အဲဒီလိုလုပ်မှာ မဟုတ်ဘူးလို့ ယုံကြည်တယ်
Vol. 77 Ch. 1142
ယင်ကျန်းယဲ့ ပြောခဲ့သည့် ပြန်လည်ပျက်စီးခြင်းအဆင့် စွမ်းအားရှင့်နှင့် ပတ်သက်၍ လုချန်း၏ စိတ်ထဲ သိချင်စိတ် ပြင်းပြနေခဲ့၏။ ယခု သူသည် ပြန်လည်ပျက်စီးခြင်းအဆင့် အင်အားကို ပိုင်ဆိုင်ထားသော်လည်း သူ၏ ပြန်လည်ပျက်စီးခြင်းအဆင့်သည် အစစ်အမှန် မဟုတ်ပေ။
စစ်မှန်သော ပြန်လည်ပျက်စီးခြင်းအဆင့် စွမ်းအားရှင်တစ်ဦးနှင့် ရင်ဆိုင်ရပါက ပြိုင်ဘက်ကို ယှဉ်နိုင်၊ မယှဉ်နိုင် သူ မသေချာပေ။
အရင်ဆုံး သွားကြည့်လိုက်တာက ပိုကောင်းလိမ့်မည်။
မည်သို့ပင်ဖြစ်စေ သူသည် မူလစွမ်းအား ပိုင်ဆိုင်ထားသူဖြစ်ရာ အလွန်အမင်း စိုးရိမ်နေရန် မလိုအပ်ချေ။ ထို့နောက် လုချန်းက
“ခင်ဗျားအဲဒီမှာ စောင့်နေ။ ကျွန်တော် အခုချက်ချင်း လာခဲ့မယ်”
ဟု စိတ်အာရုံဖြင့် အကြောင်းကြားလိုက်သည်။
ယင်ကျန်းယဲ့၏ တည်နေရာကို လုချန်း အာရုံခံလိုက်ပြီး နောက်တစ်ခဏတွင် အလင်းအရိပ်ကို အသုံးပြုကာ ယင်ကျန်းယဲ့ဘေးနားသို့ ရောက်ရှိသွားသည်။
လုချန်း ပေါ်လာသောအခါ လေဟုန်ယွမ် အနည်းငယ် အံ့အားသင့်သွားသည်။ အငွေ့အသက်အရ သူမရှေ့မှ လူငယ်သည် ယခုလေးတင် ကောင်းကင်ဘုံလမ်းစဉ်နှင့် ဆက်သွယ်ခဲ့သူ ဖြစ်ကြောင်း ခန့်မှန်းရသည်။
အဖြူရောင်အောက်ခံ ရွှေရောင်အနားကွပ် ဝတ်စုံကို ဝတ်ဆင်ထားသည့် လုချန်းသည် ခန့်ညား၍ ကျက်သရေနေ၏။
ချောမောခန့်ညားသော လူများစွာကို လေဟုန်ယွမ် မြင်ဖူးခဲ့သော်လည်း သူမရှေ့မှ အမျိုးသားက ထူးကဲစွာ ပေါ်လွင်နေသည်ဟု ခံစားမိသည်။
လေဟုန်ယွမ်က လုချန်းကို အကဲခတ်နေစဉ်တွင် သူကလည်း စနစ်ကို အသုံးပြု၍ လေဟုန်ယွမ်၏ အချက်အလက်များကို စစ်ဆေးကြည့်ရှုလိုက်သည်။
[အမည် : လေဟုန်ယွမ်]
[အချက်အလက် : ဧကရီဝင်စားသူ၊ လေဧကရာဇ်၏ သမီးတော်၊ လေရန်နိုင်ငံ၏ ကိုးယောက်မြောက် မင်းသမီး၊ လက်ရှိတွင် ပြန်လည်ပျက်စီးခြင်းအဆင့် ပထမအလွှာ အင်အားကို ပိုင်ဆိုင်ထားသူ။ ဆွမ်ဧကရာဇ်က ကောင်းကင်အသိစိတ်ကို မည်သို့ ဟန့်တားနိုင်သည်ကို သူမ အလွန်သိချင်နေပြီး ဆွမ်ဧကရာဇ်သည်လည်း ဧကရာဇ်အဆင့် ဝင်စားသူ ဖြစ်မည်ဟု သံသယရှိနေသူ။]
[ရမှတ် : ၉၉]
[နှစ်သက်မှု : ၆၀]
လေဟုန်ယွမ်၏ ရမှတ် ကိုးဆယ့်ကိုးကို မြင်လိုက်ရသဖြင့် လုချန်း၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသော်လည်း သူ အလျင်အမြန် သတိပြန်ဝင်လာသည်။ လေဟုန်ယွမ်သည် ပြန်လည်ပျက်စီးခြင်းအဆင့် အင်အားကို ပိုင်ဆိုင်ထားပြီး ဧကရီဝင်စားသူ ဖြစ်သည်ကို ထည့်သွင်းစဉ်းစားလိုက်လျှင် သူမကို လှည့်စားရန် လွယ်ကူမည် မဟုတ်ပေ။
လုချန်းက သူမကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ လေဟုန်ယွမ် စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားသည်။ ယခင်ဘဝ မဟာဧကရာဇ် ဖြစ်စဉ်က သူမကို ဤမျှ ပြောင်ပြောင်တင်းတင်း စိုက်ကြည့်ရဲသူ ရှားပါးလှသည်။
ထိုအချိန်တွင် စနစ်ကို လုချန်းက စိတ်ထဲမှ မေးလိုက်သည်။
“စနစ်... ‘ဧကရီ’ ဆိုတာက အင်ပါယာတစ်ခုရဲ့ အမျိုးသမီး ဧကရာဇ်ကို ပြောတာလား။ ဒါမှမဟုတ် အတိတ်ဘဝက ဧကရာဇ်အဆင့် အင်အားပိုင်ဆိုင်ခဲ့တာကို ဆိုလိုတာလား”
“ဧကရီ” ဆိုသော အသုံးအနှုန်းတွင် အဓိပ္ပာယ်ဖွင့်ဆိုချက် အမျိုးမျိုးရှိရာ သူမကို စည်းရုံးရန် မဟာဗျူဟာ ပိုမိုကောင်းမွန်စွာ ချမှတ်နိုင်ရေးအတွက် “ဧကရီ” ၏ တိကျသော အဓိပ္ပာယ်ကို သူ ရှင်းလင်းစွာသိထားရန် လိုအပ်သည်။
ဧကရီနှင့် မဟာဧကရာဇ်အဆင့် ကြားတွင် ကွာခြားချက်ရှိသည်။ သူမ၏ အတိတ်ဘဝမှ တိကျသော အချက်အလက်ကို သိထားခြင်းက သူမကို စည်းရုံးရာတွင် ပို၍ အားသာချက် ရှိလိမ့်မည်။
ထို့နောက်
“ ဧကရာဇ်အဆင့်အမျိုးသမီးပါ”
ဟု စနစ်က ပြန်ဖြေလိုက်သည်။
စနစ်၏ အဖြေကို ကြားလိုက်ရသဖြင့် လုချန်း စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ဧကရာဇ်တစ်ပါး ဖြစ်နေခြင်းက အရာအားလုံးကို အမှန်တကယ် ရှုပ်ထွေးသွားစေသည်။
ယခု သူမက ပြန်လည်ပျက်စီးခြင်းအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသဖြင့် သူမကို ဆက်နေရန် အတင်းအကျပ် ဖိအားပေးဖို့ သူ့အတွက် အလွန်ခက်ခဲလိမ့်မည်။
အတင်းအကျပ် နည်းလမ်းက အလုပ်မဖြစ်သလို အပျော့ဆွဲ နည်းလမ်းကလည်း ပိုကောင်းလာမည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေ သူမက အတိတ်ဘဝတွင် ဧကရာဇ်အဆင့် တစ်ပါး ဖြစ်ခဲ့ဖူးပြီး အရာအားလုံးကို မြင်ဖူးသူ ဖြစ်သည်။ စစ်မှန်သော နည်းပရိယာယ်မပါပဲ ဆက်နေရန် သူမကို စည်းရုံးခြင်းက အရာထင်မည် မဟုတ်ပေ။
အတော်ကြာ စဉ်းစားပြီးနောက်
“မင်းသမီးက လေရန်နိုင်ငံကို စွန့်ခွာဖို့ စီစဉ်နေတာလား”
ဟု လုချန်းက တိုက်ရိုက် မေးလိုက်သည်။
ဤမေးခွန်းကို ကြားသောအခါ လေဟုန်ယွမ် အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ လေရန်နိုင်ငံကို မစွန့်ခွာပဲ သူမက ဤနေရာတွင်နေကာ သူ့လက်အောက်ခံအဖြစ် အမှုထမ်းရမှာလား။
ထို့နောက်လေဟုန်ယွမ်က
“အခု လေရန်ကမ္ဘာကို ရှင်ထိန်းချုပ်လိုက်ပြီဆိုတော့ လေရန်နိုင်ငံက ပျက်စီးသွားပြီလို့ ယူဆရမှာပေါ့။ ကျွန်မ ဒီမှာနေဖို့ ဘာအကြောင်းပြချက် ရှိလို့လဲ။”
လုချန်းက
“လေရန်နိုင်ငံ ပျက်စီးသွားပြီလို့ ဘယ်သူပြောလဲ”
ဟု ပြုံး၍ ပြန်ပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ လုချန်း၏ သဘောထားကို လေဟုန်ယွမ် ချက်ချင်း သဘောပေါက်လိုက်ပြီး
“ဆွမ်ဧကရာဇ်က ကြိုးဆွဲဧကရာဇ်တစ်ပါး တင်မြှောက်ဖို့ စီစဉ်နေတာလား။”
ဤအချိန်တွင် လုချန်းကို လေဟုန်ယွမ် ခန့်မှန်းမိသွားပြီဖြစ်သည်။ နဂါးဝတ်ရုံကို လုချန်း ဝတ်ဆင်မထားသော်လည်း သူမ ယခင်က စုဆောင်းထားသော သတင်းအချက်အလက်များအရ သူမရှေ့မှ လူသည် ဆွမ်ဧကရာဇ် ဖြစ်ကြောင်း ကောက်ချက်ချရန် လုံလောက်သည်။
လေရန်နိုင်ငံ ပျက်စီးမည်မဟုတ်ကြောင်း ဆွမ်ဧကရာဇ် ပြောဆိုခြင်းမှာ လေရန်ကမ္ဘာကို ထိန်းချုပ်ဖို့ ကူညီရန် ကြိုးဆွဲဧကရာဇ်တစ်ပါးကို တင်မြှောက်ရန် ရည်ရွယ်သည်ဟု ဆိုလိုခြင်း ဖြစ်နိုင်ခြေများသည်။
ထိုကဲ့သို့သော အလေ့အထများမှာ စကြဝဠာတွင် အလွန်ခေတ်စားပြီး အထူးသဖြင့် ကြယ်နယ်မြေ ဒါဇင်ပေါင်းများစွာကို ထိန်းချုပ်ထားသော အဆင့်မြင့် အင်ပါယာများကြားတွင် ပို၍အဖြစ်များသည်။ အားလုံးကို သူတို့ မစီမံ မခန့်ခွဲနိုင်သဖြင့် ကိုယ်စားအုပ်ချုပ်ရန် လက်အောက်ခံများ ခန့်အပ်လေ့ရှိကြသည်။
ဤဆွမ်ဧကရာဇ်သည် သာမန်ပုဂ္ဂိုလ်မဟုတ်ကြောင်း ထင်ရှား၏။ ထို့ကြောင့် စိတ်ဝိညာဉ်စွမ်းအင် ခန်းခြောက်နေသော ဖရိုဖရဲကြယ်ပင်လယ်တွင် သူ ထာဝရ နေနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လေရန်ကမ္ဘာကို စီမံခန့်ခွဲရန် ကူညီမည့်သူတစ်ဦး လိုအပ်လိမ့်မည်။
လေဟုန်ယွမ်၏ စကားကို ကြားပြီးနောက်
လုချန်းက
“ဧကရီဝင်စားသူ ဖြစ်ထိုက်တန်ပါပေတယ်... ခင်ဗျားက တကယ် ဉာဏ်ကောင်းတာပဲ”
ထိုစကားကို ကြားသောအခါ သူမ၏ ဇစ်မြစ်ကို ဤလူက တစ်ချက်တည်းနှင့် သိမြင်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် လေဟုန်ယွမ်၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ခဏခန့် လက်ခနဲ ဖြစ်သွားသည်။
သို့သော် လေဟုန်ယွမ် ချက်ချင်း သတိပြန်ဝင်လာသည်။ ဤလူသည်လည်း မဟာဧကရာဇ် တစ်ပါးပါး ဝင်စားသူဖြစ်နိုင်ကြောင်း သူမ သံသယဝင်ခဲ့ရာ သူမကို ဧကရီဝင်စားသူဟု သူ ထင်ခြင်းက အကျိုးကြောင်းဆီလျော်ပေသည်။
ထို့နောက်
“ဧကရီဝင်စားတယ် ဟုတ်လား... ဆွမ်ဧကရာဇ်က ဘာကိုဆိုလိုတာလဲ။ ရှင်ပြောတာကို ကျွန်မ နားမလည်ဘူး”
လုချန်းက ခပ်အေးအေး တုံ့ပြန်လိုက်သည်။
“ဟန်ဆောင်နေစရာ မလိုပါဘူး။ ခင်ဗျားနဲ့ စတွေ့တဲ့အချိန်မှာ ခင်ဗျားရဲ့ နတ်ဝိညာဉ်က ယုံကြည်နိုင်စရာ မရှိလောက်အောင် အားကောင်းနေတာ ကျွန်တော် အာရုံခံမိတယ်။ မဟာဧကရာဇ်ဝင်စားသူတွေသာ အဲဒီလောက် စွမ်းအားကြီးတဲ့ နတ်ဝိညာဉ်ကို ပိုင်ဆိုင်နိုင်တာ။”
လေဟုန်ယွမ်က
“ဒါဆို အဲ့ဒီအကြောင်းပြချက်အရ ဆွမ်ဧကရာဇ်ကရော မဟာဧကရာဇ် တစ်ပါးပါးရဲ့ ဝင်စားသူလား။”
အခြားဧကရာဇ်အဆင့် တစ်ပါး၏ နတ်ဝိညာဉ် အင်အားကို ဧကရာဇ်အဆင့်ကသာ အာရုံခံနိုင်သည်။ သူမ သတိမထားမိပဲ သူမ၏ နတ်ဝိညာဉ် အင်အားကို လုချန်းက ကြည့်ရှုနိုင်ခြင်းမှာ လုချန်းကိုယ်တိုင်က ပိုမိုစွမ်းအားကြီးသော နတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားကြောင်း သက်သေပြနေပြီး လုချန်းသည်လည်း မဟာဧကရာဇ် ဝင်စားသူဖြစ်ကြောင်း ညွှန်ပြနေသည်။
“ဖုံးကွယ်စရာ မရှိပါဘူး။ ကျွန်တော်က တကယ်ပဲ မဟာဧကရာဇ် ဝင်စားသူပါ”
လုချန်း၏ ဝန်ခံစကားကို ကြားသောအခါ သူမ သံသယရှိခဲ့သည့်အတိုင်း ဖြစ်နေကြောင်း လေဟုန်ယွမ် တွေးလိုက်သည်။
သို့သော် သူမက ဆက်ပြောလိုက်သည်။
“ဆွမ်ဧကရာဇ်က ကိုယ့်ဇစ်မြစ်ကိုယ် ထုတ်ဖော်ရဲတယ်ဆိုတော့... ကျွန်မကို ဒီမှာ အတင်းအကျပ် ထားဖို့ ရည်ရွယ်နေတာများလား။”
ယေဘုယျအားဖြင့် စွမ်းအားရှင်ဘဝမှ ပြန်လည်ဝင်စားသူများသည် ကလဲ့စားချေခံရမည်ကို ကြောက်ရွံ့ကြသည်။ အားနည်းသော ပုံစံများဖြင့် ပြန်လည်ဝင်စားလာသည်ကို လူများ သိသွား၍ မရပေ။ အဘယ့်ကြောင့်ဆိုသော် အင်အားအပြည့်အဝ ပြန်မရမီတွင် သူတို့ကို သတ်ဖြတ်ချင်နေမည့် အတိတ်ဘဝမှ ရန်သူများစွာ ရှိနေနိုင်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် မဟာဧကရာဇ်အဆင့်များ ဝင်စားသောအခါ သူတို့၏ သရုပ်မှန်ကို ဖုံးကွယ်ရန် တတ်နိုင်သမျှ လုပ်ဆောင်လေ့ရှိကြသည်။ သို့သော် ယခု သူတို့ချင်း ရင်းနှီးခြင်း မရှိသော်လည်း ဆွမ်ဧကရာဇ်က သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက်ကို သူမအား ပြောပြနေသည်။
ထိုအတွက် ဖြစ်နိုင်ခြေတစ်ခုတည်းသာ ရှိသည်။ ဆွမ်ဧကရာဇ်က သူမကို ဤနေရာ၌ အတင်းအကျပ် ထားရှိရန် ရည်ရွယ်ထားသဖြင့် သူ၏ သရုပ်မှန်ကို ထုတ်ဖော်ရန် ဝန်မလေးခြင်းသာ ဖြစ်သည်။
လေဟုန်ယွမ်က ထိုမေးခွန်းထုတ်လာသောအခါ လုချန်းက ဖျော့တော့စွာ ပြုံးလိုက်ပြီး
“ပြန်လည်ပျက်စီးခြင်းအဆင့် ပထမအလွှာမှာ ရှိတဲ့ ခင်ဗျားရဲ့ အင်အားနဲ့ဆိုရင် ခင်ဗျားကို ဒီမှာ အတင်းအကျပ် ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော့်မှာ အဲဒီလို ရည်ရွယ်ချက်မျိုးလည်း မရှိဘူး။”
“ရှင်အကြောင်း တခြားသူတွေကို ကျွန်မ ပြောပြမှာ မကြောက်ဘူးလား။ ကျွန်မက မဟာဧကရာဇ်ဝင်စားသူ ဖြစ်နေလို့ ရှင် ကျွန်မအပေါ် အသာစီးရထားတယ်လို့ ထင်နေတာလား။”
“အဲဒီလိုသာဆိုရင် ရှင်က အရမ်း နုံအ လွန်းရာ ကျနေပြီ။ ဒီလောကမှာ မဟာဧကရာဇ်ဝင်စားသူတွေကို အသတ်ချင်ဆုံး လူတွေက များသောအားဖြင့် တခြား မဟာဧကရာဇ်ဝင်စားသူတွေပဲ။”
ဧကရာဇ်အဆင့်များသည် တိကျသော အကြောင်းပြချက်များဖြင့် ဝင်စားလေ့ရှိပြီး သူတို့၏ ပလ္လင်ကို ပြန်လည်ရယူရန် တူညီသောအရာများစွာ လိုအပ်သည်။ မဟာဧကရာဇ်ဝင်စားသူ တစ်ဦးအတွက် သူ့လိုလူ နောက်တစ်ယောက်မှာ သူ၏ ပြိုင်ဘက်ဖြစ်သည်။
ထို့ကြောင့် ဧကရာဇ်ဝင်စားသူများအတွက် အန္တရာယ်အရှိဆုံးမှာ သူတို့၏ လျှို့ဝှက်ချက်ကို သိရှိထားသော အခြား မဟာဧကရာဇ်ဝင်စားသူများ ဖြစ်သည်။
လုချန်းက ပြုံးလျက်
“အဲ့ဒီကိစ္စတွေအတွက် ကျွန်တော် တကယ် မစိုးရိမ်ပါဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျား အဲဒီလိုလုပ်မှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်လို့ပဲ။”
လေဟုန်ယွမ် အံ့အားသင့်သွားသည်။ သူမနှင့် ယခုမှ စတင်တွေ့ဆုံဖူးသူ တစ်ဦးက သူမကို ဤမျှ အလွယ်တကူ ယုံကြည်ခြင်းမှာ ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။