ဘာလို့ ကံကြမ္မာကြိုး ရုတ်တရက် ပေါ်လာရတာလဲ
Vol. 77 Ch. 1144
ဝတ္ထုများစွာ ဖတ်ရှုဖူးသည့် လုချန်းအား လေဝမ်တယ်၏ ဘဝအတွေ့အကြုံက အတိတ်ပုံရိပ်များ ပြန်မှတ်မိသလို ဖြစ်စေသည့် ခံစားချက်ကို ပြင်းပြင်းထန်ထန် ပေးစွမ်းနေသည်။
ပထမဆုံး တွေ့လိုက်ရချိန်တွင် လေဝမ်တယ်၏ သစ္စာရှိမှုရမှတ်က ကိုးဆယ့်ငါး ဖြစ်နေရခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။ လေဝမ်တယ်၏ မျက်လုံးများထဲတွင် သူတို့သည် ကျူးကျော်သူများ မဟုတ်ပဲ သူ့ကို ကယ်တင်ခဲ့သည့် ကယ်တင်ရှင်များ ဖြစ်နေပေလိမ့်မည်။
သူတို့သာ ရောက်မလာခဲ့လျှင် လေဝမ်တယ်သည် လေဟောင်ရန်၏ ကျင့်စဉ်အတွက် သူ၏ မူလသွေးအဆီအနှစ်ကို ဆက်လက် အထုတ်ယူခံရကာ အကျဉ်းကျနေဦးမည် ဖြစ်သည်။
ရှနိုင်ငံတော်က သူ့ကို သတ်ပစ်လိုက်လျှင်တောင်မှ သူ့ကို လွတ်မြောက်စေသည့်အတွက် သူတို့အပေါ် ကျေးဇူးတင်နေမိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မူလသွေးအဆီအနှစ်ကို အမြဲမပြတ် စုပ်ထုတ်ခံနေရခြင်းက သေခြင်းတရားထက် ပိုဆိုးရွားသော ကံကြမ္မာတစ်ခု ဖြစ်နေသောကြောင့်ဖြစ်သည်။
ထိုအချိန်တွင် လုချန်းက
“ခင်ဗျားကို ကယ်ခဲ့တာ ကျွန်တော်ဆိုတော့ နောက်ဘာဆက်လုပ်ရမလဲ ဆိုတာ ခင်ဗျား သိမှာပါ။”
ထိုစကားကို ကြားသောအခါ လေဝမ်တယ် တုံ့ဆိုင်းမနေပဲ သူ၏ နဖူးအလယ်မှ သွေးအနှစ်သာရ တစ်စက်ကို ထုတ်ယူလိုက်သည်။
“ဒါက ကျွန်တော့်ရဲ့ မူလသွေးအနှစ်ပါ။ ဒီအချိန်ကစပြီး ကျွန်တော်ဟာ မင်းကြီးရဲ့ အစေခံ ဖြစ်ပါတယ်။”
လုချန်းက သူ့ကို အမှန်တကယ် ကျေးဇူးပြုခဲ့သည်ဟူသော အချက်အပြင် လေရန်နိုင်ငံကို ယခုအခါ ရှနိုင်ငံက ထိန်းချုပ်လိုက်ပြီ ဖြစ်သဖြင့် သူအပါအဝင် တော်ဝင်မိသားစု တစ်ခုလုံး၌ အခြားရွေးချယ်စရာ မရှိတော့ကြောင်း နားလည်သောကြောင့် လေဝမ်တယ်က သူ၏ မူလသွေးအနှစ်ကို အသာတကြည် ပေးအပ်လိုက်ခြင်း ဖြစ်သည်။
သူတို့၏ မူလသွေးအဆီအနှစ်ကို လိုလိုလားလား ပေးအပ်လိုက်ပါက သူတို့ အချိန်အနည်းငယ် ပိုကြာကြာ အသက်ရှင် နေထိုင်နိုင်မည်။ ငြင်းဆန်ခဲ့ပါက သေခြင်းတရားကသာ သူတို့ကို စောင့်ကြိုနေဖွယ် ရှိသည်။
လုချန်းလည်း တုံ့ဆိုင်းမနေပဲ လေဝမ်တယ်၏ မူလသွေးအဆီအနှစ်ကို ချက်ချင်း ယူလိုက်သည်။ ထို့နောက်
“ခင်ဗျားက ပါးနပ်တဲ့ လူတစ်ယောက်ပဲ။ အခုကစပြီး ခင်ဗျားက လေရန်နိုင်ငံရဲ့ ဧကရာဇ်အသစ် ဖြစ်လာလိမ့်မယ်။”
လေဝမ်တယ်က
“ကျေးဇူးတင်ပါတယ် မင်းကြီး”
ထို့နောက် ယင်ကျန်းယဲ့ကို လုချန်းက
“အခု ဒီလောက်နဲ့ပဲ ထားလိုက်ကြစို့။ ကျန်တာကို ခင်ဗျားပဲ ဆက်စီစဉ်လိုက်ပါ။ ကျွန်တော် နတ်လှေဆီ ပြန်ရဦးမယ်။”
နောက်ဆက်တွဲ ဖြစ်လာမည့်အရာမှာ လေဝမ်တယ် နန်းတက်ရေးကို ပံ့ပိုးပေးခြင်းနှင့် ဤကမ္ဘာရှိ ခုခံနေသော အင်အားစုများကို ရှင်းလင်းခြင်းတို့ ဖြစ်လိမ့်မည်။ သူတို့သည် ယခင်က ကမ္ဘာတစ်ခုကို သိမ်းပိုက်ပြီးပြီ ဖြစ်ကာ အတွေ့အကြုံများစွာ ရှိပြီးဖြစ်သဖြင့် အရာအားလုံးကို လုချန်း ကိုယ်တိုင် ကိုင်တွယ်စရာ မလိုတော့ပေ။
ယင်ကျန်းယဲ့က
“ဟုတ်ကဲ့ပါ မင်းကြီး”
“သွားခွင့်ပြုပါဦး မင်းကြီး”
ယင်ကျန်းယဲ့ ပြောပြီးသည်နှင့် လုချန်း၏ ခန္ဓာကိုယ်လည်း ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
ယင်ကျန်းယဲ့၏ အကြည့်က လေဝမ်တယ်ထံ ပြန်ရောက်သွားပြီး
“လာ... လေရန်နိုင်ငံ နန်းတွင်းအရာရှိတွေနဲ့ ခင်ဗျားရဲ့ ညီအစ်ကို မောင်နှမတွေကို သွားတွေ့ကြတာပေါ့။”
ထိုအချိန်တွင် လေရန်နိုင်ငံ နိုင်ငံရေးရာ ခန်းမ အပြင်ဘက်ရှိ ရင်ပြင်တွင် လူများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
နန်းတွင်းအရာရှိ အစုံအလင်နှင့် အဓိက အင်အားစုများ၏ ကိုယ်စားလှယ်များ အားလုံးနီးပါး ရောက်ရှိနေကြပြီဖြစ်ပြီး တော်ဝင်မိသားစုဝင်များလည်း ရှိနေကြသည်။
အနာဂတ် အဖြစ်အပျက်များကို လူအများက ခန့်မှန်းပြောဆိုနေကြသဖြင့် ရင်ပြင်တွင် ဆူညံသံများဖြင့် ပြည့်နှက်နေသည်။
“အင်း... လေရန်နိုင်ငံက ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ ကျုပ်ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။”
“ရှဧကရာဇ်က ကျုပ်တို့အားလုံးကို သတ်ပစ်မလား မသိဘူး။”
“သူ သတ်မှာ မဟုတ်လောက်ပါဘူး။ ရှဧကရာဇ်က ကျုပ်တို့ကို သတ်ချင်တယ်ဆိုရင် ထျန်းချန်ကမ္ဘာကို တိုက်ခိုက်ဖို့ သွားကြတဲ့ ဝါရင့်အကြီးအကဲတွေ အရှင် ပြန်ရောက်လာနိုင်မှာ မဟုတ်ဘူး။”
“ခင်ဗျားပြောတာ ဟုတ်တယ်။ ကျုပ်တို့အတွက် ဘေးကင်းတာကတော့ သေချာတယ်။ ဒါပေမဲ့ လေမိသားစုကတော့ သေဘေးနဲ့ ကြုံရဖို့ များတယ်။”
လူအုပ်ကြီးထဲမှ အချို့မှာ စိတ်ပူပန်ကာ မျက်နှာ မကောင်းကြသော်လည်း အချို့မှာမူ လေရန်ကမ္ဘာ၏ အုပ်စိုးသူများ ပြောင်းလဲတော့မည်ကို ကောင်းစွာ သိလိုက်ကြသဖြင့် သူတစ်ပါး၏ ကံဆိုးမိုးမှောင်ကျမှုကို တွေးကာ ပျော်ရွှင်နေကြသည်။
အချိန်အတိုင်းအတာ တစ်ခု ကြာပြီးနောက် လေဝမ်တယ်နှင့်အတူ ယင်ကျန်းယဲ့ ရင်ပြင်သို့ ရောက်လာသည်။ ယင်ကျန်းယဲ့ ရင်ပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် ခြိမ်းခြောက်နိုင်သော ဖိအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။
ချက်ချင်းပင် ကြီးမားသော အင်အားတစ်ခု ဖိစီးလာသည်ကို ရောက်ရှိနေသူများ ခံစားလိုက်ရပြီး သတ္တိနည်းပါးသူများနှင့် အားနည်းသူ အချို့ ဒူးထောက်ကျသွားကြသည်။
လူတိုင်း၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာသည်။
ဒါက ပြန်လည်ပျက်စီးခြင်းအဆင့် စွမ်းအားရှင်တစ်ဦး၏ အစွမ်းလား။
စွမ်းအားက အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ထို့နောက် ယင်ကျန်းယဲ့က
“ဒီနေ့ကစပြီး လေဝမ်တယ်က လေရန်နိုင်ငံရဲ့ ဧကရာဇ်အသစ် ဖြစ်တယ်။”
ကြေညာချက်ကြောင့် ရောက်ရှိနေသူ အားလုံး ခဏမျှ ကြောင်အသွားသည်။
လေဝမ်တယ်...
ပုန်ကန်မှုကြောင့် လေဧကရာဇ် ဖမ်းဆီးထားတဲ့ နန်းတွင်းအစေခံက မွေးတဲ့ မင်းသားလား။
လေဧကရာဇ်တွင် သားသမီးများစွာ ရှိပြီး ရောက်ရှိနေသူတိုင်း မင်းသားနှင့် မင်းသမီး များအားလုံးကို မသိကြပေ။ လေဝမ်တယ်သည် တစ်ချိန်က ပါရမီရှင်တစ်ဦး ဖြစ်ခဲ့ဖူးသောကြောင့်သာ လူအများက သူ့ကို သိကြခြင်းဖြစ်သည်။ သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်မှာ အလွန် မြင့်မားခဲ့ပြီး မိခင်၏ နိမ့်ကျသော အဆင့်အတန်းကြောင့် အိမ်ရှေ့မင်းသား ဖြစ်ခွင့် မရှိသော်လည်း အနာဂတ်တွင် နယ်စားဘွဲ့ ပေးသနားခံရကာ ကိုယ်ပိုင်နယ်မြေကို အုပ်ချုပ်နိုင်လိမ့်မည်ဟု လူအများ ယုံကြည်ခဲ့ကြသည်။
သို့သော် နိုင်ငံတော်ပုန်ကန်မှုတွင် ပါဝင်ပတ်သက်သည်ဟု နောက်ပိုင်းတွင် တွေ့ရှိရသဖြင့် လေဝမ်တယ်ကို ဧကရာဇ်က ထောင်ချလိုက်သည်။ ထိုအချိန်မှစ၍ လေဝမ်တယ်၏ အဆင့်သည် ဆက်တိုက် ကျဆင်းသွားပြီး သူ့အကြောင်း သတင်းအစအနပင် မကြားရတော့ပေ။
ဤအချိန်တွင် အတွင်းရေးကို သိထားသူများကတော့ အနည်းငယ် ထိတ်လန့်သွားကြသည်။ နှစ်ပေါင်းများစွာ မူလသွေးအဆီအနှစ် အထုတ်ယူခံရပြီးနောက် လေဝမ်တယ် အသက်ရှင်နေသေးတာလား။ သူ သေဆုံးသွားပြီဟု သူတို့ ထင်မှတ်ခဲ့ကြသည်။
လေဝမ်တယ်သာ ရုပ်သေးဧကရာဇ် ဖြစ်လာပါက တော်ဝင်မိသားစုဝင်များအတွက် ဘေးဆိုးကြီး တစ်ခု ဖြစ်လာပေလိမ့်မည်။ ထိုမင်းသားများနှင့် မင်းသမီးများသည် အတိတ်က သူ့ကို လှောင်ပြောင် သရော်ခြင်းနှင့် နှိပ်စက်ခြင်းတို့ကို ရှောင်ကြဉ်ခဲ့ကြသည် မဟုတ်ပေ။ လေဝမ်တယ် အာဏာရလာသည်နှင့် ဧကရာဇ်အပေါ် သစ္စာရှိကြောင်း ပြသရန် တော်ဝင်မိသားစုဝင်များကို ဦးစွာ ပစ်မှတ်ထားလိမ့်မည်။
ဆွေမျိုးသားချင်းများကို မသတ်ပြပဲ စစ်မှန်သော သစ္စာရှိမှုကို မည်သူမှ သက်သေမပြနိုင်ပေ။
ရုတ်တရက် မင်းသားတစ်ပါး မတ်တတ်ရပ်ကာ
“အကြီးအကဲ... ဧကရာဇ် ရာထူးကို ရှ ဧကရာဇ် ကိုယ်တိုင် ဆုံးဖြတ်တာလား ဒါမှမဟုတ် ခင်ဗျား ဆုံးဖြတ်တာလား ဆိုတာ ကျွန်တော် မသေချာဘူး။”
ထိုမေးခွန်းကို ကြားသောအခါ ယင်ကျန်းယဲ့က ထိုမင်းသားကို မျက်လုံးမှေးကြည့်လိုက်ပြီး ပြုံးလျက်
“ဒီသတင်းအချက်အလက်ကို သိတော့ ခင်ဗျားက ဘာလုပ်ချင်လို့လဲ။”
“အကြီးအကဲရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်မယ်ဆိုရင် ဧကရာဇ် ခန့်အပ်မှုကို ပြန်စဉ်းစားပေးနိုင်မလားလို့ပါ။ ကျွန်တော်က ဧကရာဇ်ဖြစ်ဖို့ ပိုသင့်တော်တယ်လို့ ယုံကြည်လို့ပါ။”
ထိုစကားကြောင့် ယင်ကျန်းယဲ့ တဟားဟား ရယ်လိုက်သည်။ နောက်တစ်ခဏတွင် ထိုမင်းသား၏ ခန္ဓာကိုယ် ချက်ချင်း ပေါက်ကွဲသွားပြီး သွေးမြူတိမ်တိုက်အဖြစ် ပြောင်းလဲသွားတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် တော်ဝင်မိသားစုဝင်များ အလွန် ကြောက်လန့်သွားကြပြီး နောက်ထပ် စကားတစ်ခွန်းမှ မဟရဲကြတော့ပေ။
ထို့နောက် ယင်ကျန်းယဲ့က မေးလိုက်သည်။
“ဧကရာဇ် ဖြစ်ချင်တဲ့ တခြား မင်းသားတွေ ရှိသေးလား။ ကျေးဇူးပြုပြီး မတ်တတ်ရပ်ကြပါ။”
ထိုစကားကို ကြားသောအခါ တော်ဝင်မိသားစုဝင်များ ကြောက်လန့်တကြား တုန်ယင်သွားကြသည်။ ဤအခြေအနေတွင် အခြားရည်မှန်းချက်များ သူတို့ မထားရဲတော့ပေ။ အသက်ရှင်လျက် ရှိနေနိုင်ခြင်းကိုသာ ကျေးဇူးတင်ကြရမည်။
“အကြီးအကဲရဲ့ အစီအစဉ်အတိုင်း လိုက်နာပါ့မယ်”
ဟု မင်းသားအချို့က ချက်ချင်း ပြောလိုက်ကြသည်။
ထိုအချိန်တွင် လူတိုင်းက
“ဂါရဝပြုပါတယ် မင်းကြီး”
ဟု ပြိုင်တူ ပြောလိုက်ကြသည်။
ရောက်ရှိနေသူ အားလုံး ခေါင်းငုံ့ထားသည်ကို မြင်လိုက်ရသဖြင့် ယင်ကျန်းယဲ့ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“ခင်ဗျားတို့က အသိဉာဏ် ရှိကြသားပဲ။ လေဝမ်တယ်ရဲ့ ဧကရာဇ် ရာထူးကို ရှဧကရာဇ် ကိုယ်တိုင် ဆုံးဖြတ်ထားတာ။ ခင်ဗျားတို့ ဘာလုပ်ရမလဲ ဆိုတာ သိမယ်လို့ ကျုပ် ယုံကြည်တယ်။”
လေဝမ်တယ်သည် အားနည်းနေဆဲဖြစ်၏။ သူ့ကို အစားထိုးလိုသည့် နောက်ကွယ်မှ ရည်ရွယ်ချက်ရှိသူ တစ်ဦးဦးက လုပ်ကြံသတ်ဖြတ် ခိုင်းမည်မှာ သေချာသည်။
ယင်ကျန်းယဲ့၏ စကားများသည် ရောက်ရှိနေသူများအား သတိပေးလိုက်ခြင်း ဖြစ်သည်။ လေဝမ်တယ်သည် ရှနိုင်ငံတော်အတွက် ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်။ သူ တစ်စုံတစ်ခု ဖြစ်သွားပါက ရောက်ရှိနေသူ အားလုံး အကျိုးဆက်ကို ခံစားရပေလိမ့်မည်။
ထို့နောက် လူအများက
“အကြီးအကဲရဲ့ စကားတွေကို ကျွန်တော်တို့ စိတ်ထဲမှတ်ထားပါ့မယ်”
ဟု တညီတညွတ်တည်း ထပ်ပြောလိုက်ကြသည်။
“ကောင်းပြီ... ပြင်ဆင်ထားကြပါ။ နန်းတက်ပွဲ အခမ်းအနားကို မနက်ဖြန် ကျင်းပမယ်”
……….
ဖေးဟုန်နတ်လှေသို့ ပြန်ရောက်ပြီးနောက် လုချန်း သက်ပြင်းတစ်ချက် ဖွဖွ မှုတ်ထုတ်လိုက်သည်။ ရမှတ် ကိုးဆယ်ကျော်သော အမျိုးသမီးကို သူ နောက်ဆုံး တွေ့ခဲ့ရသော်လည်း သူမသည် ဧကရာဇ်အဆင့် ဝင်စားသူ ဖြစ်နေသည်ကို သိလိုက်ရသည်။
ကမ္ဘာ့တစ်ဖက်ခြမ်းတွင် လှပသော မြက်ခင်းများ ပေါများနေဦးမည် ဖြစ်ပြီး ဤကြယ်နယ်မြေမှ ထွက်ခွာသွားသည်နှင့် သူ အလိုရှိသလောက် ရမှတ် ကိုးဆယ်ကျော်သော အမျိုးသမီးများကို ပိုင်ဆိုင်နိုင်လိမ့်မည်ဟု တွေးထားသော်လည်း နှမြောတသဖြစ်သည့် ခံစားချက်က သူ့ စိတ်ထဲ ရှိနေဆဲပင်။
လူ့သဘာဝမှာ ထိုသို့ပင် ရှိတတ်သည်။ လက်လှမ်းမမီနိုင်သော အရာတစ်ခု ဖြစ်လေလေ စိတ်ထဲက ပိုစွဲလမ်းလေလေ ဖြစ်သည်။
ခဏခန့် စဉ်းစားပြီးနောက် “တစ်ယောက်ယောက်ကို သွားခေါ်ချေ”
ဟု လုချန်းက နောက်ဆုံးတွင် ပြောလိုက်သည်။
ထို့နောက် လေဟုန်ယွမ်ကို သူ၏ မိဖုရား အဖြစ် ခန့်အပ်ကြောင်း လုချန်းက ဧကရာဇ်အမိန့်စာ ရေးသားလိုက်သည်။
သူမကို ယခု မပိုင်ဆိုင်နိုင်သော်လည်း ရမှတ် ကိုးဆယ်ကျော်သော အမျိုးသမီးတစ်ဦးသည် တစ်နည်းနည်းဖြင့် ထူးခြားနေရမည်ဟု လုချန်း တွေးမိပြီး အနာဂတ်တွင် ပြန်လည် ဆုံတွေ့နိုင်ခြေ အလွန်များသဖြင့် မိဖုရားဘွဲ့ ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ထိုအချိန်၌ ကမ္ဘာတစ်ခု၏ ထိပ်ဆုံးတွင် ဝဲကတော့ပုံစံ အပေါက်တစ်ခု ဖြည်းညှင်းစွာ ပွင့်လာပြီး လေဟုန်ယွမ် ထိုအထဲမှ လမ်းလျှောက် ထွက်လာသည်။
နောက်တစ်ခဏတွင် သူမ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားပြီး စိတ်မသက်မသာ ဖြစ်စရာ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ သူမ၏ မျက်နှာထား အလွန် တည်ကြည်သွားသည်။
“ဘာဖြစ်နေတာလဲ... ဘာလို့ ငါ့ဆီမှာ လက်ထပ်ရမယ့် ကံကြမ္မာကြိုး ရုတ်တရက် ပေါ်လာရတာလဲ”
ဟု လေဟုန်ယွမ် သူမကိုယ်သူမ ပြောလိုက်သည်။