ဝမ်းပန်းတသာပါးဖြတ်ရိုက်ခြင်း
Vol. 13 Ch. 183
ဟူပေါ်ခမျာ ဒေါသကြောင့် ပေါက်ကွဲလုမတတ်ပင်။
တက္ကစီဒရိုင်ဘာတစ်ယောက်က မိန်းကလေးတစ်ယောက်ကို သူနှင့်ပြိုင်လုချင်နေပေသည်။
ဤသည်မှာ ကိုယ်သေတွင်းကိုယ်တူးနေခြင်းမဟုတ်လော။
ပုံမှန်ဆိုလျှင် ဟူပေါ်က သူ့က်ို ဆဲဆိုပစ်လောက်ပြီဖြစ်၏။
သို့သော် ထန်ယန်အာ့ရှေ့တွင်မူ လူကြီးလူကောင်းဆန်သော ပုံရိပ်ကို ထိန်းသိမ်းထားလိုက်သည်။
ဟူပေါ်၏မျက်ဝန်းထဲတွင် အေးစက်စက်အကြည့်တစ်ချက် လင်းလက်နေသည်။ ယဲ့ချန်းကို ဒူးထောက်ပြီး တောင်းပန်လာအောင် လုပ်ရမည်။ ဤနည်းဖြင့် သူ့အစွမ်းကို ထန်ယန်အာသိအောင် ပြရမည်။
"ကိုယ့်လူ.. မင်း တက္ကစီမောင်းရင် တစ်ရက်ကို ဘယ်လောက်ရလဲ။ မင်းက ဟားမိစ်ဝယ်နိုင်မယ်လို့ ထင်နေတာပေါ့။ မင်းလက်ကောက်ဝတ်ပေါ်က ပါတက်ခ်ဖီလစ်ကလည်း အတုကြီးမလား"
ထိုလူမှာ သူက တက္ကစီဒရိုင်ဘာဖြစ်ကြောင်း သိလိုက်ရသည့်အတွက် သူဝတ်ဆင်ထားသော အရာအားလုံးက အတုများဟု ထင်နေကြောင်း ယဲ့ချန်း သဘောပေါက်သည်။
ယဲ့ချန်း တိတ်ဆိတ်နေသည်ကိုမြင်သောါ ဟူပေါ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။
"ဆရာမထန်.. တွေ့လား။ သူ့ကိုဖော်လိုက်တော့ ဘာမှတောင် ပြန်မပြောနိုင်တော့ဘူး"
ယဲ့ချန်းခမျာ ကူကယ်ရာမဲ့သွားသလို ခံစားရသည်။ သူ ဆင်းဆင်းရဲရဲဝတ်ထားစဉ်ကလည်း လူတွေက သူ့ကို ဆင်းရဲသားဟု ခေါ်ကြသည်။
ယခု ကောင်းကောင်းမွန်မွန်ဝတ်စားထားပြန်တော့လည်း အတုများဟု သမုတ်နေကြပြန်သည်။
ယဲ့ချန်းကတော့ ဟူပေါ်ကို ရှင်းပြနေဖို့အထိ စိတ်မရှည်တော့သောကြောင့် အမှုမထားလေဟန်ဖြင့် ပြောလိုက်သည်။
"ငါ့အဝတ်အစားတွေက တုလားစစ်လားဆိုတာ မင်းနဲ့ မဆိုင်ပါဘူး။ ဒီလောက်နဲ့ မင်းက မိန်းကလေးထန်ရဲ့ချစ်သူဖြစ်ဖို့ မထိုက်တန်သေးဘူး။ တခြားတစ်နေရာမှာ သွားနေစမ်းပါ"
"ငါနဲ့မတန်ဘူးဆိုတော့ မင်းနဲ့ရော တန်လို့လား။ အခုခေတ်မှာ မိန်းကလေးတစ်ယောက်ရဲ့ ကုန်ကျစရိတ်က ဘယ်လောက်လဲဆိုတာ မင်းသိလား။ ဒီဇိုင်နာအဝတ်အစားတွေနဲ့ လက်ကိုင်အိတ်တွေကို မပြောသေးနဲ့ဦး။ မင်း သူ့အလှပြင်ပစ္စည်းတွေတောင် ဝယ်ပေးနိုင်လို့လား"
"မိုတုမြို့မှာ တိုက်ခန်းတစ်စတုရန်းမီတာကို ဘယ်လောက်ပေးရတယ်ဆိုတာ သိလား။ မင်းတစ်သက် သင့်တော်တဲ့နေရာတစ်နေရာကိုတောင် ဝယ်နိုင်လို့လား။ မင်းက ယန်အာ့ကို မင်းနဲ့အတူ အငှားတိုက်ခန်းထဲမှာ နေခိုင်းမလို့တော့ မဟုတ်ဘူးမလား"
ဟူပေါ်က ထိုသို့ပြောရင်း အနားရှိ ဖယ်ရာရီပြိုင်ကားတစ်စင်းကို လက်ညှိုးထိုးပြလိုက်သည်။
"အဲဒါကိုတွေ့လား။ ငါ့ဖယ်ရာရီပြိုင်ကားက ဆယ်သန်းကျော်ပေးရတယ်။ မင်း တစ်သက်လုံးတက္ကစီမောင်းရင်တောင် အဲဒီလိုကားမျိုး ဝယ်နိုင်မှာမဟုတ်ဘူး"
ဟူပေါ်က မောက်မာထောင်လွှားမှုအပြည့်ဖြင့် ထန်ယန်အာအနားသို့ လျှောက်သွားလေသည်။
ထို့နောက် သူ့အဝတ်အစားကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ပြီးနောက် ပြောလာချေသည်။
"အစတုန်းကတော့ ငါ့သရုပ်မှန်ကို ထုတ်မပြဘဲ နေဦးမလို့ပဲ။ အခုတော့ ငါ ဝန်ခံတော့မယ်။ ငါက ချမ်းလည်းချမ်းသာတယ်။ ရုပ်ရည်လည်းချောမောတယ်။ ဟွားစံအိမ်တော်မှာ ငါတို့ပိုင်တဲ့ ဗီလာတစ်လုံးရှိတယ်။ ငါ့အဖေက ဗန်ခယ်လုပ်ငန်းစုရဲ့ဥက္ကဋ္ဌ ဟူဝမ်ပဲ။ ဗန်ခယ်လုပ်ငန်းစုက ငါတို့မိသားစုပိုင်စီးပွားရေးလေ"
အုန်း!
ထိုနေရာရှိ ကျောင်းသားများအားလုံး ကြက်သေသေကုန်ကြသည်။
"ဝိုး ဗန်ခယ်လုပ်ငန်းစုတဲ့။ စာရင်းဝင်ကုမ္ပဏီတစ်ခုနဲ့တူတယ်"
"ငါ တီဗီထဲမှည ဗန်ခယ်လုပ်ငန်းစုရဲ့ ကြော်ငြာတွေကို ခဏခဏမြင်ဖူးတယ်။ ဒါဆို ဟူပေါ်ရဲ့မိသားစုက အရမ်းအံ့သြဖို့ကောင်းတာပဲ"
သူ့ပတ်ပတ်လည်ရှိ စကားသံများကို ကြားသောအခါ ဟူပေါ်မှာ ပို၍ပင် မာန်တက်သွားသည်။
သူက အိတ်ကပ်ထဲမှ ဘဏ်ကတ်တစ်ကတ်ထုတ်ပြီး ယဲ့ချန်း၏ရင်ဘတ်ကို ရိုက်ချလိုက်သည်။
"ကိုယ့်လူ..ရော့ တစ်သောင်း။ ငါ့ရှေ့မှာ ဒူးထောက်ပြီး ဆယ်ခါဦးညွှတ်ပြ။ တစ်ခါဦးညွှတ်ရင် တစ်ထောင်ပေးမယ်။ ဆရာမထန်ကို လက်လွှတ်ပေးရင် ငါ့အဖေရဲ့ကုမ္ပဏီမှာ လစာရှစ်ထောင်ရတဲ့ အလုပ်တစ်ခုနဲ့ မိတ်ဆက်ပေးမယ်။ ဘယ်လိုလဲ"
ပတ်ပတ်လည်ရှိ ကျောင်းသားများမှာ မှင်တက်သွားကြလေသည်။
"စီနီယာအစ်ကိုဟူက အရမ်းယုံကြည်မှုရှိနေတာပဲ"
"သူက အဲဒီလူကို တစ်ခါတည်းနဲ့ တစ်သောင်းပေးပြီး အလုပ်တစ်နေရာတောင် ကမ်းလှမ်းလိုက်သေးတယ်။ မိုက်လိုက်တဲ့အကွက်"
"သူမောင်းတဲ့ဖယ်ရာရီကားက ဆယ်သန်းကျော်တောင်တဲ့။ ရူးလောက်တယ်ဟေ့"
"လမ်းခွဲကြေးတစ်သောင်းနဲ့ အလုပ်ပါမိတ်ဆက်ပေးဦးမယ်တဲ့လား။ ငါသာဆိုရင် ငါ့မာနကို မျိုသိပ်ထားလိုက်မှာ။ ဆယ်ခါပဲ ဦးညွှတ်ရမှာလေ။ အခုခေတ်မှာ မာနက ဘာများအရေးပါလို့လဲ"
ယဲ့ချန်းမှာ ထိုစကားများကိိုနားထောင်ရင်း အသာပြုံးလိုက်မိ၏။
ဒါပဲလား?
ငါ့ရှေ့မှာ လာကြွားနေတယ်ပေါ့...
ဒီလူကုံထံတွေမှာ ငွေနဲ့ပစ်ပေါက်တာကလွဲရင် တခြားအကွက်တွေမရှိတော့ဘူးလား?
ယဲ့ချန်း တိတ်နေသည်ကို မြင်သောအခါ ဟူပေါ်က မောက်မာစွာပြောလိုက်၏။
"ဘာလဲ။ တစ်သောင်းနဲ့မလောက်ဘူးလား။ ငါ မင်းကို နှစ်သောင်းပေးမယ်။ ငါပြောတာတွေကို သဘောတူလိုက်။ တစ်ကြိမ်ဦးညွတ်ရင် နှစ်ထောင်ဆိုတာ မဆိုးဘူးမလား။ မင်း တက္ကစီမောင်းရင်း တစ်နှစ်ကို ဘယ်လောက်ရလဲ"
ယဲ့ချန်းက ဝင့်ကြွားလှသော ဟူပေါ်၏ဟန်ပန်ကိုကြည့်၍ ခေါင်းခါယမ်းလိုက်မိသည်။
ဟူပေါ်မှာ တဒင်္ဂမျှတုံ့ဆိုင်းသွားလေသည်။
"မင်းက ဒါကိုနည်းတယ်လို့ထင်သေးတယ်ပေါ့"
ဟူပေါ်က အံတင်းတင်းကြိတ်၍ ဆက်ပြောလိုက်သည်။
"ကောင်းပြီလေ။ ဒါဆို မင်းရဲ့ဘဏ်အကောင့်နံပါတ်ကိုပြောလိုက်။ ငါ မင်းကို ငါးသောင်းလွှဲပေးမယ်။ ကိုယ့်လူ..တအားလောဘမကြီးနဲ့နော်။ ငါးသောင်းဆိုတာ မင်းလို တက္ကစီဒရိုင်ဘာတစ်ယောက်အတွက် တော်တော်များတဲ့ပမာဏနော်။ ငါ မင်းကို အာမခံနိုင်တယ်။ မင်း သဘောမတူဘူးဆိုရင်တောင် ငါကတော့ ဆရာမထန်ကို မင်း လက်လျှော့သွားအောင် လုပ်နိုင်တဲ့နည်းတွေရှိတယ်"
ယဲ့ချန်းမှာ ရုတ်တရက်ရယ်လိုက်မိသည်။
"မင်းဘက်က အကုန်ဖွင့်ထုတ်ပြီးပြီဆိုတော့ ငါလည်း ဝန်ခံရမှာပေါ့။ မင်းအတွက် လျှို့ဝှက်ချက်သေးသေးလေးတစ်ခု ရှိတယ်။ "ပြောမယုံ ကြုံမှသိ"တဲ့။ ခဏစောင့်နေ"
ယဲ့ချန်း လှည့်ထွက်သွားသည်ကို မြင်သော် ဟူပေါ် မျက်မှောင်ကြုတ်လိုက်မိသည်။
"ထွက်ပြေးဖို့ကြိုးစားနေတာလား"
ဟူပေါ်က ယဲ့ချန်းကို ပိတ်တားထားလိုက်သည်။
"ဘာလဲ။ ရှက်လွန်းလို့ ဆက်မနေနိုင်တော့ဘူးလား"
ယဲ့ချန်းကတော့ ခပ်ဖွဖွရယ်လိုက်၏။
"ပြေးရမှာလား။ မင်း အတွေးလွန်နေပြီ ငါက မင်းကို ပါးဖြတ်မရိုက်ရသေးဘဲ ဘယ်လိုလုပ်ပြီးပြေးနိုင်မှာလဲ"
ယုံကြည်မှုပြည့်ဝနေသော ယဲ့ချန်း၏အမူအရာကို မြင်သောအခါ ဟူပေါ်လည်း လှောင်ပြောင်သရော်လိုက်သည်။
"ကောင်းပြီ။ ငါ စောင့်နေမယ်။ မင်း ငါ့မျက်နှာကို ဘယ်လိုဖြတ်ရိုက်မလဲဆိုတာ တအားသိချင်နေပြီ။ တကယ်လို့ မင်းပြန်မလာရင်တော့ ဆရာမထန်ကို မင်းနဲ့အတူ တွဲမြင်ရရင် သေပြီသာမှတ်"
ယဲ့ချန်းက ကျောင်းအပေါက်ဝသို့ တန်းတန်းမတ်မတ်လျှောက်သွားလိုက်ပြီးနောက် လိုင်ကန်ပြိုင်ကားဆီသို့ ရောက်လာခဲ့သည်။
ဟူး.. တစ်ခါတလေမှာ ခပ်လျှိုလျှိုနေချင်လို့လည်းမရဘူး.. ပါးဖြတ်ရိုက်ဖို့ဆိုရင် ဇိမ်ခံကားတစ်စီး လိုတယ်လေ..
ယဲ့ချန်းက ကားကို ကျောင်းဝင်းထဲသို့ မောင်းချသွားလေတော့သည်။
ဗရွန်း! ဗရွန်း! ဗရွန်း!
အင်ဂျင်စက်သံနှင့်အတူ မိမိုက်လှသော လိုင်ကန်ပြိုင်ကားတစ်စီး ရောက်ချလာသည်ကို လူတိုင်းမြင်လိုက်ရ၏။
"ဝိုး ဒီကားက အရမ်းမိုက်တာပဲ"
"မိုက်လိုက်တာ။ ဘယ်သူဌေးသားကများ လမ်းပေါ်ကို ထွက်ကြမ်းပြတာလဲမသိဘူး"
ကားကို လှလှပပလေးဒရစ်ဖ်ဆွဲပြီးနောက် ထိုလိုင်ကန်ပြိုင်ကားမှာ ဟူပေါ်အရှေ့၌ ရပ်သွားလေသည်။
ယဲ့ချန်း ကားထဲကထွက်လာသည်ကိုကြည့်ရင်း လူတိုင်း တိတ်ဆိတ်ကုန်ကြသည်။
ဟူပေါ်၏မျက်နှာကား သွေးဆုတ်ဖြူရော်သွားချေသည်။ ကျောင်းသားအုပ်စုကြီးမှာလည်း တစ်ခဏမျှတိတ်ဆိတ်သွားပြီးမှ အုတ်အော်သောင်းတင်းဖြစ်သွားလေတော့သည်။
"ဝိုး..အဲဒါက Fast and Furiousထဲက လိုင်ကန်ကြီးမလား"
"သောက်ကျိုးနည်း.. ဒါက ဒုတိယမျိုးဆက်ထင်တယ်။ ပထမမျိုးဆက်ထက်တောင် ပိုကောင်းသေးတယ်။ တစ်ဘီလျံကျော်တန်နော်"
"ဒီကားရဲ့ပိုင်ရှင်က တော်တော်ငယ်တဲ့ လူကုံထံတစ်ယောက်လို့ ငါကြားထားတယ်။ ၁.၂ဘီလျံနဲ့ဝယ်သွားတာတဲ့"
ယဲ့ချန်း ကားထဲကထွက်လာသည်ကို ကြည့်ရင်း ဟူပေါ်မှာ မျက်စိလည်သွားရသည်။ သူ့ဖယ်ရာရီကားက ဤလိုင်ကန်ပြိုင်ကား၏ ကားမီးသီးတစ်လုံးစာလောက်သာ ရှိ၏။
ယဲ့ချန်းက တက္ကစီဒရိုင်ဘာတစ်ယောက် မဟုတ်သည့်အပြင် တကယ်တမ်းတွင် သူ့ထက်ပင် ပိုအရေးပါအရာရောက်သော လူတစ်ယောက်ဖြစ်ကြောင်း သူ ယခုတော့ သဘောပေါက်လိုက်လေပြီ။
ယဲ့ချန်းက ဟူပေါ်ထံသို့ လျှောက်လာပြီး စနောက်လိုက်သည်။
"ဖယ်ရာရီလေးစီးနိုင်တာနဲ့ပဲ သိပ်ကြီးကျယ်လှပြီထင်နေတာလား။ မင်းရဲ့ကားအစုတ်မျိုး ငါ့ဆီမှာ ဆယ်စီးလောက်ရှိတယ်။ ငါက မောင်းဖို့ ပျင်းနေလို့ ကားပြခန်းမှာ ပါကင်ထိုးထားတာ"
ထို့နောက် ယဲ့ချန်းက ဟူပေါ်၏လက်ထဲမှ ဘဏ်ကတ်ကို ဆတ်ခနဲဆွဲယူပြီး ထိုကတ်ဖြင့် တစ်ဖက်လူ၏မျက်နှာကို ရိုက်လိုက်သည်။
ထိုရိုက်ချက်ကြောင့် ဟူပေါ်၏မျက်နှာကား နီရဲသွားသော်လည်း စကားတစ်ခွန်းမှ မဟရဲပေ။
"ငါးသောင်းလား။ ငါ့ရှေ့မှာ ငါးသောင်းလောက်နဲ့ လာကြွားပြတယ်ပေါ့။ မင်းနဲ့တန်လို့လား"
"ငါ့အဝတ်အစားတွေက အတုတွေပေါ့လေ။ ငါ မင်းကိုပြောပါရစေဦး။ ငါ့အဝတ်အစားတွေက ဟားမိစ်ရဲ့ဒီဇိုင်နာချုပ်ကိုယ်တိုင် ချုပ်ပေးထားတဲ့ ကန့်သတ်ထုတ်ကုန်တွေကွ။ ငါ့ဝတ်စုံအတွက် ဆယ်သန်းကျော်လောက် ပေးခဲ့ရတာ။ ငါ့နာရီက ပါတက်ခ်ဖီလစ်ရဲ့ နှစ်၇၀ပြည့်အထိမ်းအမှတ်ထုတ် ကန့်သတ်ထုတ်ကုန်။ ၁၇သန်းပေးရတယ်။ မင်းကများ ငါနဲ့လာပြိုင်ရဲတယ်နော်။ မင်းက ဘာကောင်မို့လို့လဲ"
ယဲ့ချန်း၏စကားများကို ကြားသောအခါ ဟူပေါ်ခမျာ ကြောင်အသွားရလေသည်။
ယဲ့ချန်း၏အရှိန်အဝါကြောင့် ဖြုံသွားသဖြင့် နောက်ဆုတ်လိုက်သောအခါ ခြေလှမ်းမှားပြီး မြေကြီးပေါ်သို့ လဲကျသွားလေသည်။ မောက်မာပြနေခဲ့သော ဟူပေါ်တစ်ယောက် ငကြောက်လုံးလုံးဖြစ်သွားသည်ကို ကြည့်ရင်း ကျောင်းသားများမှာ မရယ်ဘဲမနေနိုင်ချေ။
"ဟားဟား…ပါးဖြတ်ရိုက်လိုက်တာက တော်တော်စိတ်ကျေနပ်ဖို့ကောင်းလိုက်တာ"
"အထင်ကြီးစရာပဲဟေ့။ အဲဒီငတုံးဟူပေါ်က ကြွားချင်ခဲ့တာ။ တစ်ဖက်လူက သူ့ထက်ဆယ်ဆလောက်ပိုတော်နေမှန်း မသိရှာဘူး"
"ကျောင်းမှာ အမြဲမာန်တက်ပြနေတာလေ။ ငွေနဲ့ပစ်ပေါက်ပြီး ကြွားလုံးထုတ်တယ်။ အတန်းဖော်တွေကို အနိုင်ကျင့်ခဲ့တယ်။ သူ့ထိုက်နဲ့သူ့ကံပဲ"
…
ယဲ့ချန်းလည်း ဟူပေါ်အနားသို့ လျှောက်သွားလိုက်သည်။
"မင်းမိသားစု ဟွားစံအိမ်တော်မှာနေတယ်လို့ ပြောလိုက်တာမလား။ မင်းအဖေက ဗန်ခယ်လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌဟူဝမ်နော်"
ယဲ့ချန်း၏ အေးတိအေးစက်စကားများကို ကြားသောအခါ ဟူပေါ်၏ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်သွားသည်။
ယဲ့ချန်းက ဖုန်းထုတ်ပြီး ဟွားစံအိမ်တော်၏ ဝေ့ရွှင်းဂရုကို ဖွင့်လိုက်သည်။
ယဲ့ချန်း : @ဟူဝမ်ဗန်ခယ်လုပ်ငန်းစု
ဟူဝမ်က စာရွက်စာတမ်းကို စစ်ဆေးနေချိန်ဝယ် သူ့ဖုန်းက အသိပေးစာဝင်လာခဲ့သည်။ ဟွားစံအိမ်တော်၏ ဝေ့ရွှင်းဂရုထဲမှ စာဝင်နေကြောင်း မြင်လိုက်ရသောအခါ ဟွားစံအိမ်တော်နံပါတ်တစ်ဗီလာပိုင်ရှင် ယဲ့ချန်းက သူ့ကိုရှာနေကြောင်း သိလိုက်ရ၏။
ဟူဝမ်၏အမူအရာကား အနည်းငယ်ပြောင်းလဲသွားပြီးနောက် ဖုန်းကို အမြန်ကောက်ကိုင်လိုက်သည်။
••••••••••••••••••