အင်ပါယာတစ်ခု တည်ထောင်ရန် စီစဉ်ခြင်း
Vol. 77 Ch. 1153
နန်ကျင်းတာအိုဆရာ၏ သဘောတူညီချက်ကို ရရှိလိုက်သဖြင့် စစ်မာဟောင်ရန် အလွန်ပျော်ရွှင်သွားသည်။ သူ လက်စားချေနိုင်တော့မည် ဖြစ်သည်။
နန်ကျင်းတာအိုဆရာသည် သာမန်မဟုတ်ပေ။ သူသည် ပြန်လည်ပျက်စီးခြင်းအဆင့် ပထမအလွှာ စွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ကောင်းကင်နတ်ဆိုး စွမ်းအားကို အသုံးပြု၍ နတ်ဆိုးအသွင်ပြောင်းလဲလိုက်ချိန်တွင် သူသည် ပြန်လည်ပျက်စီးခြင်းအဆင့်ငါးအလွှာရှိ ကျင့်ကြံသူတစ်ဦးကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိ၏။
မကြာမီ စစ်မာဟောင်ရန်သည် နန်ကျင်းတာအိုဆရာကို ဦးဆောင်လျက် ထျန်းချန်ကမ္ဘာသို့ ခေါ်ဆောင်သွားတော့သည်။
ထိုအချိန်၌ ရန်သူအသစ်တစ်ယောက် သူ့ထံ ပစ်မှတ်ထားနေသည်ကို လုချန်းတစ်ယောက် သတိမထားမိပေ။
…….
နောက်နှစ်နှစ်အတွင်း လုချန်းသည် ကျိယန်နှင့် လေရန်ကမ္ဘာတို့ကို ပိုမိုခိုင်မာစွာ ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။
ကမ္ဘာသုံးခုအပေါ် ထိန်းချုပ်မှု ပိုမိုခိုင်မာလာသည်နှင့်အမျှ အင်ပါယာတစ်ခု တည်ထောင်ရန် အချိန်တန်ပြီဟု လုချန်း တွေးတောမိသည်။
သူ၏ နယ်မြေသည် ယခင်ကကဲ့သို့ ကမ္ဘာတစ်ခုတည်း၌သာ ကန့်သတ်ထားခြင်းမရှိတော့ပဲ ဖရိုဖရဲ ကြယ်ပင်လယ်တစ်ခုလုံးသို့ ဖြန့်ကျက်ထားပြိီဖြစ်သည်။ ကြယ်နယ်မြေများဖြင့် တိုင်းတာလေ့ရှိသော နယ်မြေများကို အုပ်ချုပ်ရန်အတွက် အင်ပါယာတစ်ခုကသာ တတ်နိုင်ပေလိမ့်မည်။
အင်ပါယာဆိုသည်မှာ ကမ္ဘာများ အထက်တွင် ရှိ၏။ အင်ပါယာအောက်တွင် ကမ္ဘာများစွာ တည်ရှိနိုင်သည်။ သမိုင်းဦး ပဒေသရာဇ် စနစ်များကဲ့သို့ မဟုတ်ပေ။
သို့သော် နယ်မြေများ ကျယ်ပြန့်လာမှုကြောင့် ပဒေသရာဇ်စနစ်က ဤအဆင့်တွင် ပိုမိုသင့်လျော်သော ရွေးချယ်မှုဟု သူတို့ ယူဆထားကြသည်။
…..
နဂါးနက်မြို့။
ယနေ့တွင် နဂါးနက်မြို့သည် ကောင်းကင်၌ ပျံသန်းနေသော နတ်လှေများ၊ မြေပြင်ပေါ်တွင် ပြေးလွှားနေသော ရထားများဖြင့် ထူးကဲစွာ စည်ကားနေသည်။
ထျန်းချန်ကမ္ဘာသည် မူလယဉ်ကျေးမှု အချို့ကို ထိန်းသိမ်းထားရင်း ကမ္ဘာမြေ၏ ခေတ်မီစက်မှုယဉ်ကျေးမှုကိုလည်း ပိုင်ဆိုင်ထားသည်။ ဥပမာအားဖြင့် အဆောက်အအုံများကို သံကူကွန်ကရစ်ဖြင့် တည်ဆောက်ထားသော်လည်း ခေါင်မိုးများနှင့် အပြင်အဆင်များကတော့ အတိတ်ကအတိုင်း ပြောင်းလဲခြင်း မရှိပေ။
ထို့ပြင် ထျန်းချန်ကမ္ဘာ၌ မီတာရာချီ မြင့်မားသော အဆောက်အအုံများ မရှိပေ။ အမြင့်ဆုံး အဆောက်အအုံမှာ နန်းတော်ထဲတွင် ရှိပြီး အထပ်သုံးဆယ်သာ ရှိသည်။ နန်းတော်ပြင်ပရှိ အဆောက်အအုံများကိုမူ အမြင့်ဆုံး ခြောက်ထပ်အထိသာ တည်ဆောက်ရန် ဥပဒေဖြင့် ကန့်သတ်ထားသည်။
ယနေ့ကား ကမ္ဘာသုံးခုမှ ကျင့်ကြံသူများ အစည်းအဝေး ကျင်းပသည့်နေ့ဖြစ်၏။ အစောပိုင်းက ဆယ်နှစ်လျှင် တစ်ကြိမ်ကျင်းပရန် လုချန်း စီစဉ်ထားသော်လည်း အင်ပါယာတည်ထောင်မည့် အစီအစဉ်များကြောင့် အစည်းအဝေးကို စောစီးစွာ ကျင်းပခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သည့်နှစ်ကမှ ကမ္ဘာသုံးခု ကျင့်ကြံသူများ အစည်းအဝေးကို လုချန်း ကျင်းပခဲ့ပြီး ယခု တစ်နှစ်သာ ကြာမြင့်သေးချိန်တွင် နောက်ထပ်အစည်းအဝေးတစ်ခု ထပ်မံခေါ်ယူလိုက်သောအခါ အရေးကြီးသော ကိစ္စတစ်ခု ဖြစ်ပျက်နေပြီဟု အင်အားကြီးအဖွဲ့အစည်းများ နားလည်လိုက်ကြသည်။
……..
နဂါးနက်မြို့။
နိုင်ငံရေးရာခန်းမ။
နဂါးပလ္လင်ထက်၌ လုချန်း ထိုင်နေပြီး ရောက်ရှိနေသော ကျင့်ကြံသူများကို ကြည့်လိုက်သည်။
ယနေ့တွင် ကမ္ဘာသုံးခုမှ ထိပ်တန်းအင်အားကြီး ခေါင်းဆောင်အားလုံး ရောက်ရှိနေပြီး အရေအတွက်အားဖြင့် ထောင်ချီ ရှိ၏။
ကံကောင်းစွာဖြင့် အစည်းအဝေးအတွက် လူသောင်းချီ ဝင်ဆံ့နိုင်သော အလွန်ကျယ်ဝန်းသည့် နိုင်ငံရေးရာ ခန်းမကို သူတို့ တည်ဆောက်ထားခဲ့သည်။ ပုံမှန် နန်းတွင်းအစည်းအဝေးများကို ယခင် နိုင်ငံရေးရာ ခန်းမတွင် ကျင်းပလေ့ရှိသော်လည်း ဤခန်းမကိုမူ ကျင့်ကြံသူများ အစည်းအဝေးအတွက် အထူးဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်သည်။
ကျင့်ကြံသူများကို ကြည့်ပြီးနောက် လုချန်းက
“ပုံမှန်ဆိုရင် ကမ္ဘာသုံးခု ကျင့်ကြံသူများ အစည်းအဝေးကို ဆယ်နှစ်တစ်ကြိမ် ကျင်းပရမှာပါ။ အဲ့ဒီအစီအစဉ်အရဆိုရင် နောက်ထပ် ကိုးနှစ်ကြာမှ ကျွန်တော်တို့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးကို စောစီးစွာ ကျင်းပရတဲ့ အကြောင်းရင်းကတော့ အလွန်အရေးကြီးတဲ့ ကိစ္စတစ်ခုကို ကြေညာချင်လို့ပါပဲ။”
ထိုစကားကို ကြားသောအခါ အမှန်တကယ်ပင် အရေးကြီးကိစ္စတစ်ခု ရှိနေကြောင်း လူအများ တွေးတောလိုက်ကြသည်။ သူတို့ဘက်မှ တစ်စုံတစ်ရာ လုပ်ဆောင်ရန် လိုအပ်မလားဟု သူတို့ သိချင်နေကြသည်။
လုချန်းက ဆက်ပြောလိုက်သည်။
“ကျွန်တော် အင်ပါယာတစ်ခု တည်ထောင်ဖို့ ရည်ရွယ်ထားတယ်”
ထိုစကားများကြောင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး တက်ရောက်လာသူများ အံ့အားသင့်သွားကြသည်။
သာမန်ကျင့်ကြံသူတစ်ဦးက ကြယ်နယ်မြေအင်ပါယာနှင့် ကမ္ဘာနိုင်ငံကြား ကွာခြားချက်ကို မသိနိုင်သော်လည်း အစည်းအဝေးတွင် ပါဝင်သူအများစုမှာ အခြားကျင့်စဉ်ကမ္ဘာများအကြောင်း ဗဟုသုတ ပြည့်စုံသူများ ဖြစ်ကြသည်။
အင်ပါယာနှင့် နိုင်ငံဆိုသည်မှာ စကားလုံးတစ်လုံးတည်းက ခွဲခြားထားသော်လည်း ကွာခြားချက်မှာ အလွန်ကြီးမားသည်။ အင်ပါယာတစ်ခုက ပုံမှန်အားဖြင့် ကြယ်နယ်မြေများစွာကို အုပ်ချုပ်သည်။ အင်ပါယာတစ်ခု ဖန်တီးခြင်းက ရှနိုင်ငံတော်အနေဖြင့် ကပ်လျက်ကြယ်နယ်မြေများဆီသို့ နယ်မြေချဲ့ထွင်ရန် ရည်ရွယ်ထားကြောင်း ဖော်ပြနေသည်။
ထို့ပြင် ကြယ်နယ်မြေအင်ပါယာတစ်ခု တည်ထောင်ခြင်းက နှုတ်ဖြင့် ပြောသလောက် မလွယ်ကူပေ။ စကြဝဠာ၏ အသိအမှတ်ပြုမှုကို လိုအပ်သည်။ မိမိကိုယ်ကို ကြယ်နယ်မြေအင်ပါယာဟု ကြေညာရုံဖြင့် မလုံလောက်ချေ။
ရှနိုင်ငံတော်က ကမ္ဘာသုံးခုကို ထိန်းချုပ်ထားသော်လည်း ကျိယန်ကမ္ဘာနှင့် ထျန်းချန်ကမ္ဘာတို့က စတင်ပေါင်းစည်းနေပြီ ဖြစ်သည်။ နှစ်တစ်ရာအတွင်း ၎င်းတို့က လုံးဝ ပေါင်းစည်းသွားနိုင်သည်။ ဤအချက်ကို ထည့်တွက်လျှင် လုချန်းက ကမ္ဘာနှစ်ခုကိုသာ ထိန်းချုပ်ထားခြင်း ဖြစ်လာလိမ့်မည်။
ကမ္ဘာနှစ်ခုတည်းဖြင့် ကြယ်နယ်မြေအင်ပါယာတစ်ခု တည်ထောင်မှာလား။
ထိုအရာက စကြဝဠာ၏ အသိအမှတ်ပြုမှုကို ရရှိနိုင်ပါ့မလား။
အင်ပါယာတစ်ခု တည်ထောင်ခြင်းတွင် မည်သူမှ ပါဝင်ဖူးခြင်း မရှိသော်လည်း ရှေးလူများ ချန်ထားခဲ့သော သမိုင်းမှတ်တမ်းအချို့အရ အင်ပါယာများသည် အရင်းအမြစ်တစ်ခုခုအတွက် ယှဉ်ပြိုင်နေပုံရပြီး ဤစကြဝဠာရှိ အရင်းအမြစ်မှာ အကန့်အသတ်ရှိကြောင်း သိထားကြသည်။
ထို့ကြောင့် အင်ပါယာအသစ်တစ်ခု တည်ထောင်လိုက်သည်နှင့် အင်ပါယာဟောင်းများက ထိုအကြောင်းကို သိသွားလျှင် အသစ်စက်စက် အင်ပါယာကို ဖျက်ဆီးရန် နည်းလမ်းရှာကြပေလိမ့်မည်။
သူတို့၏ အင်ပါယာက စကြဝဠာ၏ အသိအမှတ်ပြုမှု ရမရကို ထည့်မတွက်လျှင်ပင် အကယ်၍ အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပါကလည်း အင်ပါယာအသစ်သည် ဖရိုဖရဲ ကြယ်ပင်လယ်အနီးရှိ အင်ပါယာများ၏ တိုက်ခိုက်မှုကို ခံရဖွယ်ရှိသည်။
၎င်းတို့မှာ နှစ်ပေါင်းမည်မျှ ကြာအောင် တည်ရှိခဲ့မှန်း မသိနိုင်သော အခြေခိုင်ပြီးသည့် အင်ပါယာများ ဖြစ်သည်။ ထိုအင်ပါယာဟောင်းများနှင့် ယှဉ်လျှင် အသစ်တည်ထောင်သော ရှနိုင်ငံတော်က အခွင့်အရေး ရှိမည် မဟုတ်ပေ။
ထိုအတွေးနှင့်အတူ နိုင်ငံရေးရာ ခန်းမထဲရှိ ကျင့်ကြံသူများ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပေါ်လာသည်။
ရောက်ရှိနေသော ကျင့်ကြံသူများ စကားမပြောသည်ကို မြင်သောအခါ လုချန်းက ဆက်ပြောလိုက်သည်။
“အင်ပါယာကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားတို့မှာ အကြံဉာဏ်တွေများ ရှိကြလား”
သူတို့ မည်သည့်အကြံဉာဏ် ပေးရဲမည်နည်းဟု စိတ်ထဲတွင် တွေးလိုက်ကြသည်။ ဆွမ်ဧကရာဇ်က အင်ပါယာတည်ထောင်ရန် စီစဉ်ပြီးပါက ဆုံးဖြတ်ချက်ချပြီး ဖြစ်ပေလိမ့်မည်။ ဤအချိန်တွင် သူတို့ ဘာပြောပြော အရာရောက်မည် မဟုတ်ပေ။
လူတစ်ထောင်ကျော်ထဲမှ မည်သူမှ စကားမပြောသည်ကို မြင်သောအခါ လုချန်းက ပြောလိုက်သည်။
“ခင်ဗျားတို့ ဘယ်သူမှ ကန့်ကွက်စရာ မရှိရင် ဒီအတိုင်း ဆုံးဖြတ်လိုက်မယ်။ အင်ပါယာကို တရားဝင် တည်ထောင်ဖို့ မင်္ဂလာနေ့ရက် ရွေးချယ်ခိုင်းလိုက်မယ်။”
ဤအချိန်တွင် ခန်းမထဲရှိ ရှောင်ယွမ်ကျားကို လုချန်း ကြည့်လိုက်ရာ လုချန်း၏ ရည်ရွယ်ချက်ကို သူ ချက်ချင်း နားလည်သွားသည်။
သို့သော် အင်ပါယာတစ်ခု တည်ထောင်ခြင်းမှာ အလွန်ထူးခြားပြီး မင်္ဂလာနေ့ရက် တွက်ချက်ရန် လူတစ်ယောက်တည်းအတွက် မသင့်လျော်သော အလုပ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် အစည်းအဝေးပြီးဆုံးသည်အထိ စောင့်ဆိုင်းပြီးမှ မင်္ဂလာနေ့ရက် ခန့်မှန်းရန် နန်းတွင်း နက္ခတ္တဗေဒဌာနကို အလုပ်ပေးရန် သူ စီစဉ်လိုက်သည်။
ထိုအချိန်တွင် နန်းကုန်းယွဲ့ဟွာက မေးလိုက်သည်။
“အင်ပါယာ မြို့တော်အဖြစ် ဘယ်ကမ္ဘာကို ရွေးချယ်ဖို့ မင်းကြီး ရည်ရွယ်ထားပါသလဲ။”
ယခုတွင် လုချန်း၌ နန်းတော်အများအပြား ရှိနေပြီ ဖြစ်သည်။ ထျန်းချန်ကမ္ဘာတွင် နှစ်ခု၊ ကျိယန်ကမ္ဘာတွင် နှစ်ခုရှိပြီး လေရန်ကမ္ဘာကလည်း လုချန်းအတွက် တစ်ခု တည်ဆောက်ပေးထားသည်။
လုချန်းအနေနှင့် ဤနေရာများအားလုံးကို အချိန်မရွေး ဝင်ထွက်သွားလာနိုင်သော်လည်း အင်ပါယာ မြို့တော်တစ်ခုမှာ အိပ်စက်ရုံ သက်သက်မဟုတ်ပေ။ ကံစွမ်းအားကို စုစည်းရာနေရာ ဖြစ်သဖြင့် တည်နေရာကလည်း အလွန်အရေးကြီးသည်။
ထျန်းချန်ကမ္ဘာသည် လုချန်း မူလက နေထိုင်ခဲ့သောနေရာ ဖြစ်သော်လည်း ၎င်း၏ စိတ်ဝိညာဉ်စွမ်းအားက ကျိယန်ကမ္ဘာထက် ပိုမိုနည်းပါးပြီး ထျန်းချန်ကမ္ဘာ၏ ဥပဒေနိယာမများကလည်း မပြည့်စုံသဖြင့် အင်ပါယာ မြို့တော်ဖြစ်ရန် မသင့်လျော်ကြောင်း နန်းကုန်းယွဲ့ဟွာ တွေးလိုက်သည်။
လုချန်းသာ အင်ပါယာ မြို့တော်ကို ရွေးချယ်မည်ဆိုပါက လေရန်ကမ္ဘာနှင့် ကျိယန်ကမ္ဘာကြားတွင်သာ ရွေးချယ်ဖွယ် ရှိပြီး အလယ်အလတ်အဆင့် ကျင့်စဉ်ကမ္ဘာဖြစ်သော လေရန်ကမ္ဘာက ကျိယန်ကမ္ဘာထက် သိသိသာသာ ပိုမိုသင့်လျော်သည်။
သို့သော် အင်ပါယာ မြို့တော်ကို ကျိယန်ကမ္ဘာ၌ သတ်မှတ်ရန် နန်းကုန်းယွဲ့ဟွာ အမှန်တကယ် မျှော်လင့်မိသည်။ အင်ပါယာ၏ ဗဟိုချက်ဖြစ်လာပါက ကျိယန်ကမ္ဘာသည် အကျိုးကျေးဇူးများ ပိုမိုရရှိလာပြီး ဖွံ့ဖြိုးတိုးတက်မှု အလားအလာ ပိုကောင်းလာမည် ဖြစ်သည်။
ဤအချိန်တွင် လေဝမ်တယ်က ပြောလိုက်သည်။
“မင်းကြီး... အင်ပါယာ မြို့တော်ကို လေရန်ကမ္ဘာမှာ သတ်မှတ်တာ ပိုကောင်းမယ်လို့ ကျွန်တော် ထင်ပါတယ်။ အလယ်အလတ်အဆင့် ကျင့်စဉ်ကမ္ဘာတစ်ခု အနေနဲ့ ဥပဒေနိယာမတွေ ပြည့်စုံပြီး အဆင့်နိမ့်ကမ္ဘာတွေနဲ့ ယှဉ်ရင် အရင်းအမြစ်တွေ ပိုများတာကြောင့် အင်ပါယာ မြို့တော်ဖြစ်ဖို့ ပိုသင့်လျော်ပါတယ်။”
အင်ပါယာ တည်ထောင်နိုင်ခြင်း ရှိမရှိကို ခဏထားလိုက်လျှင် အမှန်တကယ် ဖြစ်လာပါက အင်ပါယာ၏ ဗဟိုချက်ဖြစ်လာသည့် ကမ္ဘာသည် သေချာပေါက် တိုးတက်လာပေလိမ့်မည်။ အင်ပါယာ၏ အခြေအနေ မည်သို့ရှိစေကာမူ ထိုကမ္ဘာအတွက် ကြီးမားသော အကျိုးကျေးဇူးများကို ယူဆောင်လာပေးမည် ဖြစ်သည်။