ်နယ်မြေရှိ နိမ့်ကျသော ကမ္ဘာတွင် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦး အမှန်တကယ် ရှိနေတာလား။

ခဏခန့် အံ့အားသင့်ပြီးနောက် ယင်မီးဂိုဏ်းသားများက ချက်ချင်း စိတ်ကို ပြန်ထိန်းလိုက်ကြသည်။

နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးတည်းက ဘာများ လုပ်နိုင်ဦးမှာမို့လို့လဲ။

ထိုပုဂ္ဂိုလ်မှာ အဆင့်မြင့် ကျင့်စဉ်ကမ္ဘာတစ်ခုမှ တစ်စုံတစ်ဦးကို ပြစ်မှားမိ၍ ထိုကဲ့သို့ ရှေးကျသော ကြယ်နယ်မြေတွင် ပုန်းအောင်းရန် ထွက်ပြေးလာရခြင်း ဖြစ်မည်ဟု သူတို့ ယူဆလိုက်ကြသည်။

သူသည် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်ပြီး ဤအဆင့်နိမ့် ကမ္ဘာများတွင် စိတ်ဝိညာဉ် စွမ်းအား ရှားပါးမှုကြောင့် ကြာကြာနေပါက သူ၏ အင်အား ကျဆင်းလာမည်မှာ သေချာသည်။

နောက်တစ်ခဏတွင် လန်ဟွေက ဟင်းလင်းပြင်ထဲရှိ ထျန်းချန် နတ်လှေဘက်သို့ ကြည့်ကာ

“ကျုပ်တို့က ခဏတာ အနားယူ ပြင်ဆင်ဖို့ ရောက်လာတာပါ။ ပြီးတာနဲ့ ထွက်သွားမှာပါ။ ခင်ဗျားတို့ဘက်က ဒီလောက် စိတ်လှုပ်ရှားနေစရာ မလိုပါဘူး။ ဒီနိမ့်ကျတဲ့ ကမ္ဘာမှာ ကျုပ်တို့ တွေ့ရှိသွားမှာ စိုးရိမ်တဲ့ ရတနာ တစ်ခုခု ရှိနေလို့ ဝင်ခွင့် မပြုတာများလား။”

နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများသည် ပုံမှန်အားဖြင့် အဆင့်နိမ့် ကမ္ဘာတစ်ခုကို စိတ်ဝင်စားကြမည် မဟုတ်ပေ။ အကယ်၍ ၎င်းတို့သည် အာကာသထဲ ဖြတ်သန်းသွားလာစဉ် နိမ့်ကျသော ကမ္ဘာတစ်ခု၌ ခရီးတစ်ထောက် ရပ်တန့်လိုပါက ထိုကမ္ဘာများ၏ နယ်ပယ်သခင်များက မလိုလားလျှင်တောင် ခွင့်ပြုကြမည် ဖြစ်သည်။

အကြောင်းမှာ အဆင့်နိမ့် ကမ္ဘာတစ်ခုတွင် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ၏ အာရုံစိုက်မှုကို ဆွဲဆောင်မည့်အရာ များများစားစား မရှိသည့်အပြင် ထိုကဲ့သို့ အသေးအဖွဲ ကိစ္စဖြင့် နယ်ပယ်သခင်က ထိုမျှ စွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ဦးကို စော်ကားရန် မလိုအပ်သောကြောင့် ဖြစ်သည်။

ထိုအချိန်တွင် ဤအဆင့်နိမ့် ကမ္ဘာတွင် အမှန်တကယ် ရတနာအချို့ ရှိနေနိုင်သည်ဟု ယင်မီးဂိုဏ်းသားများ ပို၍ ခံစားလာရသည်။ ပို၍ တားမြစ်လေလေ သူတို့ အတင်းဝင်ရောက်ကာ ကြည့်ရှုလိုစိတ်များ ပိုများလာလေလေ ဖြစ်သည်။

မည်သို့ပင်ဆိုစေ သူတို့၏ ပြိုင်ဘက်တွင် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးသာ ရှိနိုင်သည်။

လန်ဟွေ၏ စကားများကို ကြားသောအခါ နတ်လှေပေါ်မှ ဗိုလ်ချုပ်က ပြန်ဖြေရန် ပြင်ဆင်နေစဉ် အာကာသ လှိုင်းဂယက်များကြားတွင် ထိုဗိုလ်ချုပ်ရှေ့၌ ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

အသစ်ရောက်လာသူကို မြင်သောအခါ နတ်လှေပေါ်ရှိ စစ်သားများနှင့် ကျင့်ကြံသူများ နှစ်ဦးစလုံးက အလျင်အမြန် ဂါရဝပြုကာ

“မင်းကြီးကို ဂါရဝပြုပါတယ်”

ဟု နှုတ်ဆက်လိုက်ကြသည်။

ယင်မီးဂိုဏ်းသားများလည်း ဤမြင်ကွင်းကို မျက်မြင်တွေ့ရှိလိုက်ကြပြီး လုချန်း ထုတ်လွှတ်သော အငွေ့အသက်ကို ခံစားမိသောအခါ ခဏခန့် အံ့အားသင့်သွားကြသည်။

နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ နောက်တစ်ဦးလား။

ပြီးတော့ သူ့ကို ‘မင်းကြီး’ လို့ ခေါ်နေကြတာလား။

နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးက ဤမျှ နိမ့်ကျသော ကမ္ဘာသို့ လာရောက်ပြီး ဘာအတွက် မင်းဆက် တည်ထောင်ရသနည်း။

လုချန်းသည် လန်ဟွေနှင့် စစ်မာဟောင်ရန်တို့ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး သူ၏ စနစ်မှတစ်ဆင့် ယင်မီးဂိုဏ်း၏ ဇစ်မြစ်ကို ချက်ချင်း နားလည်လိုက်သည်။

[အမည်: စစ်မာဟောင်ရန်]

[အချက်အလက်: ယင်မီးဂိုဏ်း၏ အကြီးအကဲ၊ လုယန်ဟွာက စေလွှတ်သော လုပ်ကြံသတ်ဖြတ်သူ]

[အင်အား: နတ်ဘဝ ပြောင်းလဲခြင်းအဆင့်ငါး]

[သစ္စာစောင့်သိမှု : -၅၀]

…

[အမည် : လန်ဟွေ]

[အချက်အလက်: ယင်မီးဂိုဏ်း၏ အကြီးအကဲ၊ လုယန်ဟွာက စေလွှတ်သော လုပ်ကြံသတ်ဖြတ်သူ]

[အင်အား : နတ်ဘဝ ပြောင်းလဲခြင်းအဆင့် လေး]

[သစ္စာစောင့်သိမှု: -၅၀]

ညီအစ်ကိုများက သူ့ကို ပြဿနာ လာရှာနိုင်သည်ကို လုချန်း ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သဖြင့် သူမြင်တွေ့ရသော အချက်အလက်များကို အံ့ဩခြင်း မရှိခဲ့ချေ။

ယခု သူ့တွင် ပြန်လည်ပျက်စီးခြင်းအဆင့်၏ အင်အားကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ သူ၏ ကျင့်စဉ်အဆင့်က ပြန်လည်ပျက်စီးခြင်းအဆင့်သို့ မရောက်သေးသော်လည်း ဤကဲ့သို့သော အသေးအမွှား ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်းက စိန်ခေါ်မှုတစ်ခုအထိတော့‌ မဟုတ်သေးပေ။

စစ်မာဟောင်ရန်က သူ့ကို တိုက်ရိုက် လှမ်းပြောလိုက်သည်။

“ကလေး... ကျုပ်တို့က ခင်ဗျားရဲ့ ကမ္ဘာမှာ ခဏလေး နားချင်တာပါ။ ခင်ဗျား အဲဒါကိုတောင် ခွင့်မပြု ချင်ဘူးလား”

လုချန်း စကားများနေရန် စိတ်မကူးတော့ပေ။ ဤသူများမှာ လုယန်ဟွာက စေလွှတ်လိုက်သော လုပ်ကြံသတ်ဖြတ်သူများ ဖြစ်သောကြောင့် သူတို့သွားရမည့် ခရီးကို ပို့ဆောင်ပေးလိုက်တော့မည်။

All Chapters