← Chapters

အကြိမ်ပေါင်းများစွာ ရှာဖွေခဲ့ရတယ်

Vol. 11(B) Ch. 152

အကြိမ်ပေါင်းများစွာ ရှာဖွေခဲ့ရတယ်

Vol. 11(B) Ch. 152

ဆိုင်ကလော့ နတ်ဆိုးယုတ်၏ ဦးခေါင်းသည် တဖြည်းဖြည်းနှင့် လိမ်တွန့်လာပြီးနောက် ပြင်းထန်ရက်စက်သည့် ခေးအော့စ်များ ဖော်ထုတ်လိုက်သည်။

သူ၏ အနက်ရောင် ဓားရှည်သည် ရုတ်တရက် ဆိုသလို ပြင်းထန်သည့် တိုက်ခိုက်မှုများ ထုတ်လွှတ်လိုက်ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပေါ်ကာ နတ်ဆိုးယုတ်၏ ရင်ဘတ်တွင် ဧရာမ အပေါက်တစ်ခု ဖြစ်ပေါ်လာပြီးနောက် ယင်း၏လမ်းကြောင်းအား တားဆီးပိတ်ဆို့လိုက်သည်။

နတ်ဆိုးယုတ်သည် နောက်တစ်ကြိမ် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် ကျိယန်လင်အား ဖက်ချုပ် ထားလျက်နှင့်ပင် အရှေ့သို့ ယိုင်ကျသွားသည်။

“ဘယ် ... ဘယ်သူလဲ” ကျိယန်လင်သည် သူမ၏ရှေ့တွင် ရှိနေသည့် နတ်ဆိုးယုတ်အား ကြည့်လိုက်ပြီးနောက် သူမ၏ အသံသည် စတင်၍ တုန်ယင်လာသည်။

နတ်ဆိုးယုတ်သည် ယင်း၏ နက်မှောင်နေသော လက်တစ်ဖက်အား မြှောက်ကာဖြင့် ကျိယန်လင် လည်တွင် ဆွဲထားသော လည်ဆွဲအား အသာ ဆုပ်ကိုင်လိုက်သည်။ လည်ဆွဲရှိ ပြာဖျော့ဖျော့ ကျောက်မျက်သည် အရင်အတိုင်း လှပမြဲဖြစ်ကာ အလင်းများ ထုတ်လွှတ်လျက် ရှိသည်။

နတ်ဆိုးယုတ်သည် ကျောက်မျက်အား သူ၏လက်ဖြင့် ဆုပ်ကိုင်ထားသည်။

ဆိုင်ကလော့ပ် နတ်ဆိုးယုတ်၏ ဓားရှည်သည် လေကိုခွင်းကာ နတ်ဆိုးယုတ်၏ ဦးခေါင်းသို့ ဦးတည်ကာ ခုတ်ပိုင်းလာသည်။

ဘုန်း

လေထုအတွင်း တောက်ပသည့် အပြာရောင် အလင်းချပ်တစ်ခု ရုတ်တရက်ဆန်စွာ ပေါ်လာပြီး ကျိယန်လင်နှင့် အခြားသူများအား လွှမ်းခြုံလိုက်သည်။

ဓားရှည်သည် အလင်းချပ်အား ထိုးဝင်လာသော်လည်း အလွန်ပြင်းထန် အားကောင်းသော စွမ်းအား တစ်ခုသည် ထိုတိုက်ခိုက်မှုအား လုံးဝ တားဆီးလိုက်နိုင်သည်။

“ဒါ ... ဒါက အိပ်မက် ကျောက်မျက်ပြာရဲ့ ကြည်နူးမှု ...” ကျိယန်လင်သည် သူမရှေ့တွင် ရှိနေသော နတ်ဆိုးယုတ်အား ကြည့်ကာဖြင့် မျက်ရည်များ တားဆီးမရနိုင်အောင် စီးကျလာတော့သည်။

“ဝမ်လု ... ရှင်လားဟင် ...”

အိပ်မက်ကျောက် မျက်ပြာသည် ဝမ်လု မိသားစု၏ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့သာ ရတနာဖြစ်သည်။ သူ၏ စွမ်းအားသည်သာလျှင် အိပ်မက်ကျောက် မျက်ပြာ၏ ကြည်နူးမှုအား အသက်သွင်း နိုးထစေနိုင်သည်။ ဟုတ်သည်။ သူသာလျှင် အသက်သွင်းနိုင်၏။

နတ်ဆိုးယုတ်၏ ပါးစပ်မှ တရွှီရွှီအသံများ ထွက်ပေါ်လာပြီး ကျိယန်လင်၏ ပါးပြင်တွင် စီးကျလျက်ရှိသည့် မျက်ရည်မျာအား ကြည့်နေလေသည်။

ယင်းသည် လူသားဘာသာ စကားအား ပြောဆိုနိုင်စွမ်း မရှိတော့ချေ။ ထို တရွှီရွှီအသံများကို သာလျှင် ဖော်ထုတ်နိုင်စွမ်း ရှိတော့သည်။

ခေါင်းငုံ့လိုက်ပြီးနောက် ...

သူ၏စိတ်ထဲတွင် ပုံရိပ်များ တန်းစီပေါ်လာတော့သည်။

***

မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသား တစ်ဦးနှင့် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦးတို့သည် အသူရာချောက်နက်၏ နှုတ်ခမ်းဝတွင် ပေါ်လာသည်။

အမျိုးသားသည် အလွန်ခန့်ညား ချောမောပြီး အမျိုးသမီးမှာ ကြာပန်း နတ်မိမယ်တမျှ လှပသည်။

ထိုစုံတွဲသည် မိုးကောင်းကင်မှ တွဲဖက် ပေးထားပုံနှင့်ပင် တူနေသေးသည်။

“ယန်ကလေး ... ဒီတာဝန်က အရမ်း အန္တရာယ်များတယ်။ အဲဒါကြောင့် သတိမလွတ်စေနဲ့” ထိုအမျိုးသားမှ ပြောသည်။

“ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် ခန့်ခန့်ညားညား လူတစ်ယောက်ရဲ့ အကာအကွယ် ရှိနေမှာတော့ ကျွန်မက ဘာကို ကြောက်နေရဦး မှာလဲရှင် ...” ကျိယန်လင်သည် ဝမ်လု၏ လက်မောင်းအား တင်းတင်း ဆုပ်ကိုင်ထားပြီး သူမ၏မျက်နှာတွင် တောက်ပသည့် အပြုံးတစ်ခု ဆင်မြန်းထားသည်။

ဝမ်လုသည် အနည်းငယ် ရှက်သွားပြီးနောက် “အဲဒါဆိုလည်း ကိုယ်နဲ့ နီးနီးမှာနေပြီး အဝေးကို ထွက်ထွက်မသွားနဲ့ ...”

ကံဆိုးမှုများသည် သန့်စင်မဟူရာ မီးလျှံကြာပန်းအား ရရှိချိန်မှ စတင်သည်။

အသူရာ နတ်ဆိုးများနှင့် စွမ်းအားကြီး သန္ဓေပြောင်း သားရဲများစွာတို့ ပေါ်လာပြီးနောက် ထိုစုံတွဲအား အန္တရာယ်ရှိသည့် အခြေအနေသို့ ကျရောက်စေသည်။

ဝမ်လုသည် သူ၏ အိပ်မက် ကျောက်မျက်ပြာလည်ဆွဲအား ချွတ်လိုက်ပြီးနောက်တွင် ကျိယန်လင်ထံသို့ ပေးလိုက်သည်။ “ဒါကိုယူပြီး ပြေးတော့”

“အိပ်မက်ကျောက်မျက်ပြာရဲ့ ကြည်နူးမှုကို ရှင်တစ်ဦးတည်းကသာ အသက်သွင်း နိုင်တာလေ ... ကျွန်မအနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် အသုံးပြုနိုင်မှာ မဟုတ်ဘူး” ကျိယန်လင်သည် လည်ဆွဲအား ပြန်ပေးလိုက်သည်။

ဝမ်လု၏ လက်ထဲမှာသာ ရှိနေမည်ဆိုလျှင် ဤလည်ဆွဲသည် ဝမ်လုအား အကာအကွယ် ပေးနိုင်လိမ့်မည်။

သို့သော်လည်း ဝမ်လုသည် မရမကပင် လည်ဆွဲအား ကျိယန်လင်၏ လည်ပင်းတွင် ဆွဲပေးလိုက်သည်။ “အရူးမလေး ... မင်းဆီမှာ ဒီလည်ဆွဲ ရှိနေမှ ကိုယ်က မင်းရှိနေတဲ့နေရာကို အာရုံခံ နိုင်မှာပေါ့ကွ”

“တကယ်လို့ .... တကယ်လို့ အိပ်မက်ကျောက်မျက်ပါရဲ့ တောက်ပမှု ပျောက်ကွယ်သွားရင် ကိုယ့်ကို မစောင့်ပါနဲ့တော့”

လေပြင်းတစ်ချက် တိုက်ခတ်လာပြီးနောက် ကျိယန်လင်အား အဝေးသို့ ပို့လွှတ်လိုက်သည်။

ဝမ်လုသည် ပြန်လှည့်လိုက်ပြီးနောက် ခန္ဓာကိုယ်မှ ခန့်ညား ထည်ဝါလှသော စွမ်းအားများ ထုတ်ဖော်ကာ အဝေးတွင် ရှိနေသည့် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိ သန္ဓေပြောင်း သားရဲများအား အာရုံလွှဲလိုက်သည်။

အသူရာချောက်နက်၏ အဆိုးမဲ့ အမှောင်ထု အတွင်း၌ ...

ဝမ်လု၏ ခန္ဓာကိုယ် တစ်ခုလုံးသည် လှုပ်ရှားလိုက်သည့် အခါတိုင်းတွင် သွေးများ တစက်စက် ယိုစီးကျနေပြီး သူသွားရာ လမ်းတစ်လျှောက်တွင် သွေးစီးကြောင်းများ ကျန်ရစ်ခဲ့သည်။

သူ၏ လက်တစ်ဖက်မှာလည်း ပျက်စီးသွားပြီ ဖြစ်သည်။ သို့သော်လည်း ကြမ်းတမ်းလှသည့် သန္ဓေပြောင်းသားရဲများ လက်တွင်းမှ လွတ်မြောက်နိုင်ရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။

ထို့နောက်တွင် ယန်ကလေး၏ တည်နေရာအား အိပ်မက်ကျောက်မျက်ပြာမှ တစ်ဆင့် အာရုံခံလိုက်သည်။

သူသည် အလွန်ဆိုးဝါးသည့် အနေအထားတွင် ရှိနေသည်ကြောင့် အသူရာချောက်နက်မှ ထွက်ခွာရန် လိုအပ်သည်။ သို့မဟုတ်လျှင် အနှေးနှင့်အမြန်ပင် အန္တရာယ်နှင့် ကြုံတွေ့ရတော့မည် ဖြစ်သည်။

သူ၏ဓားပျံအား စီးနင်းကာ ထွက်ခွာရန် ပြင်ဆင်မှာပင် အမှောင်ထု အတွင်းမှ အနက်ရောင် ဓားတစ်လက်သည် ရင်ဘတ်အား ထုတ်ချင်းပေါက် ထိုးစိုက်လာသည်။

“အား ...”

ဝမ်လုသည် မြေပြင်တွင် ဒူးထောက်ကျသွားပြီး ခန္ဓာကိုယ်အတွင်းမှ အလွန်နာကျင်ကာ အကန့်အသတ်မဲ့သည့် စိတ်ပိုင်းဆိုင်ရာ တိုက်စားမှုများကို ခံစားနေရသည်။

ထူးဆန်းသည့် စွမ်းအားတစ်ခုသည် သူ၏ခန္ဓာကိုယ် တစ်ခုလုံးအား တဖြည်းဖြည်းချင်း ကွယ်ပျောက်စေကာ ဦးခေါင်းအတွင်း၌ အလွန်များပြားသော မကောင်းသည့် ခံစားချက်များ အော်ဟစ် ဟိန်းအော်လျက်ရှိပြီး သူ့အား ရူးသွပ်ခြင်း၊ ဆိုးယုတ်ခြင်းတို့နှင့်အတူ နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ် တစ်ခုလုံးအား နတ်ဆိုးယုတ် အဖြစ် ပြောင်းလဲ ပစ်လိုက်လေသည်။

မဟုတ်ဘူး။ ငါက ဒီလိုမျိုး လဲကျမသွားနိုင်ဘူး။

ယန်ကလေးက ငါ့ကိုစောင့်နေမှာ။ ဒီလိုမျိုး သေဆုံးသွားလို့ မဖြစ်ဘူး။

အလွန်အားကောင်းသော စိတ်ဆန္ဒတစ်ခုသည် အဆုံးမဲ့သည့် စိတ်ဓာတ်ထိုးနှက်မှုအား ခုခံနေလေသည်။

သို့သော်လည်း အဆုံးတွင်မူ ဝမ်လုသည် ပိန်းပိတ်အောင် မှောင်မိုက်နေသော အမှောင်ထုအတွင်း လုံးဝကျရောက် သွားလေတော့သည်။

***

အချိန် အပိုင်းအခြား တစ်ခု ကြာပြီးသည့် နောက်မှသာ ဝမ်လုသည် အသိပြန်ဝင်လာခြင်း ဖြစ်သည်။

"ငါ့ ... ငါ့ခန္ဓာကိုယ်က ဘာဖြစ်သွားတာလဲ။"

သူ၏ မည်းနက် လိမ်တွန့်နေသော ခန္ဓာကိုယ်အား ဗလာမျက်လုံးများဖြင့် ကြည့်လိုက်ပြီးနောက် တုန်လှုပ် ရွံရှာမှုတို့ကြောင့် စူးစူးဝါးဝါး ဟစ်အော်မိသည်။

သို့သော်လည်း သူ၏ပါးစပ်မှ တရွှီရွှီ အော်မြည်သံသာ ထွက်ပေါ်လာလေသည်။

ထိုနေ့မှာပင် ဝမ်လု ပြိုလဲခဲ့ရသည်။ သူသည် နတ်ဆိုးယုတ်တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။

မျှော်လင့်ချက်မဲ့မှု၊ ဆိုးယုတ်မှု၊ ကြမ်းကြုတ် ရက်စက်မှု၊ သတ်ဖြတ်လိုမှု တို့ဖြင့် ...

အသူရာချောက်နက် တစ်ဝှမ်း လျှောက်လှမ်းနေမိသည်။ သူ၏ စိတ်အာရုံမှု တဖြည်းဖြည်းခြင်း ပျောက်ကွယ်ကာ နတ်ဆိုးယုတ်များ၏ အလေ့အထများကို ပြုလုပ်နေမိသည်။

"ဝမ်လု ... ဝမ်လု ... ရှင်ဘယ်မှာလဲ"

အဆုံးမဲ့ ကျယ်ပြောသည့် အမှောင်ထုကို ဖြတ်သန်းကာဖြင့် ရင်းနှီးကျွမ်းဝင်သည့် အသံတစ်ခု ပဲ့တင်ထပ်လာသည်။

ထိုအသံကို ကြားမိသည်။ ထိုအသံသည် သူ၏ အိပ်မက်များထဲတွင် မကြာခဏ ပေါ်လာတတ်သော အသံဖြစ်သည်။

သူ့ခန္ဓာကိုယ်ထဲရှိ ချိပ်ပိတ် ထားခံရသော တစ်စုံတစ်ခုသည် တဖြည်းဖြည်း လျော့ရဲလာနေပြီ ဖြစ်သည်။ သူ၏ အသိစိတ်သည်လည်း ထိုအသံကြောင့် နိုးထလာခဲ့ပြီး ဖရိုဖရဲ ဖြစ်မှုများ၊ မျှော်လင့်ချက် မဲ့မှုများနှင့် ဆိုးယုတ်မှုများသည် သူ့ထံမှ စတင်ကာဖြင့် တဖြည်းဖြည်း ပျောက်ကွယ်လာနေသည်။

သူမသည် အလွန်အားနည်း နေသော်လည်း အမှောင်ထုထဲတွင် မမောမပန်းစွာဖြင့် သူ့အား ရှာဖွေနေဆဲ ဖြစ်သည်။

သူသည် နတ်ဆိုးယုတ်တစ်ကောင် မဟုတ်တော့သော်လည်း အမှောင်ထုအတွင်း၌ ပုန်းအောင်းကာဖြင့် သူ့နှလုံးသားထဲတွင် မည်သည့်အခါမှ ပျောက်ကွယ်သွားမည် မဟုတ်သော ပုံရိပ်လေးအား ကာကွယ်ပေးနေဆဲ ဖြစ်သည်။

အဆုံးတွင် ထိုပုံရိပ်ကလေး သူမ၏ ရှာဖွေမှုအား လက်လျှော့သွားချိန် အထိ သူအကာအကွယ် ပေးသွားမည် ဖြစ်သည်။

အမှောင်ထု အတွင်း၌ ပုန်းအောင်းနေကြသည့် နတ်ဆိုးယုတ်များသည် ယန်ကလေးအား အခွင့်သင့်လျှင် တိုက်ခိုက်ရန် ချောင်းမြောင်း နေကြသည်။ ကိုယ်က အားလုံးကို ရှင်းထုတ်ပေးမယ်။

"ဝမ်လု ... ဝမ်လု ... ရှင်ဘယ်မှာလဲ"

သူမ၏ ခေါ်သံများသည် ထာဝရ အမှောင်ထုထဲတွင် မည်သည့် အခါတွင်မှ ရပ်တန့်သွားမည် မဟုတ်ချေ။

ရက်ပေါင်းမည်မျှ ကြာခဲ့ပြီလဲ။

ဝမ်လုသည် ရက်ပေါင်းမည်မျှ ကုန်လွန်ခဲ့ပြီကို အမှန်တကယ် သိရှိခြင်း မရှိချေ။ သို့သော်လည်း ကျိယန်လင် သူ၏နာမည်အား ခေါ်ဆိုခဲ့သည့် အကြိမ် အရေအတွက်ကိုမူ သိနေသည်။

အမှောင်ထုထဲတွင် ကျိယန်လင်သည် အန္တရာယ် ကျရောက်ကာနီးတိုင်းတွင် အိပ်မက်ကျောက် မျက်ပြာအား ထုတ်ယူကာဖြင့် အလင်းဖျော့ဖျော့အား ကြည့်နေတတ်သည်။ "ဝမ်လု ... ရှင်မသေသေးမှန်း ကျွန်မသိတယ်။ ရှင် ကျွန်မကို တစ်နေရာရာမှာ စောင့်နေတာပဲ ဖြစ်ရမယ်"

အရူးမလေး ... ကိုယ်ကအမြဲ မင်းဘေးမှာပါကွာ။

အမှောင်ထု အတွင်း၌ ဝမ်လုသည် ယန်ကလေး၏ အထီးကျန် ပုံရိပ်လေးအား တိတ်တဆိတ် ကြည့်နေမိသည်။

တကယ်တမ်းတွင် သူ့ထံ၌ အခြား ရွေးချယ်စရာ ရှိပေသည်။

သို့သော်လည်း သူပြုလုပ်လိုက်သည့် ရွေးချယ်မှုကြောင့် ယန်ကလေး ကြောက်ရွံ့သွားမည်ကို မလိုချင်ပေ။

အဆုံးတွင် ကျိယန်လင်သည် နတ်ဆိုးယုတ်များအား သတ်ဖြတ်ဖို့ရန် ရောက်ရှိလာကြသည့် လူသားအဖွဲ့နှင့် ဆုံတွေ့သွားလေသည်။

ဝမ်လုဟုခေါ်သည့် နတ်ဆိုးယုတ် တစ်ကောင်သည် သူတို့နံဘေးတွင် ရှိနေကြောင်း တွေးမိကြလိမ့်မည် မဟုတ်ချေ။

ကျိယန်လင်သည် ထိုအဖွဲ့အား အတွေ့အကြုံ ရင့်ကျက်သူ တစ်ဦးသဖွယ် အချက်အလက်များ ဝေမျှနေလေသည်။ အသူရာချောက်နက် အတွင်း၌ နတ်ဆိုးယုတ် အနည်းငယ်သာ ရှိပြီး သူမအနေဖြင့် တစ်နှစ်ကျော်အတွင်း တစ်ကောင်တလေမျှပင် တွေ့ကြုံဖူးခြင်း မရှိကြောင်း ပြောနေလေသည်။

ဝမ်လုသည် တိတ်တဆိတ်ဖြင့်သာ ရပ်နေသည်။

ချစ်ဖို့ကောင်းတဲ့ အရူးလေး ... မင်းလေးကို ရန်ပြုချင်နေတဲ့ နတ်ဆိုးယုတ်တွေ အားလုံးကို ကိုယ်က သတ်ဖြတ်ပစ်လိုက်လို့ မတွေ့ဖူးတာပေါ့။

ထို့နောက်တွင် သူတို့သည် နဂါးကြီးနှစ်ကောင်၏ လိုက်ဖမ်းခြင်းကို ခံရပြန်သည်။

ကူညီသင့်သလား။ မဟုတ်။ သူတို့ ဖြေရှင်းနိုင်သေးသည်။

သို့သော်လည်း သူတို့လွတ်မြောက်ရန် ဦးတည်နေသည့် လမ်းကြောင်းသည် ဝမ်လုအား စိုးရိမ်ပူပန် စေလာသည်။

နတ်ဆိုးယုတ် တစ်ကောင်သည် သူတို့အား တိုက်ခိုက်ရန် ချဉ်းကပ်လာနေသည်။ ဝမ်လုသည် ထိုနတ်ဆိုးယုတ်၏ နောက်တွင် ပေါ်လာပြီးနောက် သူ၏လက်ဖြင့် ဓားတစ်ချောင်း ဖန်တီးကာ ယင်းနတ်ဆိုးယုတ်၏ ဦးခေါင်းအား ခုတ်ပိုင်းလိုက်သည်။

နတ်ဆိုးယုတ်ရဲ့ သတ်ဖြတ်ချင်တဲ့ စိတ်ဆန္ဒတွေက မင်းလေးဆီကို ဦးတည်နေတာဗျ။

ဒါတောင်မှ မင်းလေးက အဲကောင်တွေက အသူရာလေနက်ပါ ဆိုပြီး ဝါရင့်သမ္ဘာရင့် တစ်ယောက်လို ပြောဆိုနေတုန်းပဲ။

ချစ်ဖို့ကောင်းတဲ့ အရူးမလေးရေ ... အဲဒါတွေက သတ်ဖြတ်လိုစိတ် ဆန္ဒတွေဗျ။ ဝန်ခံရမည်မှာ သူမ၏ တီထွင် ရှင်းလင်းချက်များသည် အလွန်ကောင်းမွန်လှသည်။

ဝမ်လု ညည်းတွား နေမိစဉ်မှာပင် အလွန်အမင်း အားကြီးသည့် သတ္တဝါတစ်ဦး ပေါ်ထွက်လာသည်။

"ငါမင်းကို အချိန်အတော်ကြာအောင် စောင့်နေခဲ့ရတာ ... သစ္စာဖောက်ကောင် ..." အသံတစ်သံသည် ငရဲ၏ ဆိုးယုတ်သော လေပြင်းကဲ့သို့ သူ့ထံ ရောက်ရှိလာသည်။

"ခင်ဗျားက ကျုပ်ကို စကားပြောနိုင်တယ်လား" ဝမ်လုသည် အံ့ဩတကြီး ရေရွတ်လိုက်သည်။

"ဟဟ ... ဘာလို့မရ ရမှာတုန်း ... ငါတို့က တူတူပဲလေ"

"မင်းက အဲဒီမိန်းမ အတွက်နဲ့ ငါတို့ နတ်ဆိုးယုတ် အများအပြားကို သတ်ဖြတ်ခဲ့တယ်။ အဲဒီတော့ မင်းကို ဘယ်လိုမျိုး အပြစ်ပေးသင့်သလဲ။"

အမှောင်ထဲမှ အနီရောင် မျက်လုံးတစ်လုံး ပေါ်လာပြီးနောက် ဆိုင်ကလော့ပ် နတ်ဆိုးယုတ် တစ်ကောင်သည် အလွန်ကြီးမား အားကောင်းသော အော်ရာများ ထုတ်ဖော်လျက် အမှောင်ထုအတွင်းမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

ဝမ်လုသည် ယင်း၏ပြိုင်ဘက် မဟုတ်ချေ။ မကြာမီမှာပင် ယင်းဆိုင်ကလော့ပ် နတ်ဆိုးယုတ်၏ တိုက်ခိုက်မှုကြောင့် သေလုနီးပါး အနေအထားသို့ ရောက်ရှိခဲ့ရသည်။

ဆိုင်ကလော့ပ် နတ်ဆိုးယုတ်သည် ဝမ်လုအား တိုက်ပွဲပြင်သို့ တရွတ်တိုက် ဆွဲသွားလေသည်။ သူအသည်းအသန် ကာကွယ်ပေးခဲ့သော အမျိုးသမီး၏ ကျဆုံးခန်းကို မြင်စေလိုသော ဆန္ဒဖြင့် ဖြစ်သည်။

မြေပြင်တွင် လဲကျလျက်နှင့် ကျိယန်လင်၏ တန်ပြန် တိုက်ခိုက်မှုများနှင့် တိုက်ပွဲအတွင်း အခက်အခဲ ကျရောက်မှုများကို ကြည့်နေမိသည်။

နောက်ဆုံးတစ်ခါတော့ ကိုယ့်ကို ကာကွယ်ခွင့်ပြုပါဦး ...

ဝမ်လုသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် ကျိယန်လင်ထံသို့ အရိပ်တစ်ခုသဖွယ် ပြေးထွက် သွားပြီးနောက်တွင် သူမ၏ရှေ့တွင် ခန္ဓာကိုယ်ဖြင့် ဒိုင်းတစ်ခုသဖွယ် ကာကွယ်ပေးလိုက်သည်။

သူ၏ရင်ဘတ်သည် ဓားရှည်ဖြင့် ထိုးဖောက်ခံရမှုကြောင့် ထုတ်ချင်းပေါက်သွားသည်။ သို့သော်လည်း ကံကောင်းစွာဖြင့်ပင် သူ၏ နောက်ဆုံးအချိန်တွင် အိပ်မက်ကျောက်မျက်ပြာ၏ ကြည်နူးမှုအား အသက်သွင်း နိုင်ခဲ့လေသည်။

"ဝမ်လု ... ရှင်လားဟင်"

ဤသည်က အမေးတစ်ခုသာ ဖြစ်သော်လည်း သူမ၏ တုန်လှုပ်နေသော မျက်လုံးများမှ မျက်ရည်များ အတားအဆီးမရှိ စီးကျလာနေပြီ ဖြစ်သည်။

"ကိုယ်ပါ ... ယန်ကလေး ..." နတ်ဆိုးယုတ်၏ ပါးစပ်မှု တရွှီရွှီ အသံများသာ ထွက်ပေါ်လာသည်။ ယင်း၏ စကားများအား အဓိပ္ပာယ်ဖော်ဖို့ရာ မဖြစ်နိုင်ချေ။

ကျိယန်လင်သည် ဝမ်လု၏ သဏ္ဌာန်မဲ့နေသော မျက်နှာအား သူမ၏ လက်များဖြင့် ပွေ့ဖက်ထားသည်။ "ဝမ်လု ... ကျွန်မသိနေတယ် ရှင်ဆိုတာကို ... အိမ်ပြန်ကြရအောင်နော်"

အိမ်ပြန်ရမှာလား။

ဒီလို ပုံမျိုးနဲ့ အိမ်ပြန်မယ် ဆိုရင် ယန်ကလေးရဲ့ မိသားစုက ကိုယ့်ကို သမက်တစ်ယောက် အနေနဲ့ လက်ခံနိုင်မှာ မဟုတ်ဘူးကွဲ့။

ဒါပေမဲ့လည်း အနည်းဆုံးတော့ ယန်ကလေးက ကိုယ့်ကို မှတ်မိနေဆဲပဲ ... အခုလိုမျိုး မှတ်မိခံရတဲ့ ခံစားချက်က ကောင်းလိုက်တာကွာ ...

အနက်ရောင် ပုံရိပ်သည် စတင်ကာ ပျောက်ကွယ်လာနေပြီး သူ၏ တည်ရှိမှုသည်လည်း ပို၍ အားနည်းချည့်နဲ့ လာနေသည်။

"ဝမ်လု ... ထပါဦး ... တောင်းပန်ပါတယ် ..."

"ဝမ်လုရေ ... ကျွန်မကို ခွဲမသွားပါနဲ့ ... ရှင်ဘာပဲဖြစ်ဖြစ် ယန်ကလေးကို မထားခဲ့ပါနဲ့ ..."

"ဝမ်လုရေ .... ဝမ်လု ...."

သူမ၏ အသံသည် ပိုမိုဝေးကွာသည့် နေရာမှနေ ကြားနေရသည်။

၈၉၉၁၂၅ ကြိမ် ...

၈၉၉၁၂၆ ကြိမ် ...

သူမ၏ အစောင့်အရှောက် အဖြစ် ပြုမူစဉ်မှစကာ ဝမ်လုထံတွင် အကျင့်လေးတစ်ခု ရှိလာသည်။ ထိုသည်မှာ အသူရာချောက်နက် အတွင်း၌ ရှာဖွေမှု ပြုလုပ်နေစဉ်အတွင်း ကျိယန်လင်၏ ဝမ်လုဟူသော အမည်အား ခေါ်ဆိုသည့် အကြိမ် အရေအတွက်ကို တိတ်တဆိတ် မှတ်သားနေခြင်း ဖြစ်သည်။

သူမသည် ထိုနာမည်အား ဆက်လက် ခေါ်ဆိုနေဆဲ ဖြစ်သည်။

ထိုအကြောင်းအား ပြောပြနိုင်စွမ်း ရှိမည်ဆိုလျှင်ပင် သူမအနေဖြင့် ယုံကြည်နိုင်စွမ်း  ရှိလိမ့်မည် မဟုတ်ချေ။

နှမြောစရာ ကောင်းလှသည်မှာ သူ့အနေဖြင့် ယန်ကလေးအား ချန်ထားရစ် ခဲ့ရတော့မည် ဖြစ်သည်ကြောင့် ထိုအကြောင်းအား မပြောနိုင်တော့ချေ။

အနက်ရောင်ပုံရိပ်သည် ကျိယန်လင်၏ ခေါ်သံများကြားမှပင် လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ အနက်ရောင် အလင်းစက်များ ပေါ်လာပြီး ‘ဝမ်လု’ ဟူသော အော်ခေါ်သံသည်လည်း လေနှင့်အတူ လွင့်ပါး ပျောက်ကွယ်သွားလေပြီ။

***

All Chapters