ထျန်းချန်ကမ္ဘာကို ပြုပြင်ခြင်း
Vol. 78 Ch. 1167
ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံး၏ ရည်ရွယ်ချက်မှာ လူတစ်ယောက်၏ ကံကြမ္မာကို ထိန်းချုပ်ကာ စမ်းသပ်ခံရသူများ လက်ခံနိုင်မည့် စိန်ခေါ်မှုများကို ဖန်တီးပေးပြီး အရာရာကို အကျိုးအကြောင်းဆီလျော်အောင် လုပ်ဆောင်ပေးကာ စွမ်းအား တိုးတက်လာစေရန် ကူညီရန်ဖြစ်သည်။
အချို့က လက်စွပ်ထဲမှ အဘိုးအိုပုံစံ ဇာတ်လမ်းကို လက်ခံနိုင်ကြသည်။ ထို့ကြောင့် ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးက ကံကြမ္မာကို ခြယ်လှယ်ပြီး စွမ်းအားကြီးသူတစ်ဦးကို ကျဆုံးစေသည်။ ပြီးနောက် ထိုစွမ်းအားကြီးသူကို အသုံးပြုကာ စမ်းသပ်ခံရသူများ ပိုသန်မာလာအောင် လမ်းပြစေသည်။
အခြားသူများကမူ ဝင်စားခြင်းနှင့် ပြန်လည်မွေးဖွားခြင်းကို လက်ခံနိုင်ကြသည်။ ထို့ကြောင့် ကျောက်တုံးက မှတ်ဉာဏ်များကို ဖန်တီးပြီး ၎င်းတို့သည် ဝင်စားလာသူများဖြစ်ကြောင်း ယုံကြည်စေသည်။ ထိုမှတ်ဉာဏ်အတုများကို အသုံးပြုကာ ပိုသန်မာလာအောင် လမ်းပြပေးသည်။
သူသည် မြေကမ္ဘာမှ မှတ်ဉာဏ်များကို ပြန်လည်ရရှိထားသူ ဖြစ်သည်။ ထို့ကြောင့် စနစ်တစ်ခု၏ လမ်းပြမှုဖြင့် စွမ်းအားကြီးလာခြင်းကို သဘာဝကျကျ လက်ခံနိုင်သည်။ ဆိုလိုသည်မှာ ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးသည် သူ့ကို ကူညီရန် စနစ်တစ်ခုကို ဖန်တီးပေးထားခြင်း ဖြစ်နိုင်ခြေ အလွန်များသည်။
ထိုသို့ တွေးတောမိပြီးနောက် စနစ်ကို လုချန်း တိုက်ရိုက်မေးမြန်းလိုက်သည်။
“စနစ်... မင်းက ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးက ဖန်တီးထားတာ မဟုတ်လား”
ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံး၏ လုပ်ဆောင်ချက်ကို သိပြီးနောက် ဤစနစ်ကို ကျောက်တုံးက ဖန်တီးထားတာလားဟု လုချန်း တကယ် သံသယဝင်ခဲ့သည်။
လုချန်း၏ စကားကို ကြားသောအခါ စနစ်က
“သခင့်ရဲ့ ကျင့်စဉ်အဆင့်က သတ်မှတ်ထားတဲ့ နယ်ပယ်တစ်ခုကို ရောက်တာနဲ့ ဒီစနစ်ရဲ့ မူလအစကို သိလာပါလိမ့်မယ်။ ကျေးဇူးပြုပြီး စိတ်ကူးယဉ် ဆန်ဆန်တွေ မတွေးပါနဲ့။”
လုချန်း ခပ်တိုးတိုးရယ်မောလိုက်သည်။ စနစ်က သူ့ကို ပြောပြမည်မဟုတ်ကြောင်း သူသိခဲ့သည်။
သို့သော် စနစ်ကို ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးက ဖန်တီးသည်ဖြစ်စေ မဖန်တီးသည်ဖြစ်စေ သူ ဂရုမစိုက်တော့ပေ။ သူ အမြန်ဆုံး စွမ်းအားကြီးလာရန်သာ လိုအပ်သည်။
ရှန်ဝူဧကရာဇ်သည် သူ၏ သားတော်များကို ကမ္ဘာအသီးသီးသို့ စမ်းသပ်မှုများ ပြုလုပ်ရန် စေလွှတ်ခဲ့သည်။ အကြောင်းအရင်းက သူ၏ ကိုယ်ခန္ဓာ လဲလှယ်ရန် သင့်တော်မည့် ခန္ဓာကိုယ်တစ်ခုကို ရွေးချယ်လို၍ ဖြစ်နိုင်သည်။ အကယ်၍ သူသာ အမြန်ဆုံး စွမ်းအားကြီးလာအောင် မလုပ်ပဲ ခန္ဓာကိုယ် မလဲလှယ်ပါက ရှန်ဝူဧကရာဇ်၏ သွေးမျိုးဆက် လွှမ်းမိုးမှုကို ခံရရုံသာမက တစ်နေ့တွင် ရှန်ဝူဧကရာဇ်က သူ၏ခန္ဓာကို လုယုလာနိုင်သည်။
စနစ်၏ မူလအစနှင့် ပတ်သက်၍ လုချန်း ဆက်လက် အာရုံစိုက်မနေတော့။ တစ်နေ့တွင် အဖြေမှန်ကို သူသိရလိမ့်မည်။
ယခု လောလောဆယ်တွင်တော့ ကောင်းကင်ဘုံလမ်းစဉ်ကို ပြုပြင်ရန် သူ ကြိုးစားရမည်။ ယခင်ဘဝမှ မှတ်ဉာဏ်များ စိတ်ထဲသို့ ဝင်ရောက်လာသဖြင့် ကောင်းကင်ဘုံလမ်းစဉ်ကို မည်သို့ပြုပြင်ရမှန်း သူသိပြီးဖြစ်သည်။
သူ၏ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ ပုံသဏ္ဌာန်မဲ့ သဲမှုန်များ ထျန်းချန်ကမ္ဘာအနှံ့ ချက်ချင်း ပြန့်ကျဲသွားသည်။ ထို့နောက် ပုံသဏ္ဌာန်မဲ့ မိုးမခပင်ကို နဂါးကျောက်တုံးအတွင်း စိုက်ပျိုးလိုက်သည်။ ပြီးနောက် ပုံသဏ္ဌာန်မဲ့ မိုးမခပင်ကို ထျန်းချန်ကမ္ဘာပေါ်သို့ ဆင်းသက်ခွင့် ပြုလိုက်သည်။
ပုံသဏ္ဌာန်မဲ့ မိုးမခပင်သည် ထျန်းချန် ကမ္ဘာနှင့် ထိတွေ့သည်နှင့် တဟုန်ထိုး စတင်ကြီးထွားလာသည်။ မကြာမီ လျင်မြန်စွာ ကြီးထွားလာသော သစ်ပင်ကြီးကို ထျန်းချန်ကမ္ဘာမှ လူများ သတိထားမိသွားကြသည်။
“မြန်မြန် ကြည့်လိုက်စမ်း... အဲဒါ ဘာကြီးလဲ”
“ဘုရားရေ... သစ်ပင်ကြီးက အကြီးကြီးပဲ”
“ဆက်ပြီး ကြီးထွားနေတုန်းပဲလား... ဒါ ဘယ်လို မိစ္ဆာမျိုးလဲ”
လူထု၏ ထိတ်လန့်မှုကို လုချန်း သတိထားမိလိုက်ပြီး အသံလွှင့်ကာ ချက်ချင်း ပြောကြားလိုက်သည်။
“ဒါက ကျွန်တော် စိုက်ပျိုးလိုက်တဲ့ ကမ္ဘာဦး သစ်ပင်ပါ... ထိတ်လန့်စရာ မလိုပါဘူး။”
လုချန်း၏ အသံကို ကြားသောအခါ ထျန်းချန်ကမ္ဘာမှ လူများ သက်ပြင်းချလိုက်ကြသည်။ ထျန်းချန်ကမ္ဘာပေါ်သို့ အခြားအန္တရာယ်တစ်ခု ကျရောက်လာပြီဟု သူတို့ ထင်မှတ်ခဲ့ကြခြင်း ဖြစ်သည်။
ယခုတော့ ကောင်းကင်ဧကရာဇ် ပြုလုပ်သည့်အရာ ဖြစ်သောကြောင့် ပြဿနာမရှိနိုင်ပေ။
သို့သော် ဤသစ်ပင်ကြီးက အလွန် ကြီးလွန်းသည် မဟုတ်ပါလား။
အမြင့်ပေ ထောင်ပေါင်းများစွာ ရှိနေပြီး ဆက်လက်ကြီးထွားနေဆဲ ဖြစ်သည်။
ပုံသဏ္ဌာန်မဲ့ မိုးမခပင်သည် ဆက်လက်ကြီးထွားလာပြီး ၎င်းထံမှ မှိန်ဖျဖျ အစိမ်းရောင် အလင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းရောင် ထျန်းချန်ကမ္ဘာပေါ်သို့ ကျရောက်လာသောအခါ ထျန်းချန်ကမ္ဘာ၏ ဥပဒေနိယာမများ ချက်ချင်း ပြည့်စုံလာသည်။ ထို့ပြင် ထျန်းချန်ကမ္ဘာ၏ စိတ်ဝိညာဉ် စွမ်းအားများလည်း လျင်မြန်စွာ ပေါကြွယ်ဝလာသည်။
ပုံသဏ္ဌာန်မဲ့ မိုးမခပင်သည် ထျန်းချန်ကမ္ဘာတစ်ခုတည်းကိုသာ သက်ရောက်မှု ရှိခြင်းမဟုတ်ပေ။ ကျိယန်ကမ္ဘာရှိ စိတ်ဝိညာဉ် စွမ်းအားများလည်း လျင်မြန်စွာ တိုးပွားလာသည်။ ကျိယန်ကမ္ဘာရှိ ထူးခြားမှုကို အာရုံခံမိပြီးနောက် နန်ကုန်းယွဲ့ဟွာနှင့် နန်ကုန်းချင်ရ ညီအစ်မနှစ်ယောက် ထျန်းချန်ကမ္ဘာသို့ ချက်ချင်း ရောက်ရှိလာကြသည်။
ထျန်းချန်ကမ္ဘာရှိ ပုံသဏ္ဌာန်မဲ့ မိုးမခပင်ကို မြင်တွေ့သောအခါ တုန်လှုပ်သွားကြပြီး အမျိုးသမီးနှစ်ဦး ရေရွတ်လိုက်ကြသည်။
“ဒါ ဘယ်လို သစ်ပင်မျိုးလဲ”
ထို့နောက် နန်ကုန်းချင်ရက
“ဒါ မင်းကြီး လုပ်တာဖြစ်ရမယ်...မင်းကြီးကို သွားမေးကြည့်ရင် သိရမှာပါ”
ဟု ခပ်အေးအေး ပုံစံဖြင့် ပြန်ပြောလိုက်သည်။
ထို့နောက် လုချန်းရှိရာသို့ နန်ကုန်းချင်ရ ဦးတည် ပျံသန်းသွားသည်။ သူမ၏ အသက်သွေးအနှစ်သည် လုချန်းထံတွင် ရှိနေဆဲဖြစ်သည်။ ထိုအသက် သွေးအနှစ်နှင့် ချိတ်ဆက်မှုမှတစ်ဆင့် လုချန်းကို သူမ အလွယ်တကူ ရှာတွေ့နိုင်သည်။
မကြာမီ လုချန်း၏ ရှေ့သို့ နန်ကုန်းချင်ရနှင့် နန်ကုန်းယွဲ့ဟွာတို့ ရောက်ရှိလာကြသည်။ ထိုအချိန်၌ လုချန်းသည် ပုံသဏ္ဌာန်မဲ့ မိုးမခပင်ထဲသို့ မူလစွမ်းအားများကို ထည့်သွင်းပေးနေသည်။
ကောင်းကင်ဘုံလမ်းစဉ်ကို ပြုပြင်ရာတွင် မူလစွမ်းအားကို အသုံးပြုရန် မလိုအပ်ပေ။ သို့သော် မူလစွမ်းအားကို အသုံးပြုလျှင် ထျန်းချန်ကမ္ဘာ၏ ဥပဒေနိယာမများ ပိုခိုင်မာလာနိုင်မလားဟု လုချန်း သိချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။
လုချန်း အလုပ်ရှုပ်နေသည်ကို မြင်သောအခါ နန်ကုန်းယွဲ့ဟွာနှင့် နန်ကုန်းချင်ရတို့ စကားမပြောကြတော့။ သူ့ဘေးတွင်သာ တိတ်ဆိတ်စွာ နေလိုက်ကြသည်။
ပုံသဏ္ဌာန်မဲ့ မိုးမခပင်မှ ထွက်ပေါ်လာသော သိပ်သည်းသည့် စိတ်ဝိညာဉ် စွမ်းအားများကို မြင်လိုက်ရပြီးနောက် ကျိယန်ကမ္ဘာရှိ စိတ်ဝိညာဉ် စွမ်းအားများ ထူထဲလာခြင်းမှာ လုချန်း၏ လက်ချက်အမှန်ပင် ဖြစ်ကြောင်း အမျိုးသမီးနှစ်ဦး အတည်ပြုလိုက်ကြသည်။
ထျန်းချန်ကမ္ဘာ၏ စိတ်ဝိညာဉ် စွမ်းအားများ သိပ်သည်းလာပြီးနောက် ကမ္ဘာနှစ်ခုကြားရှိ နယ်နိမိတ် အက်ကွဲကြောင်းများမှတစ်ဆင့် ကျိယန်ကမ္ဘာထဲသို့ စီးဝင်သွားသည်။ ထို့ကြောင့် ကျိယန်ကမ္ဘာ၏ စိတ်ဝိညာဉ် စွမ်းအားများလည်း ပို၍ သိပ်သည်းလာခြင်း ဖြစ်သည်။
ပုံသဏ္ဌာန်မဲ့ မိုးမခပင်ထဲသို့ မူလစွမ်းအားများကို ဆက်လက်ထည့်သွင်းနေစဉ် သစ်ပင်၏ အမြစ်များမှ ရွှေနဂါးတစ်ကောင် မမျှော်လင့်ပဲ ထွက်ပေါ်လာသည်။ နဂါး၏ ခန္ဓာကိုယ်မှာ မိုးမခပင်၏ ပင်စည်ကို ရစ်ပတ်ထားပြီး နဂါးဟိန်းသံများ ဆက်တိုက် ပြုလုပ်လိုက်သည်။
နဂါးဟိန်းသံသည် ကမ္ဘာနှစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားသည်။ ကျိယန်ကမ္ဘာမှပင် နဂါးဟိန်းသံကို သဲ့သဲ့ကြားနေရသည်။
လုချန်း ဇဝေဇဝါ ဖြစ်သွားသည်။
ဒီရွှေနဂါးက ဘာဖြစ်တာလဲ။
ရွှေနဂါးက ပုံသဏ္ဌာန်မဲ့ မိုးမခပင်ကို အန္တရာယ်မပြုကြောင်း သူခံစားမိသည်။ သို့သော် ဤနဂါး ဘယ်ကရောက်လာတာလဲဆိုတာကို သူ အနည်းငယ် နားမလည်နိုင် ဖြစ်နေသည်။
ထျန်းချန်ကမ္ဘာ၌ ရွှေနဂါးတစ်ကောင် ရှိနေခဲ့ခြင်း ဖြစ်နိုင်မလား။
လုချန်း စဉ်းစားနေစဉ် စနစ်က သတိပေးလာသည်။
“ပုံသဏ္ဌာန်မဲ့ မိုးမခပင်ကို ဘီလိုနဂါးကျောက်တုံးပေါ်မှာ စိုက်ပျိုးထားတာ ဖြစ်ပါတယ်။ ဘီလိုနဂါးကျောက်တုံးထဲက နဂါးဝိညာဉ်ကို မိုးမခပင်က စုပ်ယူပြီး ဝိညာဉ်အဖြစ် သန့်စင်လိုက်တာပါ။”
လုချန်း ချက်ချင်း နားလည်သွားသည်။
ဒါကြောင့်ကိုး။
ကောင်းကင်ဘုံလမ်းစဉ်ကို ပြုပြင်ရာတွင် ဘီလိုနဂါးကျောက်တုံး ဘာကြောင့် လိုအပ်သနည်းဟု သူစဉ်းစားနေခဲ့သည်။ တကယ်တော့ ကျောက်တုံးကို လိုအပ်ခြင်း မဟုတ်ပဲ ၎င်း၏အတွင်းရှိ နဂါးဝိညာဉ်ကို လိုအပ်နေခြင်း ဖြစ်သည်။
ဒါပေမဲ့ ဒီရွှေနဂါးက ဘာအသုံးဝင်လို့လဲ...
လုချန်း၏ စိတ်ထဲ၌ ထိုမေးခွန်းပေါ်လာပြီး ခဏအကြာထျန်းချန်ကမ္ဘာတစ်ခုလုံး၏ ကံစွမ်းအားများ အလွန် သိပ်သည်းလာသည်ကို ရုတ်တရက် တွေ့ရှိလိုက်ရသည်။ အလယ်အလတ်အဆင့် လေရန်ကမ္ဘာ၏ ကံစွမ်းအားထက်ပင် ပိုသိပ်သည်းနေသည်။
ထိုအခါမှ ရွှေနဂါး၏ ရည်ရွယ်ချက်ကို လုချန်း နားလည်သွားပုံရသည်။ ၎င်းသည် ကံကြမ္မာရွှေနဂါး ဖြစ်ရမည်။ ကံစွမ်းအားကို မြှင့်တင်ပေးသည့် အရာဖြစ်သည်။
ခဏကြာသောအခါ ပုံသဏ္ဌာန်မဲ့ မိုးမခပင်၏ အကိုင်းအခက်များ ကောင်းကင်သို့ ထိုးတက်သွားကြသည်။ ထို့နောက် ကောင်းကင်တွင် မိုးတိမ်မည်းများ ဖုံးလွှမ်းသွားပြီး မရေမတွက်နိုင်သော လျှပ်စီးများ အထက်မှ ဆင်းသက်လာကြသည်။
ဒါက...
ဒါ ကောင်းကင်ဘုံ ကပ်ဘေးများ ဖြစ်နေမလားဟု လုချန်း စိတ်ထဲမှ တွေးလိုက်သည်။
တကယ်တော့ ကောင်းကင်ဘုံလမ်းစဉ်၏ ဥပဒေနိယာမများ ပြည့်စုံစေရန် ပုံသဏ္ဌာန်မဲ့ မိုးမခပင်က ကူညီပေးခဲ့ခြင်း ဖြစ်သည်။ ထျန်းချန်ကမ္ဘာ၏ ကောင်းကင်ဘုံလမ်းစဉ်က မိုးမခပင်ကို လက်မခံနိုင်ဘူးဆိုလျှင် ရယ်စရာ ဖြစ်နေပေလိမ့်မည်။
ယခုအခါ မိုးတိမ်များ ပိုထူထပ်လာသည်။ မကြာမီ သိပ်သည်းသော တိမ်များကြားတွင် မရေမတွက်နိုင်သော ခရမ်းရောင် လျှပ်စီးများ မွှေနှောက်လှုပ်ရှားလာသည်။
လုချန်း မျက်ခုံးတွန့်လိုက်သည်။
“ဘုရားရေ... ဒါ တကယ် ကောင်းကင်ဘုံ ကပ်ဘေးကြီးလား”
ဆုံလည်တွင် ဆီကြိတ်ပြီးနောက် မြည်းကို သတ်သည့်သဘောမျိုး ထျန်းချန်ကမ္ဘာ၏ ကောင်းကင်ဘုံလမ်းစဉ်က လုပ်ဆောင်နေခြင်း ဖြစ်နိုင်မလား။
သူ့ဥပဒေနိယာမများကို ပြည့်စုံစေရန်နှင့် ကံစွမ်းအားများ သိပ်သည်းစေရန် အခြားသူက ကူညီပေးခဲ့သည်။ ယခုတော့ ပုံသဏ္ဌာန်မဲ့ မိုးမခပင်အပေါ် ကောင်းကင်ဘုံ ကပ်ဘေး ကျရောက်စေလိုနေသည်။
ထိုလုပ်ရပ်ကို ရပ်တန့်ရန် ကောင်းကင်ဘုံလမ်းစဉ်ကို လုချန်း ပြောဆိုတော့မည့်ဆဲဆဲတွင် အခြေအနေမှာ သူထင်ထားသလို မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။ ဤအချိန်၌ မှိန်ဖျဖျ အသိစိတ်တစ်ခု သူ့ကို စကားပြောလာသည်ကို လုချန်း ခံစားလိုက်ရသည်။
တစ်ဖက်က ဝါကျအပြည့်အစုံ မပြောနိုင်သော်လည်း ထိုအသိစိတ်ကို လုချန်း ချက်ချင်း နားလည်လိုက်သည်။ ခရမ်းရောင် ကောင်းကင်မိုးကြိုးမှာ ကောင်းကင်ဘုံ ကပ်ဘေး အစပျိုးခြင်း မဟုတ်ပေ။ ထျန်းချန်ကမ္ဘာ၏ ကောင်းကင်ဘုံလမ်းစဉ်က ပုံသဏ္ဌာန်မဲ့ မိုးမခပင်နှင့် ပေါင်းစည်းရန် ကြိုးစားခြင်းကြောင့် ဖြစ်ပေါ်လာသော ကောင်းကင်ဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။
ကောင်းကင်ဘုံလမ်းစဉ်၏ အသိစိတ်သည် ပုံသဏ္ဌာန်မဲ့ မိုးမခပင်နှင့် အပြည့်အဝ ပေါင်းစည်းသွားသောအခါ မိုးမခပင်သည် ထျန်းချန်ကမ္ဘာ၏ ကမ္ဘာဦး သစ်ပင် ဖြစ်လာလိမ့်မည်။
ဖြစ်ပျက်နေသည်ကို နားလည်လိုက်သဖြင့် ပုံသဏ္ဌာန်မဲ့ မိုးမခပင်ထံသို့ ကောင်းကင်မိုးကြိုးများ ကျရောက်လာခြင်းကို လုချန်း မတားဆီးတော့ပေ။
ခဏကြာသောအခါ ပန်းကန်လုံးအဝနီးပါး ထူထဲသည့် ခရမ်းရောင် လျှပ်စီးတန်းများသည် ပုံသဏ္ဌာန်မဲ့ မိုးမခပင်၏ အကိုင်းအခက်များနှင့် တိုက်ရိုက် ချိတ်ဆက်သွားကြသည်။