မောက်မာသော အစ်ကိုကြီး
Vol. 13 Ch. 186
နောက်တစ်နေ့မနက်တွင် မနက်စာစားပြီးနောက် ယဲ့ချန်းမှာ ထျန်းချန်ယိပင်သို့ မောင်းလာခဲ့လိုက်သည်။
ချင်းလန်ကမူ မနေ့ညက ကောင်းကောင်းမအိပ်ရသေးသောကြောင့် အတန်ငယ်ပင်ပန်းနေပုံပေါက်သည်။
"မစ္စတာယဲ့.. မိန်းကလေးထန်က အပြင်ထွက်ချင်လို့တဲ့။ ရှင် ဘယ်လိုထင်လဲ"
ယဲ့ချန်း ပြုံးလိုက်လေသည်။
"မင်း သူ့ကို မနေ့ညက တစ်ညလုံးစောင့်ပေးထားတာဆိုတော့ ငါ သူ့ကို ဆက်စောင့်ပေးထားမယ်"
"ရှင်တို့နှစ်ယောက်သတိထားကြနော်"
ယဲ့ချန်းက ခပ်ဖျော့ဖျော့ပြုံးပြလိုက်သည်။
"စိတ်မပူပါနဲ့။ သူ ဒီနေ့ တော်တော်ကံကောင်းတယ်။ ပြဿနာမှရှိမှာမဟုတ်ပါဘူး"
ယဲ့ချန်းက အလွန်ဆန်းကြယ်လှသည်ဟု ချင်းလန် ပိုပိုပြီးခံစားမိလာသည်။ သူက အနာဂတ်တွင် ဖြစ်ပျက်လာမည့်အရာများကို သိနိုင်သည့်အလားပင်။
သို့သော် မနေ့ညတုန်းက တစ်ညလုံးမအိပ်ခဲ့ရသောကြောင့် သူ(မ) အမှန်တကယ်ပင်ပန်းနေပြီဖြစ်၏။ ထို့ကြောင့် ချင်းလန် ခေါင်းညိတ်ပြလိုက်သည်။
ထိုအချိန်တွင် ထန်ယန်အာကလည်း အဝတ်အစားလဲပြီး အပြင်ထွက်လာခဲ့သည်။
ယနေ့ ထန်ယန်အာက အပြာဖျော့ရောင်ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ကျစ်ဆံမြီးစည်းထားသဖြင့် အလွန်ချစ်စရာကောင်းနေပေသည်။
"မင်း ဘယ်သွားမလို့လဲ"
ယဲ့ချန်းက မေးလိုက်၏။
"ဈေးဝယ်ထွက်ဖို့ပေါ့"
ထန်ယန်အာမှာ ခပ်ဖွဖွပြုံးလိုက်လေသည်။
ဈေးဝယ်ထွက်မည့်အကြောင်းကို ကြားသောအခါ ယဲ့ချန်း အတန်ငယ်စိုးရိမ်မိသော်ငြား သူ့တွင် ရွေးချယ်စရာမရှိပေ။ သူ့တာဝန်ကား ဤမိန်းကလေးကို ကာကွယ်ရန်ပင်။
စနစ်၏တာဝန်များကိုလည်း ပြီးစီးအောင် ထမ်းဆောင်ရမည်။ မဟုတ်ပါက ဆုလာဘ်များကို ပြန်ရုပ်သိမ်းသွားမည့်အပြင် အပြစ်ဒဏ်လည်း ရှိလိမ့်မည်သာ။
ထန်ယန်အာက ထန်ဟွားအတွက် အလွန်အရေးကြီးသောကြောင့် မှားယွင်းမှုတစ်စုံတစ်ရာရှိလို့မဖြစ်ပေ။
ယဲ့ချန်းက ကူလီနန်ကားကိုမောင်း၍ ထျန်းချန်ယိပင်ထဲမှ ထွက်လာခဲ့သည်။
"လူတွေက တကယ်ဆန်းကြယ်တာပဲနော်။ ကျွန်မအဖေကြောင့်သာမဟုတ်ရင် ကျွန်မတို့လည်း ဆုံဖြစ်ကြမှာမဟုတ်ဘူး"
"ဒါက ကံကြမ္မာပဲပေါ့"
"ကံကြမ္မာလား။ ရှင် ကံကြမ္မာကိုယုံလား"
ထန်ယန်အာမှာ ခပ်ဖွဖွပြုံးလိုက်လေသည်။
"ယုံတာပေါ့။ စမ်းကြည့်ကြမလား"
ယဲ့ချန်း စနောက်လိုက်သည်။
"ဘယ်လိုစမ်းသပ်မှာလဲ"
ထန်ယန်အာက ယဲ့ချန်းကို ကြည့်လိုက်၏။
"ဟိုနားမှာ ထီဆိုင်တစ်ဆိုင်ရှိတယ်။ ခဲခြစ်ထီလက်မှတ်တစ်စောင် သွားဝယ်ခဲ့လိုက်လေ။ တကယ်လို့ မင်း ထီဆုကြီးပေါက်တယ်ဆိုရင် ငါတို့က ရေစက်ပါတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါဆို မင်း ငါ့ချစ်သူလုပ်ရမယ်။ ဘယ်လိုလဲ"
ထိုစကားကိုကြားသော် ထန်ယန်အာ ရယ်မောလိုက်ချေသည်။
ခဲခြစ်ထီလက်မှတ်မှတစ်ဆင့် ထီပေါက်နိုင်ခြေမှာ အလွန်နည်းလွန်းလှ၏။ ထီဆုကြီးပေါက်ဖို့ဆိုသည်မှာ ထီဆိုင်တစ်ဆိုင်တွင် နှစ်ပေါင်းများစွာအတွင်း မမြင်နိုင်လောက်သော အခြေအနေတစ်ခုပင်။
"ကျွန်မတို့က စုံတွဲဖြစ်ဖို့ ကံပါမလာဘူးလို့ ပြောချင်နေတာမလား။ ဘာလို့ဝေ့လည်ကြောင်ပတ်လုပ်နေတာလဲ"
ထန်ယန်အာမှာ ယဲ့ချန်းကို မျက်ဆန်လည်ပြလိုက်၏။
ယဲ့ချန်းကလည်း ရယ်သည်။
"ဝေ့လည်ကြောင်ပတ်လုပ်နေတာမဟုတ်ပါဘူး။ မစမ်းကြည့်ဘဲ ဘယ်လိုလုပ်သိမှာလဲ"
ထန်ယန်အာက ခေါင်းညိတ်ပြလေသည်။
"ကောင်းပြီ။ ဒါဆို ကျွန်မတို့က ရေစက်ပါမပါ ကြည့်ကြသေးတာပေါ့"
ထန်ယန်အာက ကားထဲမှထွက်ပြီးနောက် ဆယ်ယွမ်တန်ထီလက်မှတ်တစ်စောင်ကို ဝယ်၍ ကားထဲသို့ ပြန်လာခဲ့သည်။
ပထမဆုံးထီလက်မှတ် - ကျေးဇူးတင်ပါသည်
ဒုတိယမြောက်ထီလက်မှတ် - ကျေးဇူးတင်ပါသည်
တတိယမြောက်ထီလက်မှတ် - ငါးယွမ်
စတုတ္ထမြောက်ထီလက်မှတ် - ကျေးဇူးတင်ပါသည်
လက်မှတ်တစ်စောင်သာ ကျန်တော့သည့်အချိန်တွင် ထန်ယန်အာက သက်ပြင်းချလိုက်မိသည်။
"ကြည့်ရတာတော့ ကျွန်မတို့က ကံပါမလာဘူးထင်တယ်"
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်လေသည်။
"အဲဒီလိုတော့ ပြောလို့မရပါဘူး။ နောက်ဆုံးတစ်ခုက ထီဆုကြီးပေါက်မဲ့လက်မှတ်လည်း ဖြစ်နိုင်တာပဲ"
ထန်ယန်အာလည်း နောက်ဆုံးထီလက်မှတ်ကို ခဲခြစ်လိုက်သည်။ ထိုထီလက်မှတ်ပေါ်ရှိ စာလုံးများကို မြင်လိုက်ရချိန်ဝယ် သူ(မ) ကြက်သေသေသွားရသည်။
ပထမဆု!
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ပထမဆုငွေက တစ်သိန်းဖြစ်ပြီး ထီပေါက်နိုင်ခြေကလည်း ဆယ်သန်းပုံတစ်ပုံသာ ရှိသည်။ ဤမျှနည်းပါးလှသော ဖြစ်နိုင်ခြေမျိုးတွင် သူ(မ) အမှန်တကယ်ထီပေါက်ခဲ့သည်။
ထန်ယန်အာခမျာ တလက်လက်တောက်ပနေသော မျက်ဝန်းအစုံဖြင့် ယဲ့ချန်းကို ကြည့်လိုက်မိသည်။
ငါတို့က ကံပါလာတာများလား?
ယဲ့ချန်းက အနားသို့ညွတ်ကိုင်းပြီး လက်မှတ်ပေါ်ရှိ စာလုံးများကို မြင်သောအခါ အံ့အားသင့်သွားချင်ယောင်ဆောင်လိုက်သည်။
"ဝိုး.. ငါက ဒီအတိုင်းပြောလိုက်တာ။ မင်းက တကယ်ပေါက်သွားတာပဲ"
ထန်ယန်အာလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"ကြည့်ရတာတော့ ကျွန်မတို့က တကယ်ကံပါလာပုံပဲ"
ယဲ့ချန်း ပြုံးလိုက်မိသည်။
"တကယ့်ကို ကံပါလာတာပဲ"
ထန်ယန်အာက ဆိုလာလေသည်။
"ဒီတစ်သိန်းကို တစ်ဝက်စီခွဲယူကြစို့"
"ထားလိုက်ပါ။ နောက်မှ ငါ့ကို ညစာလိုက်ကျွေးလေ"
ယဲ့ချန်းမှာ ထန်ယန်အာနှင့်အတူ တစ်မနက်လုံး ဈေးဝယ်လိုက်ပေးခဲ့သည်။
အရောင်းဆိုင်အမြောက်အများကို သူတို့ သွားခဲ့ကြသော်ငြား ထန်ယန်အာကတော့ ဘာမှမဝယ်ခဲ့ပေ။
ယဲ့ချန်း ရယ်မောလိုက်သည်။
"အခု မင်း ပိုက်ဆံခြွေတာစရာမလိုတော့ဘူးလေ။ မင်းမှာ ဘီလျံနာအဖေတစ်ယောက်ရှိနေပြီ"
"ကျွန်မမှာ ပိုက်ဆံရှိတာမရှိတာက တစ်ကဏ္ဍပါ။ ကျွန်မက ကိုယ်ကြိုက်တာပဲဝယ်တာ။ ဘရန်းတံဆိပ်တွေဘာတွေ ဂရုမစိုက်ဘူး"
ထန်ယန်အာကလည်း ခွန်းတုံ့ပြန်လေသည်။
ယဲ့ချန်း အံ့အားသင့်သွားရသည်။ ယနေ့ခေတ်ကြီးတွင် ထန်ယန်အာကဲ့သို့ ရုပ်ဝတ္ထုများကို မမက်မောတတ်သော မိန်းကလေးများမှာ အလွန်ရှားပါးသွားလေပြီ။
နေ့လယ်ဘက်တွင် ယဲ့ချန်းနှင့် ထန်ယန်အာတို့နှစ်ယောက်သား အနောက်တိုင်းစားသောက်ဆိုင်တစ်ဆိုင်သို့ သွားခဲ့ကြသည်။
"ရှင်ကြိုက်တာမှာနော်။ ဒီနေ့ ကျွန်မ ဝယ်ကျွေးမှာ"
ထန်ယန်အာက ပြောလိုက်သည်။
သူတို့နှစ်ယောက်သားလည်း စားရင်းသောက်ရင်း စကားစမြည်ပြောခဲ့ကြသည်။ သူတို့ စားသောက်၍ ပြီးစီးတော့မည့်အချိန်မှာပင် အသံတစ်သံကို ကြားလိုက်ရ၏။
"ယန်အာ.. မင်း ဒီမှာဘာလုပ်နေတာလဲ"
ထိုအခိုက်ဝယ် ဖက်ရှင်ကျပြီး အောင်မြင်နေသော အမျိုးသားတစ်ယောက်က အနားသို့ ရုတ်တရက်ချဉ်းကပ်လာသည်။
ထန်ယန်အာနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်နေသော အမျိုးသားတစ်ယောက်ကို မြင်သောအခါ ကြက်သေသေသွားရသည်။
"ယန်အာ သူကဘယ်သူလဲ"
ထိုအမျိုးသားက ထန်ယန်အာနှင့် အလွန်ုရင်းနှီးဟန်ပင်။ ထန်ယန်အာကလည်း ခပ်ဖွဖွပြုံးလိုက်၏။
"လုယွမ်ကော.. ရှင်လည်း ဒီကိုရောက်နေတာပဲ"
သူ(မ)က ပြုံးပြုံးလေးဖြင့် မိတ်ဆက်ပေးလေတော့သည်။
"ယဲ့ချန်း.. သူက ကျွန်မအစ်ကိုလုယွမ်လေ။ အခု အသက်သုံးဆယ်ရှိနေပြီ။ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုရဲ့သူဌေးပေါ့။ မိုက်တယ်မလား။ ကျွန်မတို့က အတူကြီးပြင်းလာခဲ့ကြတာ။ သူပဲ ကျွန်မကို နှစ်ပေါင်းများစွာ စောင့်ရှောက်ပေးခဲ့တာလေ"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"ဒီနှစ်တွေအတွင်း ယန်အာ့ကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
လုယွမ်ကမူ ယဲ့ချန်းကို အေးတိအေးစက်စိုက်ကြည့်လိုက်သည်။ သူ့အမူအရာကား အလွန်မသာမယာဖြစ်နေပြီး မျက်ဝန်းထဲတွင်လည်း အေးစက်မှုတစ်ဖုံကို လှစ်ဟပြနေချေသည်။
ထန်ယန်အာ၏ နှလုံးသားထဲတွင် လုယွမ်က သူ(မ)၏အစ်ကိုဖြစ်သော်ငြား လုယွမ်၏ရင်ထဲမှာတော့ ထန်ယန်အာ့ကို သူ့ချစ်သူဖြစ်လာဖို့ မျှော်လင့်နေခဲ့မိသည်။
သို့သော် သူတို့၏ဆက်ဆံရေးက အလွန်နီးစပ်လှသောကြောင့် လုယွမ်ခမျာ သူ့ခံစားချက်များကို ထန်ယန်အာ့ကို ဖွင့်မပြောရဲခဲ့ပေ။
ထန်ယန်အာက အပြုံးလေးတစ်ပွင့်နှင့်အတူ မိတ်ဆက်ပေးလိုက်သည်။
"အစ်ကိုလုယွမ်.. သူက ကျွန်မသူငယ်ချင်း ယဲ့ချန်းတဲ့"
လုယွမ်၏အမူအရာမှာ အေးစက်သွားလေသည်။
ဤနေရာကား စုံတွဲများထိုင်ကြသော ကော်ဖီဆိုင်ပင်။ ထန်ယန်အာက ဤနေရာတွင် ကော်ဖီအတူသောက်ရန်အတွက် ကောင်လေးတစ်ယောက်ကို ခေါ်လာခဲ့သည်။ သူ(မ)အနေနှင့် ယဲ့ချန်းကို သူ့ချစ်သူဟု သဘောထားနေသည်မှာ သိသာလှ၏?
လုယွမ်က စိတ်ထဲတွင် ဒေါသထွက်နေသော်ငြား အပြုံးမျက်နှာကိုတော့ ဆက်လက်ထိန်းသိမ်းထားဆဲသာ။
"ညီလေး..မင်း ဘာအလုပ်လုပ်တာလဲ"
"ကျွန်တော်က တက္ကစီမောင်းပါတယ်"
ယဲ့ချန်းလည်း တည်ငြိမ်အေးဆေးစွာ ပြန်ဖြေလိုက်သည်။
ယဲ့ချန်း၏အဖြေကို ကြားသောအခါ လုယွမ်လည်း စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။
သူ့မျက်လုံးထဲတွင်မူ စက်ဆုပ်ရွံရှာဟန် အငွေ့အသက်တစ်ခု ကိန်းအောင်းနေချေသည်။
သေလောက်အောင်လန့်သွားတာပဲ..တကယ်တော့ တက္ကစီဒရိုင်ဘာတစ်ယောက် ဖြစ်နေတာကိုး...
ဟမ့်.. သူ့ကို ဒုတိယမျိုးဆက်လူကုံထံတစ်ယောက် ဒါမှမဟုတ် နိုင်ငံခြားပြန်ဥက္ကဋ္ဌတစ်ယောက်လို့ ထင်နေတာ..
ထန်ယန်အာ့ကို ယဲ့ချန်းလုယူသွားမည်ကို လုယွမ် စိုးရိမ်ခဲ့မိသည်။ သို့သော် ယခုတော့...
သူက ဘာကောင်ကြီးမှမဟုတ်ပါဘူး။ ဒီလိုနိမ့်ကျတဲ့ကောင်မျိုးက ယန်အာနဲ့ ဘယ်လိုလုပ်ပြီးရင်းနှီးရတာလဲ..
ထန်ယန်အာက အဝတ်လဲခန်းထဲသို့ဝင်သွားသည်။ ဤအခွင့်အရေးကို အခွင့်ကောင်းယူ၍ လုယွမ်က အေးတိအေးစက်လေသံဖြင့် ပြောလိုက်၏။
"ချာတိတ်.. တက္ကစီဒရိုင်ဘာတစ်ယောက်က ယန်အာနဲ့ လိုက်ဖက်တယ်လို့များ ထင်နေတာလား"
ယဲ့ချန်းခမျာ ဆွံ့အသွားရလေသည်။ ယနေ့ခေတ်တွင် ငတုံးငအများ ပေါလှချေသည်။
မနေ့ကမှ ဟူပေါ်ကို မျက်နှာဖြတ်ရိုက်ခဲ့ပြီးပြီဖြစ်၏။ ယနေ့လည်း နောက်တစ်ယောက်က ပါးဖြတ်ရိုက်ခံရအောင် လာတောင်းဆိုနေလေပြီ။
"တက္ကစီမောင်းတာက ဘာဖြစ်နေလို့လဲ။ ဘာလို့မလိုက်ဖက်ရမှာလဲ။ ကျွန်တော်ကတော့ ကောင်းကောင်းလိုက်ဖက်တယ်လို့ ထင်တာပဲ"
လုယွမ်က အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
"ငါက ယန်အာ့ကို ညီမလေးတစ်ယောက်လိုပဲ အမြဲဆက်ဆံခဲ့တာ။ သူက အရမ်းအပြစ်ကင်းစင်တဲ့အတွက် မင်းလို ဆန်ကုန်မြေလေးတွေဆီက အသာလေးလှည့်စားခံရနိုင်တယ်။ ချာတိတ်.. အကြံတစ်ခုပေးမယ်။ ယန်အာနဲ့ဝေးဝေးနေ.. မဟုတ်လို့ကတော့ ငါ့ကို အဆိုးမဆိုနဲ့"
"အိုး..."
တစ်ချက်ကြည့်ရုံမျှဖြင့် ဤလုယွမ်က ယန်အာ့အစ်ကိုမဖြစ်ချင်ဘဲ ချစ်သူဖြစ်ချင်နေကြောင်း ယဲ့ချန်း အတပ်သိသည်။
"ကျွန်တော်က ယန်အာ့ကို ဘယ်တုန်းကမှ မလှည့်စားဖူးဘူး"
"မင်း လှည့်စားတာ မလှည့်စားတာတွေ ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်းက သူနဲ့မတန်ဘူး။ ယန်အာ့ရှေ့ကို ထပ်ပေါ်မလာခဲ့နဲ့"
"ဘာလို့လဲ"
"မင်းက တက္ကစီဒရိုင်ဘာဖြစ်နေလို့လေ"
လုယွမ်က မောက်မာစွာ ဆိုလာလေသည်။
"မင်း တက္ကစီမောင်းတာက ငွေနည်းနည်းပဲရတာ။ မိုတုမြို့မှာ နေထိုင်ဖို့တောင် ခက်ခဲတယ်လေ။ မင်းက ဘယ်လိုလုပ်ပြီး ယန်အာနဲ့ လိုက်ဖက်နိုင်မှာလဲ။ ယန်အာက အရမ်းလှတာ။ သူ့ကိုလိုက်ပိုးနေတဲ့ သူဌေးသားတွေနဲ့ စီအီးအိုတွေက ဟွမ်ဖူမြစ်တစ်လျှောက်အထိတောင် တန်းစီနေတာ။ မင်းကိုယ်မင်း ဘာကောင်လို့များ ထင်နေတာလဲ"
"ငါပြောမယ်။ မင်းက ငါ့ညီမရဲ့ချစ်သူဖြစ်ဖို့ အရည်အချင်းမပြည့်မီဘူး"
"ကိုယ့်ကိုယ်ကိုယ်ကြည့်လိုက်စမ်းပါဦး။ မင်းက ယန်အာ့ကို လိုက်ပိုးဖို့တောင် တန်တယ်လို့ ထင်နေတာလား"
လုယွမ်၏စကားများမှာ ပိုပိုပြီး ဟော့ဟော့ဒိုင်းဒိုင်းဆန်လာသည်။
တကယ်တော့ ယဲ့ချန်းက စနစ်၏တာဝန်ကို ထမ်းဆောင်ရန်အတွက် ထန်ယန်အာ့ကို ကာကွယ်ပေးချင်ခဲ့ရုံသက်သက်သာ။ ထိုထက်ပိုသော ရည်ရွယ်ချက်မျိုးမရှိပေ။
သို့သော် လုယွမ်က ထေ့ငေါ့လာသဖြင့် ယဲ့ချန်းလည်း ယန်အာ့အပေါ် အဆင့်တက်ဖို့ ဆုံးဖြတ်လိုက်သည်။
သူသာ တစ်ဖက်လူကို ထိခိုက်ခံစားရအောင် မလုပ်ခဲ့ပါက လုယွမ်၏မောက်မာမှုနှင့် မည်သို့နှယ် လျော်ညီနိုင်မည်နည်း။
•••••••••••••••••