← Chapters

အသုံးဝင်တဲ့သူတစ်ယောက် ဖြစ်ချင်တယ်

Vol. 78 Ch. 1169

အသုံးဝင်တဲ့သူတစ်ယောက် ဖြစ်ချင်တယ်

Vol. 78 Ch. 1169

နန်းကုန်းချင်ရသည် နန်းကုန်းယွဲ့ဟွာနှင့် မတူ ပေ။ နန်းကုန်းချင်ရသည် အာဏာကို နန်းကုန်းယွဲ့ဟွာလောက် ဂရုမစိုက်ပေ။

ထို့ပြင် သူမသည် မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်သည်။ လုချန်းနောက်သို့ လိုက်ပါပြီးနောက် ကျင့်ကြံရန်အတွက် လူသွေးကို အသုံးမပြုတော့သော်လည်း မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတို့၏ သဘာဝအတိုင်း လမ်းမှားသို့ ရောက်ရှိလွယ်နေဆဲ ဖြစ်သည်။

သူ၏ ကစားစရာအဖြစ် ပြုမူခံရသည်ကို နန်းကုန်းချင်ရ နှစ်သက်ကြောင်း လုချန်း ရိပ်မိထားသည်မှာ ကြာပြီဖြစ်သည်။

ယုတ္တိဗေဒ ‌‌အရဆိုလျှင် သူ့ဘေးနားတွင် နေရသည်ကို သူမက ပိုလိုလားသင့်သည်။

နန်းကုန်းယွဲ့ဟွာနှင့်အတူ ချန်ရန်ကမ္ဘာသို့ သွားရန် ဘာကြောင့် စဉ်းစားနေရသနည်း။

ထိုအချိန်တွင် နန်းကုန်းချင်ရက

“အစ်မက ချန်ရန်ကမ္ဘာမှာ တစ်ယောက်တည်းဆိုရင် အထီးကျန်နေမှာ သေချာတယ်။ သူ တစ်ယောက်တည်း အထီးကျန်နေမှာကို ကျွန်မ မကြည့်ရက်ဘူး။”

ထိုစကားကို ကြားသောအခါ နန်းကုန်းယွဲ့ဟွာ စိတ်ထဲ ကြိတ်ရယ်လိုက်သည်။ နန်းကုန်းချင်ရနှင့် သူမ၏ ဆက်ဆံရေး ထိုမျှ ကောင်းမွန်သည်ဟု သူမ မယုံကြည်သောကြောင့် ဖြစ်သည်။

ထို့နောက် နန်းကုန်းယွဲ့ဟွာက

“ငါ့အတွက် စဉ်းစားပေးတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ညီမက မင်းကြီးအနားမှာပဲ နေသင့်ပါတယ်။ ချန်ရန်ကမ္ဘာမှာက စိတ်ဝိညာဉ်စွမ်းအား ရှားပါးတော့ ညီမရဲ့ ကျင့်စဉ်အတွက် မကောင်းဘူးလေ။”

မိမိကို အခြားသူတစ်ဦးက ချုပ်ချယ်ကန့်သတ်သည်ကို နန်းကုန်းယွဲ့ဟွာ မလိုလားပေ။

နန်းကုန်းချင်ရ၏ ကမ်းလှမ်းမှုက သူမ၏ အစ်မဖြစ်သူ ချန်ရန်ကမ္ဘာတွင် အထီးကျန်မှာကို စိုးရိမ်သောကြောင့်ဟု လုချန်းလည်း မယုံကြည်ပေ။ ထို့ကြောင့် နန်းကုန်းချင်ရကို သံသယဖြင့် ကြည့်လိုက်သည်။

သူမတို့ ညီအစ်မ ဆက်ဆံရေး ထိုမျှ ကောင်းမွန်သည်ဟု သူ မထင်မှတ်ထားပေ။

လုချန်း စကားပြောရန် ပြင်လိုက်စဉ်မှာပင် နန်းကုန်းချင်ရက နန်းကုန်းယွဲ့ဟွာကို ပြုံး၍ ကြည့်ကာ

“အစ်မက ချန်ရန်ကမ္ဘာကို ဘယ်သူမှ လိုက်လာတာ မလိုချင်ဘူးဆိုတော့ မင်းကြီးကွယ်ရာမှာ မကောင်းတာတစ်ခုခု လုပ်ဖို့ ကြံစည်နေတာများလား။”

ထိုစကားကို ကြားသောအခါ နန်းကုန်းယွဲ့ဟွာ၏ မျက်ခုံးများ ချက်ချင်း တွန့်သွားသည်။ နန်းကုန်းချင်ရ၏ စကားက သူမသည် လုချန်းကို သစ္စာဖောက်နိုင်သည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလား။

ဒါက သွေးခွဲခြင်း မဟုတ်ပါလား။

နန်းကုန်းယွဲ့ဟွာက

“ညီမ... စကားကို ပေါ့ပေါ့ဆဆ မပြောသင့်ဘူးနော်။ ထျန်းချန်ကမ္ဘာမှာ စိတ်ဝိညာဉ်စွမ်းအားတွေ ဒီလောက် ကြွယ်ဝလာတာတောင် ဒီမှာ မကျင့်ကြံပဲ နင်က ချန်ရန်ကမ္ဘာကို သွားချင်နေတာဆိုတော့ ဘယ်သူကများ မင်းကြီးကွယ်ရာမှာ မကောင်းတာ လုပ်ချင်နေတာလဲ။”

အမျိုးသမီးနှစ်ဦး အပြန်အလှန် တိုက်ခိုက်နေသည်ကို မြင်သောအခါ လုချန်း ရယ်မောလိုက်မိသည်။ ဒါက သူမတို့ ညီအစ်မကြား ဆက်ဆံရေး၏ ပကတိအရှိတရား ပင်ဖြစ်သည်။

သို့သော် နန်းကုန်းချင်ရ တကယ် ဘာတွေးနေသည်ကို လုချန်း သိချင်နေဆဲ ဖြစ်သည်။ သူမသည် အာဏာကို လက်မလွှတ်နိုင်သဖြင့် ချန်ရန်ကမ္ဘာသို့ သွားရောက်ကာ မင်းဆက်တစ်ခုကို ထိန်းချုပ်လိုသည့် နန်းကုန်းယွဲ့ဟွာကဲ့သို့ မဟုတ်ပေ။

နန်းကုန်းချင်ရတွင် အာဏာရလိုစိတ် မရှိချေ။ ထိုသို့ဆိုလျှင် သူမက ဘာ့အတွက်ကြောင့် သွားလိုသနည်း။

သို့မဟုတ် နန်းကုန်းယွဲ့ဟွာကဲ့သို့ပင် သူမ ရရှိထားသည့် အာဏာကို လက်မလွှတ်နိုင်လို့လား။

နန်းကုန်းချင်ရ၏ စိတ်ရင်းအမှန်ကို သူ နားမလည်တာများ ဖြစ်နေမလား။

ထိုအချိန်တွင် နန်းကုန်းချင်ရက

“အစ်မပြောတာလည်း ဟုတ်တာပဲ။ ထျန်းချန်ကမ္ဘာရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ ဒီလောက် ကြွယ်ဝလာမှတော့ အစ်မကရော ဘာလို့ ထျန်းချန်ကမ္ဘာမှာပဲ ဆက်နေပြီး အဆင့်မြင့်တဲ့အထိ မကျင့်ကြံတာလဲ။”

ဤအတိုင်း ဆက်သွားပါက သူမနှင့် နန်းကုန်းချင်ရတို့နှစ်ဦးစလုံး ထျန်းချန်ကမ္ဘာတွင် သောင်တင်နေနိုင်သည်ဟု နန်းကုန်းယွဲ့ဟွာ ခံစားလိုက်ရသည်။ သို့သော် နန်းကုန်းချင်ရ တကယ် ဘာလုပ်ချင်သည်ကိုလည်း သူမ နားမလည်နိုင် ဖြစ်နေသည်။

သူမနောက်သို့ လိုက်ခြင်းက ဘာအကျိုးကျေးဇူးများ ရှိသနည်း။

အမျိုးသမီးနှစ်ဦး အခြေအတင် ဖြစ်နေသည်ကို မြင်သောအခါ လုချန်း ဝင်ပြောလိုက်သည်။

“ကဲကဲ... မင်းတို့နှစ်ယောက်လုံး တော်ကြတော့”

ထို့နောက် လုချန်း၏ အကြည့်က နန်းကုန်းချင်ရထံသို့ ရောက်သွားသည်။ သူက သူမ၏ လှပသော မျက်ဝန်းများကို ကြည့်ကာ

“ချင်ရ... မင်း ချန်ရန်ကမ္ဘာကို သွားချင်တဲ့ ရည်ရွယ်ချက်က ဘာလဲ”

ဟု အမိန့်ပေးသံဖြင့် မေးလိုက်သည်။

“မင်း ရှင်းရှင်းလင်းလင်း ပြောပြရင် မင်းအစ်မနဲ့အတူ လိုက်သွားခွင့် ပေးမယ်။”

နန်းကုန်းချင်ရက

“အသုံးဝင်တဲ့သူတစ်ယောက် ဖြစ်ချင်လို့ပါ။”

နန်းကုန်းချင်ရ၏ အဖြေကို ကြားသောအခါ လုချန်းနှင့် နန်းကုန်းယွဲ့ဟွာတို့နှစ်ဦးစလုံး အနည်းငယ် အံ့သြသွားကြသည်။

အသုံးဝင်တဲ့သူ။

သူ၏ ဇနီးများ၏ စိတ်သဘောထားများကို ရင်းနှီးပြီးသားဖြစ်သဖြင့် လုချန်း လျင်မြန်စွာ နားလည်လိုက်သည်။

သူ၏ ဇနီးအချို့သည် သူ့အနားတွင် အချိန်ကြာမြင့်စွာ နေထိုင်ပြီးနောက် သူတို့ဘဝ နှိမ့်ကျသည်ဟု ခံစားလာရသည်။ ကစားစရာ သက်သက်သာ မဟုတ်ပဲ သူ့အတွက် အကူအညီ ဖြစ်လိုကြသည်။

သူ၏ ဇနီးအများစုတွင် ထိုအတွေးအခေါ်မျိုး ရှိကြသည်။

နန်းကုန်းချင်ရက ဆက်လက်၍

“ကျွန်မသာ ထျန်းချန်ကမ္ဘာမှာ ဆက်နေမယ်ဆိုရင် ကျွန်မရဲ့ စရိုက်အရ မင်းကြီးအနားမှာပဲ နေပြီး ကစားစရာ လုပ်ခံချင်နေမှာပဲ။”

“ဒါပေမဲ့ ကျွန်မကး ကစားစရာ သက်သက် မဖြစ်ချင်ဘူး။ မင်းကြီးအတွက် တခြားတန်ဖိုးတွေ ရှိချင်ပါတယ်။”

“ချန်ရန်ကမ္ဘာက ဖရိုဖရဲကြယ်ပင်လယ်ရဲ့ အစွန်းမှာ တည်ရှိပြီး ကြယ်ပင်လယ်ရဲ့ ဝင်ပေါက်လည်း ဖြစ်ပါတယ်။ အနာဂတ်မှာ ရန်သူတွေက ဖရိုဖရဲကြယ်ပင်လယ်ထဲ ဝင်လာချင်ရင် ချန်ရန်ကမ္ဘာက အရင်ဆုံး သိနိုင်မှာပါ။”

“ကျွန်မက ထျန်းချန်ကမ္ဘာရဲ့ ဝင်ပေါက် လုံခြုံစေဖို့ ချန်ရန်ကမ္ဘာကို ကောင်းကောင်း စောင့်ရှောက်ပေးချင်တာပါ။”

နန်းကုန်းယွဲ့ဟွာက နန်းကုန်းချင်ရကို သံသယဖြင့် ကြည့်လိုက်သည်။ အမှန်အတိုင်း ပြောရလျှင် နန်းကုန်းချင်ရ ပြောသမျှ စကားတစ်ခွန်းကိုမှ သူမ မယုံကြည်ပေ။

သို့သော် သူမ ယုံကြည်သည် မယုံကြည်သည်က အရေးမကြီးပေ။ အရေးကြီးသည်က လုချန်း ယုံကြည်ခြင်း ရှိမရှိသာ ဖြစ်သည်။

ဤလူသည် အလွန် ဉာဏ်ကောင်းသူ ဖြစ်သဖြင့် လိမ်ညာမှုများကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်လိမ့်မည်ဟု နန်းကုန်းယွဲ့ဟွာ တွေးလိုက်သည်။

နန်းကုန်းယွဲ့ဟွာ ထိုသို့ တွေးနေစဉ်မှာပင် လုချန်းကပြုံး၍

“ကိုယ် နားလည်ပြီ။ ကောင်းပြီလေ။ ချင်ရက ချန်ရန်ကမ္ဘာကို သွားချင်မှတော့ ယွဲ့ဟွာလိုပဲ မင်းရဲ့ လက်အောက်ငယ်သားတချို့ကို ရွေးပြီး ချန်ရန်ကမ္ဘာကို ခေါ်သွားလိုက်ပါ။”

လုချန်း သဘောတူလိုက်သည်ကို မြင်သောအခါ နန်းကုန်းယွဲ့ဟွာ၏ မျက်နှာပို၍အေးစက်သွားသည်။

ဒီမင်းကြီးက တုံးလိုက်တာ...

ဒီစကားတွေကို တကယ် ယုံသွားတယ်ပေါ့။

နန်းကုန်းချင်ရသည် မိစ္ဆာမတစ်ယောက် ဖြစ်သည်။

သူ့မှာ ဘယ်လိုလုပ် ဒီလောက် မြင့်မြတ်တဲ့ ရည်ရွယ်ချက်တွေ ရှိနိုင်မှာလဲ။

ထို့နောက် လုချန်းက နန်းကုန်းယွဲ့ဟွာဘက်သို့ ကြည့်ကာ

“ယွဲ့ဟွာ... မင်းနဲ့ ချင်ရက ညီအစ်မတွေပဲ။ ချန်ရန်ကမ္ဘာကို ရောက်တဲ့အခါ သေးသိမ်တဲ့ အာဏာကိစ္စလေးတွေနဲ့ ရန်မဖြစ်ကြနဲ့။”

“ချန်ရန်ကမ္ဘာမှာ အာဏာကိစ္စနဲ့ ပတ်သက်ပြီး မင်းတို့ ပဋိပက္ခ ဖြစ်တယ်ဆိုတာ ကိုယ် ကြားရရင် ကိုယ် ကြိမ်လုံးယူပြီး လာဆုံးမရလိမ့်မယ်။”

အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် လုချန်း၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နန်းကုန်းယွဲ့ဟွာ ချက်ချင်း နားလည်လိုက်သည်။

“ကျွန်မ နားလည်ပါပြီ။ မင်းကြီး စိတ်ချပါ။ ချန်ရန်ကမ္ဘာမှာ အရေးကြီးကိစ္စတွေ ရှိလာရင် ကျွန်မရဲ့ ညီမနဲ့ တိုင်ပင်ပါ့မယ်”

ဟု မလိုလားစွာဖြင့် ပြန်ဖြေလိုက်သည်။

လုချန်းက ကျိယန်ကမ္ဘာရှိရာသို့ တစ်ချက်ကြည့်လိုက်ပြီး

“ကောင်းပြီ... မင်းတို့နှစ်ယောက်လုံး ချန်ရန်ကမ္ဘာကို သွားကြမှာဆိုတော့ အမြန်ပြန်ပြီး ပြင်ဆင်ကြတော့။”

“မထွက်ခွာခင် ကိုယ့်ဆီ လာတွေ့ကြဦး။ ကိုယ် ကိုယ်တိုင် လိုက်ပို့မယ်။”

အမျိုးသမီးနှစ်ဦးစလုံးက

“အမိန့်အတိုင်းပါ မင်းကြီး”

ဟု ပြိုင်တူ ပြန်ပြောလိုက်ကြသည်။

ထို့နောက် နန်းကုန်းချင်ရနှင့် နန်းကုန်းယွဲ့ဟွာတို့သည် နောက်သို့ လှည့်ကာ ကျိယန်ကမ္ဘာဆီသို့ ပျံသန်းသွားကြသည်။

ကျိယန်ကမ္ဘာသို့ ပြန်သွားရာလမ်းတွင် နန်းကုန်းယွဲ့ဟွာက မကျေနပ်သော မျက်နှာထားဖြင့်

“နင် ဘာတွေကြံစည်နေတာလဲ”

ဟု မေးလိုက်သည်။

နန်းကုန်းချင်ရ သူမနောက်သို့ ဘာကြောင့် လိုက်ချင်သည်ကို နန်းကုန်းယွဲ့ဟွာ စဉ်းစား၍ မရနိုင်ပေ။ လုချန်းကို သစ္စာဖောက်မှာ စိုးသောကြောင့် သူမကို စောင့်ကြည့်ချင်ရုံ သက်သက်လား။

နန်းကုန်းချင်ရက ပေါ့ပါးစွာ ရယ်မောရင်း

“ဒါက ငါ အစ်မကို မေးရမယ့် မေးခွန်းပါ”

“အခု ထျန်းချန်ကမ္ဘာမှာ စိတ်ဝိညာဉ်စွမ်းအားတွေက သိပ်သည်းနေပြီဆိုတော့ အဆင့်မြင့် ကျင့်စဉ်ကမ္ဘာတစ်ခုနဲ့ သိပ်မကွာတော့ဘူး။ အစ်မက ထျန်းချန်ကမ္ဘာမှာ မကျင့်ကြံပဲ အဆင့်နိမ့်တဲ့ နေရာမှာ ဧကရာဇ်လုပ်ချင်နေတယ်။ ကျင့်စဉ်ထက် အာဏာက အစ်မအတွက် ပို အရေးကြီးနေလို့လား။”

နန်းကုန်းယွဲ့ဟွာက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

“နင်နဲ့ ဘာဆိုင်လို့လဲ”

နန်းကုန်းချင်ရက ခပ်အေးအေးပင်

“အစ်မရဲ့ စိတ်ထဲမှာ အာဏာလိုချင်စိတ်တွေ ပြည့်နှက်နေတာက ကောင်းတဲ့အရာ မဟုတ်ဘူး။ လူတစ်ယောက်က အာဏာပိုင်ဆိုင်ထားရင် မဆင်မခြင် လုပ်တတ်ကြတယ်။”

“ငါ ချန်ရန်ကမ္ဘာကို လိုက်လာတာက မင်းကြီးအတွက် အစ်မကို ကောင်းကောင်း စောင့်ကြည့်ပေးဖို့နဲ့ အစ်မ ချန်ရန်ကမ္ဘာမှာ သစ္စာဖောက်တဲ့ကိစ္စတွေ မကျူးလွန်အောင် တားဆီးဖို့ပဲ။”

“ငါတို့က ညီအစ်မတွေလေ။ အစ်မသာ အမှားလုပ်မိရင် ငါ့ကိုပါ ကျိန်းသေ ထိခိုက်လာမှာပေါ့။”

All Chapters