ထျန်းချန်ကမ္ဘာမှာ လှပတဲ့ အမှတ်တရတွေ အများကြီးပဲ
Vol. 78 Ch. 1160
လုချန်း၏ မေးခွန်းကို ကြားသောအခါ သူ့အတွေးများကို စုဟန်ယန် ချက်ချင်း နားလည်လိုက်သည်။ ဤလူနှင့် အတူနေလာသည်မှာ နှစ်များစွာ ကြာခဲ့ပြီဖြစ်ရာ သူ ဘာတွေးနေသည်ကို သူမ မည်သို့ မသိပဲ နေမည်နည်း။
လုချန်းကို အေးစက်စက် တစ်ချက်ကြည့်ပြီးနောက် စုဟန်ယန်က ပြောလိုက်သည်။
“စဉ်းတောင် မစဉ်းစားနဲ့”
ဤလူက လမ်းမှန်ကို မလျှောက်ပဲ ဖောက်ပြန်သော နည်းလမ်းများကို အသုံးပြုရန် အမြဲတွေးတောနေသည်။ တကယ့် နတ်ဆိုးကျင့်ကြံသူများထက်ပင် ဤလူက နတ်ဆိုးကျင့်ကြံသူနှင့် ပိုတူသည်ဟု သူမ ခံစားနေရသည်။
လုချန်းက ခပ်အေးအေး ပြောလိုက်သည်။
“ကိုယ့်ကို ကျေးဇူးပြန်ဆပ်ချင်တယ်လို့ မင်းပဲ အခုလေးတင် ပြောခဲ့တာ မဟုတ်ဘူးလား။”
စုဟန်ယန် ပြောစရာ စကားမဲ့သွားသည်။ ကျေးဇူးဆပ်ခြင်းက ဤနည်းလမ်းဖြင့် ပြုလုပ်ရန် မလိုအပ်ပေ။
ယခင်က လုချန်း၏ နှိပ်စက်မှုကို ခံစားခဲ့ရဖူးသော်လည်း ဖောက်ပြန်သော လုပ်ရပ်များကို လုပ်ဆောင်ရန် သူမ စက်ဆုပ်ရွံရှာနေဆဲ ဖြစ်သည်။
စုဟန်ယန်က တည်ငြိမ်စွာ မေးလိုက်သည်။
“ရှင် တကယ်ပဲ အဲဒါကို လုပ်ဖို့ စီစဉ်ထားတာလား”
လုချန်းက ပြုံး၍ ပြန်ပြောလိုက်သည်။
“ကိုယ် မင်းကို အတင်းအကျပ် မလုပ်ပါဘူး”
စုဟန်ယန် စိတ်ထဲတွင် လှောင်ပြောင်လိုက်သည်။ ဤလူက အတိတ်ကာလ၌ သူမကို ထိုကိစ္စများ လုပ်ဆောင်စေရန် ခြိမ်းခြောက်သွေးဆောင်ခဲ့ပြီး ယခုတွင်မူ အတင်းအကျပ် မလုပ်ပါဟု ပြောနေသေးသည်။
စုဟန်ယန်လည်း စကားများများစားစား ထပ်မပြောတော့ပဲ ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီးနောက် တစ်ဖန် ပြန်လည်ကိုင်းညွှတ်လိုက်သည်။
ခဏအကြာတွင် လုချန်း၏ မျက်လုံးများကို ကြည့်ကာ စုဟန်ယန် ပြောလိုက်သည်။
“အခု ရှင် ကျေနပ်ပြီလား”
စုဟန်ယန် စကားပြောပြီးသည်နှင့် လုချန်းက တစ်ဖက်သို့ လှည့်ကာ သူမကို ဖက်လိုက်သည်။
အားကိုးရာမဲ့သလို စုဟန်ယန် ခံစားလိုက်ရသည်။ ဤလူနှင့် တွေ့ဆုံရခြင်းက သူမ၏ ဘဝကို လုံးဝ ပျက်စီးသွားစေပုံရသည်။
…….
နှစ်ဝက်ဟူသောအချိန်က လျင်မြန်စွာ ကုန်ဆုံးသွား၏။ ထိုအတောအတွင်း လုချန်း၏ ကျင့်စဉ်အဆင့်လည်း များစွာ တိုးတက်လာခြင်း မရှိပေ။ သို့သော် ဤခြောက်လအတွင်း စုဟန်ယန်၏ ကျင့်စဉ်အဆင့်မှာမူ နတ်ဘဝပြောင်းလဲခြင်းအဆင့် ဒုတိယအလွှာသို့ တက်လှမ်းနိုင်ခဲ့သည်။
ရင်သွေးကမ္ဘာ မမွေးဖွားသေးသော်လည်း ဤအရာက သူမ၏ ကျင့်စဉ်အတွက် များစွာ အထောက်အကူ ပြုနေသဖြင့် ရွှေတွင်းတစ်ခု တူးမိသကဲ့သို့ သူမ ခံစားလိုက်ရသည်။
ဤခြောက်လအတွင်း လုချန်း သူမထံ မကြာခဏ လာရောက်လေ့ရှိ၏။ အထူးသဖြင့် ပြီးခဲ့သော အခေါက်က လိုက်လျောပြီးနောက်ပိုင်း လမ်းမှန်ကို မလိုက်တော့သော်လည်း သူမ၏ စိတ်ထဲတွင် လက်ခံလာပြီ ဖြစ်သည်။
……..
ထိုအချိန်တွင် ဖရိုဖရဲ ကြယ်ပင်လယ်၏ ကြယ်နယ်မြေတစ်ခု၌ ဇိမ်ခံနတ်လှေတစ်စင်း ဖြည်းညှင်းစွာ ရွေ့လျားနေသည်။ နတ်လှေ၏ အကာအကွယ်အတားအဆီးနှင့် ရိုက်ခတ်မိသော ကမ္ဘာ့အစိတ်အပိုင်းများသည် တဖြည်းဖြည်း ဘေးသို့ ကွာသွားကြသည်။ ကမ္ဘာ့အစိတ်အပိုင်းများနှင့် ဥက္ကာခဲများ ဘေးသို့ ရောက်သွားပြီးနောက် နတ်လှေ၏ နောက်၌ လမ်းကြောင်းရှည်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
လုချန်းသည် နတ်လှေကုန်းပတ်ပေါ်တွင် ရပ်လျက် အဝေးသို့ ငေးကြည့်နေရင်း တည်နေရာကို အတည်ပြုရန် ကြယ်မြေပုံကို စစ်ဆေးနေသည်။
ထိုအချိန်၌ အဖြူရောင် ဝတ်စုံရှည် ဝတ်ဆင်ထားသော ယွမ်ရှန်ရှန် လုချန်းထံသို့ လျှောက်လာသည်။
“ရှားရှားပါးပါးပါလား... ဒီရက်ပိုင်းအတွင်း ရှင် မိန်းမတစ်ယောက်နဲ့ အတူတူ ပျော်ပါးမနေပါလား။”
နတ်လှေဖြင့် ထျန်းချန်ကမ္ဘာမှ ထွက်ခွာလာပြီးနောက် တစ်စုံတစ်ခုကို ရှာဖွေနေသည့်အလား လုချန်းတစ်ယောက် ကြယ်တာယာမြေပုံကို အဆက်မပြတ် ကြည့်ရှုနေခဲ့သည်။ နတ်လှေတွင် ဇနီးမယားများစွာ ပါလာသော်လည်း သူတို့နှင့် အတူတူ မနေခဲ့ပေ။
ဤအချက်က လုချန်းကို ပုံမှန်မဟုတ်သလို ဖြစ်စေသည်။
ပုံမှန်အားဖြင့် လုချန်းသည် သွားလေရာရာ၌ အမျိုးသမီးတစ်ဦးကို ရင်ခွင်ထဲထည့်ကာ ရင်းနှီးသော အခြေအနေဖြင့် နေလေ့ရှိသည်။
ဤလူ မိန်းမမပါဘဲ မနေနိုင်ပေ။
ယွမ်ရှန်ရှန်၏ စကားကို ကြားသောအခါ လုချန်းက ဖျော့တော့စွာ ပြုံးလိုက်ပြီးနောက် သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ကာ ခါးကိုဖက်လျက် သူ့ခန္ဓာကိုယ်နှင့် တင်းကြပ်စွာ ပူးကပ်ထားလိုက်သည်။
နောက်တစ်ခဏတွင် ယွမ်ရှန်ရှန်၏ ကိုယ်သင်းနံ့က လုချန်း၏ နှာခေါင်းဝ၌ ပြည့်နှက်သွားပြီး စိတ်ဆန္ဒများကို သိသိသာသာ နိုးကြားလာစေသည်။ လုချန်း စိတ်လှုပ်ရှားလာသည်ကို မြင်သောအခါ ယွမ်ရှန်ရှန်က ချက်ချင်း ပြောလိုက်သည်။
“တပည့်မိုက်... ဆရာမကို အခုချက်ချင်း လွှတ်စမ်း”
ယွမ်ရှန်ရှန်၏ စကားများက လုချန်းကို ပိုစိတ်လှုပ်ရှားစေပြီး မိုးပျံလှေ ကုန်းပတ်ပေါ်၌ပင် သူမကို သိမ်းပိုက်ချင်စိတ် ပေါက်သွားသည်။ သို့သော် သူ မလုပ်ခဲ့ပေ။
သူ၏ ဂနာမငြိမ်ဖြစ်နေသော ခန္ဓာကိုယ်ကို အတင်းအကျပ် ငြိမ်သက်စေလိုက်ပြီး
“ဆရာမ... ဒါက ဖရိုဖရဲ ကြယ်ပင်လယ်ရဲ့ အစွန်အဖျား ဖြစ်လောက်တယ်”
လုချန်း၏ စကားကို ကြားသောအခါ ယွမ်ရှန်ရှန်က အဝေးသို့ ချက်ချင်း ကြည့်လိုက်သည်။
အဝေးတစ်နေရာ၌ ကြယ်ရောင်မရှိပဲ အဆုံးမဲ့ အမှောင်ထုကြီးသာ ရှိနေသည်။
ယွမ်ရှန်ရှန်က
“ရှင် ဖရိုဖရဲ ကြယ်ပင်လယ်ကနေ ထွက်ဖို့ စီစဉ်နေတာလား။”
လုချန်း၏ အကြောင်းကို သိစဉ်ကတည်းက သူသည် ထျန်းချန်ကမ္ဘာနှင့် ဖရိုဖရဲ ကြယ်ပင်လယ်မှ သေချာပေါက် ထွက်ခွာလိမ့်မည်ဟု သူမ သိထားခဲ့သည်။
လုချန်းက စဉ်းစဉ်းစားသားဟန်ဖြင့်
“ဖြစ်နိုင်ရင် ကိုယ် ထျန်းချန်ကမ္ဘာကနေ မထွက်ချင်ပါဘူး။ အဲ့ဒီမှာ ကိုယ့်အတွက် လှပတဲ့ အမှတ်တရတွေ အများကြီး ရှိနေတယ်။”
ထိုစကားကို ကြားသောအခါ ယွမ်ရှန်ရှန် တိုးတိုးလေး ရယ်မောလိုက်သည်။ မိန်းမကိစ္စ ရှုပ်ပွေသည်ဟု နာမည်ကြီးသော ဤတပည့်ဆိုးက အတိတ်ကို လွမ်းဆွတ်တတ်လိမ့်မည်ဟု သူမ မထင်ထားမိပေ။
လုချန်းက ဆက်လက်၍
“ကံဆိုးတာက ထျန်းချန်ကမ္ဘာက အရိုင်းကြယ်နယ်မြေထဲမှာ ရှိနေတယ်။ ကျင့်စဉ် အရင်းအမြစ်တွေ ရှားပါးပြီး အာကာသကလည်း မတည်မငြိမ် ဖြစ်နေတယ်။ အင်ပါယာထူထောင်ဖို့ တခြား ကြယ်နယ်မြေတစ်ခုကို ရှာမှရတော့မယ်။”
ယွမ်ရှန်ရှန် တိတ်ဆိတ်သွားပြီး စကားမပြောတော့ပေ။ လုချန်း ထျန်းချန်ကမ္ဘာမှ အမှန်တကယ် မထွက်ခွာလိုကြောင်း သူမ ပြောနိုင်သည်။
ထိုအချိန်တွင် လုချန်းက သူ့အနောက်ရှိ အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးဘက်သို့ လှည့်ကာ မေးလိုက်သည်။
“ခင်ဗျားတို့အားလုံး ဒီကို လာတုန်းက ဒီနေရာကို ဖြတ်သန်းခဲ့ကြသလား”
အမျိုးသမီးက
“မင်းကြီး... ကျွန်မတို့ ဒီကြယ်နယ်မြေကနေ မလာခဲ့ပါဘူး”
ထိုအမျိုးသမီးသည် သန့်ရှင်းသော နဂါးနက် နယ်မြေမှ အကြီးအကဲတစ်ဦး ဖြစ်သည်။ သန့်ရှင်းသော နဂါးနက် နယ်မြေမှ ထျန်းချန်ကမ္ဘာသို့ လာရောက်ခဲ့သော လမ်းကြောင်းကို မေးမြန်းရန် သူမကို ခေါ်လာခဲ့ခြင်း ဖြစ်သည်။ သို့မှသာ သူတို့ ထွက်ခွာချိန်တွင် ထိုလမ်းကြောင်းအတိုင်း လိုက်ပါနိုင်မည် ဖြစ်သည်။
ကြယ်မြေပုံမှ တည်နေရာကို လုချန်း ကြည့်လိုက်သည်။ သူတို့ရှေ့မှ ကျယ်ပြောလှသော အမှောင်ထုကြီးကို “အမှောင်နယ်မြေ” ဟု ခေါ်ကြပြီး မည်သည့်ကမ္ဘာမှ မရှိပေ။ ကမ္ဘာ့အစိတ်အပိုင်းများ သို့မဟုတ် ဥက္ကာခဲများပင် မရှိပဲ ဟင်းလင်းပြင် သက်သက်သာ ဖြစ်သည်။
အမှောင်နယ်မြေထဲသို့ ဝင်ရောက်သွားပါက ကျင့်ကြံသူများအတွက် နားခိုစရာနေရာ ရှိမည် မဟုတ်ပေ။ စိတ်ဝိညာဉ်စွမ်းအားများ ပြန်လည်ဖြည့်တင်းနိုင်ခြင်း မရှိပါက ဝင်သွားပြီးလျှင် ပြန်ထွက်လာနိုင်တော့မည် မဟုတ်ပေ။
လုချန်းက ကြယ်မြေပုံကို ချဲ့ကြည့်လိုက်ရာ အမှောင်နယ်မြေသည် အလင်းနှစ် ဘီလီယံ ငါးဆယ်ကျော် ရှည်လျားပြီး ၎င်း၏ တစ်ဖက်ခြမ်း၌သာ သက်ရှိကမ္ဘာများ တည်ရှိသည်ကို တွေ့ရှိလိုက်ရသည်။
အမှောင်နယ်မြေ၏ ဧရိယာက အလွန် ကြီးမားသည်။ ကြယ်မြေပုံကိုသာ မကြည့်ခဲ့ပါက ဤနေရာသည် စကြဝဠာ၏ အစွန်းဖြစ်ဟု လုချန်း သံသယဝင်မိလိမ့်မည်။
အဆုံးမဲ့ အမှောင်ထုကို ရင်ဆိုင်ရင်း လုချန်း၏ စိတ်နှလုံး တဖြည်းဖြည်း တည်ငြိမ်သွားသည်။ ကျယ်ပြောလှသော စကြဝဠာကြီးထဲတွင် ကျင့်ကြံသူတစ်ဦးသည် မယုံနိုင်လောက်အောင် သေးငယ်နေပုံရသည်။
လုချန်း တည်ငြိမ်သွားပုံရသည်ကို မြင်သောအခါ ယွမ်ရှန်ရှန်လည်း သူ့ကို မစနောက်တော့ပဲ ကျယ်ပြောလှသော အမှောင်ထုကြီးကို တိတ်ဆိတ်စွာ ငေးကြည့်နေလိုက်သည်။
အချိန်တစ်ခု ကြာပြီးနောက် အနောက်ဘက်မှ နတ်လှေတစ်စင်း ပျံသန်းရောက်ရှိလာပြီး ဥပဒေနိယာမ အလုံးစုံအဆင့် ကျင့်ကြံသူတစ်ဦး ဖေးဟုန် နတ်လှေပေါ်သို့ တက်လာသည်။
“မင်းကြီး”
လုချန်းက လာရောက်သူကို လှည့်ကြည့်လိုက်ရာ နန်းကုန်းယွဲ့ဟွာထံမှ နန်းတွင်းအ စေခံ တစ်ဦး ဖြစ်နေသည်။
“ဘာကိစ္စလဲ”
အစေခံက
“မင်းကြီး... ကျိရှောင်နိုင်ငံတော်နဲ့ ကျိယန်ကမ္ဘာ နတ်မဟာမိတ်အဖွဲ့တို့ ပူးပေါင်းပြီး အဆင့်နိမ့်ကမ္ဘာတစ်ခုကို အောင်နိုင်လိုက်ပါပြီ။”
နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရအကြား အသေးစား ပဋိပက္ခလေးများ ရှိသော်လည်း ၎င်းတို့နှစ်ဦးမှာ ညီအစ်မများ ဖြစ်ကြပြီး ကမ္ဘာတစ်ခုတည်းမှ ဖြစ်သောကြောင့် ကြီးမားသော အငြိုးအတေးမရှိပဲ လှုပ်ရှားမှုများကို အတူတူ ပြုလုပ်ခဲ့ကြသည်။
ထိုသတင်းကို ကြားသောအခါ လုချန်းက တုံ့ဆိုင်းခြင်းမရှိပဲ
“လမ်းပြပါ”
သူ၏ စွမ်းအားကို မြှင့်တင်ရန် အရေးတကြီး လိုအပ်နေသည်။ စုဟန်ယန်အား ရင်သွေးကမ္ဘာ ရစေခြင်းမှ စွမ်းအားမြှင့်တင်ပေးမည့် ရတနာများ မရသေးသော်လည်း ရင်သွေးကမ္ဘာ မွေးဖွားလာသည်နှင့် တစ်ပြိုင်နက် မူလအစ စွမ်းအား အမြောက်အမြား ရရှိနိုင်မည် ဖြစ်သည်။ မူလအစစွမ်းအား၏ အကူအညီဖြင့် သူ၏ ကျင့်စဉ်အဆင့် တိုးတက်လာသင့်သည်။
ယခု နောက်ထပ်ကမ္ဘာတစ်ခုကို အောင်နိုင်လိုက်ပြီ ဖြစ်ရာ အခြားမိဖုရားတစ်ပါး ရင်သွေးကမ္ဘာ ပဋိသန္ဓေယူနိုင်တော့မည် ဖြစ်သဖြင့် လုချန်း ဝမ်းမြောက်သွားသည်။
လုချန်း၏ စကားကို ကြားသောအခါ အစေခံက ချက်ချင်းပင်
“အမိန့်တော်အတိုင်းပါ မင်းကြီး”
ထို့နောက် အစေခံက နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့ အောင်နိုင်ထားသော အဆင့်နိမ့်ကမ္ဘာသို့ လုချန်းကို လမ်းပြခေါ်ဆောင်သွားသည်။
ရက်အနည်းငယ် ကြာပြီးနောက် ဖေးဟုန် နတ်လှေသည် ချန်ရန်ကမ္ဘာဟု အမည်ရသော အဆင့်နိမ့်ကမ္ဘာတစ်ခုသို့ ရောက်ရှိလာသည်။
ဤကမ္ဘာ၏ စိတ်ဝိညာဉ်စွမ်းအားမှာ ထျန်းချန်ကမ္ဘာနှင့် ယှဉ်လျှင် အနည်းငယ် ပို ကြွယ်ဝပြီး ဥပဒေနိယာမ အလုံးစုံအဆင့် ကျင့်ကြံသူများလည်း ပိုင်ဆိုင်ထားသည်။
သို့သော် လက်ရှိ ရှနိုင်ငံတော်အတွက် ဥပဒေနိယာမ အလုံးစုံအဆင့် ကျင့်ကြံသူများက ခြိမ်းခြောက်မှု မဟုတ်တော့ပေ။ ရှနိုင်ငံတော်မှ စစ်ရေးအရ တိုက်ရိုက် ဝင်ရောက်စွက်ဖက်ရန် မလိုပဲ ဤကမ္ဘာမှ စွမ်းအားကြီး အဖွဲ့အစည်းများကို နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့က အလွယ်တကူ နှိမ်နင်းနိုင်ခဲ့သည်။