စမ်းသပ်မှု
Vol. 13 Ch. 187
ထန်ယန်အာက အဝတ်လဲခန်းထဲမှ ထွက်လာသည့်အခါ ထိုလူနှစ်ယောက် တစ်ခုခုဖြစ်နေကြောင်း သတိထားမိလိုက်သဖြင့် မေးကြည့်လိုက်သည်။
"ရှင်တို့ ဘာတွေပြောနေကြတာလဲ"
ယဲ့ချန်းက တဟားဟားရယ်လိုက်သည်။
"ဘာရယ်မဟုတ်ပါဘူး။ မင်းအစ်ကိုက နောက်နောင် မင်းကိုကောင်းကောင်းစောင့်ရှောက်ပေးဖို့ ငါ့ကိုအပ်နေတာပါ"
လုယွမ် : “…”
ငါက ဘယ်တုန်းကပြောမိလို့လဲ? မင်း တော်တော်အရှက်မရှိတာပဲ..
ထန်ယန်အာကလည်း ပြုံးလိုက်သည်။
"ဪ အဲဒီလိုလား။ စိတ်မပူပါနဲ့။ ယဲ့ချန်းက ကျွန်မကို ကောင်းကောင်းဆက်ဆံပါတယ်"
အလွန်ပျော်ရွှင်နေသော ထန်ယန်အာ၏အမူအရာကို မြင်သောအခါ လုယွမ်မှာ ဒေါသကြောင့် ပေါက်ကွဲလုမတတ်ပင်။
ငါက ထန်ယန်အာ့ကို နှစ်ပေါင်းများစွာစောင့်ရှောက်လာခဲ့တာလေ။ အသီးမှည့်တဲ့အချိန်ကျတော့ တခြားတစ်ယောက်က ခူးသွားတယ်ပေါ့..
လုယွမ် လက်စားပြန်ချေတော့မည့်ဆဲဆဲမှာပင် ယဲ့ချန်းက ရုတ်တရက်မေးလိုက်၏။
"ယန်အာသာ ဒုက္ခရောက်နေတယ်ဆိုရင် ခင်ဗျား ဝင်ဖြေရှင်းပေးမှာလား။ ရှောင်ထွက်သွားမှာလား"
"သေချာပေါက် ဝင်ဖြေရှင်းပေးမှာပေါ့"
လုယွမ်က ဖြောင့်မတ်မှန်ကန်သော မျက်နှာထားဖြင့် ဆိုလာလေသည်။
"အိုး"
ယဲ့ချန်းက ကော်ဖီတစ်ငုံမော့သောက်၍ ခပ်ဖွဖွပြုံးလိုက်မိသည်။
ထိုအခိုက်ဝယ် စားပွဲထိုးတစ်ယောက်က ဓားတစ်ချောင်းနှင့် ခက်ရင်းတစ်ချောင်းကိုကိုင်၍ ရောက်ချလာသည်။ သူက ထန်ယန်အာအနားသို့ ရောက်သောအခါ ဓားကိုရုတ်တရက်ကောက်ကိုင်ပြီး ထိုးချလိုက်သည်။
အစောတုန်းက ဝင်ဖြေရှင်းပေးပါမည်ဟု ကတိခံထားသော လုယွမ်က ကြက်သေသေသွားပြီးနောက် နောက်ဆုတ်ပြီး ကြမ်းပြင်ပေါ်သို့ လှိမ့်ချလိုက်သည်။
လုယွမ်က ရှောင်တိမ်းလိုက်ပြီး ထန်ယန်အာ့ကို လုပ်ကြံသတ်ဖြတ်ရေးသမားရှေ့တွင် အထင်းသားထားရစ်ခဲ့သည်။
ဓားက ထန်ယန်အာကို ထိုးမိတော့မည့်အချိန်မှာပင် ယဲ့ချန်းက လက်ကောက်ဝတ်ကို ဆတ်ခနဲလှည့်လိုက်လေရာ သူ့လက်ထဲရှိ ခက်ရင်းက လုပ်ကြံရေးသမား၏လက်ကောက်ဝတ်ကို ထိုးမိသွားလေတော့သည်။
စွပ်!
သွေးများ ပန်းထွက်လာသည်။ တစ်ပြိုင်တည်းမှာပင် ယဲ့ချန်းက လွှားခနဲခုန်၍ လုပ်ကြံရေးသမားကို လွင့်ထွက်သွားအောင် ကန်ပစ်လိုက်၏။
ထို့နောက် ထန်ယနအာကို ဆွဲကာ အပြင်သို့ ပြေးသွားလေတော့သည်။
လုယွမ်ခမျာ အလွန်ကြောက်လွန်းလှသောကြောင့် စားပွဲအောက်တွင် ခိုက်ခိုက်တုန်နေချေသည်။ အစောတုန်းက ထိုဓားက သူ့ကို ထိုးမိတော့မတတ်ပင်။ ဤအဖြစ်မှာ စင်စစ်ကြောက်မက်ဖွယ်ကောင်းလှသည်။
ယဲ့ချန်းက ထန်ယန်အာ့လက်ကိုဆွဲ၍ ကော်ဖီဆိုင်ထဲမှ မြန်မြန်ထွက်လာခဲ့သည်။
ယဲ့ချန်း၏ခြေလှမ်းများမှာ အလွန်မြန်ဆန်နေသော်ငြား ကသုတ်ကရက်နိုင်နေခြင်းတော့ မရှိပေ။
လမ်းလျှောက်နေချိန်မှာလည်း ပတ်ပတ်လည်ကို ဆက်တိုက်စူးစမ်းနေသေးသည်။
ယဲ့ချန်းက ဆွဲခေါ်လာခဲ့သောကြောင့် အန္တရာယ်ကြုံနေသည့်ကြားက ထန်ယန်အာ့၏ရင်ထဲ အလွန်လုံခြုံမှုရှိသလို ခံစားရသည်။
ဤသည်မှာ သူ(မ)လိုချင်နေသော ခံစားချက်ပင်။
ထိုအချိန်မှာပင် ယဲ့ချန်းက သူ့အနောက်ရှိ ကသုတ်ကရက်နိုင်သော ခြေလှမ်းများကို ကြားလိုက်ရသည်။ ယဲ့ချန်းလည်း ထန်ယန်အာ၏လက်ကိုလွှတ်၍ ပြောလိုက်လေသည်။
"ဆက်လျှောက်နေ။ နောက်ပြန်လှည့်မကြည့်နဲ့"
တစ်ပြိုင်တည်းမှာပင် ယဲ့ချန်း အနောက်သို့ ဆတ်ခနဲလှည့်လိုက်သည်။ သူ့အနောက်တွင် မျက်မှန်တပ်ထားသော အမျိုးသားတစ်ယောက်က ဒူးလေးတစ်လက်ကိုထုတ်၍ ထန်ယန်အာ့ကို ချိန်ရွယ်လိုက်သည်။
ဒုတ်!
ယဲ့ချန်းက သူ့လက်ကောက်ဝတ်ကို ဆတ်ခနဲလှုပ်ရှားလိုက်သောအခါ စတီးခက်ရင်းနောက်တစ်ချောင်း ပျံထွက်လာပြီး ထိုအမျိုးသား၏လက်ဖဝါးကို ထိုးစိုက်သွားသည်။
အား!
ထိုလူမှာ နာနာကျင်ကျင်အော်ဟစ်ပြီးနောက် ဒူးလေးက မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။ ယဲ့ချန်းနှင့် ထန်ယန်အာတို့ကမူ ကူလီနန်ကားဆီသို့ ရောက်သွားလေပြီ။
ကားထဲသို့ဝင်ပြီး စက်နှိုးသည့်အချိန်အထိ လုပ်ဆောင်ချက်များမှာ ချောမွေ့လှသည်။
ယဲ့ချန်းက ကားကို အဝေးသို့မောင်းထွက်လာရာ အင်ဂျင်သံက လမ်းမတစ်လျှောက် ပဲ့တင်ထပ်နေလေတော့သည်။ ကားထဲသို့ရောက်မှသာ ထန်ယန်အာလည်း သက်မချလိုက်မိသည်။
"ယဲ့ချန်း ကျွန်မကိုကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"မင်းကိုကာကွယ်ပေးရမှာ ငါ့တာဝန်ပါ"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလျက် ပြောလိုက်၏။
ထန်ယန်အာလည်း အစောတုန်းက ယဲ့ချန်းပြောခဲ့သည့်စကားကို ရုတ်တရက်အမှတ်ရလိုက်သည်။
"ဒီလုပ်ကြံရေးသမားတွေ လာမယ်ဆိုတာ ရှင်သိထားတာလား"
ယဲ့ချန်းက ထန်ယန်အာကို တဒင်္ဂမျှ လှမ်းကြည့်ပြီးနောက် လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်၏။
"ဘယ်လိုလုပ်သိမှာလဲ။ ငါက လူသတ်ချင်နေတဲ့ အငွေ့အသက်ကို ခံစားမိရုံပါပဲ"
"လူသတ်ချင်တဲ့အငွေ့အသက်လား"
ထန်ယန်အာလည်း တဒင်္ဂမျှကြက်သေသေသွားရသည်။
မကြာခဏလူသတ်တတ်သူများတွင် လူသတ်ချင်သော အငွေ့အသက်များ ရှိတတ်ကြောင်း သူ့အမေပြောပြခဲ့ဖူးသည်။
သို့သော် ဤအရာမှာ အလွန်ဆန်းကြယ်လွန်းလှပေသည်။ သူ(မ)ကတော့ မခံစားမိပါချေ။
ယဲ့ချန်းက အမှန်စင်စစ် ကျွမ်းကျင်သူတစ်ယောက်ပင်။
မြို့ထဲတွင် ခဏမျှကားပတ်မောင်းပြီးနောက် သူတို့နောက်သို့ မည်သူမှလိုက်မလာကြောင်း သေချာတော့မှသာ ယဲ့ချန်းလည်း ထျန်းချန်ယိပင်သို့ ပြန်လာခဲ့လိုက်သည်။
"ကောင်းကောင်းနားလိုက်ဦး။ အခုလောလောဆယ်တော့ အပြင်မထွက်နဲ့"
"အင်း"
ထန်ယန်အာကလည်း နာနာခံခံခေါင်းညိတ်ပြသည်။
ယဲ့ချန်းက ဧည့်ခန်းထဲသို့သွားပြီး ယနေ့အဖြစ်အပျက်များကို ယန်လိအား ပြောပြလိုက်၏။ ထန်ယန်အာကမူ ခုတင်ပေါ်တွင် လဲလျောင်းနေပြီး သူ(မ)၏မျက်နှာလေးလေးမှာ အတန်ငယ်နီရဲနေလေသည်။
သူ(မ)၏စိတ်ထဲတွင် ဩဇာတိက္ကမကြီးမားလှသော ယဲ့ချန်း၏လုပ်ရပ်များနှင့် ပြည့်နှက်နေသည်။ ငကြောက်ဆန်သော လုယွမ်၏အပြုအမူများနှင့် နှိုင်းယှဉ်ကြည့်ပါက ယဲ့ချန်းက တကယ့်ယောက်ျားစစ်စစ်ပင်။
ပထမဆုပေါက်ထားသော ထီလက်မှတ်ကို သူ(မ) ကြည့်လိုက်သည်။
ဤသည်မှာ အမှန်တကယ်ပင် ရေစက်လေလား။
ငါ သူနဲ့တွဲသင့်လား?
ထိုအခိုက်ဝယ် ထန်ယန်အာက ဖုန်းဖွင့်လိုက်သည်။ လိုင်းတက်လိုက်သည်နှင့် သူ(မ)၏ဆရာများဂရုက သက်ဝင်လှုပ်ရှားနေသည်ကို တွေ့လိုက်ရ၏။
"ယန်အာ.. နင့်ကို ဒုတိယမျိုးဆက်လူချမ်းသာတစ်ယောက်က အပိုင်သိမ်းလိုက်ပြီလို့ ကြားတယ်နော်"
"ဟုတ်တယ်။ ကျောင်းသားတွေပြောတာတော့ အဲဒီလူကုံထံက လိုင်ကန်ပြိုင်ကားကို မောင်းတာတဲ့"
"ဒါဆို နင် အလုပ်လာစရာမလိုတော့ဘူးဆိုတဲ့ သဘောလား။ ငါတော့ နင့်ကို အရမ်းအားကျတာပဲ"
"ယန်အာ.. အဲဒီလူချောလေးနဲ့ ငါတို့ကို တစ်ရက်ရက် မိတ်ဆက်ပေးရမယ်နော်"
သူငယ်ချင်းများဂရုထဲတွင် ဆရာမငယ်လေးများနှင့် တက္ကသိုလ်တုန်းက ညီအစ်မကောင်းတချို့ပင် ပါသည်။
ထန်ယန်အာလည်း ရှက်ရဲရဲဖြင့် ပြောလိုက်သည်။
"နင်တို့က ယုံနိုင်ရဲ့လား။ ငါ ဒီနေ့ ထီဆုပထမဆုပေါက်တယ်ဆိုရင် ငါတို့က ကံပါလာလို့ပဲလို့ သူက လောင်းကြေးထပ်ခဲ့တယ်"
"ဒီတော့ နင်ထီပေါက်လား"
"နင် တကယ်ကြီးများ ထီပေါက်သွားတာများလား"
ထန်ယန်အာက ရှက်ရွံ့နေသော အီမိုဂျီလေးတစ်ခုကို ပို့လိုက်၏။
"ငါ ခဲခြစ်ထီလက်မှတ်ကို ပထမဆုရခဲ့တယ်"
"ဘုရားရေ..အဲဒီထီက ပေါက်နိုင်ခြေဆယ်သန်းပုံတစ်ပုံပဲရှိတာတဲ့။ နင်က အဲဒါကို တကယ်ပေါက်တယ်ပေါ့"
"ဒါက တကယ်ပဲ နတ်ဖက်တဲ့အချစ်ရေးများလား။ ဘယ်တီဗီဇာတ်လမ်းတွဲမှာမှ ဒါမျိုးဇာတ်လမ်းမရှိဘူး"
"အရမ်းကဗျာဆန်တာပဲ"
"ယန်အာ.. ဒါကိုတန်ဖိုးထားနော်။ ကောင်းကင်ဘုံကိုယ်တိုင်က နင်တို့နှစ်ယောက်ကို အတူရှိစေချင်နေတာ"
"ဟုတ်တယ်။ တန်ဖိုးမထားလို့ကတော့ ကောင်းကင်ဘုံက နင့်ကို အပြစ်ပေးလိမ့်မယ်"
ထိုအချိန်မှာ ဂရုထဲရှိ အစ်မကြီးတစ်ယောက်ဖြစ်သော ယွီမြောင်မြောင်က မက်ဆေ့ချ်တစ်စောင် ပို့လာသည်။
"ဒုတိယမျိုးဆက်လူကုံထံတွေက ပြောင်းလဲလွယ်တယ်တဲ့။ ယန်အာ.. နင် သူ့ကို စမ်းသပ်သင့်တယ်နော်"
"ဘယ်လိုစမ်းသပ်ရမှာလဲ"
ထန်ယန်အာက မေးလိုက်လေသည်။
ယွီမြောင်မြောင်က သူတို့ထဲတွင် တစ်ဦးတည်းသော အိမ်ထောင်သည်ဖြစ်သောကြောင့် အတွေ့အကြုံအရှိဆုံးပင်။
"ဒီနေ့ခေတ်မှာ ယောကျ်ားတော်တော်များများက နင့်အလှကို ယစ်မူးကြတာ။ ဒီတော့ သူက စိတ်ကစားတဲ့လူဟုတ်မဟုတ် ငါ့နည်းလမ်းကိုသုံးပြီး စမ်းသပ်ရမယ်။ ပြီးမှ သူနဲ့တွဲမတွဲဆိုတာကို ဆုံးဖြတ်ပေါ့"
"ဒါဆိုလည်း ကောင်းပြီလေ"
"ယန်အာ.. ဒါက နင့်ဘဝနဲ့ဆိုင်တဲ့ကိစ္စနော်။ နင် စမ်းသပ်မှဖြစ်မယ်"
"ကောင်းပြီလေ။ နင့်ဆီက သတင်းကောင်းကို ငါတို့စောင့်နေမယ်"
"နင် ခေါင်းဆောင်ရဲ့ညွှန်ကြားချက်ကို တင်းတင်းကျပ်ကျပ်လိုက်နာမှဖြစ်မယ်"
အခြားညီအစ်မများကလည်း ဝင်ပြောပြီး စနောက်ကြလေသည်။
ထန်ယန်အာခမျာ ခဏမျှတွေးတောကြည့်လိုက်သည်။ အမှန်ပင်တည်း။ သူ့ကို စမ်းသပ်ရန် လိုအပ်ပေသည်။
မည်သို့ပင်ဖြစ်စေ သူ(မ)နှင့် ယဲ့ချန်းတို့က တွေ့တာ သိပ်မကြာသေးပေ။ အကယ်၍ သူက ပွေရှုပ်သူတစ်ယောက်ဖြစ်နေလျှင် မည်သို့လုပ်မည်နည်း။
ထန်ယန်အာလည်း ဧည့်ခန်းထဲသို့သွားလိုက်လေရာ ယဲ့ချန်းက ဖုန်းကြည့်နေလေသည်။
"ဒီည ကျွန်မ ပါဆယ်မှာလိုက်မယ်။ ရှင်လည်း ကျွန်မနဲ့အတူ လာသောက်လေ"
လုပ်ကြံသတ်ဖြတ်ခံရလုနီးနီး ဖြစ်ခဲ့သောကြောင့် သူ(မ) ယနေ့ အပြင်မထွက်ရတော့မှန်း ထန်ယန်အာ ကောင်းကောင်းသိထားသည်။ ထို့ကြောင့် ယဲ့ချန်းကို အိမ်မှာတင် စမ်းသပ်ကြည့်ရတော့မည်ဖြစ်၏။
"သောက်မှာလား"
ယဲ့ချန်းက အတန်ငယ်အံ့ဩနေဟန်ဖြင့် ထန်ယန်အာ့ကို မော့ကြည့်လိုက်သည်။
"အင်း.. ဒီနေ့ ရှင် ကျွန်မကိုကယ်ခဲ့တာလေ။ ပြီးတော့ ဆုငွေတစ်သိန်းပေါက်အောင်လည်း ကူညီပေးထားတယ်။ ဒီတော့ ကျွန်မ ရှင့်ကိုကျေးဇူးတင်သင့်တာပေါ့"
ယဲ့ချန်းကမူ တဟားဟားရယ်လိုက်လေသည်။
"ကိစ္စမရှိပါဘူး"
ယနေ့ညမှာ သူ့တာဝန်ချိန်ဖြစ်၏။ အားလပ်နေသည်ဖြစ်ရာ အလှလေးနှင့်အတူ သောက်နိုင်လောက်သည်။
ဤသည်မှာ ထန်ယန်အာ၏စမ်းသပ်နည်းတစ်ခုဖြစ်ကြောင်း ယဲ့ချန်း မသိချေ။
ထန်ယန်အာက ခုတင်ပေါ်တွင် လဲလျောင်းရင်း သူ(မ)၏သူငယ်ချင်းများပေးသော ခပ်ညစ်ညစ်အကြံဉာဏ်များကို မြင်ပြီးနောက် မျက်နှာတစ်ခုလုံး နီမြန်းလာသည်။
သူတို့တွေက ငါ့ကို ဒီလိုနည်းလမ်းနဲ့တောင် စမ်းသပ်စေချင်နေကြတာပဲ။ ဘယ်လိုလုပ်ပြီး...
ထိုအဖြစ်ကို စဉ်းစားကြည့်ရုံမျှဖြင့် ထန်ယန်အာ၏မျက်နှာမှာ ထိန်းချုပ်၍မရနိုင်လောက်အောင် နီမြန်းလာသည်။
ညနေဘက်တွင် ထန်ယန်အာက ဟင်းလျာတချို့မှာယူပြီး ဝိုင်နီတစ်ပုလင်းထုတ်ကာ စသောက်လေတော့သည်။ နည်းနည်းလောက်သောက်ပြီးနောက် ထန်ယန်အာ၏မျက်နှာက နီရဲလာပြီး ယိုင်တိယိုင်တိုင်ဖြင့် လမ်းလျှောက်နေပုံမှာ အရက်ဒဏ်ကိုမခံနိုင်သဖြင့် အလွန်မူးနေဟန်ပင်။
ယဲ့ချန်းကလည်း သူ(မ)ကို အလျင်အမြန်ဖေးမပြီး ဆူပူလိုက်ချေသည်။
"ငတုံးမလေး..မသောက်နိုင်ဘဲနဲ့ ကြွားချင်နေသေးတာ"
ယဲ့ချန်း၏ခန္ဓာကိုယ်အပူချိန်ကို ခံစားမိသောအခါ ထန်ယန်အာမှာ ရှက်သွေးဖြာသွားရသည်။
ငါ ဒီလိုနည်းနဲ့ ယဲ့ချန်းကိုစမ်းသပ်တာ တကယ်အဆင်ပြေပါ့မလား?
••••••••••••••••••••