ဒီကလဲ့စားကို မချေနိုင်ရင် လူလို့မခေါ်ထိုက်ဘူး
Vol. 77 Ch. 1152
လုချန်းသည် တွန့်ဆုတ်နေခြင်းမရှိပဲ နတ်သတ်ဓားကို ချက်ချင်း ဆွဲထုတ်လိုက်သည်။ လုချန်းလက်ထဲမှ နတ်သတ်ဓားကို မြင်လိုက်ရသောအခါ ယင်မီးဂိုဏ်းသားများမှာ ချက်ချင်းပင် မှင်သက်သွားကြ၏။ လုချန်းလက်ထဲမှ ဓားသည် ကောင်းကင်အဆင့် ဝိညာဉ်ဓားဖြစ်ကြောင်း သူတို့ လျင်မြန်စွာ သဘောပေါက်သွားကြသည်။
ခဏတာမျှ ယင်မီးတောက်ဂိုဏ်းသားများ၏ မျက်ဝန်းများအထက်၌ လောဘအရိပ်အယောင်များ လက်ခနဲ ဖြတ်သန်းသွားသည်။ ယင်မီးဂိုဏ်းသားများသည် လူကောင်းသူကောင်းများ မဟုတ်ကြပေ။ ရတနာများနှင့် ကြုံတွေ့ရပါက လိုချင်တပ်မက်တတ်သည့် သဘာဝရှိသူများ ဖြစ်ကြသည်။
ထိုအချိန်တွင် လန်ဟွေနှင့် စစ်မာဟောင်ရန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နောက်တစ်ခဏ၌ လုချန်း စတင်မတိုက်ခိုက်မီမှာပင် လန်ဟွေနှင့် စစ်မာဟောင်ရန်တို့က သူ့ဆီသို့ တည့်တည့်တိုးဝင်လာကြလေသည်။
ဟင်းလင်းပြင် ဖမ်းလက်ဝါး...”
“ကောင်းကင်မီးတောက် လက်သည်း...”
ဟင်းလင်းပြင်ထဲတွင် ပေါ်လာသော စွမ်းအားနှစ်ခုကို မြင်လိုက်ရသော်လည်း လုချန်း၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင် တစ်စက်မှ မရှိပေ။ သူသည် ချက်ချင်းပင် နတ်လှေပေါ်မှ ခုန်ဆင်းလိုက်ပြီး နတ်သတ်ဓားထဲသို့ စိတ်ဝိညာဉ်စွမ်းအားများကို စုစည်းလိုက်သည်။
စစ်မာဟောင်ရန်နှင့် လန်ဟွေတို့ ထုတ်ဖော်လိုက်သော စွမ်းအားများ လုချန်း၏ ခန္ဓာကိုယ်နှင့် ထိတွေ့ခါနီးအချိန်တွင် သူက ဓားဖြင့် ပိုင်းဖြတ်လိုက်သည်။
“ရေခဲရှစ်ဆင့်ဓား...”
ဓားအလင်းတန်း ရှစ်ခု ဖြတ်သန်းသွားပြီး ဟင်းလင်းပြင်ထဲရှိ စွမ်းအားနှစ်ခုကို ချက်ချင်း လွင့်စင်သွားစေသည်။ တစ်ချိန်တည်းမှာပင် ယင်မီးဂိုဏ်း၏ နတ်လှေသည်လည်း ချက်ချင်း ပေါက်ကွဲသွားတော့သည်။
သို့သော် လူနှစ်ယောက်လုံးကို ဖြေရှင်းပြီးပြီဟု လုချန်း ထင်မှတ်လိုက်ချိန်တွင် မီးခိုးငွေ့များကြားမှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
“မင်းကို ငါလျှော့တွက်မိသွားပုံပဲ။ မင်းမှာ အစွမ်းအစတချို့ ရှိသားပဲ။ ဒီလို အရိုင်း ကြယ်နယ်မြေမှာ ဒီလောက် အစွမ်းထက်တဲ့ စွမ်းအားရှင် တစ်ယောက်ကို တွေ့ရမယ်လို့ မထင်ထားခဲ့ဘူး။”
“ဒီအောက်ကမ္ဘာမှာ ရတနာတွေ တကယ် ရှိနေပုံရတယ်”
စကားဆုံးသည်နှင့် ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော မီးခိုးငွေ့များသည် လေပြင်းတစ်ချက်ကြောင့် ချက်ချင်း လွင့်စင်သွားပြီး စစ်မာဟောင်ရန်၏ ပုံရိပ် ပေါ်လာသည်။
သို့သော် ကျန်ရှိသော ယင်မီးဂိုဏ်းသားအားလုံး သေဆုံးသွားကြပြီး စစ်မာဟောင်ရန် တစ်ယောက်သာ ကျန်ရစ်တော့သည်။
ယခုအချိန်တွင် စစ်မာဟောင်ရန်၏ အခြေအနေမှာလည်း ဆိုးရွားနေပြီး ခန္ဓာကိုယ်အနှံ့ ဓားဒဏ်ရာများ သွေးများနှင့် ရွှဲနစ်နေ၏။
စစ်မာဟောင်ရန် အသက်ရှင်နေသေးသည်ကို မြင်လိုက်ရသဖြင့် လုချန်း အနည်းငယ် အံ့သြသွားသည်။ ကောင်းကင်အဆင့် ဝိညာဉ်ဓားနှင့် ကောင်းကင်အဆင့် ဓားသိုင်း ပေါင်းစပ်ထားသော တိုက်ခိုက်မှုကို အသက်ရှင်လွတ်မြောက်နိုင်သည်ဆိုလျှင် ဤလူ၌ အမှန်တကယ်ပင် စွမ်းအားအချို့ ရှိနေပေသည်။
ပုံမှန် နတ်ဘဝပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူသာဆိုလျှင် သူ့တိုက်ခိုက်မှုကြောင့် လုံးဝ ပျက်စီးသွားလောက်ပြီ ဖြစ်သည်။
ထိုလူကို မည်သို့ ကိုင်တွယ်ရမလဲဟု လုချန်း စဉ်းစားနေစဉ် ရုတ်တရက် စစ်မာဟောင်ရန်၏ ဒဏ်ရာများမှ အနက်ရောင်မြူခိုးများ ထွက်ပေါ်လာလေသည်။
ထို့နောက် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ထင်ရှားသော အနက်ရောင်လိုင်းများ စတင်ပေါ်လာပြီး သွေးကြောများကို အနက်ရောင် ဆိုးဆေးဆိုးထားသကဲ့သို့ ဖြစ်နေသည်။
ပြင်းထန်သော နတ်ဆိုးအငွေ့အသက် လှိုင်းလုံးတစ်ခုကို လုချန်း ချက်ချင်း ခံစားလိုက်ရ၏။ ထိုအထဲတွင် ကောင်းကင်နတ်ဆိုး စွမ်းအားအချို့လည်း ပါဝင်နေသည်။
ပြုံးလိုက်ရင်း လုချန်းက
“ကျုပ်ဓားချက်နဲ့ ခင်ဗျားမသေတာ မဆန်းပါဘူး။ ခင်ဗျားက နတ်ဆိုးတမန် ဖြစ်နေတာကိုး။”
ထိုစကားကို ကြားသောအခါ စစ်မာဟောင်ရန်က နှာခေါင်းရှုံ့လိုက်သည်။
“နတ်ဆိုးတမန် ဖြစ်မှန်း သိတယ်ဆိုတော့
မင်းမှာ အမြင်တချို့ ရှိသားပဲ။ ကံဆိုးတာကတော့ အချိန်နှောင်းသွားပြီ။”
စကားပြောနေစဉ် စစ်မာဟောင်ရန်၏ အနီးတစ်ဝိုက်ရှိ အနက်ရောင်မြူခိုးများသည် ကြီးမားသော လက်သည်းကြီးတစ်ခုအဖြစ် စုစည်းသွားလေသည်။
“ကောင်းကင်နတ်ဆိုး လက်သည်း”
ကြီးမားလှသော နတ်ဆိုးလက်သည်းကြီးကို မြင်လိုက်ရသောအခါ လုချန်း ခပ်ရေးရေး ပြုံးလိုက်သည်။ နတ်ဆိုးမြေမြုပ်ကျင့်စဉ်မှ အဆင့်မြင့် ကျင့်စဉ်ဖြစ်သော ဖရိုဖရဲနတ်ဆိုးသတ်ကျင့်စဉ်ကို ရရှိပြီးကတည်းက သူ သိပ်မသုံးဖြစ်ခဲ့ပေ။
ယနေ့တော့ စမ်းသပ်ရန် အခွင့်အရေး ရလာခဲ့ပြီဖြစ်သည်။
တုံ့ဆိုင်းခြင်းမရှိပဲ လုချန်း သူ၏ခန္ဓာကိုယ်အနှံ့ စိတ်ဝိညာဉ်စွမ်းအားများကို လှည့်ပတ်လိုက်သည်။ နောက်တစ်ခဏ၌ သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ စတင် ထွက်ပေါ်လာ၏။
“ဖရိုဖရဲနတ်ဆိုးသတ်ကျင့်စဉ်”
ထို့နောက် လုချန်းက နောက်တစ်ကြိမ် ဓားဖြင့် ပိုင်းဖြတ်လိုက်သည်။ မူလက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ရွှေရောင် စိတ်ဝိညာဉ်စွမ်းအားများသည် ချက်ချင်းပင် ဓားလှိုင်းအဖြစ် စုစည်းသွားသည်။ နောက်တစ်ခဏ၌ နတ်သတ်ဓား၏ ဓားလှိုင်းက စစ်မာဟောင်ရန်၏ ကောင်းကင်နတ်ဆိုး လက်သည်းနှင့် ထိတွေ့သွားပြီး ဟင်းသီးဟင်းရွက်များကို လှီးဖြတ်လိုက်သကဲ့သို့ ပိုင်းဖြတ်သွားလေသည်။
သူ့ဆီသို့ တည့်တည့်တိုးဝင်လာသော ဓားလှိုင်းကို မြင်လိုက်ရသောအခါ ဤရလဒ်ကို လုံးဝ မျှော်လင့်မထားမိသည့် စစ်မာဟောင်ရန် လုံးဝ ကြောင်အသွားသည်။
“မဖြစ်... မဖြစ်နိုင်ဘူး”
“အား...”
စစ်မာဟောင်ရန်၏ ရှည်လျားပြီး နာကျင်စွာ အော်ဟစ်သံနှင့်အတူ သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် နှစ်ခုစလုံးသည် ဓားလှိုင်းကြောင့် ပျက်စီးသွားတော့သည်။
ဟင်းလင်းပြင်ထဲတွင် ပေါလောပေါ်နေသော နတ်လှေ အပျက်အစီးများကို ကြည့်ရင်း လုချန်း၏ မျက်နှာတွင် ပျော်ရွှင်ရိပ် မတွေ့ရပေ။ နတ်ဘဝပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူများသည် ကိုယ်ပွားများကို ဖန်တီးနိုင်နေပြီ ဖြစ်သည်။ ယင်မီးဂိုဏ်းမှ နတ်ဘဝပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူများတွင် ကိုယ်ပွား ရှိမရှိ မသိရပေ။
သူ့ကို ပြဿနာရှာရန် တစ်စုံတစ်ယောက်ကို စေလွှတ်ကောင်း စေလွှတ်လာနိုင်သည်။
သူ သေချာစဉ်းစားလိုက်ပြီး သူတို့လာလျှင်လည်း တစ်ယောက်လာ တစ်ယောက်သတ်၊ နှစ်ယောက်လာ နှစ်ယောက်သတ်မည်ဟု ဆုံးဖြတ်လိုက်သည်။ စိုးရိမ်စရာ ဘာမှမရှိပေ။
ထိုအတွေးနှင့်အတူ လုချန်း ထျန်းချန်ကမ္ဘာသို့ တိုက်ရိုက် ပြန်သွားလိုက်သည်။
……
ထိုအချိန်...
ထျန်းယွမ်ကမ္ဘာရှိ လိုဏ်ဂူတစ်ခုအတွင်း၌ ဖြစ်သည်။
လိုဏ်ဂူအတွင်း၌ စွမ်းအားဖြာထွက်နေသော အပင်များ ရှိနေပြီး အလယ်ဗဟိုတွင် အဖိုးအိုတစ်ဦး မျက်လုံးမှိတ်လျက် ကျင့်ကြံနေသည်။
ထိုခဏ၌ အဖိုးအို မျက်လုံးဖွင့်လိုက်ပြီး လတ်ဆတ်သော သွေးတစ်ပွက် အန်ထုတ်လိုက်သည်။
စစ်မာဟောင်ရန် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ တောက်... ဟိုလူရဲ့ စိတ်ဝိညာဉ်စွမ်းအားက ကောင်းကင်နတ်ဆိုး စွမ်းအားကို တကယ် ဖိနှိပ်နိုင်တာပဲ။”
ကိုယ်ပွား သတ်ဖြတ်ခံလိုက်ရသည်ကို ခံစားမိလိုက်သောအခါ စစ်မာဟောင်ရန် အလွန် ဒေါသထွက်သွားသည်။ တာဝန် မအောင်မြင်ခြင်းက ကိစ္စတစ်ခု ဖြစ်သော်လည်း ယခုအခါ ကိုယ်ပွားပါ ဖျက်ဆီးခံလိုက်ရသဖြင့် သူ၏ စိတ်အာရုံကို ပြင်းထန်စွာ ထိခိုက်စေပြီး စွမ်းအားများ သိသိသာသာ ကျဆင်းသွားခဲ့သည်။
ချက်ချင်းပင် စစ်မာဟောင်ရန် ကြုံးဝါးလိုက်သည်။
“ဒီကလဲ့စားကိုမှ မချေနိုင်ရင် ငါလူမဟုတ်ဘူးလို့ ကျိန်ဆိုလိုက်မယ်”
တာဝန်က ကျရှုံးခဲ့ပြီ ဖြစ်သည်။ လုယန်ဟွာရှေ့တွင် သူ ကြွားဝါနိုင်တော့မည် မဟုတ် တော့ပေ။ ယခု ကလဲ့စားချေရန်သာ အစွမ်းကုန် အာရုံစိုက်နိုင်တော့မည် ဖြစ်သည်။
ထိုအချိန်တွင် စစ်မာဟောင်ရန် တွေးမိလိုက်သည်။ ပြိုင်ဘက်က သူ့ကို ချက်ချင်း တိုက်ခိုက်ခဲ့ပြီး ထိုကဲ့သို့ လူသူကင်းမဲ့သော ဒေသတွင် ကောင်းကင်အဆင့် ဝိညာဉ်ဓားကိုပင် ထုတ်သုံးနိုင်သည်။
ဒါက ထိုနေရာ၌ ရတနာများ အမှန်တကယ် ရှိနေနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ထိုနေရာကို ရှာတွေ့နိုင်ပါက ကလဲ့စားချေနိုင်ရုံသာမက ထိုအောက်ကမ္ဘာမှ ရတနာများကိုပါ ရယူနိုင်မည် ဖြစ်သည်။ ထိုအရာကို တွေးမိပြီး စစ်မာဟောင်ရန် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
ထိုလူ၏ စွမ်းအားက မနည်းလှပေ။ သူ့ကို ကလဲ့စားချေရန်အတွက် သူတို့၏ ဂိုဏ်းချုပ် ဝင်ပါရန် လိုအပ်နိုင်သည်။
အတော်ကြာ စဉ်းစားပြီးနောက် သူတို့၏ ဂိုဏ်းချုပ်ကို သွားရောက်ရှာဖွေရန် စစ်မာဟောင်ရန် ဆုံးဖြတ်လိုက်သည်။
မကြာမီ စစ်မာဟောင်ရန်သည် ယင်မီးဂိုဏ်း၏ တားမြစ်နယ်မြေသို့ ရောက်ရှိလာသည်။
တားမြစ်နယ်မြေထဲသို့ ဝင်ရောက်သွားသောအခါ မလှမ်းမကမ်းတွင် သူ့ပုံစံနှင့် တစ်ထပ်တည်းတူသော လူတစ်ယောက်ကို စစ်မာဟောင်ရန် မြင်လိုက်ရသည်။ သူက ချက်ချင်း အနားတိုးသွားပြီး နှုတ်ဆက်လိုက်သည်။
“ဂါရဝပြုပါတယ် ဂိုဏ်းချုပ်။”
ထိုလူက စစ်မာဟောင်ရန်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
“လုယန်ဟွာ ပေးလိုက်တဲ့ တာဝန် ကျရှုံးသွားတာလား”
စစ်မာဟောင်ရန်က အလျင်အမြန် ပြန်ဖြေလိုက်သည်။
“ဂိုဏ်းချုပ်... လုယန်ဟွာ ထည့်ပေးလိုက်တဲ့ သူလျှိုမှာ ပြဿနာရှိနေပါတယ်။ လျှို့ဝှက်လဝန်းနန်းတော်က ကျွန်တော်တို့ တည်နေရာကို ရိပ်မိသွားပြီး ကျွန်တော်တို့ကို တခြားကြယ်နယ်မြေထဲ ရောက်သွားအောင် လှည့်စားလိုက်ပါတယ်။”
ဂိုဏ်းချုပ်က တာဝန် ကျရှုံးမှုကို သိပ်ဂရုစိုက်ပုံမရပေ။ သူက ဆက်ပြောလိုက်သည်။
“မင်းရဲ့ ကိုယ်ပွားကို ဘယ်သူ ဖျက်ဆီးလိုက်တာလဲ”
စစ်မာဟောင်ရန် တားမြစ်နယ်မြေထဲသို့ ဝင်လာသည့်အချိန်တွင် စစ်မာဟောင်ရန်၏ ပြင်းထန်သော ဒဏ်ရာများနှင့် ကွဲအက်နေသည့် စိတ်အာရုံကို နန်ကျင်း တာအိုဆရာ သတိထားမိခဲ့သည်။ သူ၏ ကိုယ်ပွား ဖျက်ဆီးခံလိုက်ရတာ ထင်ရှားနေသည်။
စစ်မာဟောင်ရန်က
“ကျွန်တော်တို့ ဟင်းလင်းပြင် မုန်တိုင်းကြောင့် အရိုင်း ကြယ်နယ်မြေတစ်ခုဆီ လွင့်ပါသွားခဲ့ပါတယ်။ အဲဒီ အရိုင်း ကြယ်နယ်မြေထဲမှာ ထူးခြားတဲ့ အောက်ကမ္ဘာတစ်ခုကို တွေ့ခဲ့ရပါတယ်။”
နန်ကျင်း တာအိုဆရာက မေးလိုက်သည်။
“ ဪ... အောက်ကမ္ဘာတစ်ခုက ဘာများ ထူးခြားနေလို့လဲ”
စစ်မာဟောင်ရန်က
“အဲဒီ အောက်ကမ္ဘာမှာ နတ်ဘဝပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူ နှစ်ယောက်ရှိပြီး တစ်ယောက်က ကောင်းကင်အဆင့် ဝိညာဉ်ဓားကို ပိုင်ဆိုင်ထားပါတယ်... ပြီးတော့ ကျွန်တော့်ရဲ့ ကောင်းကင်နတ်ဆိုး စွမ်းအားက သူ့ရဲ့ ဓားချက်တစ်ချက်ကိုတောင် မခံနိုင်ခဲ့ပါဘူး... ကြည့်ရတာ သူက ကောင်းကင်အဆင့် ဓားသိုင်းကိုပါ ပိုင်ဆိုင်ထားပုံရပါတယ်။”
နန်ကျင်း တာအိုဆရာလည်း စစ်မာဟောင်ရန်၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားသည်။
“ဒါဆို မင်းဆိုလိုတာက အဲဒီ အောက်ကမ္ဘာမှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ဖုံးကွယ်ထားတယ် ပေါ့။”
နန်ကျင်း တာအိုဆရာက ဆက်ပြောလိုက်သည်။
“အဲဒီနေရာကို မင်း ရှာတွေ့နိုင်သေးလား”
စစ်မာဟောင်ရန်က
“ကျွန်တော့် ကိုယ်ပွား မပျက်စီးခင် အနီးအနားက ကမ္ဘာအပိုင်းအစတစ်ခုပေါ်မှာ စိတ်အာရုံ လမ်းကြောင်းတစ်ခု ချန်ထားခဲ့ပါတယ်။”
ထိုအရာကို ကြားသောအခါ စစ်မာဟောင်ရန်နှင့် မျက်နှာချင်းဆိုင်နေသူ ရုတ်တရက် ပျောက်သွားပြီး ကြည့်မှန်တစ်ချပ်အဖြစ် ပြောင်းလဲသွားလေသည်။
“ကောင်းပြီ... ငါ့ကို အဲဒီ အောက်ကမ္ဘာဆီ ချက်ချင်း ခေါ်သွား... အဲဒီ အောက်ကမ္ဘာမှာ ဘယ်လို ရတနာတွေ ဝှက်ထားလဲဆိုတာ ငါမြင်ချင်တယ်။”
သူ့တွင် ကောင်းကင်အဆင့် ဝိညာဉ်လက်နက်များကို ပိုင်ဆိုင်ထားသော်လည်း ပိုင်ထားသော ရတနာများ များလွန်း၍ မည်သူမှညည်းညူမည် မဟုတ်ပေ။ ထိုအောက်ကမ္ဘာတွင် အခြားဘာမှ မရှိလျှင်ပင် ကောင်းကင်အဆင့် ဝိညာဉ်ဓားတစ်လက်နှင့် ကောင်းကင်အဆင့် ဓားသိုင်း ရှိနေခြင်းကပင် လာရကျိုးနပ်ပေသည်။