ကံကြမ္မာပြောင်းလဲခြင်း အပိုင်း(၁)
Vol. 13 Ch. 181
လက်အောက်ငယ်သားများက ချင်းရှန်ကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်ကြသည်။
"အဲဒီအဘိုးကြီးက အထဲမှာပုန်းနေပြီး အပြင်ကို ထွက်မလာဘူးဆိုရင် ကျွန်တော်တို့က အခုလိုမျိုးပဲ ဆက်စောင့်နေရမှာလား"
ချင်းရှန်၏မျက်နှာထက်တွင် အေးစက်စက်အကြည့်တစ်ခု ပေါ်ပေါက်လာသည်။
"ဟင့်အင်း။ သူ ထွက်လာမှာ။ စကားမစပ် ထန်ဟွားရဲ့သမီးနဲ့ပတ်သက်ပြီး ဘာသတင်းရထားလဲ"
"ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်။ အခု သဲလွန်စတချို့ရထားပြီးပါပြီ"
"မင်း သူ့သမီးကိုရှာမှဖြစ်မယ်။ ထန်ဟွားက ဘီလျံနာတစ်ယောက်။ သူ့သမီးကို သန်းတစ်ရာနဲ့ ပြန်ပေးငွေတောင်းလို့ရတယ်။ ငါတို့ သူ့သမီးကို ဖမ်းထားသရွေ့ အဲဒီအဘိုးကြီးလည်း ငါတို့စကားကို နာခံရမှာပဲ"
ယဲ့ချန်းနှင့် ယန်လိတို့က ထန်ဟွား၏အခန်းထဲသို့ ရောက်လာခဲ့ကြသည်။ အကြီးအကဲထန်က ယဲ့ချန်းကို သင်္ကာမကင်းဟန်ဖြင့် ကြည့်လိုက်၏။
ဤလူက အလွန်ငယ်လွန်းလှ၏။
ထန်ဟွားက လက်ဖက်ရည်တစ်ငုံမော့သောက်ရင်း ယဲ့ချန်းကိုကြည့်ကာ မေးလိုက်၏။
"မစ္စတာယဲ့..ကျုပ်ရဲ့လုံခြုံရေးကို တကယ်အာမခံနိုင်လား"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"သေချာတာပေါ့။ ခင်ဗျားသာ ကျွန်တော်တို့နဲ့ ပူးပေါင်းမယ်ဆိုရင် ခင်ဗျားရဲ့လုံခြုံရေးကို စိတ်ချရပါတယ်"
"အိုး..မင်းပြောတာ တကယ်ဖြစ်ဖို့ မျှော်လင့်ပါတယ်"
ထန်ဟွားက သူ့လက်ဖက်ရည်ကို တစ်ငုံမော့သောက်လိုက်သည်။
ယဲ့ချန်းက ဆက်ပြောလိုက်ပြန်သည်။
"အကြီးအကဲထန်.. တခြားလူတွေအကုန်လုံးကို အခန်းထဲက ထွက်သွားခိုင်းလို့ရမလား။ ကျွန်တော် ခင်ဗျားနဲ့ ဆွေးနွေးစရာလေးတစ်ခုရှိလို့ပါ"
ယဲ့ချန်း၏စကားကို ကြားသောအခါ ထန်ဟွားလည်း တဒင်္ဂမျှတွေဝေတုံ့ဆိုင်းသွားပြီးနောက် လက်ဟန်ပြလိုက်လေသည်။
အိမ်တော်ထိန်းအိုကြီးနှင့် ယန်လိတို့က အခန်းထဲက ထွက်သွားသည်။ အခန်းထဲတွင် ယဲ့ချန်းနှင့် ထန်ဟွားတို့သာ ကျန်တော့သည်။
"ဘာပြောချင်တာလဲ"
ယဲ့ချန်းက တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။
"အကြီးအကဲထန်..ခင်ဗျား တစ်ခုခုကို စိုးရိမ်နေတာမလား"
ထန်ဟွားမှာ မျက်ခုံးပင့်လိုက်မိတော့သည်။
"ဘာကိုဆိုလိုချင်တာလဲ"
ယဲ့ချန်းက ပြုံးသည်။
"အကြီးအကဲထန်.. ကျွန်တော်တို့တာဝန်က ခင်ဗျားကို လုံခြုံအောင်ထားဖို့ပါ။ ဒီတော့ ခင်ဗျားဘက်ကလည်း လှည့်ကွက်တွေခင်းနေမဲ့အစား ပူးပေါင်းဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်"
ယဲ့ချန်း၏စကားကိုကြားသော် ထန်ဟွားမှာ တဒင်္ဂမျှတွေဝေသွားချေသည်။
"မင်း ဘာပြောချင်တာလဲ"
"အခု ခင်ဗျားရဲ့အိမ်တော်ထိန်းကို ခင်ဗျားသမီးနဲ့ပတ်သက်တဲ့သတင်းကို တိတ်တဆိတ်စုံစမ်းခိုင်းထားတယ်မလား"
ယဲ့ချန်း၏စကားကြောင့် ထန်ဟွား၏မျက်နှာကား ပျက်ယွင်းသွားလေသည်။
"မင်း ငါတို့ပြောတာကို ချောင်းနားထောင်ခဲ့တာပဲ"
ထန်ဟွား၏ရင်ထဲတွင် သူ့သမီးကသာ အရေးအကြီးဆုံးပင်။ သူရှင်သန်ရမည့် နေ့ရက်များက သိပ်မကျန်တော့သော်ငြား သူ့သမီးကတော့ မတူပေ။ သူ(မ)က သူ၏တစ်ခုတည်းသော မျှော်လင့်ချက်လေးပင်။
ထန်ဟွားက အသက်နှစ်ဆယ်စွန်းစွန်းတွင် ဟွားနိုင်ငံထဲမှ ထွက်ပြီး ဟွားနိုင်ငံအတွက် နှစ်ပေါင်းများစွာကြာအောင် တာဝန်ထမ်းဆောင်ခဲ့သည်။ ဤသည်မှာ သူ့သမီးနှင့်ပတ်သက်သည့် တစ်ခုတည်းသော သူ့နောင်တပင်။
ဤတစ်ခေါက် သူပြန်လာရသည့် ရည်ရွယ်ချက်မှာ သူ့သမီးကိုရှာပြီး သူ(မ)ကို အပျော်ရွှင်ဆုံးဘဝလေးတစ်ခု ပေးရန်ပင်။
ယဲ့ချန်းကား ခေါင်းတခါခါ။
"ချောင်းနားထောင်တာလား။ မလိုပါဘူး။ ခင်ဗျား ကိုယ့်သမီးကိုယ်ရှာချင်နေရုံတင်မဟုတ်ဘူး။ သူ ဘယ်မှာရှိလဲဆိုတာကိုပါ ကျွန်တော်သိတယ်။ သူ့ကို ခင်ဗျားဆီအထိ ခေါ်လာပေးနိုင်တယ်"
ယဲ့ချန်း၏စကားကို ကြားသောအခါ ထန်ဟွားလည်း စိတ်လှုပ်ရှားသွားသည်။
"မင်း တကယ်ပြောနေတာလား"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"ပြီးတော့ ခင်ဗျားရဲ့အိမ်တော်ထိန်းအိုကြီးက တစ်ခုခုတော့လွဲနေတယ်။ သတိထားပါ"
"မဖြစ်နိုင်တာ။ လောင်ဝေ့က ငါနဲ့အတူရှိလာတာ ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပြီ"
ယဲ့ချန်းလည်း ပြုံးလိုက်မိ၏။
"လူတွေက ပြောင်းလဲတတ်တယ်။ လောင်ဝေ့က အမ်နိုင်ငံမှာ သမီးတစ်ယောက်ရှိတယ်မလား"
ထန်ဟွာလည်း ဤစကားကြောင့် ခဏမျှတုံ့ဆိုင်းသွားသည်။
ယဲ့ချန်းကတော့ တည်ငြိမ်အေးဆေးစွာ ဆက်ပြောလိုက်သည်။
"ခင်ဗျားရဲ့သမီးအတွက် ခင်ဗျား ဘာမဆိုပေးဆပ်နိုင်သလို တခြားလူတွေလည်း လုပ်နိုင်တာပဲ"
ယဲ့ချန်း၏စကားများကိုကြားသော် ထန်ဟွားလည်း တိတ်ဆိတ်သွားသည်။
ယဲ့ချန်းက ဆက်ပြောလေသည်။
"ကျွန်တော် ခင်ဗျားရဲ့သမီးကို ခေါ်လာပေးနိုင်တယ်။ အခုလောလောဆယ်တော့ ခင်ဗျား ဒီဟိုတယ်ထဲမှာ တိတ်တိတ်လေးနေ။ အပြင်မထွက်နဲ့"
"ကောင်းပြီလေ။ မင်းသာ ငါ့သမီးကို ဒီကိုခေါ်လာပေးနိုင်ရင် မင်းပြောသမျှ ငါနားထောင်မယ်"
ချစ်တတ်လွန်းသော မိဘများအားလုံးအတွက် သနားစိတ်ဝင်မိသောကြောင့် ယဲ့ချန်း ဝမ်းနည်းသွားရသည်။
ထန်ဟွားရဲ့ဘဝဖြစ်စဉ်ကို ကြည့်မယ်...
အဆုံးမှာတော့ ဟွားနိုင်ငံက ထန်ဟွားကို ဘာကြောင့်ကာကွယ်ပေးချင်ရသလဲဆိုတာကို ယဲ့ချန်း နားလည်လိုက်သည်။ လွန်ခဲ့သည့်နှစ်များအတွင်း ထန်ဟွားက ဟွားနိုင်ငံအတွက် အများကြီးအကျိုးပြုခဲ့သည်။ သူ့ဘဝတစ်ခုလုံးကို ဟွားနိုင်ငံအတွက် မြှပ်နှံခဲ့သည်ဟုဆိုလျှင် ပိုမှန်ပေသည်။
ယခု အသက်အရွယ်ကြီးရင့်လာချိန်မှသာ နိုင်ငံခြားရှိ သူ့လုပ်ငန်းများကို အကုန်ရောင်းချပစ်ခဲ့ပြီး အငြိမ်းစားယူရန်အတွက် အိမ်ပြန်လာခဲ့ခြင်းပင်။
သူ တခြားဘာကိုမှ မလိုချင်ပေ။ သူ့သမီးကို ရှာချင်ရုံသာ။
ယဲ့ချန်းမှာ အကြီးအကဲထန်ကို လေးစားသွားရသည်။ သူသည် သူ့ဘဝတစ်ခုလုံးကို ဟွားနိုင်ငံအတွက် ပေးဆပ်ခဲ့သောကြောင့် အကြီးအကဲထန်၏နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးရန်အတွက် ယဲ့ချန်း စိတ်ပိုင်းဖြတ်လိုက်သည်။
သန်းတစ်ရာသုံးမယ်..
တင်!
ပုံရိပ်ယောင်အချက်အလက်တချို့က ထန်ဟွား၏ဘဝဖြစ်စဉ်ထဲတွင် ပေါ်လာခဲ့သည်။ ဤအကြောင်းအရာများမှာ ဖြစ်မလာသေးပေ။
ပုံရိပ်ယောင်သတင်းအချက်အလက်များအရ ထန်ဟွား၏သမီးဖြစ်သူ ထန်ယန်အာက မိုတုတက္ကသိုလ်ရှိ ဆရာမတစ်ယောက်ဖြစ်၏။
နာရီအနည်းငယ်ကြာသောအခါ ထန်ယန်အာမှာ သွေးအရိပ်အဖွဲ့အစည်းထံမှ ပြန်ပေးဆွဲခံခဲ့ရသည်။ သွေးအရိပ်အဖွဲ့အစည်းက သွေးအရိပ်အဖွဲ့အစည်း၏လက်ထဲတွင် သေလုမြောပါးဖြစ်နေသော သူ့သမီးအား ကယ်တင်ရန်အတွက် အကြီးအကဲထန်ကို စွန့်စားခိုင်းမည်ဖြစ်၏။
ဤသတင်းအချက်အလက်များကြောင့် ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
ယခု ဘာဆက်ဖြစ်မလဲဆိုတာကို သူ သိထားပြီးဖြစ်သောကြောင့် အကြီးအကဲထန်၏ကံကြမ္မာကို ပြောင်းလဲပေးရန်အတွက် သွေးအရိပ်အဖွဲ့အစည်းဘက်က ဘာမှမလုပ်နိုင်ခင် ထန်ယန်အာကို ရှာဖွေရပေမည်။
ယဲ့ချန်းမှာ ဟိုတယ်ဝင်ပေါက်သို့ ခပ်မြန်မြန်လျှောက်သွားလိုက်သည်။ ဟိုတယ်ဝင်ပေါက်တွင်မူ ခုန်းဖန်ခမျာ ဒေါသထွက်ရလွန်းသောကြောင့် ဆွေ့ဆွေ့ခုန်နေလေပြီ။
အဲဒီသောက်ကလေးက ငကြောက်လိုလုပ်ပြီး ထွက်မလာဘူးပေါ့..
အဆုံးမှာတော့ ယဲ့ချန်း အလျင်စလိုထွက်လာတာကို မြင်လိုက်ရ၏။ ယဲ့ချန်းကိုမြင်သောအခါ သူ့မျက်ဝန်းထဲ၌ စူးရှရှအလင်းရောင်တစ်ခု လက်သွားချေသည်။
သူ့ဘေးရှိ သက်တော်စောင့်လေးယောက်ကလည်း အဆင်သင့်ပြင်ထားလိုက်သည်။
ယဲ့ချန်းကလည်း သူတို့ကိုမြင်၏။
ဤတစ်ခေါက်တွင်မူ သူ နောက်ပြန်မဆုတ်ပါဘဲ ယုံကြည်မှုအပြည့်ဖြင့် ဝင်ပေါက်ဆီသို့ ချီတက်လာခဲ့လိုက်သည်။ သူသည် အချိန်လုနေရသောကြောင့် နှောင့်နှေးကြန့်ကြာနေလို့ မဖြစ်ချေ။
ယဲ့ချန်း အနားရောက်လာတာကို မြင်သောအခါ ခုန်းဖန်၏မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်လိုဟန် အရိပ်အယောင်များ ယှက်သန်းသွားပြီး အေးစက်စက်လေသံဖြင့် ပြောလိုက်၏။
"သူ့ကိုဖမ်းထား"
ခုန်းဖန်က အမိန့်ပေးလိုက်သည့်အခါ သက်တော်စောင့်လေးယောက်ကလည်း ဆာလောင်နေသော ဝံပုလွေများအလား ယဲ့ချန်းဆီသို့ တိုးလာကြသည်။
ဤလေးယောက်မှာ ကောင်းစွာလေ့ကျင့်ထားကြသူများဖြစ်ကြောင်း သိသာလှ၏။ အရှေ့သို့ တစ်ညီတစ်ညွတ်တည်း တိုးလာကြပြီး ယဲ့ချန်းကို ဝိုင်းပတ်ထားလိုက်ကြသည်။
ထိုအချိန်မှာပင် ဝင်ပေါက်နားရှိ လုံခြုံရေးများနှင့် နဂါးသံချပ်ကာတပ်ဖွဲ့မှ အဖွဲ့ဝင်များက ရုတ်ရုတ်သဲသဲဖြစ်နေတာကို သတိထားမိသွားပြီး လှုပ်ရှားရန်ပြင်လိုက်ချိန်ဝယ် ယဲ့ချန်းက တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။
"ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ထားကြ။ ဝင်မပါနဲ့"
ယဲ့ချန်း၏စကားကို ကြားသောအခါ ကူညီပေးရန်ဟန်ပြင်လိုက်ကြသောလူတိုင်းက ခြေလှမ်းများကို တုံ့ခနဲရပ်တန်လိုက်သည်။
ခုန်းဖန်မှာ လှောင်ပြုံးပြုံးလိုက်လေတော့သည်။
"သေရတော့မှာတောင် မင်းက ဟန်ဆောင်ကောင်းနေတုန်းပဲ။ သခင်လေးခုန်းရဲ့ကိစ္စမှာ ဘယ်သူက ဝင်ရှုပ်ရဲမှာလဲ။ ငါ့အပိုင်ကို လာလုရဲမှတော့ မင်းသေဖို့သာပြင်ထား။ သူ့ခြေလက်တွေကို ရိုက်ချိုးပစ်လိုက်"
ခုန်းဖန်၏အမိန့်ကြောင့် သက်တော်စောင့်လေးယောက်လည်း ချက်ချင်းပင် စတင်လှုပ်ရှားကြလေတော့သည်။
ယဲ့ချန်း၏နှုတ်ခမ်းထောင့်စွန်းတွင် အေးစက်စက်အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။ နတ်ဘုရားအဆင့်တိုက်ခိုက်ရေးကို အသက်သွင်းလိုက်ပါက ဤသက်တော်စောင့်လေးယောက်မှာ သူ့အတွက် ဘာမှမပြောပလောက်ချေ။
ယဲ့ချန်း၏ကန်ချက်က သက်တော်စောင့်တစ်ယောက်၏ ရင်ဘတ်ပေါ်သို့ တည့်တည့်ကျရောက်သွားလေရာ တစ်ဖက်လူခမျာ လွင့်ထွက်သွားပြီး မြေကြီးပေါ်သို့ အရှိန်ပြင်းပြင်းလဲကျသွားလေသည်။
ထို့နောက် ယဲ့ချန်းက လက်သီးချက်ပေါင်းများစွာကို ဆက်တိုက်ပစ်သွင်းပြီး အခြားသက်တော်စောင့်သုံးယောက်ကိုပါ အမှောက်သိပ်ပစ်လိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ယဲ့ချန်းကို ဝိုင်းတိုက်ခိုက်ခဲ့ကြသော သက်တော်စောင့်လေးယောက်မှာ မြေကြီးပေါ်၌ လဲကုန်ကြသည်။
ဤမြင်ကွင်းကြောင့် ခုန်းဖန်လည်း ကြောင်အသွားရသည်။ ထို့နောက် ဘုံပျောက်သွားသော ခွေးတစ်ကောင်အလား နောက်ပြန်လှည့်မကြည့်ပါဘဲ ဟိုတယ်ဘက်သို့ ဒုန်းစိုင်းပြေးသွားပြီးနောက် လမ်ဘော်ဂီနီထဲသို့ အမြန်ဝင်ကာ မောင်းထွက်သွားလေတော့သည်။
သူ့မှာ ထိတ်လန့်မှုကြောင့် အဝင်ဝရှိ ကျောက်တိုင်ကြီးကို တည့်တည့်ဝင်တိုက်မိလေသည်။ ကားအရှေ့မီးသီးလည်း ကွဲသွားရှာသည်။
သို့သော် ထိုအရာကို ဂရုမစိုက်အားဘဲ နောက်ပြန်ခေါက်၍ ဦးပြန်တည့်ပြီးနောက် လေပြင်းအလား မောင်းချသွားသည်။
ထွက်ပြေးသွားသော ခုန်းဖန်ကို ယဲ့ချန်းကတော့ စက်ဆုပ်ရွံရှာဟန်ဖြင့် လှမ်းကြည့်ပြီးနောက် ဟိုတယ်ထဲမှထွက်ကာ ကားမောင်းထွက်သွားလေသည်။
ထန်ယန်အာ အဖမ်းမခံရခင် လေးနာရီအချိန်ရသေးသည်ဖြစ်ရာ တစ်ဖက်အဖွဲ့အစည်းက သူ(မ)ကို ခြေရာမခံနိုင်သေးဘူးဟု အဓိပ္ပာယ်ရသည်။
ယဲ့ချန်းလည်း လျိုဝေ့ဝေ့ထံမှတစ်ဆင့် ထန်ယန်အာ၏ သတင်းအချက်အလက်များကို စုဆောင်းလိုက်သည်။
လိုင်ကန်ကားက မိုတုတက္ကသိုလ်သို့ ရောက်လာခဲ့သည်။ ယဲ့ချန်းမှာ ကားထဲကဆင်းပြီးနောက် ကျောင်းအဆောက်အဦးဘက်သို့ ပြေးသွားလိုက်သည်။
ထန်ယန်အာက ဒဿနိကဌာန၏ ဆရာမတစ်ယောက်ပင်။ ကျောင်းသို့လာရာလမ်းတွင် ထန်ယန်အာအကြောင်း သူ ခပ်မြန်မြန်ဖတ်ခဲ့သေးသည်။
ခေါင်းမော့လိုက်ချိန်ဝယ် ရုပ်ရည်ရမှတ်၉၆ရှိပြီး ချစ်စရာကောင်းသော မိန်းကလေးတစ်ယောက်က စာအုပ်များကိုသယ်ရင်း သူ့ထံသို့ လျှောက်လာနေတာကို ယဲ့ချန်း မြင်လိုက်ရသည်။
သူ(မ)က ထန်ယန်အာပင်။
သက်ဆိုင်ရာဌာနက ထန်ယန်အာ့ကို ဆက်သွယ်ထားပြီးဖြစ်လေရာ ယဲ့ချန်း၏တာဝန်ကတော့ သူ(မ)ကို ကျောင်းမှ ဘေးကင်းကင်းဖြင့် ခေါ်ဆောင်သွားရန်ပင်။
ထန်ယန်အာကလည်း ယဲ့ချန်းကို သတိထားမိသွားပြီး တဒင်္ဂမျှကြက်သေသေသွားလေသည်။
ဒီလူက အရမ်းခံ့ညားတာပဲ!
•••••••••••••••••••