ဒီလို ပြဿနာတွေထဲမှာ ဘာကိစ္စ ဝင်ပါရမှာလဲ
Vol. 77 Ch. 1141
ထိုအချိန်။
လေရန်ကမ္ဘာ၏ ကောင်းကင်ဘုံလမ်းစဉ်နှင့် ဆက်သွယ်ရန် လုချန်း ကြိုးစားလိုက်သည်။ သို့သော် ဤကမ္ဘာ၏ ကောင်းကင်ဘုံလမ်းစဉ်က လုံးဝ တုံ့ပြန်ခြင်း မရှိပဲ သူ့ကို လစ်လျူရှုထားသည်။
လုချန်း ရယ်မောလိုက်ပြီး မူလစွမ်းအားကို လှည့်ပတ်ကာ ၎င်း၏ အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။ နောက်တစ်ခဏ၌ပင် ဝေဝါးသော အသိစိတ်တစ်ခု လုချန်း၏ စိတ်အာရုံထဲသို့ တိုးဝင်လာခဲ့သည်။
ကောင်းကင်ဘုံလမ်းစဉ်သည် စကားမပြောနိုင်ပေ။ သို့သော် မူလစွမ်းအား၏ အရှိန်အဝါကြောင့် ကောင်းကင်ဘုံလမ်းစဉ်၏ ရည်ရွယ်ချက်ကို လုချန်း အလွယ်တကူပင် နားလည်လိုက်သည်။ သူသည် သာမန်လူမဟုတ်ကြောင်း ကောင်းကင်ဘုံလမ်းစဉ်က အသိအမှတ်ပြုလိုက်ပြီ ဖြစ်သည်။ သူ အဘယ်ကြောင့် ဤနေရာသို့ လာရတာလဲ ဆိုတာကို ကောင်းကင်ဘုံလမ်းစဉ်က သိလို၏။
မူလစွမ်းအားသည် ဤစကြာဝဠာ၏ အမြင့်ဆုံးစွမ်းအား ဖြစ်သည်။ သာမန်လူများ မပိုင်ဆိုင်နိုင်ပေ။ လေရန်ကမ္ဘာ၏ ကောင်းကင်ဘုံလမ်းစဉ်သည်လည်း လုချန်းအပေါ် ကြောက်ရွံ့မှု အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့လေသည်။
ထို့နောက် လေရန်ကမ္ဘာ၏ ကောင်းကင်ဘုံလမ်းစဉ်ကို လုချန်း ပြောလိုက်သည်။
“ကျုပ် ဒီကမ္ဘာကို လာတာ အကြောင်းပြချက် နှစ်ခုရှိတယ်။ ပထမအချက်က လေရန်ကမ္ဘာ တစ်ခုလုံးကို ထိန်းချုပ်ဖို့နဲ့ ဒုတိယအချက်က လေရန်ကမ္ဘာရဲ့ ကံစွမ်းအားကို လိုချင်လို့ပဲ။”
ထိုစကားများကို ကြားသောအခါ လေရန်ကမ္ဘာတစ်ခုလုံး ရုတ်တရက် တုန်ခါသွား၏။ ချက်ချင်းဆိုသလိုပင် လေရန်ကမ္ဘာရှိ ကျင့်ကြံသူ အားလုံးသည် မြေကြီးတုန်ခါခြင်းနှင့် တောင်များ လှုပ်ခတ်ခြင်းကို ခံစားလိုက်ရသည်။
ဤမြင်ကွင်းကြောင့် လူများ ကြောက်လန့်တကြား ဖြစ်ကုန်ကြသည်။ လေရန်ကမ္ဘာသည် ယခင်က ဤကဲ့သို့သော အဖြစ်အပျက်မျိုး တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးပေ။ ထျန်းချန်ကမ္ဘာမှ ကျူးကျော်သူ ရောက်ရှိလာချိန်တွင် လေရန်ကမ္ဘာ တစ်ခုလုံး ရုတ်တရက် ငလျင်လှုပ်ခတ်သွားခဲ့သည်။ ထျန်းချန်ကမ္ဘာမှ ကျူးကျော်သူသည် လေရန်ကမ္ဘာ တစ်ခုလုံးကို ဖျက်ဆီးရန် ရည်ရွယ်ထားတာလား။
လေရန်ကမ္ဘာ၏ ကောင်းကင်ဘုံလမ်းစဉ် အလွန် ဒေါသထွက်နေကြောင်း လုချန်း ခံစားမိသည်။ ကမ္ဘာတစ်ခု၏ ကောင်းကင်ဘုံလမ်းစဉ်အတွက် ကံစွမ်းအားသည် အလွန် အရေးကြီးလှ၏။ ကံစွမ်းအား ဆုံးရှုံးသွားပါက ကမ္ဘာကြီး ပျောက်ကွယ်သွားနိုင်ပြီး တဖြည်းဖြည်း သေဆုံးခြင်းဆီသို့ ဦးတည်သွားနိုင်ပေသည်။
ထို့နောက် လုချန်း ပြုံးလိုက်ပြီး ကောင်းကင်ဘုံလမ်းစဉ်ကို ပြောလိုက်သည်။
“အရမ်း ဒေါသထွက်စရာ မလိုပါဘူး။ ကျုပ်က ကံတရားစွမ်းအား တစ်ဝက်ကိုပဲ လိုချင်တာပါ... ပြီးတော့ တစ်ကြိမ်တည်းပါ။ ကံစွမ်းအား တစ်ဝက်လောက် ယူရုံနဲ့ သင့်ကို မထိခိုက်ဘူးဆိုတာ သင်ကောင်းကောင်း သိမှာပါ... ဒါကြောင့် သင် သိပ်ပြီး စိတ်ပူစရာ မလိုပါဘူး”
ထိုစကားကို ကြားသောအခါ လေရန်ကမ္ဘာ၏ ကောင်းကင်အသိစိတ်က ထပ်မံ ငြင်းဆန်လိုက်ပြီး လုချန်းကို မောင်းထုတ်ရန် ကြိုးစားလိုက်သည်။ လေရန်ကမ္ဘာမှ သူ့ကို တွန်းထုတ်နေသော စွမ်းအားတစ်ခုကို လုချန်း ချက်ချင်း ခံစားလိုက်ရသည်။
သူ့ကို တွန်းထုတ်နေသော အားကို ခုခံရန် လုချန်း မူလစွမ်းအားကို ချက်ချင်း အသုံးပြုလိုက်ရသည်။ မူလစွမ်းအား၏ ခုခံမှုကြောင့် လေရန်ကမ္ဘာ၏ ကောင်းကင်ဘုံလမ်းစဉ်သည် လုချန်းကို လေရန်ကမ္ဘာမှ မောင်းထုတ်ရန် နည်းလမ်းမရှိတော့ပေ။
မည်သို့ပင်ဆိုစေကာမူ အဆင့်မြင့် ကျင့်စဉ်ကမ္ဘာ သို့မဟုတ် အချို့သော စွမ်းအားကြီး သန့်ရှင်းသော နယ်မြေများ ဖြစ်နေလျှင်ပင် ၎င်းတို့သည် ဤစကြာဝဠာ၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်။ ဤစကြာဝဠာ၏ အစိတ်အပိုင်း ဖြစ်သည့်အတွက် စကြာဝဠာ နိယာမများကို လိုက်နာရမည်သာဖြစ်သည်။ စကြာဝဠာ မူလစွမ်းအားတွင် အမြင့်ဆုံးသော ဥပဒေနိယာမများ ပါဝင်နေသည်။
အမြင့်ဆုံးသော ဥပဒေနိယာမ ပါဝင်သည့် မူလစွမ်းအားကို ယှဉ်ပြိုင်ရန် လေရန်ကမ္ဘာကဲ့သို့ အလယ်အလတ်ကမ္ဘာတစ်ခုအတွက် ဘယ်လိုမှ မဖြစ်နိုင်ပေ။
လုချန်းကို မယှဉ်နိုင်ကြောင်း ခံစားလိုက်ရသည်နှင့် လေရန်ကမ္ဘာ၏ ကောင်းကင်အသိစိတ် လက်လျှော့လိုက်တော့သည်။ မူလစွမ်းအား ပိုင်ဆိုင်ထားသော လူသားကျင့်ကြံသူတစ်ဦးကို ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်း ဖြစ်သည်။ ဤအရာသည် သူ ကိုင်တွယ်ဖြေရှင်းနိုင်သော အရာမဟုတ်ကြောင်း ထင်ရှားလှ၏။
သာမန်ကျင့်ကြံသူတစ်ဦး၊ အထူးသဖြင့် လေရန်ကမ္ဘာမှ ကျင့်ကြံသူများသာ ဖြစ်ပါက ကောင်းကင်မိုးကြိုး အချက်အနည်းငယ်ဖြင့် ၎င်းတို့ကို သုတ်သင်နိုင်ကောင်း သုတ်သင်နိုင်ပေလိမ့်မည်။
သို့သော် မူလစွမ်းအားအတွင်း ပါဝင်သော ဥပဒေနိယာမဖြင့် ကာကွယ်ထားသော ၎င်း၏ ရှေ့မှောက်ရှိ ကျင့်ကြံသူကိုတော့ ဖြေရှင်းရန် နည်းလမ်း အမှန်တကယ် မရှိပေ။
ကောင်းကင်အသိစိတ် လက်လျှော့လိုက်သည်ကို မြင်သောအခါ လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တက်သွားသည်။ သူ၏ ဇနီးသည်များထဲမှ တစ်ဦး ကောင်းချီးရရှိတော့မည်ကို သိလိုက်သောကြောင့် ဖြစ်သည်။
……
ထိုအချိန်တွင်...
လေရန်နန်းတော်၏ နန်းဆောင်တစ်ခုအတွင်း၌ အနီရောင်ဝတ် အမျိုးသမီးတစ်ဦးသည် အဝေးမှ ကောင်းကင်ယံကို ငေးမောကြည့်ရှုနေပြီး သူမ၏ မျက်ခုံးများ အနည်းငယ် တွန့်နေ၏။ သူမသည် ထူးခြားသော အရာတစ်ခုကို ရှာဖွေတွေ့ရှိသွားပုံ ရသည်။
မွေးဖွားလာသည့် အချိန်မှစ၍ ပထမဆုံးအကြိမ် သူမ မျက်မှောင်ကြုတ်လိုက်ခြင်း ဖြစ်သည်။ အရင် ဘဝမှ ပြန်လည်ဝင်စားသူတစ်ဦးဖြစ်သည့် သူမအတွက် လေရန်ကမ္ဘာတွင် သူမကို ခြိမ်းခြောက်နိုင်သော အရာဟူ၍ တစ်ခါမှ မရှိခဲ့ဖူးပေ။ ထျန်းချန်ကမ္ဘာ စတင်လှုပ်ရှားနေပြီ ဖြစ်ကြောင်း အာရုံခံမိသော်လည်း သူမ လုံးဝ ဂရုမစိုက်ခဲ့ပေ။
သူမအတွက်မူ လေရန်ကမ္ဘာသည် ယာယီနားခိုရာ နေရာတစ်ခုသာ ဖြစ်ပြီး တစ်နေ့တွင် သူမ ထွက်ခွာမည်သာ ဖြစ်သည်။ ထျန်းချန်ကမ္ဘာမှ လူများ ရောက်လာလျှင်ပင် သူမ ထွက်ခွာခြင်းကို တားဆီးနိုင်မည် မဟုတ်သဖြင့် သူမ လုံးဝ ထိတ်လန့်ခြင်း မရှိ။ ထွက်ခွာရန်လည်း အလောတကြီး မဖြစ်ခဲ့ပေ။
သို့သော် သူမ၏ ထွက်ခွာမှုကို ခဏလေး ဆိုင်းငံ့လိုက်ရုံဖြင့် ထူးခြားသော အရာတစ်ခုကို သူမ မြင်တွေ့လိုက်ရသည်။
လေဟုန်ယွမ်သည် မဟာဧကရာဇ် နတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားသဖြင့် ကမ္ဘာ့ကောင်းကင်အသိစိတ်က နတ်လှေပေါ်ရှိ လူငယ်တစ်ဦးနှင့် ဆက်သွယ်နေသည်ကို ရှင်းလင်းစွာ အာရုံခံမိလိုက်သည်။ ကောင်းကင်အသိစိတ်သည် ထိုလူငယ်ကို အလွန် ကြောက်ရွံ့နေပုံရ၏။
ကောင်းကင်အသိစိတ်သည် ထိုလူကို လေရန်ကမ္ဘာမှ မောင်းထုတ်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သဖြင့် နောက်ဆုံးတွင် အလျှော့ပေးလိုက်ရသည်။
အလယ်အလတ်အဆင့် ကမ္ဘာတစ်ခု၏ ကောင်းကင်ဘုံလမ်းစဉ် စွမ်းအားကို မည်သူက တောင့်ခံနိုင်တာလဲ။
ဤလူငယ်က ဘယ်သူလဲ။
သူမ ရရှိထားသော ထောက်လှမ်းရေး သတင်းများအရ ထျန်းချန်ကမ္ဘာတွင် ပြန်လည်ပျက်စီးခြင်းအဆင့် စွမ်းအားရှင်များ ရှိနေပုံရသော်လည်း ပြန်လည်ပျက်စီးခြင်းအဆင့် ရှိသူများအတွက်ပင် ကောင်းကင်အသိစိတ်၏ မောင်းထုတ်မှုကို တောင့်ခံနိုင်ရန် မဖြစ်နိုင်ပေ။
သို့သော် ကောင်းကင်အသိစိတ်သည် ဤလူကို ကြောက်ရွံ့နေပုံ ရသည်။
သူတော်စင်အဆင့် စွမ်းအားရှင်တစ်ဦးပင်လျှင် အလယ်အလတ်အဆင့် ကမ္ဘာတစ်ခု၏ ကောင်းကင်ဘုံလမ်းစဉ် အသိစိတ်ကို ကြောက်လန့်အောင် ပြုလုပ်ရန် ခက်ခဲနေချိန်တွင် ကောင်းကင်အသိစိတ်ကို ကြောက်ရွံ့စေနိုင်သော ဤလူကား မည်သူနည်း။
မဟာဧကရာဇ်အဆင့်တစ်ပါးသာလျှင် ထိုကဲ့သို့သော စွမ်းရည်ကို ပိုင်ဆိုင်နိုင်သည်။ ထိုလူငယ်က မဟာဧကရာဇ် ဖြစ်နေသလား။ သို့သော် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အငွေ့အသက်သည် မဟာဧကရာဇ်၏ အငွေ့အသက်နှင့် တူပုံမရပေ။
သူသာ မဟာဧကရာဇ် ဖြစ်ပါက လေရန်ကမ္ဘာထဲသို့ ဝင်ရောက်လာသည့် အချိန်ကတည်းက ဧကရာဇ် အငွေ့အသက်ကို သူမ သေချာပေါက် အာရုံခံမိပေလိမ့်မည်။
သူမ လေရန်ကမ္ဘာတွင် ဆက်လက် နေထိုင်၍ ရနိုင်တော့ပုံ မပေါ်ပေ။
ထိုအတွေးဖြင့် လေဟုန်ယွမ် ထွက်ခွာရန် ချက်ချင်း ပြင်ဆင်လိုက်သော်လည်း ထိုအချိန်၌ပင် အမျိုးသားတစ်ဦး၏ အသံ သူမ၏ ဆောင်အတွင်း၌ ထွက်ပေါ်လာခဲ့လေသည်။
“မင်းသမီး... ဘယ်သွားမလို့လဲ”
လေဟုန်ယွမ်သည် ရောက်လာသူကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ အင်အားမှာ နတ်ဘဝပြောင်းလဲခြင်းအဆင့်တွင်သာ ရှိကြောင်း ချက်ချင်း သိလိုက်သည်။ ထို့နောက် သူမက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
“နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦးရဲ့ အင်အားကို ပြန်လည်ပျက်စီးခြင်းအဆင့်နဲ့ ယှဉ်နိုင်အောင် မြှင့်တင်ပေးနိုင်တာကို ကြည့်ရင် ထျန်းချန်ကမ္ဘာမှာ မဟာဧကရာဇ် ဂူသင်္ချိုင်း အမှန်တကယ် ရှိနေနိုင်ပုံပဲ။”
သူ၏ အဆင့်ကို တစ်ချက်ကြည့်ရုံဖြင့် လေဟုန်ယွမ် သိမြင်သွားသည်ကို တွေ့ရသော်လည်း ယင်ကျန်းယဲ့က အနည်းငယ်သာ ပြုံးလိုက်သည်။ သူ လုံးဝ အံ့ဩခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် အဆောင်အတွင်းသို့ ဝင်ရောက်လာကတည်းက ကြီးမားသော ဖိအားကို သူ ခံစားခဲ့ရပြီး လေဟုန်ယွမ်၏ အဆင့်မှာ သူ့အထက်တွင် ရှိနေကြောင်း ထင်ရှားသောကြောင့် ဖြစ်သည်။
ဤအမျိုးသမီးသည် သာမန်မင်းသမီးတစ်ပါး မဟုတ်သည်မှာ သေချာသည်။
ထို့နောက် ယင်ကျန်းယဲ့က
“ကျွန်တော် အတော်လေး နားမလည် ဖြစ်ရပါတယ်။ ပြန်လည်ပျက်စီးခြင်းအဆင့် စွမ်းအားရှင်တစ်ဦး ဖြစ်ပါလျက်နဲ့ မင်းသမီးက ဘာကြောင့် လေရန်ကမ္ဘာကို မကာကွယ်တာပါလဲ။”
လေဟုန်ယွမ်က ခံစားချက်မပါစွာ ပြန်ဖြေလိုက်သည်။
“ကျွန်မက ဒီမှာ ခဏတဖြုတ် နားခိုရုံသက်သက်ပါ။ ဒီလို ရှုပ်ထွေးတဲ့ ကိစ္စတွေထဲမှာ ကျွန်မက ဘာကိစ္စ ဝင်ပါရမှာလဲ။”
ထိုစကားများကို ကြားသောအခါ ယင်ကျန်းယဲ့ အနည်းငယ် အံ့အားသင့်သွားသည်။ ဤအမျိုးသမီးသည် လေရန်နိုင်ငံ၏ မင်းသမီးတစ်ပါး ဖြစ်သော်လည်း နိုင်ငံနှင့် ပတ်သက်၍ သံယောဇဉ် ရှိပုံမရပေ။
သို့သော် ဒါက ဖြစ်နိုင်သည်။ ကျင့်စဉ်လောကတွင် ထိုကဲ့သို့သော ဖြစ်ရပ်များမှာ အတော်လေး အဖြစ်များသည်။ အချို့သော ကျင့်ကြံသူများသည် အိမ်မှ ထွက်ခွာပြီးနောက် မည်သည့်အခါမှ ပြန်မလာကြတော့ ပေ။ မသေမျိုးအဖြစ်သို့ ရောက်ရှိရန်သာ အာရုံစိုက်ကာ မိသားစု သံယောဇဉ်များကို စွန့်လွှတ်လိုက်ကြသည်။
ဤအမျိုးသမီးသည်လည်း ထိုသူများနှင့် ခြားနားပုံ မရပေ။
ထိုအချိန်တွင် ကောင်းကင်ပေါ်ရှိ လုချန်းထံသို့ ယင်ကျန်းယဲ့က စိတ်အာရုံဖြင့် တိုက်ရိုက် အသံပေးပို့လိုက်သည်။
“မင်းကြီး... နန်းတော်ထဲမှာ ပြန်လည်ပျက်စီးခြင်းအဆင့် စွမ်းအားရှင်တစ်ဦးကို ကျွန်တော် ရှာတွေ့ထားပါတယ်။”
ထိုအရာကို ကြားသောအခါ နတ်လှေပေါ်၌ ကောင်းကင်ဘုံလမ်းစဉ်နှင့် ဆက်သွယ်နေသော လုချန်း ချက်ချင်း သတိပြန်ဝင်လာသည်။
ပြန်လည်ပျက်စီးခြင်းအဆင့်လား။
လုချန်း၏ မျက်ခုံးများ အနည်းငယ် တွန့်သွားပြီး မေးလိုက်သည်။
“အဲ့ဒီလူက ပြန်လည်ပျက်စီးခြင်းအဆင့် ဆိုတာ သေချာလား “
ယင်ကျန်းယဲ့က
“ သေချာပါတယ်။ အဲဒီအမျိုးသမီးဆီက ခံစားရတဲ့ ဖိအားက အရမ်း ပြင်းထန်ပါတယ်။ ပြန်လည်ပျက်စီးခြင်းအဆင့် စွမ်းအားရှင်တစ်ဦးသာ ဒီလိုအငွေ့အသက်ကို ပိုင်ဆိုင်နိုင်တာပါ “
လုချန်း အလွန်နားမလည် ဖြစ်သွားသည်။ လေရန်ကမ္ဘာကဲ့သို့ အလယ်အလတ်ကမ္ဘာတစ်ခုတွင် ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက ဘာလုပ်နေသနည်း။
သို့မဟုတ် သူက လေရန်ကမ္ဘာ ဇာတိလား။
ထိုသို့ဖြစ်ပါက လေရန်ကမ္ဘာ ကျူးကျော်ခံနေရသည်ကို မြင်ပါလျက်နှင့် အဘယ်ကြောင့် ဝင်ရောက် မစွက်ဖက်ခဲ့သနည်း။