← Chapters

ဦးလေးယဲ့

Vol. 13 Ch. 184

ဦးလေးယဲ့

Vol. 13 Ch. 184

ဟူဝမ်လည်း အမြန်စာပြန်လိုက်သည်။

"မစ္စတာယဲ့ ကိစ္စတစ်ခုခုများရှိလို့လား"

ယဲ့ချန်း : "ခင်ဗျားသားရဲ့နာမည်က ဟူပေါ်မလား"

ဟူဝမ် : "ဟုတ်ပါတယ် ဟူပေါ်က ကျုပ်သားပါ"

ယဲ့ချန်း : "ခင်ဗျားမှာ သားကောင်းတစ်ယောက်ရှိတာပဲ"

ယဲ့ချန်း၏စကားလုံးများထဲမှ ပြတ်သားမှုအရိပ်အယောင်များကို မြင်သောအခါ ဟူဝမ် ကြက်သီးထသွားရသည်။

ဒီကောင်လေးဟူပေါ်က မစ္စတာယဲ့ကို အပြစ်ပြုမိသွားတာများလား?

ဟွားစံအိမ်တော်နံပါတ်တစ်ဗီလာပိုင်ရှင်၏ နောက်ခံက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ဟူဝမ် ကောင်းကောင်းသိသည်။

အစ်ကိုမာနှင့် အစ်ကိုထန်တို့ပင် ယဲ့ချန်းကို တလေးတစားဆက်ဆံရသည်။ ထိပ်ဆုံးအယောက်ငါးဆယ်လူချမ်းသာစာရင်းထဲတွင် မဝင်သည့် သူ့အနေနှင့် ယဲ့ချန်းကို မည်သို့ရန်စရဲမည်နည်း။

ဟူဝမ်မှာ ဟူပေါ်ကို ချက်ချင်းဖုန်းခေါ်လိုက်သည်။

ဖုန်းမြည်လာချိန်တွင် ဟူပေါ်က မြေကြီးပေါ်တွင် ထိုင်နေဆဲပင်။ သူလည်း ဖုန်းမြန်မြန်ကိုင်လိုက်၏။

"အဖေ…"

"ကောင်စုတ်လေး..မင်း မစ္စတာယဲ့ကို ရန်စခဲ့တာလား"

"ကျွန်တော်…!"

ဟူပေါ်ခမျာ မျက်ရည်ကျလုနီးပါးပင်။

သူက သူသဘောကျသော အမျိုးသမီးရှေ့တွင် ဟိတ်ဟန်ထုတ်ချင်ခဲ့ရုံသာ။ သို့သော် တစ်ဖက်လူက အာဏာရှိသော ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေလိမ့်မည်ဟု လုံးဝထင်မထားပေ။

"အသုံးမကျတဲ့ကောင်.. လူတွေအများကြီးထဲကမှ မစ္စတာယဲ့ကို ဘာလို့သွားရန်စရတာလဲ"

ဟူပေါ်၏လေသံအရ သူ့ခန့်မှန်းချက်က မှန်ကန်ကြောင်း ဟူဝမ်သိလိုက်သည်။

ဒီကောင်စုတ်လေးက မစ္စတာယဲ့ကို တကယ်ရန်စခဲ့တာပဲ..

ယခုလောလောဆယ်တော့ ဟူပေါ်ဆီကို အပြေးသွားပြီး နှစ်ချက်လောက်ခပ်ပြင်းပြင်းတွယ်ချင်စိတ်ပင်ပေါက်သည်။

ဟွားစံအိမ်တော်ထဲရှိ ဒိတ်ဒိတ်ကြဲသူဌေးများအကြားက ယဲ့ချန်းက သူတို့အားလုံး မော်ကြည့်ရသော လူတစ်ယောက်ဖြစ်၏။ သူအကွက်တစ်ကွက်ရွှေ့လိုက်ရုံမျှဖြင့် သူတို့၏ဗန်ခယ်လုပ်ငန်းစုလည်း ဒေဝါလီခံရနိုင်သည်။

"အဖေ ကျွန်တော်… ကျွန်တော်မသိလို့ပါ"

"သွားစမ်းပါ။ ငါ့မှာ မင်းလိုသားမျိုးမရှိဘူး။ မင်း ဦးလေးယဲ့ကို တောင်းပန်တာပိုကောင်းမယ်နော်"

ဘာ!

ဦးလေးယဲ့တဲ့လား?

ဟူပေါ်ခမျာ တုံးအသွားသလို ခံစားလိုက်ရသည်။

သူသဘောကျသော အမျိုးသမီးနှင့် အတန်းဖော်များရှေ့တွင် ယဲ့ချန်းကို ဦးလေးဟုခေါ်ရမည်လား။

အစောတုန်းကတော့ သူ ဟိတ်ဟန်ထုတ်ပြနေခဲ့ပြီး ယခုမှ ယဲ့ချန်းကို ဦးလေးဟုခေါ်ရမည်ဆိုပါလျှင် သူ့မျက်နှာကို ဘယ်နားသွားထားရမည်နည်း။

"မင်းလိုသားမျိုးကို ပိုင်ဆိုင်ထားရတာ အရင်ဘဝတုန်းက ငါ ဘာများလုပ်ခဲ့မိလို့ပါလိမ့်။ မင်းရဲ့ဦးလေးယဲ့ကို ဖုန်းပေးလိုက်စမ်း"

ထူးဆန်းလှသော အမူအရာနှင့် တုန်ယင်နေသော ဟူပေါ်ခမျာ ယဲ့ချန်းကို ဖုန်းလှမ်းပေးလိုက်လေသည်။

"ဦး…ဦးလေး ကျွန်တော့်အဖေက စကားပြောချင်လို့တဲ့"

"မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တယ်? မကြားလိုက်ရဘူး"

ယဲ့ချန်းက အေးတိအေးစက်ပြောလိုက်လေသည်။

ဟူပေါ်ကမူ ပတ်ပတ်လည်ရှိ အတန်းဖော်များကို လှမ်းကြည့်ပြီး အပေါက်တစ်ပေါက်ရှာ၍ တွားဝင်နိုင်ဖို့ပင် ဆုတောင်းမိသည်။ ထို့နောက် အံတင်းတင်းကြိတ်၍ အကျယ်ကြီးအော်ပြောလိုက်သည်။

"ဦးလေးယဲ့"

ဟူပေါ်က ယဲ့ချန်းကို ဦးလေးဟုခေါ်လိုက်သဖြင့် ပတ်ပတ်လည်ရှိ အတန်းဖော်များလည်း ကြောင်အသွားချေသည်။

သောက်ကျိုးနည်း!

ဇာတ်လမ်းအလှည့်အပြောင်းကား အလွန်မြန်ဆန်လွန်းလှသည်။

"ဟူပေါ်က ဒီလူချောလေးကို ဦးလေးလို့ ခေါ်လိုက်တယ်ဟ"

"ဟားဟား ခုနတုန်းကတော့ တအားတွေမာန်တက်နေပြီးတော့ အခုတော့ ဦးလေးလို့ခေါ်တာများ မြန်လိုက်တာ"

"ရုပ်ရှင်ထဲမှာတောင် ဒါမျိုးမမြင်ရဘူး"

ထန်ယန်အာက ဘေးနားတွင် ရပ်နေပြီး သူ(မ)ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း ယဲ့ချန်းအကြောင်း ပိုသိချင်လာသည်။ ဟူပေါ်၏နောက်ခံကို ထန်ယန်အာ ကောင်းကောင်းသိသည်။

အစတုန်းကတော့ ယဲ့ချန်းထိခိုက်နစ်နာမည်ကို သူ(မ) စိုးရိမ်ခဲ့မိသော်ငြား ယဲ့ချန်းက ဤမျှအထိအထင်ကြီးဖို့ကောင်းနေလိမ့်မည်ဟု ထင်မထားပေ။ သူသည် မောက်မာထောင်လွှားနေခဲ့သော ဟူပေါ်ကို လုံးဝနင်းခြေပစ်လိုက်သည်။

…

သူ့အတန်းဖော်များ၏ လှောင်ပြောင်ရယ်မောသံများနှင့် ထန်ယန်အာ၏ ရယ်မြူးရိပ်သမ်းသောအကြည့်ကို မြင်သောအခါ ဟူပေါ်မှာ တွင်းတစ်တွင်းရှာပြီး တွားဝင်ချင်စိတ်ပေါက်သည်။

ယဲ့ချန်းက ဖုန်းကိုယူလိုက်၏။

"မစ္စတာယဲ့..ကျွန်တော့်သားငတုံးကောင်က ခင်ဗျားကို ဒဏ်ရာရအောင်တော့ မလုပ်ခဲ့ဘူးမလား"

"သူကလေ? ခင်ဗျားက ကိုယ့်သားကိုယ် တအားအထင်ကြီးနေတာပဲ"

ယဲ့ချန်းကတော့ အမှုမထားဟန်ဖြင့်‌ ပြောလိုက်၏။

ဟူဝမ်လည်း စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်မိသည်။

"ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ မစ္စတာယဲ့လို လူတစ်ယောက်ကို ကျွန်တော့်သားငတုံးကောင်က ဘယ်လိုလုပ်ပြီး အန္တရာယ်ပေးနိုင်မှာလဲ။ မစ္စတာယဲ့.. ခင်ဗျားသာ ဒေါသပြေမယ်ဆိုရင် ကျွန်တော့်သားကို လုပ်ချင်တာလုပ်လို့ရပါတယ်။ ဒီကောင်စုတ်လေးက ကျွန်တော်အလိုလိုက်ထားလို့ ဆိုးနေတာ။ ခင်ဗျား သူ့ကို ကောင်းကောင်းဆုံးမပေးလိုက်ပါ"

ယဲ့ချန်းကတော့ အရေးမစိုက်ဟန်ဖြင့် ပြောလိုက်၏။

"ဒီလိုဆိုရင်ရော..ခုနတုန်းက ခင်ဗျားသားက ကျုပ်ကို ဒူးထောက်ပြီးဦးညွတ်စေချင်နေတာလေ။ ကျွန်တော့်အနေနဲ့လည်း ကလေးတွေနဲ့ အပြိုင်စကားမများချင်ဘူး။ တကယ်လို့ သူသာဒူးထောက်ပြီး ကျွန်တော့်ကို ဆယ်ခေါက်ဦးညွတ်ရင်း 'ဦးလေးယဲ့ ကျွန်တော်မှားသွားပါပြီ'လို့ တစ်ခေါက်ချင်းစီတိုင်းမှာပြောမယ်ဆိုရင်တော့ သူ့ကိုခွင့်လွှတ်ပေးပါ့မယ်"

"ကောင်းပါပြီ။ ကောင်းပါပြီ။ စပီကာဖွင့်လိုက်လေ။ ကျွန်တော် သူ့ကို အခုချက်ချင်းလုပ်ခိုင်းလိုက်ပါ့မယ်"

ယဲ့ချန်းက စပီကာဖွင့်လိုက်လေရာ ဟူဝမ်၏အသံက ထွက်လာလေသည်။

"ကောင်စုတ်လေး.. မစ္စတာယဲ့ပြောတဲ့အတိုင်း ချက်ချင်းလုပ်လိုက်။ ဦးညွတ်တဲ့အကြိမ်ရေတိုင်းကို ငါ နားနဲ့ဆတ်ဆတ်ကြားချင်တယ်။ ဦးလေးယဲ့ကို မြန်မြန်ဒူးထောက်ပြီး တောင်းပန်လိုက်လေ"

"အဖေ…ကျွန်တော်… လူတွေအများကြီးရှေ့မှာ ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ"

ဟူပေါ်ခမျာ ရူးတော့မတတ်ပင်။ သူ့အဖေက သူ့ကို ယခုလိုအရာမျိုးလုပ်ခိုင်းလိမ့်မည်ဟု လုံးဝထင်မထားချေ။ ယခုကိစ္စအပြီး သူက ဤကျောင်းတွင် မည်သို့ဆက်နေရမည်နည်း။ သူ့နတ်ဘုရားမကို မည်သို့ဆက်လိုက်ရမည်နည်း။

"ကောင်စုတ်လေး.. မင်း ဒီနေ့ မစ္စတာယဲ့ကို ဒူးထောက်ပြီး မတောင်းပန်ဘူးဆိုရင် သားအဖဆက်ဆံရေးကို ဖြတ်ပစ်လိုက်မှာ။ ငါ့မှာ မင်းလိုသားမျိုးမရှိဘူး။ မင်းလည်း အိမ်ပြန်စရာမလိုတော့ဘူး"

ဟူဝမ်၏ခြိမ်းခြောက်စကားကို ကြားသောအခါ ဟူပေါ်မှာ ထိတ်လန့်သွားလေသည်။ ထို့နောက် အံတင်းတင်းကြိတ်ရင်း ယဲ့ချန်းရှေ့တွင် ဒူးထောက်ချလိုက်သည်။

"ဘန်း! ဘန်း! ဘန်း!"

"ဦးလေးယဲ့ ကျွန်တော်မှားသွားပါတယ်"

"ဦးလေးယဲ့ ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ"

...

ဆယ်ကြိမ်ဦးညွတ်ပြီးနောက် အဆုံးမှာတော့ ယဲ့ချန်းလည်း စိတ်ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။

"တော်လိုက်တဲ့တူလေး လိမ္မာလိုက်တာ။ ဦးလေးက မင်းကို ခွင့်လွှတ်ပါတယ်"

ဖုန်းတစ်ဖက်ရှိ ဟူဝမ်ကတော့ ယဲ့ချန်းက ခွင့်လွှတ်လိုက်ပြီဟု ကြားလိုက်ရချိန်မှသာ သက်မချလိုက်မိတော့သည်။

ထို့နောက် အမြန်ပြောလိုက်၏။

"မစ္စတာယဲ့... ကျွန်တော်တို့ဗန်ခယ်လုပ်ငန်းစုက အိမ်ခြံမြေပရောဂျက်တစ်ခုကို လုပ်ပြီးသွားပါပြီ။ ထိပ်တန်းတိုက်ခန်းကိုတော့ အခုထိမရောင်းရသေးပါဘူး။ ကျွန်တော့်သားက ခင်ဗျားကို ဒေါသထွက်အောင် လုပ်ထားတဲ့အတွက် လျော်ကြေးပေးတယ်လို့ သဘောထားလိုက်ပါ"

ယဲ့ချန်းက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်လေသည်။

"ကောင်းပြီလေ။ နောက်မှ ကျုပ်ရဲ့အိမ်တော်ထိန်းကို ဆက်သွယ်လိုက်။ ခင်ဗျားက အလုပ်များတယ်မလား။ ဒီကိစ္စကို ပြီးပြီလို့သာ သဘောထားလိုက်ကြတာပေါ့"

"ကောင်းပါပြီ။ ကောင်းပါပြီ။ ကျွန်တော် ခင်ဗျားနာမည်အောက်ကို ပိုင်ဆိုင်မှုလွှဲပြောင်းဖို့အတွက် အိမ်တော်ထိန်းကို ချက်ချင်းဆက်သွယ်လိုက်ပါ့မယ်"

ယဲ့ချန်းလည်း ဖုန်းချပြီးနောက် ထိုဖုန်းကို ဟူပေါ်အား ပြန်ပစ်ပေးလိုက်သည်။ ထို့နောက် ထန်ယန်အာ့ကို ပြုံးပြလိုက်၏။

"ယန်အာ သွားကြစို့"

ထန်ယန်အာကလည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် ယဲ့ချန်း၏ဘေးနားမှ နာနာခံခံလိုက်သွားလေသည်။ ထိုလူနှစ်ယောက်၏ ကျောပြင်ကိုကြည့်ရင်း ဟူပေါ်၏မျက်လုံးထဲ၌ အမုန်းတရားများ ဆန်တက်လာလေသည်။

သို့သော် သူ မည်မျှမုန်းနေပါစေ သူ့အဖေကိုယ်တိုင် စိတ်ကျေနပ်အောင်လုပ်ပေးနေရသည့် လူတစ်ယောက်ကိုလည်း သွားရန်စ၍မဖြစ်ချေ။

ဟူပေါ်ခမျာ မြေကြီးပေါ်က ကုန်းထပြီးနောက် သူ့ပတ်ပတ်လည်ရှိ လှောင်ပြောင်ထေ့ငေါ့လေဟန် အကြည့်များကို ခံစားမိလိုက်သည်။ ထိုအခါ အံတင်းတင်းကြိတ်၍ ခေါင်းငိုက်စိုက်ချထားလျက်သားဖြင့် ကားထဲကိုဝင်ကာ အမြန်ပြန်သွားလေတော့သည်။

ယဲ့ချန်းက ထန်ယန်အာကို ခရီးသည်ထိုင်ခုံတွင်ထိုင်ခိုင်းပြီး မောင်းထွက်လာခဲ့သည်။

"ရှင်က သန်းတစ်ရာကျော်တန်ကားကိုစီးနေတာတောင် သက်တောင်စောင့်တစ်ယောက်လို ဟန်ဆောင်နေတာပဲ"

"ဪ မတတ်နိုင်ဘူးလေ။ တာဝန်ကိုး"

ယဲ့ချန်းက အထက်အာဏာပိုင်များဆီမှ တာဝန်ကို ရည်ညွှန်းနေခြင်းဖြစ်မည်ဟု ထန်ယန်အာ ထင်လိုက်မိသည်။ တကယ်တမ်းတွင် ယဲ့ချန်းက စနစ်၏တာဝန်ကို ပြောခြင်းဖြစ်၏။

"မင်း အိမ်ပြန်လို့မရဘူး။ ကျွန်တော် မင်းကို တခြားနေရာတစ်ခုကို ခေါ်သွားပေးမယ်"

ယဲ့ချန်းက ဆို၏။

သိပ်မကြာခင်ကပင် ကျောင်းနားတွင် သံသယဖြစ်ဖွယ်လူတချို့ရှိကြောင်း ယဲ့ချန်း သတိပြုမိသည်။ တစ်ဖက်လူက ထန်ယန်အာ၏သရုပ်မှန်ကို ရှာဖွေသိရှိလိုက်ပြီဖြစ်ကြောင်း သိသာလှ၏။

ထန်ယန်အာ၏အိမ်ကလည်း မလုံခြုံတော့ပေ။

"ကောင်းပါပြီ။ အခု ကျွန်မက အကူအညီမဲ့နေတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေပြီဆိုတော့ ရှင့်ကိုပဲ အားကိုးရမှာပဲ"

သူ(မ)က ပြောလိုက်သည်။

ယဲ့ချန်းလည်း ထန်ယန်အာကို ထျန်းချန်ယိပင်သို့ ခေါ်သွားလိုက်သည်။ ဤနေရာကား လုံခြုံရေးအဆင့်မြင့်မားသော အဆင့်မြင့်လူနေအိမ်ရာတစ်ခုပင်။

ယဲ့ချန်းက ထန်ယန်အာအတွက် အိမ်တစ်လုံးစီစဉ်ပေးခဲ့ပြီး သူ(မ)ကို ကာကွယ်ပေးမည့် သက်တော်စောင့်လည်း ရောက်ရှိလာသည်။

ထိုသက်တော်စောင့်၏အမည်မှာ ချင်းလန်ဖြစ်ပြီး သူ(မ)က ဟွားနိုင်ငံ၏ သွေးဖီးနစ်အထူးတပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။

ထန်ယန်အာက အိမ်ထဲကိုဝင်သွားချိန်မှာ ချင်းလန်က မေးလိုက်သည်။

"ထန်ယန်အာကို ဟိုတယ်မှာ ဘာလို့မထားတာလဲ။ အဲဒါက ပိုမလုံခြုံဘူးလား"

ယဲ့ချန်းကမူ ခေါင်းခါပြသည်။

"တစ်ဖက်လူက ထန်ယန်အာရဲ့တည်နေရာကို မသိသေးဘူး။ ဒီတော့ သူတို့ လှုပ်ရှားလာမှာမဟုတ်ဘူး။ တကယ်လို့ ထန်ယန်အာ့ကိုသာ ဟိုတယ်ကိုပို့လိုက်ရင် သွေးအရိပ်အဖွဲ့အစည်းကလည်း အပူတပြင်းလှုပ်ရှားလာလိမ့်မယ်"

"သွေးအရိပ်အဖွဲ့အစည်းက အချိန်တိုအတွင်း သူ့ကို ရှာမတွေ့နိုင်ဘူးလို့ အရမ်းတွေယုံကြည်မှုရှိနေတာလား"

ချင်းလန်က မေးလိုက်၏။

ချင်းလန်မှာ ယဲ့ချန်းကို အနည်းငယ်အမြင်ကပ်မိသည်။

အဓိကကတော့ ယဲ့ချန်းက အလွန်ငယ်လွန်းလှသောကြောင့်ပင်။ ယဲ့ချန်း၏မှတ်တမ်းကိုလည်း သူ(မ) ကြည့်ပြီးပြီဖြစ်၏။ ချီးကျူးထိုက်သော ဘာအောင်မြင်မှုတစ်ခုမှ မရထားချေ။

ထိုကဲ့သို့သော လူတစ်ယောက်ထံမှ အမိန့်ပေးခံနေရသဖြင့် ချင်းလန်မှာ အတန်ငယ်စိတ်မသက်မသာဖြစ်ရသည်။

•••••••••••••••••••

All Chapters