← Chapters

မှတ်ဉာဏ်များ ပြန်လည်ရရှိခြင်း

Vol. 78 Ch. 1166

မှတ်ဉာဏ်များ ပြန်လည်ရရှိခြင်း

Vol. 78 Ch. 1166

ထျန်းချန်ကမ္ဘာတွင် သူ့ကို စောင့်မျှော်နေသော ဇနီးများနှင့် သားသမီးများကို တွေးမိတိုင်း လုချန်း အံကြိတ်ပြီး ထိုအရှက်မရှိသော စုံတွဲထံသို့ ဆက်လျှောက် နေခဲ့သည်။

ဤအချိန်တွင် သူ အလွန် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ စွမ်းအားအားလုံး ဆုံးရှုံးသွားသဖြင့် သူသည် သာမန်လူတစ်ယောက်သာ ဖြစ်သည်။ သာမန်လူတစ်ယောက်အနေနှင့် မစား၊မသောက်၊ မအိပ်ပဲ တစ်နှစ်ကြာ တောင့်ခံနိုင်မည် မဟုတ်ပေ။

သို့သော် လုချန်း နောက်ဆုံးတွင် ဇွဲမလျှော့ခဲ့ ပေ။ ဤကျိန်စာသင့်သော နေရာမှ သူ ထွက်ခွာရန် လိုအပ်သည်။ စနစ်ပေးထားသည့် အရာအားလုံးကို တစ်နေ့တွင် ဆုံးရှုံးရနိုင်သည်ကို အမြဲ နားလည်ထားသော်လည်း ယင်းတို့ကို ‌ စွန့်လွှတ်ရန် လောလောဆယ်ဆန္ဒမရှိသေးပေ။

သူ ဤနေရာတွင် မကျဆုံးချင်ပေ။ အထူးသဖြင့် ယခုအချိန်တွင် ဖြစ်သည်။

ဇနီးများနှင့် သားသမီးများကိုပင် သူ နှုတ်မဆက်ခဲ့ရပေ။ ဤနေရာမှ သူ အမြန်မထွက်ခွာနိုင်လျှင် သူတို့ တကယ် စိတ်ပူနေကြပေလိမ့်မည်။

ထိုအတွေးနှင့်အတူ ထိုအရှက်မရှိသော စုံတွဲထံသို့ လေးလံသော ခြေလှမ်းများဖြင့် လုချန်း ဆက်လျှောက်သွားသည်။ ဤအရာအားလုံးသည် ထိုသူတို့၏ လက်ချက်ဟုတ်မဟုတ် သူကြည့်ရမည်။

တစ်နှစ်၊ နှစ်နှစ်၊ ငါးနှစ်၊ ဆယ်နှစ်...

ဆယ်နှစ်ဟူသော ကာလသည် တစ်ခဏအတွင်း ကုန်ဆုံးသွားသည်။ လုချန်း၏ ဆံပင်များသည် လုံးဝရှုပ်ပွနေကာ ပန်းပွင့်ဖတ်များနှင့် ရောနှောနေ၏။ သူ၏ အဝတ်အစားများမှာ စုတ်ပြဲနေပြီး သူတောင်းစားတစ်ယောက်နှင့် တထေရာတည်း တူနေလေသည်။

မောပန်းနွမ်းနယ်နေသော မျက်လုံးများဖြင့် အဝေးမှ ယုတ်ညံ့သော ကိစ္စများ ပြုလုပ်နေသည့် စုံတွဲကို လုချန်း ငေးကြည့်လိုက်သည်။

ဆယ်နှစ်တောင် ကြာခဲ့ပြီ...

ဆယ်စုနှစ်တစ်ခုလုံး ကြာမြင့်ခဲ့သော်လည်း ထိုအရှက်မရှိသော နှစ်ယောက်မှာ ထိုကိစ္စများကို လုပ်ဆောင်နေဆဲ ဖြစ်သည်။

စနစ်၏ အကူအညီဖြင့် မိမိကိုယ်ကို ယောက်ျားများကြားတွင် ပြိုင်ဘက်ကင်းဟု သူမှတ်ယူခဲ့သော်လည်း ယခုတော့ ဤမျှ ဖောက်ပြန်သောသူနှင့် တွေ့ကြုံနေရသည်။

“ကျွတ်... ဒီနေရာကနေ ဘယ်လိုထွက်ရမလဲ”

စနစ်ကို ခေါ်ယူရန် လုချန်း နောက်တစ်ကြိမ် ကြိုးစားသော်လည်း ယခင်အတိုင်းပင် မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။

ရှေ့ဆက်သွားရန်မှတစ်ပါး သူ့တွင် ရွေးချယ်စရာ မရှိတော့။

နေ့ရက်များ ကုန်ဆုံးလာသည်နှင့်အမျှ ကြယ်များ ရွေ့လျားသွားပြီး နှစ်ပေါင်း မည်မျှကုန်ဆုံးသွားသည်ကို လုချန်း မသိတော့။

နောက်ဆုံးတွင် ထိုအရှက်မရှိသော စုံတွဲက သူတို့၏ ကိစ္စကို အဆုံးသတ်လိုက်သည်။

ယခုအခါ လုချန်း၏ ဆံပင်များမှာ ဖြူဖွေးနေပြီး သေမင်းတံခါးဝသို့ ရောက်နေသကဲ့သို့ ဖြစ်နေသည်။ သို့သော် သူ၏မျက်လုံးများထဲတွင် ဆုံးဖြတ်ချက် ပြတ်သားသောအရိပ်အယောင်များ ရှိနေဆဲဖြစ်သည်။ ဇနီးများနှင့် သားသမီးများထံ ပြန်သွားလိုသည့် ယုံကြည်ချက်က သူ့ကို ဤအချိန်အထိ တောင့်ခံနိုင်စေခဲ့ခြင်း ဖြစ်သည်။

ထိုစဉ် ပန်းခင်းထဲမှ စုံတွဲက ထလာပြီး လုချန်း ရှိရာဘက်သို့ ဖြည်းညှင်းစွာ လှည့်ကြည့်လာသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် လုချန်း၏ ရင်ခုန်သံ မြန်သွားသည်။ နောက်ဆုံးတွင် ထိုစုံတွဲက သူ့ကို သတိထားမိပုံရသည်။

ဤအရာအားလုံး ဖြစ်ပျက်စေခဲ့သည်မှာ သူတို့လက်ချက်ပင် ဖြစ်ရမည်။

ဒေါသတကြီးဖြင့် သူတို့ထံသို့ လုချန်း ပြေးဝင်သွားရန် ပြင်လိုက်စဉ် ထိုစုံတွဲက သူ့ဘက်သို့ အပြည့်အဝ လှည့်ကြည့်လာသည်။

သူတို့၏ မျက်နှာများကို မြင်လိုက်ရသည့် ခဏ၌ လုချန်း လုံးဝကြောင်အသွားသည်။

အမျိုးသမီး၏ မျက်နှာမှာ မရေမရာ တဖျပ်ဖျပ် ပြောင်းလဲနေသည်။ မရေမတွက်နိုင်သော မျက်နှာများ ဆက်တိုက် ဖြစ်ပေါ်နေကာ အားလုံးမှာ သူ၏ ဇနီးသည်များ ဖြစ်နေသည်။

အမျိုးသားမှာ ပို၍ပင် ထူးဆန်းနေသည်။ သူသည် လုချန်းနှင့် တစ်ပုံစံတည်း တူနေသည်။

ဒါက...

လုချန်း လုံးဝ ဇဝေဇဝါ ဖြစ်သွားသည်။ ဘာတွေ ဖြစ်ပျက်နေတာလဲ။

ပုံရိပ်ယောင်နယ်ပယ်လား။

ဒါက ပုံရိပ်ယောင်နယ်ပယ်ပဲ ဖြစ်ရမယ်။

ထိုသို့ လုချန်း တွေးတောနေစဉ် ထိုစုံတွဲ၏ ရှေ့တည့်တည့်သို့ သူ ရောက်ရှိသွားသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။ ထို့နောက် သူ၏ နုပျိုသောပုံစံသို့ ပြန်လည်ရောက်ရှိသွားကာ အဝတ်အစားများပင်လျှင် ဤကမ္ဘာသို့ သူပထမဆုံးရောက်လာစဉ်ကကဲ့သို့ ဖြစ်နေသည်။

လုချန်းရင်ထဲ နောက်တစ်ကြိမ် တုန်လှုပ်သွားသည်။

တကယ်ပဲ ပုံရိပ်ယောင်နယ်ပယ် ဖြစ်နေသလား။

ဒီနှစ်ယောက်က ဘာလို့ ဒီလိုလုပ်နေကြတာလဲ။

“ခင်ဗျားတို့က ဘယ်သူတွေလဲ”

ဟု လုချန်း ချက်ချင်းမေးလိုက်သည်။

ထိုအမျိုးသားက ပြုံးလျက်

“ငါက မင်းပဲ... မင်းက ငါပဲလေ”

ထိုစကားကို ကြားသောအခါ လုချန်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

“ငါက မင်းလို တိရစ္ဆာန် မဟုတ်ဘူး။”

ထိုကိစ္စများနှင့် ပတ်သက်၍ သူသည် အတော်လေး ထူးချွန်သော်လည်း ဤလူကတော့ ပုံရိပ်ယောင်နယ်ပယ်ထဲတွင် ထိုအမျိုးသမီးနှင့် နှစ်ပေါင်းမည်မျှကြာအောင် ရင်းနှီးနေခဲ့မှန်း မသိနိုင်ပေ။

ထိုခွေးကောင်နှင့် ခွေးမ စုံတွဲကို ရိုက်နှက်ဆုံးမရန်အတွက် သူ၏ စိတ်ဝိညာဉ် စွမ်းအားကို ထပ်မံထုတ်ဖော်ရန် လုချန်း ကြိုးစားလိုက်သည်။ ထိုလူက သူ၏ ပုံစံကို ယူထားခြင်းတစ်ခုတည်းကပင် ဆိုးရွားလှပြီဖြစ်သည်။ ထို့ပြင် ထိုအမျိုးသမီးက သူ၏ ဇနီးများ၏ မျက်နှာများအဖြစ်သို့ ဆက်တိုက်ပြောင်းလဲနေသည်။

သို့သော် သူ၏ စိတ်ဝိညာဉ် စွမ်းအားမှာ ချိပ်ပိတ်ခံထားရဆဲ ဖြစ်ကြောင်း လုချန်း ထပ်မံတွေ့ရှိလိုက်ရသည်။ ဤကမ္ဘာတွင် သူသည် သာမန်လူတစ်ယောက်သာ ဖြစ်ပုံရသည်။

ထိုအချိန်တွင် အမျိုးသမီး၏ မျက်နှာ ပြောင်းလဲခြင်း ရုတ်တရက် ရပ်တန့်သွားသည်။

သူမ၏ အသားအရေမှာ နှင်းကဲ့သို့ ဖြူဖွေးနေပြီး အေးစက်၍ ရင်သပ်ရှုမောဖွယ် လှပနေသည်။ ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သမီးတစ်ပါးကဲ့သို့ သူမ၏ ခန္ဓာကိုယ်မှ မှိန်ဖျဖျ အလင်းရောင်တစ်ခု ထွက်ပေါ်နေသည်။ ထို့ပြင် သူမ၌ အဝတ်အစား မရှိသဖြင့် လုချန်းကို အကြီးအကျယ် တုန်လှုပ်သွားစေသည်။

သတိပြန်ဝင်လာသောအခါ လုချန်း ခေါင်းအမြန်ခါယမ်းလိုက်သည်။ ဤအမျိုးသမီးက သူ့အပေါ် ညှို့ယူဖမ်းစားခြင်း အတတ်ကို အသုံးပြုနေသည်ဟုလည်း သံသယဝင်လိုက်သည်။

ဤအမျိုးသမီးနှင့် ဤအမျိုးသားတို့သည် ပန်းခင်းထဲတွင် နှစ်ပေါင်းမည်မျှကြာအောင် ရှုပ်ထွေးပတ်သက်နေခဲ့မှန်း မသိနိုင်ပေ။

သူမ မည်မျှပင် လှပပါစေ သူ စိတ်ဝင်စား၍ မဖြစ်ပေ။ သူသည် သူများစားကြွင်းစားကျန်ကို လိုချင်သူ မဟုတ်ပေ။

လုချန်း ထိုသို့ တွေးတောနေစဉ် အမျိုးသမီးက

“ချစ်သူ... အိပ်မက်က နိုးထဖို့ အချိန်တန်ပြီ”

သူမ၏ အသံမှာ အေးစက်သော်လည်း နူးညံ့မှုအနည်းငယ် ပါဝင်နေသည်။ လုချန်း၏ စိတ်ဝိညာဉ်ထဲသို့ တိုက်ရိုက်ရောက်ရှိသွားသကဲ့သို့ ထိုးဖောက်ဝင်ရောက်နိုင်ကာ နှစ်သိမ့်မှုပေးနေသည်။

လုချန်း သတိမဝင်ခင်မှာပင် သူ့ပတ်ဝန်းကျင်ရှိ ပန်းခင်းထဲ၌ လေတစ်ချက် တိုက်ခတ်လာသည်။ ထို့နောက် ပန်းပွင့်ဖတ်များ အားလုံးက သူ့ထံသို့ ပျံဝဲလာကြသည်။

ကာကွယ်ရန် လုချန်း သူ၏လက်ကို အလိုအလျောက် အမြန်မြှောက်လိုက်သော်လည်း သူ၏စွမ်းအားများ ချိပ်ပိတ်ခံထားရကြောင်း ချက်ချင်း သတိပြုမိလိုက်သည်။

ထိုပန်းပွင့်ဖတ်များသည် သူ၏ခန္ဓာကိုယ်နှင့် ထိတွေ့လိုက်သည်နှင့် သူ့ကိုယ်ထဲသို့ ဝင်ရောက်သွားပြီး မကြာမီ မှတ်ဉာဏ်များက ရေလှိုင်းပမာ သူ၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာသည်။

ထိုအချိန်မှသာ ဤပန်းခင်းထဲရှိ ပန်းပွင့်ဖတ်များအားလုံးသည် သူ၏ မှတ်ဉာဏ်များ ဖြစ်ကြောင်း လုချန်း နားလည်သွားသည်။

မကြာမီတွင် သူ၏ ယခင်ဘဝမှ မှတ်ဉာဏ်များအားလုံး ဦးနှောက်ထဲသို့ ဝင်ရောက်လာသည်။

မှတ်ဉာဏ်များ ဝင်ရောက်လာသည်နှင့်အမျှ ပန်းခင်းကြီး တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မကြာမီ လုချန်း၏ မြင်ကွင်းတစ်ခုလုံး အမှောင်ကျသွားသည်။ သူသတိပြန်ဝင်လာသောအခါ ထျန်းချန်ကမ္ဘာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထျန်းချန်ကမ္ဘာ တစ်ခုလုံးကို ရှာဖွေရန် လုချန်း သူ၏ စိတ်အာရုံကို အမြန်ထုတ်လွှတ်လိုက်သည်။ ရှာဖွေပြီးနောက် သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

အားလုံးက ပုံရိပ်ယောင်တွေပဲ...

ထျန်းချန်ကမ္ဘာတွင် မည်သည့်အရာမှ ပြောင်းလဲခြင်း မရှိပေ။ ပုံရိပ်ယောင်နယ်ပယ်ထဲ၌ နှစ်ပေါင်းမည်မျှ ကုန်ဆုံးခဲ့မှန်း မသိရသော်လည်း ထျန်းချန်ကမ္ဘာတွင်မူ ခဏတာမျှသာ ကုန်ဆုံးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ယခင်ဘဝမှ မှတ်ဉာဏ်များကို လုချန်း စီစစ်လိုက်သည်။ ယခင်ဘဝတွင် သူသည် ရှန်ဝူဧကရာဇ်၏ သားတော်အဖြစ် ဝင်စားခဲ့ပြီ မြေကမ္ဘာမှ မှတ်ဉာဏ်များကို ချက်ချင်း ပြန်မရခဲ့ပေ။

သူသည် သူတော်စင်အဆင့် ကျင့်စဉ်တစ်ခုကို မတော်တဆ ရွေးချယ်မိခဲ့သည်။ ထိုကျင့်စဉ်ကို ကျင့်ကြံရန်အတွက် သံယောဇဉ်နှင့် ချစ်ခြင်းမေတ္တာအားလုံးကို ဖြတ်တောက်ရမည်ဖြစ်သည်။ သို့မှသာ ဧကရာဇ်အဆင့် ဖြစ်လာမည် ဖြစ်သည်။

အကြောင်းတစ်ခုခုကြောင့် သူသည် ကွေ့ရိဂိုဏ်းမှ သူတော်စင်မနှင့် ပတ်သက်မှုအချို့ ရှိခဲ့သည်။ သူတို့၏ ဇာတ်လမ်းမှာ ရှန်းရှဝတ္ထုများထဲကအတိုင်း ဖြစ်သည်။ သူသည် ထိုသူတော်စင်မနှင့်အတူ အသက်နှင့်ရင်းရသည့် အခြေအနေများကို အကြိမ်ကြိမ် အတူတကွ ရင်ဆိုင်ခဲ့ရကာ အချစ်နယ်ကျွံလုနီးပါး အခြေအနေထိပင် ရောက်ခဲ့သည်။

သို့သော် သူသည် ခံစားချက်မဲ့ တာအိုလမ်းစဉ်ကို ကျင့်ကြံနေသဖြင့် နောက်ဆုံးတွင် မိမိကိုယ်ကို ထိန်းချုပ်ခဲ့သည်။ သို့သော် သူတော်စင်မကတော့ သူ့ကို ချစ်မိသွားခဲ့ပြီး သူ၏ မိန်းမဖြစ်လာစေရန် နည်းလမ်းစုံဖြင့် ကြိုးစားခဲ့သည်။

မြေကမ္ဘာမှ မှတ်ဉာဏ်များကို တဖြည်းဖြည်း ပြန်လည်ရရှိလာချိန်တွင် သူ၏ ခံစားချက်မဲ့ တာအိုလမ်းစဉ် ကျင့်ကြံမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ စိတ်ထဲတွင် အမျိုးသမီးများနှင့် ပတ်သက်၍ ခံစားချက် သိပ်မရှိတော့ပေ။ မြေကမ္ဘာမှ မှတ်ဉာဏ်များ ရှိနေသော်လည်း ကွေ့ရိဂိုဏ်းမှ သူတော်စင်မအပေါ် မည်သည့်စိတ်ဝင်စားမှုမှ မထားနိုင်ခဲ့ပေ။

နောက်ပိုင်းတွင် ကွေ့ရိဂိုဏ်းမှ သူတော်စင်မသည် ဖရိုဖရဲ ဝိညာဉ်ခန္ဓာ ပိုင်ရှင်ဖြစ်ကြောင်း တွေ့ရှိရသောအခါ သူ၏ ဖခင် ရှန်ဝူဧကရာဇ်က သူမကို သူ၏မိဖုရား ဖြစ်လာစေရန် အတင်းအကျပ် စီစဉ်ခဲ့သည်။ ပြီးနောက် သူတော်စင်မက သူ့ကို ကလဲ့စားချေရန် ချူးယုချင်ကို ကိုယ်ပွားအဖြစ် ဖန်တီးခဲ့သည်။

ထို့ကြောင့် မြေကမ္ဘာမှ သူ၏ မှတ်ဉာဏ်များသည် အစစ်ဖြစ်သည်။ ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံး အကြောင်း ကြားသိပြီးနောက် မြေကမ္ဘာမှ သူ၏ မှတ်ဉာဏ်များကို ကျောက်တုံးက လုပ်ကြံဖန်တီးထားသည်ဟု သူထင်မှတ်ခဲ့သည်။

ဒါဆိုရင် ဒီဘဝက သူ့ရဲ့ တတိယမြောက် ဝင်စားခြင်း ဖြစ်နေပြီလား။

ဤတစ်ကြိမ်တွင် သူသည် မြေကမ္ဘာမှ မှတ်ဉာဏ်များကို စောစီးစွာ ပြန်လည်ရရှိခဲ့ပြီး ယခင်ဘဝမှ မှတ်ဉာဏ်များကိုတော့ ဘဝသံသရာကျောက်တုံးက ချိပ်ပိတ်ထားခဲ့သည်။ ထို့ကြောင့် ယခင်ဘဝက သူ ရှန်ဝူဧကရာဇ်၏ သားတော်ဖြစ်ကြောင်း သိလိုက်ရချိန်တွင် ထူးဆန်းနေသည်ဟု သူခံစားခဲ့ရခြင်း ဖြစ်သည်။

သို့သော် ယခင်ဘဝတွင် သူ့၌ စနစ်မရှိခဲ့ပေ။ အဘယ်ကြောင့် အခုမှ ရှိနေရသနည်း။ စနစ်ကို ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးက ဖန်တီးထားခြင်း ဖြစ်နိုင်မလား။

All Chapters