← Chapters

ခင်ဗျားအကြောင်း ပြောပါ

Vol. 77 Ch. 1143

ခင်ဗျားအကြောင်း ပြောပါ

Vol. 77 Ch. 1143

လေဟုန်ယွမ် အလျင်အမြန် သဘောပေါက်သွားပြီး တခစ်ခစ် ရယ်မောလိုက်သည်။

“ကျွန်မက အတိတ်ဘဝတုန်းက ဧကရာဇ်အဆင့် ဖြစ်ခဲ့တာကို မင်းကြီး သိပြီးသားဆိုတော့... ဧကရာဇ်အဆင့် တစ်ယောက်ဟာ မိန်းမပျိုလေးတစ်ယောက် မဟုတ်ဘူးဆိုတာ နားလည်သင့်တယ်”

လုချန်း၏ စကားလုံးများထဲတွင် သွယ်ဝိုက်သော အဓိပ္ပာယ် ပါနေကြောင်း လေဟုန်ယွမ် သိခဲ့သည်။ လုချန်းက သူမကို အမှန်တကယ် ယုံကြည်သည်မဟုတ်ပေ။ နောက်ကွယ်တွင် ရည်ရွယ်ချက် တစ်ခုခု ရှိနေသည်။

မည်သို့ပင်ဆိုစေ လေဟုန်ယွမ်သည် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် ဧကရာဇ်တစ်ပါး ဖြစ်ရာ သူမ မကြားဖူးခဲ့သည့် မြှောက်ပင့်စကားမျိုး ဘယ်လိုလုပ် ရှိနိုင်မည်နည်း။

အတိတ်ဘဝတုန်းက ယောက်ျားများကို ရှာဖွေခြင်းမပြုပဲ ကျင့်စဉ်လမ်းကြောင်းတွင်သာ သူမ ဘဝကို မြှုပ်နှံခဲ့သော်လည်း နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သူ တစ်ဦးဖြစ်သဖြင့် ယောက်ျားများအကြောင်း သူမ ကောင်းစွာ သိသည်။

လေဟုန်ယွမ်က

“ဆွမ်ဧကရာဇ်မှာ တခြားကိစ္စ မရှိတော့ရင် ကျွန်မ သွားခွင့်ပြုပါဦး”

“ကျွန်မကို တိုက်ခိုက်ဖို့ ကြိုးစားချင်ရင်လည်း ရပါတယ်။ ပြန်လည်ပျက်စီးခြင်းအဆင့်ထိ အင်အားမြှင့်တင်ဖို့ ရှင် ဘယ်လို စိတ်ဝိညာဉ်လက်နက်မျိုး သုံးထားလဲဆိုတာ ကျွန်မ မသိပေမဲ့ အတုအယောင် အင်အားကတော့ အတုအယောင်ပဲ ဖြစ်နေမှာပါ။”

ထိုစကားကို ကြားသောအခါ

“တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား”

ဟု လုချန်း တွေးလိုက်သည်။

ရမှတ် ကိုးဆယ်ကျော်သော အမျိုးသမီးကို တွေ့ရှိခဲ့ပြီဖြစ်ရာ သူမကို ထွက်သွားခွင့်ပြုဖို့ သူ ဘယ်လိုလုပ် စိတ်ကူးနိုင်မည်နည်း။

သို့သော် သူတို့ အမှန်တကယ် တိုက်ခိုက်ကြလျှင် သူအပေါ်ထားရှိသည့် ကောင်းမွန်သည့်အမြင်ကို ပျက်စီးစေရုံသာမက သူမကို ဆက်ထိန်းထားနိုင်ရန်လည်း မသေချာပေ။

မူလစွမ်းအားကို ပိုင်ဆိုင်ထားခြင်းက သူမကို တိုက်ခိုက်ရန် စွမ်းအားပေးသော်လည်း သူမကို ဖမ်းဆီးရန်က သိပ်လွယ်ကူမည် မဟုတ်ပေ။

လုချန်းထံမှ တုံ့ပြန်မှုမရှိသည်ကို မြင်လိုက်ရပြီး သူမထွက်ခွာသွားမည့်အပေါ် တားဆီးရန် ရည်ရွယ်ချက် မရှိပုံရသဖြင့် သူမ ဘာမှဆက်မပြောတော့ပေ။

ထို့နောက် သူမ၏ လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ရာ နောက်တစ်ခဏတွင် ကြီးမားသော တွင်းနက်တစ်ခု သူမ၏ လက်ဝါးရှေ့၌ ပေါ်လာသည်။

၎င်းမှာ ပြန်လည်ပျက်စီးခြင်းအဆင့် စွမ်းအားရှင်တစ်ဦး၏ စစ်မှန်သော စွမ်းအားဖြစ်သည်။ အလယ်အလတ် ကမ္ဘာတစ်ခုတွင် ကမ္ဘာ့လမ်းကြောင်းတစ်ခု ဖန်တီးခြင်းသည် သူမအတွက် တစ်ခဏတာမျှသာ ကြာမြင့်သော အလုပ်ဖြစ်သည်။

သို့သော် သူမ ထွက်ခွာတော့မည့်အချိန်တွင် လုချန်းက မေးလိုက်သည်။

“ဧကရာဇ်ဝင်စားသူအနေနဲ့ ထိပ်ဆုံးကို နောက်တစ်ကြိမ် ပြန်ရောက်ဖို့ဆိုရင် အရင်းအမြစ် တော်တော်များများ လိုအပ်လိမ့်မယ် မဟုတ်လား။”

လေဟုန်ယွမ်က ခေါင်းအနည်းငယ် လှည့်ကာ လုချန်းကို ကြည့်လိုက်ပြီး မေးလိုက်သည်။

“ဆွမ်ဧကရာဇ်က ဘာကို အတိအကျ ပြောချင်တာလဲ”

လုချန်းက ပြုံး၍

“လေရန်ကမ္ဘာမှာ ဧကရီအဖြစ် နေဖို့ ဆန္ဒရှိမယ်ဆိုရင် ခင်ဗျားလိုအပ်တဲ့ ကျင့်စဉ်အရင်းအမြစ်တွေကို ကျွန်တော် ထောက်ပံ့ပေးနိုင်တယ်။”

ထိုစကားကို ကြားသောအခါ လေဟုန်ယွမ် အနည်းငယ် ဆွံ့အသွားသည်။ ဧကရာဇ်ဝင်စားသူ ဖြစ်သည့် ဤလူက အဘယ့်ကြောင့် ဤမျှ နုံအ နေရသနည်း။

ကျင့်စဉ်အရင်းအမြစ်များ ထောက်ပံ့ပေးမယ်တဲ့လား။

သူမကို နေစေချင်ခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်များကိုထားဦးတော့...

သူပြောသလို သူမ ဆက်နေရစ်လျှင်ပင် သူက သူမအတွက် မည်သည့် အရင်းအမြစ်များကို ထောက်ပံ့ပေးနိုင်မည်နည်း။

ဖရိုဖရဲကြယ်ပင်လယ်သည် ဝေးလံခေါင်သီပြီး ချို့တဲ့သော နေရာဒေသတစ်ခု ဖြစ်သည့်အလျောက် သူမလိုအပ်သော ကျင့်စဉ်အရင်းအမြစ်များကို ပိုင်ဆိုင်ရန် မဖြစ်နိုင်သလောက်ပင်။

ထို့နောက် လေဟုန်ယွမ်က

“ဆွမ်ဧကရာဇ်က ကျွန်မကို ဘာလို့ ကျင့်စဉ်အရင်းအမြစ်တွေ ပေးချင်ရတာလဲ”

လုချန်း အလွန်ချောမော ခန့်ညားသည်ဟု သူမ သတ်မှတ်ထားသော်လည်း သူ၏ ဆွဲဆောင်မှုကို သူမ မခံစားရပေ။ သူသည် သူမ၏ အတိတ်ဘဝတွင်ပင် ရှားရှားပါးပါးသာ တွေ့ခဲ့ဖူးသော ဒဏ္ဍာရီဆန်ဆန် ချောမောမှုမျိုး ပိုင်ဆိုင်ထားသူ ဖြစ်သည်။

သို့သော် သူမ၏ အတိတ်ဘဝကဲ့သို့ပင် သူမ၏ စိတ်သည် ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်ထားပြီး အချစ်ရေး ကိစ္စများကို စိတ်မဝင်စားပေ။

ထို့နောက် လုချန်းက တည့်တိုး ပြောလိုက်သည်။

“ကျွန်‌တော့်မှာ ကောင်းကင်ဘုံကို ဟောကိန်းထုတ်နိုင်တဲ့ စွမ်းရည်ရှိတယ်။ ခင်ဗျားကို စတွေ့တဲ့အချိန်မှာ ခင်ဗျားက ကျွန်တော့်ရဲ့ ကျင့်ကြံဖော် ဖြစ်လာလိမ့်မယ်လို့ ကြိုမြင်ခဲ့တယ်။”

ထိုစကားကို ကြားသောအခါ လေဟုန်ယွမ် ပို၍ပင် ဆွံ့အသွားသည်။ ရှေးဆန်လွန်းသော စကားများပင်။ ထို့နောက်

“ကျွန်မက အနာဂတ်မှာ ရှင့်ရဲ့ ကျင့်ကြံဖော် ဖြစ်လာမယ်လို့ ယုံကြည်ထားရင် အခု ဘာလို့ အလျင်လိုနေရတာလဲ။”

ဒါက...

“ဒါမှမဟုတ် ရှင် လိမ်နေတာပဲ ဖြစ်ရမယ်။ ကောင်းကင်ဘုံကို ဟောကိန်းမထုတ်နိုင်ပဲ ကျွန်မကို ဒီမှာထားချင်ရုံ သက်သက်လား။”

လုချန်း သတိပြန်ဝင်လာ၏။ လေဟုန်ယွမ်ကို လှည့်စားရန် မလွယ်ကူကြောင်းလည်း သူ ကောင်းကောင်းသိလိုက်သည်။

“ကျွန်‌တော် တကယ်ပဲ ကောင်းကင်ဘုံကို ဟောကိန်းထုတ်နိုင်ပါတယ်။ တကယ်လည်း ခင်ဗျားကို နေစေချင်တယ်။ အခုတော့ ခင်ဗျားဘယ်လိုထင်လဲ ဆိုတာအပေါ် မူတည်တာပေါ့”

“ခင်ဗျား ထွက်သွားဖို့ ဆန္ဒရှိတယ်ဆိုရင် နေရစ်ဖို့ ကျွန်တော် အတင်းအကျပ် ဖိအားပေးမှာ မဟုတ်ဘူး။”

ထို့နောက် လေဟုန်ယွမ်က

“အဲဒီလိုဆိုရင်... ထိပ်ဆုံးမှာ ပြန်တွေ့ကြတာပေါ့”

သူမ၏ အသံဆုံးသွားသည်နှင့် သူမကို ဆက်ထိန်းထားရန် လုချန်းအား အခွင့်အရေး ထပ်မပေးတော့ပဲ ကမ္ဘာ့လမ်းကြောင်းထဲသို့ တိုက်ရိုက် ဝင်ရောက်ကာ လေရန်ကမ္ဘာမှ ထွက်ခွာသွားလေသည်။

လုချန်း စိတ်ထဲ အနည်းငယ် ဝမ်းနည်းသွားသည်။ သူ့တွင် မိန်းမများ မရှားပါးတော့သဖြင့် လေဟုန်ယွမ် ထွက်ခွာသွားခြင်းက သူ့အတွက် ဆုံးရှုံးမှုတစ်ခု မဟုတ်ပေ။ သို့သော် ကြီးမားသော နောင်တနှင့် နှမြောတသဖြစ်မှုတို့ကိုတော့ သူ မခံစားပဲ မနေနိုင်ချေ။

ထားလိုက်ပါတော့...

အနိမ့်ပိုင်းနှင့် အလယ်အလတ် ကမ္ဘာများတွင် ရမှတ် ကိုးဆယ်ကျော်သော အမျိုးသမီးများစွာကို သူ တွေ့ခဲ့ပြီးပြီဖြစ်သည်။ နောင်တွင် ဤကြယ်နယ်မြေမှ ထွက်ခွာပြီးနောက် ရမှတ် ကိုးဆယ်ကျော်သော အမျိုးသမီးများကို ပိုမို တွေ့ဆုံနိုင်ကောင်း တွေ့ဆုံနိုင်ပေလိမ့်မည်။

အလျင်လိုနေစရာ မလိုပေ။

လောလောဆယ်တွင် သူ့ဇနီးများ ရင်သွေးကမ္ဘာများ ပိုမို ထုတ်လုပ်နိုင်စေရန် နည်းလမ်းများ ရှာဖွေရမည်။ ဤရင်သွေးကမ္ဘာများသည် သူ့ကို မူလစွမ်းအားများ ပေးစွမ်းနိုင်ရုံသာမက သူ၏ဇနီးများ အတွက်လည်း အကျိုးကျေးဇူးများ ပေးသည်။

ချူးယုချင်နှင့် မုကျိရွှမ်းတို့၏ အဆင့်များသည် လျင်မြန်စွာ တိုးတက်နေပြီး သူတို့၏ ကံတရားစွမ်းအားလည်း ပိုမို တောက်ပြောင်လာသည်။ ရင်သွေးကမ္ဘာများရှိ ဉာဏ်ရည်မြင့် သက်ရှိများ၏ ကံစွမ်းအားသည် ချူးယုချင်နှင့် မုကျိရွှမ်းတို့ထံ ပေါင်းစည်းသွားခြင်းဖြစ်သည်။ ထိုကဲ့သို့ ကြီးမားသော ကံစွမ်းအားများ စုစည်းမိပါက အနာဂတ်တွင် သူတို့ ဧကရာဇ်အဆင့်များ ဖြစ်လာကြမည်မှာ သေချာသည်။

လေဟုန်ယွမ် ထွက်ခွာသွားပြီးနောက် လုချန်းက ခေါင်းလှည့်ကာ

“ဧကရာဇ် ဖြစ်ဖို့ သင့်တော်တဲ့ မင်းသားတစ်ပါး ရှာလိုက်”

ဟု ယင်ကျန်းယဲ့ကို ပြောလိုက်သည်။

လုချန်း၏ ရည်ရွယ်ချက်ကို ယင်ကျန်းယဲ့ ချက်ချင်း နားလည်သွားပြီး

“ဟုတ်ကဲ့ပါ မင်းကြီး... ကျွန်တော် အခုပဲ လုပ်လိုက်ပါ့မယ်။”

လေရန်နိုင်ငံကို ရှနိုင်ငံတော်ထဲသို့ တိုက်ရိုက် ထည့်သွင်းရန် လုချန်း အစီအစဉ် မရှိကြောင်း ထင်ရှားသည်။ ယင်းအစား ကျိယန်ကမ္ဘာကဲ့သို့ပင် ကမ္ဘာတစ်ခုလုံးကို စီမံခန့်ခွဲ့ဖို့ ကူညီရန် တစ်စုံတစ်ယောက်ကို သူ ရှာဖွေနေခြင်း ဖြစ်သည်။

မကြာမီ သင့်တော်သော မင်းသားတစ်ပါးကို ရှာတွေ့ပြီး လုချန်းရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။

မူလအစ ကမ္ဘာနယ်ပယ် ပထမအလွှာ အင်အားရှိပြီး အနည်းငယ် အားနည်းပုံရသော လူငယ်တစ်ဦးကို ယင်ကျန်းယဲ့ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

ထိုလူ၏ အချက်အလက်ကို လုချန်း အမြန် ကြည့်လိုက်သည်။

[အမည် : လေဝမ်တယ်]

[ အချက်အလက်: လေရန်ကမ္ဘာရှိ လေရန်နိုင်ငံ၏ ၂၅၆ ယောက်မြောက် မင်းသား]

[အင်အား : မူလအစ ကမ္ဘာနယ်ပယ် ပထမအလွှာ]

[သစ္စာရှိမှု : ၉၅]

ဒီလောက် သစ္စာရှိမှု မြင့်မားတာလား။

လုချန်း တစ်ခဏမျှ ဇဝေဇဝါ ဖြစ်သွားသော်လည်း အခြေအနေကို လျင်မြန်စွာ နားလည်သွားသည်။ ထို့နောက်

“ခင်ဗျား ဧကရာဇ် ဖြစ်ချင်လား”

ဟု လေဝမ်တယ်ကို မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ လေဝမ်တယ် ကြောင်အသွားသည်။ ရာဇပလ္လင်အတွက် သူ့ကို ထည့်သွင်းစဉ်းစားရန် ပြန်လည်ပျက်စီးခြင်းအဆင့်မှ ဤဧည့်သည်တော် ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သို့သော် သူက မ’အ’ ပေ။ လေရန်နိုင်ငံ၏ ဧကရာဇ်အသစ် အဖြစ် ဆွမ်ဧကရာဇ်က သူ့ကို အဘယ်ကြောင့် ရွေးချယ်ခဲ့သည်ကို သူ ရှင်းရှင်းလင်းလင်း နားလည်သည်။

သူ့ကို ထိန်းချုပ်ရန်အတွက် ဖြစ်ကြောင်း ထင်ရှားသည်။

သို့သော် ကြိုးဆွဲဧကရာဇ် ဖြစ်ရခြင်းကပင် သူ၏ ယခင်ဘဝထက် ပိုကောင်းနေမည် ဖြစ်သဖြင့် သူ သဘောမကျစရာ မရှိပေ။

“မင်းကြီး အမိန့်ရှိတဲ့အတိုင်းပါပဲ”

ဟု လေဝမ်တယ်က ချက်ချင်း ပြန်ဖြေလိုက်သည်။

လက်ရှိတွင် သူသည် အကျဉ်းသားတစ်ဦး ဖြစ်ပြီး ရွေးချယ်ပိုင်ခွင့် မရှိသဖြင့် ရိုကျိုးသော ပုံစံကို ပြသကာ မည်သည့် ဆန္ဒ သဘောထားကိုမှ ထုတ်မပြပဲ နေလိုက်သည်။ တစ်ဖက်လူက သူ့ကို ဘာလုပ်ခိုင်းခိုင်း သူ လိုက်နာရမည်ဖြစ်သည်။

ထိုအချိန်တွင် လုချန်းက

“လေရန်နိုင်ငံကို အခြားကမ္ဘာသားတွေ ထိန်းချုပ်လိုက်တာကို ခင်ဗျားက ဘာလို့ အတော်လေး လိုလိုလားလား ရှိနေပုံရတာလဲဆိုတာ ကျွန်တော် သိချင်တယ်။”

စိတ်ထဲတွင် လန့်သွားသဖြင့် လေဝမ်တယ် စကားပြောရန် ပြင်လိုက်စဉ် ယင်ကျန်းယဲ့က ဝင်ဖြတ်ပြောလိုက်သည်။

“မင်းကြီး... သူ့ကို ကျွန်တော် တွေ့တုန်းက သူက နေအိမ်တစ်ခုမှာ အကျဉ်းချခံထားရပါတယ်။ သူ့ရဲ့ မူလအသက်ဓာတ်ကို စုပ်ယူဖို့ အစီအရင်တစ်ခုနဲ့ ပိတ်လှောင်ခံထားရတာပါ။”

လုချန်း ချက်ချင်း စိတ်ဝင်စားသွားပြီး

“ခင်ဗျားအကြောင်း ပြောပြပါ”

လေဝမ်တယ်က လိုရင်းကို တိုက်ရိုက် ပြောပြလိုက်သည်။

“ကျွန်တော့်အမေက နန်းတွင်းအစေခံ တစ်ယောက်ပါ။ ဖခင်က ကျင့်စဉ်ကျင့်ရင်း စိတ်ဖောက်ပြန်တဲ့ အချိန်မှာ အမေ့ကို သဘောကျခဲ့လို့ ကျွန်တော့်ကို မွေးဖွားလာတာပါ။”

“နန်းတွင်းအစေခံက မွေးဖွားလာတာမို့ ကျွန်တော် ဘယ်တုန်းကမှ အချစ်ခံ၊ အမြှောက်စားခံ မရခဲ့ပါဘူး။ ဒါ့အပြင် ဖခင်မှာ သားသမီးတွေ အများကြီး ရှိတော့ ကျွန်တော်က အမြဲတမ်း အပယ်ခံ ဖြစ်ခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီတုန်းက ဖခင်ဟာ သွေးသားအရင်းတွေရဲ့ သွေးအဆီအနှစ် လိုအပ်တဲ့ ကျင့်စဉ်တစ်ခုကို ဘယ်လိုရလာလဲ မသိပါဘူး။ အဲဒါကြောင့် သူက ကျွန်တော့်ကို ဖမ်းချုပ်ထားပြီး သူ့ကျင့်စဉ်အတွက် ကျွန်တော့်သွေးကို အဆက်မပြတ် ထုတ်ယူသုံးစွဲခဲ့တယ်။ ကျွန်တော်...”

“လုံလောက်ပြီ”

ဟု လုချန်း ဖြတ်ပြောလိုက်သည်။

All Chapters