အန္တရာယ်ကျရောက်နေသော စုရှောင်ယာ
Vol. 13 Ch. 188
ယဲ့ချန်းက ထန်ယန်အာကို အခန်းထဲသို့ လိုက်ပို့ပေးလိုက်သည်။
ထန်ယန်အာက အရက်မူးချင်ယောင်ဆောင်ရင်း ယိုင်တိယိုင်တိုင်ဖြင့် ခုတင်ပေါ်သို့ လှဲချလိုက်သည်။
ထိုအခိုက်ဝယ် ထန်ယန်အာ၏ဖုန်းက ထမြည်လာသည်။
ထန်ယန်အာ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ယဲ့ချန်းက ဖုန်းကိုင်လိုက်၏။
"ယန်အာ မင်းဘယ်မှာလဲ။ ငါ မင်းရဲ့အိမ်ရှေ့မှာ။ မင်း အိမ်မှာမရှိဘူးလား"
"သြော်..ယန်အာက ကျွန်တော့်အိမ်မှာ အိပ်ပျော်နေတယ်။ တစ်ခုခုဖြစ်လို့လား"
"ဘာ.. မင်း..မင်းရဲ့အိမ်မှာလား"
လုယွမ်၏မျက်နှာထက်ရှိ အပြုံးကား ခြေရာလက်ရာမကျန်အောင် ပျောက်ကွယ်သွားသည်။
လုယွမ်အဖို့တော့ ဤသည်မှာ မျှော်လင့်မထားသော အခြေအနေပင်။
နှစ်ပေါင်းများစွာအတွင်း ထန်ယန်အာက သူ့အိမ်ကိုပင် လုံးဝမရောက်ဖူးပေ။ ယခုမူ ဤမိန်းကလေးက ယဲ့ချန်း၏အိမ်သို့ ရောက်နေချေသည်။
အရေးအကြီးဆုံးမှာ ထိုနေရာတွင် အိပ်နေခြင်းပင်။
လုယွမ်မှာ ဒေါသအလိပ်လိုက်ထွက်လာလေသည်။
"လူယုတ်မာ.. မင်း ယန်အာ့ကို ဘာလုပ်လိုက်တာလဲ"
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"ခင်ဗျားတွေးကြည့်လို့ရသမျှအရာတိုင်းကို ကျွန်တော်လုပ်ခဲ့တာပဲ"
ယဲ့ချန်းက ထိုသို့ပြောပြီးနောက် ဖုန်းချပစ်လိုက်သည်။
လုယွမ်ခမျာ ဒေါသထွက်ရလွန်းသောကြောင့် ဖုန်းကို ကြမ်းပြင်ပေါ်သို့ ဆောင့်ချလိုက်သဖြင့် တစ်စစီကြေမွသွားသည်။
လုယွမ်မှာ လှည့်စားခံလိုက်ရပြီး လက်သည်တရားခံကလည်း တက္ကစီဒရိုင်ဘာတစ်ယောက် ဖြစ်နေချေသည်။
နေ့လယ်တုန်းက အဖြစ်အပျက်ကို ပြန်တွေးမိချိန်မှာ လုယွမ် ပိုပိုပြီးနောင်တရမိသည်။
ထိုအချိန်တုန်းက သူ ရှေ့တိုးခဲ့သင့်ပါသော်ငြား စားပွဲအောက်တွင် ဘာကြောင့်ဝင်ပုန်းခဲ့မိလေသလဲ။
အစတုန်းကတော့ လုယွမ်လည်း နောက်မှ ထန်ယန်အာကို ရှင်းပြလိုက်မည်ဟု စီစဉ်ထားသော်ငြား ထန်ယန်အာက ယဲ့ချန်းအိမ်တွင် လိုက်အိပ်လိမ့်မည်ဟု လုံးဝထင်မထားပေ။
ယဲ့ချန်း၏ပြောပုံအရ အရာအားလုံးကို လုပ်ပြီးသွားဟန်ပင်။ သူ့အနေနှင့် ထိုအဖြစ်ကို မြင်ယောင်ကြည့်၍ရသည်။
ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက်က အခန်းထဲတွင် နှစ်ယောက်တည်းရှိနေသည်ဖြစ်ရာ တခြားဘာများလုပ်နိုင်မည်နည်း။
လုယွမ်တစ်ယောက် ဒေါသကြောင့် ရူးသွပ်သွားတော့မတတ်ပင်။
နောက်တစ်နေ့မနက်၌..
ထန်ယန်အာ အိပ်ရာနိုးလာသည်။
တကယ်တမ်းတွင် မနေ့ညတုန်းက ယဲ့ချန်းနှင့် လုယွမ်တို့ ဖုန်းပြောနေစဉ်က သူ(မ) အကုန်ကြားလိုက်သည်။
သို့သော် တမင်တကာ အိပ်ချင်ယောင်ဆောင်နေခဲ့သည်။
သူ(မ)အတွက်တော့ လုယွမ်က အစ်ကိုကြီးတစ်ယောက်သာဖြစ်ပြီး ဘာခံစားချက်မှ မရှိပေ။
လုယွမ် သူ(မ)အပေါ် ဘယ်လိုတွေးသလဲဆိုသည်ကို သူ(မ) ကောင်းကောင်းသိသည်။ သို့သော် တမင်တကာ အကွာအဝေးတစ်ခု ခြားထားခဲ့သည်။
တဲ့တိုးဆန်လှသော ယဲ့ချန်း၏စကားများက သူ(မ)အတွက် ကောင်းမွန်ပေသည်။
သူ(မ) ဖုန်းဖွင့်လိုက်သောအခါ လုယွမ်က ဝေ့ရွှင်းတွင် မက်ဆေ့ချ်တစ်သီတစ်သန်းကြီး ပို့ထားသည်ကို မြင်လိုက်ရ၏။
"ယန်အာ.. မင်း ဘယ်လိုတောင်လုပ်ရက်ရတာလဲ"
"မင်းက ကိုယ်နဲ့မထိုက်တန်ဘူးလား"
"အဲဒီဆန်ကုန်မြေလေးကို ဘယ်လိုလုပ်ပြီးတွဲရတာလဲ"
"မင်းကို ကိုယ်တကယ်စိတ်ပျက်မိတယ်..."
ဤမက်ဆေ့ချ်များကို မြင်သောအခါ ထန်ယန်အာလည်း အနည်းငယ်စိတ်ဓာတ်ကျသွားရသည်။
မနေ့တုန်းက အန္တရာယ်များတဲ့ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတုန်းက ကျွန်မကို ဓားသွားအောက် တွန်းပို့ခဲ့တယ်လေ.. အဲဒါကိုထားဦး... အနည်းဆုံးတော့ ကျွန်မရဲ့လုံခြုံရေးကို စိတ်ပူသင့်တယ်မဟုတ်လား...
ဤမက်ဆေ့ချ်အားလုံးမှာ စွပ်စွဲစကားများဖြစ်၏။ မသိလျှင် ထန်ယန်အာက သူ့အပေါ် အမှားတစ်ခုခုလုပ်ထားသည့်အလားပင်။
မနေ့တုန်းက ယဲ့ချန်းနှင့် သူ(မ)ကြားတွင် ဘာမှမဖြစ်ခဲ့သည်ကို မဆိုထားနှင့်။ အကယ်၍ ဖြစ်ခဲ့သည်ဆိုလျှင်ပင် ဘာဖြစ်သေးသလဲ။
လုယွမ်က သူ(မ)အတွက် ဘာမို့လို့လဲ။
ခဏမျှတွေးကြည့်ပြီးနောက် ထန်ယန်အာလည်း လုယွမ်ကို ဘလော့ပစ်လိုက်လေတော့သည်။
အခြားဂရုထဲတွင်မူ သူ့သူငယ်ချင်းများက စိတ်လှုပ်ရှားစွာဖြင့် အတင်းတုတ်နေကြသည်။
"မနေ့တုန်းက ယန်အာ ဘာတွေဖြစ်ခဲ့တာလဲ။ ဘာလို့ လိုင်းမတက်တာပါလိမ့်"
"သူတို့တွေ အတုအယောင်ကနေ လက်တွေ့အကောင်အထည်ဖော်လိုက်ကြတာများလား"
"ယန်အာ မြန်မြန်ထွက်ခဲ့"
.....
ထန်ယန်အာခမျာ ဆွံ့အသွားရသည်။ သူတို့က အမှန်တကယ်ဆိုးဝါးလှသော သူငယ်ချင်းများပင်။
"မနေ့တုန်းက ငါ အရက်အများကြီးသောက်လိုက်တာ။ သူက ငါ့ကို အခန်းထဲချီသွားပြီး ခုတင်ပေါ်ကို တင်ပေးတယ်။ ပြီးတော့ စောင်ခြံပေးပြီး.."
"ဘာဆက်ဖြစ်သွားလဲ"
ထိုမိန်းကလေးတစ်သိုက်က အဆောတလျင် မေးလိုက်လေသည်။
"ဘာမှဆက်မဖြစ်ဘူး။ သူက ဒီအတိုင်းလှည့်ပြန်သွားတာ"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ဒီလောက်ကောင်းတဲ့ယောကျ်ားတစ်ယောက်က ကမ္ဘာပေါ်မှာ ရှိသေးလို့လား"
"ယန်အာ.. ဒီတစ်ခါတော့ နင် တကယ့်ရတနာတစ်ပါးကို ရှာတွေ့လိုက်တာပဲ"
…
သူ့သူငယ်ချင်းများ၏ စကားကို ကြားသောအခါ ထန်ယန်အာ အလွန်ပျော်သွားသည်။
ထန်ယန်အာ အဆင်ပြေနေသည်ကိုမြင်လိုက်ရသဖြင့် ယဲ့ချန်းလည်း ပြုံးနိုင်သွားသည်။
"မနေ့တုန်းက မင်း တအားမူးနေလို့ ငါ မင်းကို အခန်းထဲကို သယ်ပို့ပေးခဲ့ရတာ။ အခု အဆင်ပြေရဲ့လား"
တကယ်တမ်းတွင် ထန်ယန်အာ၏အကြံအစည်လေးကို ယဲ့ချန်း ရိပ်စားမိပြီးသားပင်။
မင်းက သရုပ်ဆောင်နေမှတော့ ငါလည်း သရုပ်ဆောင်ရတာပေါ့…
မည်သို့ပင်ဖြစ်စေ သူ့တွင် နတ်ဘုရားအဆင့်သရုပ်ဆောင်စွမ်းရည် ရှိသောကြောင့် သူ့ကို မည်သူမှမကျောနိုင်ချေ။
ထန်ယန်အာက ရှက်သွေးဖြာ၍ ဆိုလာလေသည်။
"ယဲ့ချန်း ကျေးဇူးအများကြီးတင်ပါတယ်"
"ကိစ္စမရှိပါဘူး"
ထိုအခိုက်မှာပင် ယဲ့ချန်း၏ဖုန်းက အသံမြည်လာသည်။
ယဲ့ချန်းက ဖုန်းကို တစ်ချက်ကြည့်ပြီးနောက် ချက်ချင်းမျက်မှောင်ကြုတ်လိုက်မိသည်။ ၎င်းမှာ စုရှောင်ယာထံမှ မက်ဆေ့ချ်တစ်စောင်ဖြစ်ပြီး "ကျွန်မကိုကယ်ပါဦး"ဟုသာ ရေးထားသည်။
ယဲ့ချန်း၏မျက်နှာကား ပျက်ယွင်းသွားရလေသည်။ ထို့ကြောင့် တံခါးနားရှိ ချင်းလန်ကို အမြန်ပြောလိုက်၏။
"မိန်းကလေးယန်အာကို မင်းလက်ထဲ အပ်ခဲ့ဦးမယ်။ ငါ လုပ်စရာတစ်ခုရှိလို့ သွားလိုက်ဦးမယ်"
ယဲ့ချန်းက လမ်းလျှောက်ရင်း ဂျီပီအက်စ်ဆော့ဖ်ဝဲကို ဖွင့်လိုက်သည်။
ကံကောင်းချင်တော့ ယဲ့ချန်းက သူနှင့်ရင်းနှီးသော အမျိုးသမီးများ၏ဖုန်းထဲတွင် ဂျီပီအက်စ်ဆော့ဖ်ဝဲလ်ကို ထည့်သွင်းထားခဲ့သည့်အတွက် စုရှောင်ယာ၏တည်နေရာကို ချက်ချင်းရှာဖွေနိုင်ခဲ့သည်။
"အီလူးရှင်းနိုက်ကလပ်လား"
ယဲ့ချန်းက ထိုလိပ်စာကိုကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်လေသည်။ ထို့နောက် နိုက်ကလပ်သို့ တန်းတန်းမတ်မတ်မောင်းသွားလိုက်သည်။
ကားထဲမှထွက်ပြီးနောက်တွင်မူ နိုက်ကလပ်ထဲသို့ ဒုန်းစိုင်းဝင်ရောက်သွားသည်။
"ဟေး လူကြီးမင်း.. ကျွန်တော်တို့က နေ့ခင်းဘက်ကြီး မဖွင့်ပါဘူး"
"လစ်စမ်း"
ယဲ့ချန်းက လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် လုံခြုံရေးနှစ်ယောက်လည်း လွင့်ထွက်သွားချေသည်။ ထို့နောက် ဒုတိယထပ်သို့ အမြန်တက်သွားလိုက်၏။
ထိုအချိ်နတွင် သီးသန့်ခန်းတစ်ခုထဲ၌ ခေါင်းတုံးပြောင်ပြောင် အမျိုးသားတစ်ယောက်က တုန်ယင်နေသော စုရှောင်ယာကို စနောက်နေသည်။
"ဒီစော်လေးက မဆိုးဘူးပဲ။ လောင်စု.. မင်းမှာ သမီးကောင်းလေးတစ်ယောက် ရှိတာပဲ"
"ဟားဟား အစ်ကိုပေါင်… ကျွန်တော့်လောင်းကစားအကြွေးကို ဆပ်ဖို့အတွက် ကျွန်တော့်သမီးကို ခင်ဗျားဆီမှာ ထားခဲ့လိုက်တော့မယ်နော်။ ဘယ်လိုလဲ"
"စုချန့်..လူယုတ်မာ ကျွန်မက ရှင့်သမီးလေ.. ရှင်က ကျွန်မကို နိုက်ကလပ်မှာ ရောင်းစားမလို့လား"
"ဟားဟား.. ငါက မင်းကိုမွေးခဲ့ရတာ။ ဒီအရွယ်အထိရောက်အောင်လည်း ပြုစုပျိုးထောင်ပေးခဲ့တယ်။ ဒီတော့ မင်း ငါ့ကို ကျေးဇူးပြန်ဆပ်ရမှာပေါ့"
"ကျွန်မကိုလွှတ်"
စုရှောင်ယာက ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားနေပါသော်ငြား လူထွားကြီးနှစ်ယောက်က သူ(မ)ကို ချုပ်ထားသဖြင့် မလှုပ်နိုင်ပေ။
အစ်ကိုပေါင်က စုရှောင်ယာကို မသတီစရာကောင်းသောအကြည့်ဖြင့် ကြည့်နေသည်။
"ဟားဟား.. ဧည့်သည်တွေကို ဘယ်လိုပြုစုရမလဲဆိုတာ ငါ မင်းကိုသင်ပေးမယ်။ သူ့ကို ပထမဆုံးသင်ခန်းစာလေး ပေးလိုက်"
စုချန့်ကလည်း မြှောက်ပင့်ခယလိုက်သည်။
"အစ်ကိုပေါင်.. ခင်ဗျား သူ့ကို စိတ်ကြိုက်သင်ပေးလို့ရပါတယ်။ ဪ.. လောင်းကစားထပ်လုပ်ပြီး အနိုင်ယူဖို့အတွက် ခင်ဗျား ကျုပ်ကို နောက်ထပ်တစ်သိန်းလောက်ချေးပေးနိုင်မလား"
ဘန်း!
ထိုအချိန်မှာပင် သီးသန့်ခန်းတံခါးက ကန်ဖွင့်ခံလိုက်ရပြီးနောက် လူငယ်လေးတစ်ယောက်က အထဲသို့ ပြေးဝင်လာသည်။
အခန်းထဲကို ဝေ့ဝဲကြည့်ရှုလိုက်ချိန်မှာ ယဲ့ချန်း၏အကြည့်ကား အေးစက်နေချေသည်။
စုရှောင်ယာ အန္တရာယ်ကင်းကြောင်း မြင်လိုက်ရသောအခါမှသာ သူလည်း စိတ်သက်သာရာရဟန် သက်ပြင်းချမိတော့သည်။
စုရှောင်ယာခမျာလည်း ကယ်တင်ရှင်တစ်ယောက်ကို မြင်လိုက်ရသည့်အလားပင်။
"အစ်ကိုချန်း..ကျွန်မကိုကယ်ပါဦး"
"လူယုတ်မာတွေ"
သူ့အပိုင်အမျိုးသမီးကို ဤနေရာတွင် ချည်တုပ်ထားတာကိုမြင်သော် ယဲ့ချန်း ချက်ချင်းဆိုသလို ဒေါသထွက်သွားသည်။
စုချန့်ကတော့ ယဲ့ချန်းကိုမြင်လိုက်ရသောအခါ ကြက်သေသေသွားသည်။
"ချာတိတ် မင်းက ဘယ်သူမို့လို့လဲ။ ငါ့သမီးက ငါ့အကြွေးကိုဆပ်ပေးတာ မင်းနဲ့ဘာဆိုင်လို့လဲ"
ယဲ့ချန်းသည် စုရှောင်ယာထံမှတစ်ဆင့် လောင်းကစားစွဲနေသော အဖေတစ်ယောက်ရှိကြောင်း ကြားထားပြီးဖြစ်၏။ သို့သော် သူ(မ)၏အဖေက ကိုယ့်သမီးကို ပြန်ရောင်းစားရလောက်သည်အထိ ဆိုးဝါးလိမ့်မည်ဟု သူ လုံးဝထင်မထားပေ။
အစ်ကိုပြောင်က ပျော်ပါးတော့မည့်ဆဲဆဲ တစ်စုံတစ်ယောက်က ကြားဝင်ဖြတ်နေသည်ကို မြင်လိုက်ရသောအခါ ဒေါသူပုန်ထသွားသည်။
သို့သော် ယဲ့ချန်းကို မြင်လိုက်ရချိန်မှာ သူ့အမူအရာလည်း အနည်းငယ်ပြောင်းလဲသွားသည်။
"မစ္စတာယဲ့?"
အစ်ကိုပေါင်က မိုတုစီးပွားရေးလမ်းမထက်တွင် မကြာခဏသွားလာတတ်လေ့ရှိသောကြောင့် ဒိတ်ဒိတ်ကြဲသူဌေးယဲ့ချန်းအကြောင်း ကြားထားသည်။
ထို့ပြင် တစ်ခါတုန်းက ယဲ့ချန်း၏မျက်နှာကို သူ မြင်ခွင့်ရခဲ့သည်။ ယဲ့ချန်းနှင့်ပတ်သက်သည့် အကြောင်းအရာများစွာကိုလည်း ကြားဖူးထားသည်ဖြစ်ရာ ယနေ့ ယဲ့ချန်းက ဒုန်းစိုင်းဝင်ရောက်လာသည်ကို မြင်လိုက်ရချိန်ဝယ် ချက်ချင်းထိတ်လန့်သွားခဲ့သည်။
"ခင်ဗျားက ကျုပ်ကိုသိတာလား"
ယဲ့ချန်း အေးတိအေးစက်မေးခွန်းထုတ်လိုက်သည်။
ဒုန်း..
အစ်ကိုပေါင်ခမျာ ယဲ့ချန်းရှေ့တွင် ဒူးထောက်ချလိုက်သည်။
"မစ္စတာယဲ့.. ဒီမိန်းကလေးက ခင်ဗျားမိတ်ဆွေမှန်း ကျွန်တော်မသိလို့ပါ။ စုချန့်က ကျွန်တော်တို့ဆီမှာ အကြွေးတင်နေတာလေ။ အဲဒါကြောင့် သူ့အကြွေးတွေကိုဆပ်ဖို့ သူ့သမီးကို အသုံးချခဲ့တာပါ"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"သူ အကြွေးဘယ်လောက်တင်နေတာလဲ"
အစ်ကိုပေါင်က အကျည်းတန်လှသော အမူအရာဖြင့် ဆိုလာလေသည်။
"အတိုးမပါဘူးဆိုရင် တစ်သိန်းပါ"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်ပြန်သည်။
"သူ့အကြွေးကို ကျုပ်ဆပ်ပေးမယ်။ လူကိုတော့ ကျုပ်ပဲ ခေါ်သွားလိုက်မယ်"
"ဟင့်အင်း..အကြွေးဆပ်ဖို့မလိုပါဘူး။ လူကိုသာ ခေါ်သွားလိုက်ပါ"
အစ်ကိုပေါင်ခမျာ သေမတတ်ကြောက်လန့်နေသည်။
သူသာ ယဲ့ချန်းကို အပြစ်ပြုမိပါက မိုတုမြို့ထဲတွင် လူရာဝင်ဆံ့တော့မည်မဟုတ်။ ယဲ့ချန်းက ခေါင်းညိတ်ပြပြီးနောက် စုရှောင်ယာထံသို့ လျှောက်သွားလေသည်။
"ရှောင်ယာ သွားရအောင်"
တံခါးနားသို့ ရောက်သောအခါ ယဲ့ချန်းက ရုတ်တရက်ရပ်တန့်လိုက်ပြီးနောက် စုချန့်ကို အေးတိအေးစက်မျက်ဝန်းများဖြင့် ကြည့်လိုက်၏။
••••••••••••••••••••