လူသတ်ချင်သောအရိပ်အယောင်
Vol. 13 Ch. 189
ယဲ့ချန်းက စုချန့်ကို အေးတိအေးစက်စိုက်ကြည့်လိုက်၏။
"ဒီနေ့ကပြီး ခင်ဗျား ရှောင်ယာ့ဘဝထဲကနေ ချက်ချင်းပျောက်ကွယ်သွားလိုက်တော့။ အခုကစပြီး ရှောင်ယာနဲ့ခင်ဗျားက သားအဖတွေမဟုတ်တော့ဘူး။ ခင်ဗျား ရှောင်ယာ့ကို ထပ်လာရှာရဲတယ်ဆိုရင် ဘာဆက်ဖြစ်မလဲဆိုတာ သိပါတယ်"
အခြားလူတစ်ယောက်သာဆိုလျှင် ယဲ့ချန်းလည်း ကိစ္စရှင်းပြီးနေလောက်ပြီဖြစ်၏။ သို့သော် စုချန့်က စုရှောင်ယာ၏အဖေအရင်းဖြစ်နေပေသည်။
အစ်ကိုပေါင်ခမျာ လေအေးတစ်ရှိုက်ကို ရှူသွင်းလိုက်ရသည်။
"စုချန့် လူယုတ်မာ.. မင်းကြောင့် ငါ အသတ်ခံရတော့မလို့။ မစ္စတာယဲ့က ဘယ်သူလဲဆိုတာ သိလား"
စုချန့်၏မျက်နှာကား အလွန်ပျက်ယွင်းသွားလေသည်။
အစတုန်းကတော့ သူ့အကြွေးများကို ပြန်ဆပ်ပြီး ပိုက်ဆံရှာရန်အတွက် သူ့သမီးကို အသုံးချချင်ခဲ့သည်။ သို့သော် ယခုမူ တစ်ခုတည်းသော သူ့ဝင်ငွေအရင်းအမြစ်ကို ဆုံးရှုံးလိုက်ရလေပြီ။
ယဲ့ချန်းကလည်း စုရှောင်ယာကို ကားထဲသို့ခေါ်သွားလိုက်သည်။ ထိုအချိန်မှာပင် ဖုန်းမြည်သံက ရုတ်တရက်ထွက်ပေါ်လာသည်။
ဖုန်းခေါ်ဆိုသူကား ချင်းလန်ပင်။
"ခေါင်းဆောင်ယဲ့..ကျွန်မတို့က အထက်က အမိန့်ရထားတယ်။ မိန်းကလေးထန်ကို မစ္စတာထန်နဲ့တွေ့ဖို့ ခေါ်သွားရမယ်တဲ့"
"ဘာ? ဘယ်သူက အမိန့်ပေးတာလဲ။ အချိန်ကောင်းမဟုတ်သေးဘူးလို့ ငါပြောထားတာမလား"
"တောင်းပန်ပါတယ် မစ္စတာယဲ့.. အမိန့်က ကျွန်မရဲ့အထက်လူကြီးဆီက လာတာမို့လို့ ကျွန်မလည်း နာခံမှဖြစ်မယ်"
"သေစမ်း"
ဖုန်းခေါ်ဆိုမှုကား ပြတ်တောက်သွားလေပြီ။ ယဲ့ချန်း၏မျက်နှာမှာ မသာမယာဖြစ်နေသည်။ ထို့နောက် လီဗာကိုဖိနင်း၍ မယ်ရီယော့ဟိုတယ်သို့ မောင်းသွားလိုက်တော့သည်။ ဟိုတယ်ဝင်ပေါက်တွင် ထန်ဟွားက စိတ်လှုပ်ရှားနေဟန်ဖြင့် မတ်တတ်ရပ်နေသည်။
"မစ္စတာထန်.. ကျေးဇူးပြုပြီး ရှင့်အခန်းကို ပြန်သွားလိုက်ပါ။ မိန်းကလေးထန်ရောက်လာတာနဲ့ ကျွန်မ ရှင့်ဆီကို ခေါ်လာခဲ့ပါ့မယ်"
ယန်လိက အကြံပေးလိုက်လေသည်။
"မဖြစ်ဘူး။ မဖြစ်ဘူး။ ငါ ထပ်မစောင့်နိုင်တော့ဘူး။ သမီးကိုမတွေ့ရတာကြာနေတဲ့ အဖေတစ်ယောက်ရဲ့ခံစားချက်ကို မင်းနားမလည်ပါဘူး"
ထန်ဟွားက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
ယန်လိလည်း မျက်မှောင်ကြုတ်ပြီး သူ့ဘေးရှိ လူငယ်လေးကို ကြည့်လိုက်မိသည်။
"ခေါင်းဆောင်ချန်း..ယဲ့ချန်းက ဒီလူကြီးမင်းနဲ့ မိန်းကလေးကို လောလောဆယ်တွေ့ခွင့်မပေးသေးနဲ့ဦးလို့ ပြောထားတယ်လေ။ ကျွန်မတို့ ဘာလို့ ဒီလိုလုပ်ရတာလဲ"
ချန်းချောင်က အေးတိအေးစက်သရော်လိုက်သည်။
"ယဲ့ချန်း ယဲ့ချန်း.. သူက ဝါနုပါသေးတယ်။ ယန်လိ ငါ နားမလည်နိုင်တော့ဘူး။ ငါတို့က တိုက်ပွဲပေါင်းများစွာ အတူနွှဲလာကြတဲ့လူတွေပါ။ ငါတို့ရဲ့အတွေ့အကြုံက အဲဒီချာတိတ်ထက် ပိုသာတယ်မလား"
"ဒါပေမဲ့…"
"ဘာဒါပေမဲ့မှမရှိဘူး။ ငါ့ကို ဒီနေရာမှာ တာဝန်ပေးထားတဲ့အတွက် အခု ငါပဲ အမိန့်ပေးမယ်"
ယန်လိက မျက်မှောင်ကြုတ်၍ ဘာစကားမှမပြောပေ။ ထန်ဟွားက အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက်လုပ်ရင်း အပြင်ဘက်သို့ ဆက်တိုက်လှမ်းကြည့်နေသည်။
"မစ္စတာထန်.. စိတ်မပူပါနဲ့။ မိန်းကလေးက မကြာခင် ဒီကိုရောက်လာတော့မှာပါ"
ချန်းချောင်က ပြုံးလျက် ပြောလိုက်လေသည်။
"အင်း..မင်းက အဲဒီကလေးယဲ့ချန်းထက်ပိုပြီး လုပ်ရဲကိုင်ရဲရှိတယ်။ အဲဒီကောင်စုတ်လေးက ငါ့သမီးကိုရှာတွေ့တာတောင် ငါ့ဆီကိုခေါ်မလာဘူး။ ငါ့သမီးကို ငါဘယ်လောက်တွေ့ချင်နေလဲဆိုတာ သူမသိဘူးလား"
ချန်းချောင်က ခပ်ဖွဖွပြုံးလိုက်လေသည်။
"ကျွန်တော်တို့လုပ်ငန်းမှာ အမှားအယွင်းဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပေးပါ မစ္စတာထန်"
ထိုအချိန်မှာပင် ယန်လိ၏ဖုန်းက အသံမြည်လာသည်။
"ယန်လိ မစ္စတာထန်က အခု ဘယ်မှာလဲ"
ယဲ့ချန်းက ဖုန်းတစ်ဖက်မှ စိုးရိမ်တကြီးမေးလိုက်လေသည်။
"သူက ဟိုတယ်ဝင်ပေါက်မှာ သူ့သမီးကိုစောင့်နေတယ်"
"ပေါက်ကရတွေကွာ။ သွေးအရိပ်အဖွဲ့က ဟိုတယ်အပြင်မှာရှိနေတာလေ။ မင်းက မစ္စတာထန်ကို ဘယ်လိုလုပ်ပြီး ဝင်ပေါက်မှာ ရပ်ခိုင်းထားရတာလဲ"
"ဒါပေမဲ့.."
ထိုအခိုက်မှာပင် ချန်းချောင်က ဖုန်းကို ဆွဲယူသွားသည်။
"မစ္စတာယဲ့.. ကျွန်တော်က ဒီစစ်ဆင်ရေးရဲ့ခေါင်းဆောင်အရာရှိပါ။ ကျွန်တော့်လိုပဲ ခင်ဗျားမှာလည်း တူညီတဲ့အခွင့်အာဏာရှိတယ်ဆိုတာ သိပါတယ်။ အခု ခင်ဗျားက ဒီမှာမရှိဘူးဆိုတော့ စစ်ဆင်ရေးတစ်ခုလုံးကို ကျွန်တော်ပဲ တာဝန်ယူလိုက်မယ်။ စိတ်မပူပါနဲ့။ ကျွန်တော် ဒီမှာရှိနေသရွေ့ မစ္စတာထန် ဘာမှမဖြစ်စေရပါဘူး"
တီ!
ဖုန်းကျသွားလေပြီ။
"လူယုတ်မာ"
ယဲ့ချန်းလည်း ဒေါသတကြီး ပေါက်ကွဲလေတော့သည်။
သူ့အစီအစဉ်တွေကို ဖျက်ဆီးပစ်မဲ့ ဒီချန်းမျိုးရိုးက ဘယ်က ရောက်လာတာလဲ။
ယဲ့ချန်း မလှုပ်ရှားရသေးသည့် အကြောင်းအရင်းမှာ နှစ်ဖက်စလုံးက လိပ်ခဲတည်းလည်းအခြေအနေသို့ ဆိုက်ရောက်နေသောကြောင့်ပင်။ အရင်စလှုပ်ရှားသူက အားနည်းချက်ကို ထုတ်ပြမိမည်သာ။
ထိုအချိန်မှာပင် ထန်ယန်အာ၏ကားက မြင်ကွင်းထဲသို့ ရောက်ချလာသည်။ ထန်ဟွားလည်း အလွန်စိတ်လှုပ်ရှားသွားပြီး လက်များပင် တုန်ယင်လာသည်။
သူ ဟွားနိုင်ငံထဲက ထွက်ခွာခဲ့စဉ်က ထန်ယန်အာမှာ တစ်လသားအရွယ်လေးသာ ရှိသေးသည်။ ယခုမူ အပျိုလေးပင် ဖြစ်နေချေပြီ။
ထန်ဟွားမှာ ထန်ယန်အာ၏ဓာတ်ပုံကို မြင်ထားပြီးပြီဆိုသော်ငြား စိတ်လှုပ်ရှားမှုကိုတော့ ထိန်းချုပ်မထားနိုင်ပေ။
ထန်ဟွားက အပြင်ထွက်လိုက်ချင်ပါသော်ငြား ယန်လိက သူ့ကိုတားလိုက်သည်။
"မစ္စတာထန်.. ရှင် ဟိုတယ်ထဲက ထွက်လို့မရပါဘူး"
"ကောင်းပါပြီ။ ကောင်းပါပြီ။ ငါ ဒီမှာပဲ စောင့်နေပါ့မယ်"
ဆန့်ကျင်ဘက်ဟိုတယ်ရှိ ခေါင်မိုးထပ်တွင် အေးစက်စက်အကြည့်တစ်ချက်က ဤဟိုတယ်ရှိရာဆိသို့ ကျရောက်နေသည်။
"ဘော့စ်.. ဟိုလူယုတ်မာကြီးထန်ဟွားက အခုထိ ထွက်မလာသေးပါဘူး"
လူငယ်လေးတစ်ယောက်က တင်ပြလိုက်၏။
ချင်းရှန်လည်း ခဏမျှတွေးတောချိန်ဆပြီးနောက် အမိန့်ပေးလိုက်၏။
"ထန်ယန်အာ ကားထဲကဆင်းတာနဲ့ သူ့ခေါင်းကို ပစ်လိုက်"
"ဟုတ်ကဲ့"
ထိုလူငယ်လေးက ဖုန်းချလိုက်ပြီးနောက် နှုတ်ခမ်းထက်တွင် အေးစက်စက်အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။
သူ့လက်ထဲတွင် အထူးပြုလုပ်ထားသော ဒူးလေးတစ်လက်ရှိပြီး ပစ်ကွင်းကလည်း မီတာလေးရာရှိကာ လူသားခန္ဓာကိုယ်ကို ထုတ်ချင်းပေါက်ပစ်ခွင်းနိုင်သည်။
ထိုလူငယ်လေးက မျက်လုံးတစ်ဖက်မှေး၍ ချဉ်းကပ်လာသော မာစီးတီးကားကို ချိန်ရွယ်ထားလိုက်သည်။
မာစီးတီးကားက ဟိုတယ်ဝင်ပေါက်တွင် ရပ်တန့်လိုက်ပြီးနောက် ချင်းလန်က အရင်ထွက်လာပြီးနောက် ကားတံခါးကို ဖွင့်ပေးလိုက်သည်။
ထန်ယန်အာ ကားထဲက ဆင်းလိုက်ချိန်မှာ ခေါင်မိုးပေါ်ရှိ ထိုလူကလည်း ခလုတ်ကိုနှိပ်ချလိုက်လေတော့သ်ည။
အေးစက်သော အလင်းတန်းတစ်ခုက ခေါင်မိုးထပ်မှ ဖြတ်သန်းလာခဲ့သည်။
ချင်းလန်က သူ(မ)၏အနောက်ရှိ အေးစက်စက်အလင်းရောင်တစ်ခုကို သတိထားမိလိုက်သဖြင့် ပရော်ဖက်ရှင်နယ်ဆန်သော အလိုလိုတုံ့ပြန်မှုမျိုးဖြင့် တစ်ဖက်သို့အမြန်လှည့်ကာ ထန်ယန်အာကို သူ(မ)အနောက်သို့ပို့၍ ကာထားပေးလိုက်သည်။
ဒုတ်!
ဒူးလေးမြားက ချင်းလန်၏ပခုံးကို ထုတ်ချင်းဖောက်သွားလေသည်။ ပြင်းထန်လှသော နာကျင်မှုကြောင့် ချင်းလန်၏ခန္ဓာကိုယ်မှာ ကူကယ်ရာမဲ့နေလေသည်။ ထိုအချိန်မှာပင် ဒုတိယမြောက်မြားချက်က သူတို့ထံသို့ ဦးတည်လာသည်။ ချင်းလန် ထိသွားကြောင်း မြင်လိုက်ရသဖြင့် ထန်ယန်အာလည်း ခေါင်းအမြန်ရှောင်လိုက်သည်။
ဝှစ်!
ဒုတိယမြောက်မြားချက်ကား သူ(မ)၏လည်ပင်းနားက ဖြတ်သန်းသွားသည်။
သို့တိုင် မြားက သူ(မ)၏လည်ပင်းကို အနည်းငယ်ခြစ်မိသွားသောကြောင့် ပူလောင်သွားသလို ခံစားလိုက်ရသည်။
ထိုအခိုက်ဝယ် ချင်းလန်က အရာအားလုံးကို ဘေးဖယ်ထားပြီး ထန်ယန်အာကို ကားထဲသို့ တွန်းပို့လိုက်သည်။ ယန်လိ၏အမူအရာမှာ ပြောင်းလဲသွားလေသည်။
"တစ်ခုခုဖြစ်နေပြီ"
ချန်းချောင်လည်း သူ့ရှေ့ရှိ မြင်ကွင်းကြောင့် ကြက်သေသေသွားလေသည်။ သူ့သမီး ဒဏ်ရာရသွားသည်ကို မြင်သောအခါ ထန်ဟွားလည်း အလိုအလျောက်ပြေးသွားလိုက်၏။
ခေါင်မိုးထပ်ရှိ အနက်ရောင်သိမ်းငှက်ကတော့ ယုတ်မာရက်စက်လေဟန် အပြုံးတစ်ပွင့်ကို ဆင်မြန်းလိုက်၏။
ထင်ထားတဲ့အတိုင်း ဘော့စ်ပြောတာမှန်သားပဲ…
သမီးဖြစ်သူ ဒဏ်ရာရသွားချိန်မှာ အဘိုးကြီးကလည်း တကယ်ပြေးထွက်လာခဲ့သည်။
တကယ်တမ်းတွင် ချင်းရှန်က သွေးအရိပ်အဖွဲ့အစည်းအား ထန်ယန်အာကို လုပ်ကြံခိုင်းရသည့် အကြောင်းပြချက်မှာ ထန်ဟွားထွက်လာအောင် မျှားခေါ်ချင်သောကြောင့်ပင်။
"အဘိုးကြီး.. နောက်ဆုံးတော့ ခင်ဗျားကိုယ်တိုင် ထွက်လာပြီပဲ။ သေပေတော့"
ယခုအချိန်တွင် သူတို့၏တာဝန်မှာ ထန်ဟွားကိုလုပ်ကြံရန်ပင်။ ထန်ဟွားသေသွားသည်နှင့် သူတို့၏မစ်ရှင်လည်း ပြီးမြောက်ပြီဖြစ်၏။
သို့သော် ခလုတ်ဆွဲတော့မည်အချိန်မှာပင် ပုံရိပ်တစ်ခုက သူ့နောက်သို့ တိတ်တဆိတ်ပေါ်ပေါက်လာသည်။
ဝှစ်!
ဟိုတယ်ကိုရောက်ရန် နောက်ကျနေပြီဖြစ်ကြောင်း ယဲ့ချန်း ကောင်းကောင်းသိသည်။ ထို့ကြောင့် ရန်သူများ ပုန်းအောင်းနေမည့်ဟိုတယ်သို့ လာခဲ့လိုက်ခြင်းပင်။
စနစ်၏တည်နေရာပြလုပ်ဆောင်ချက်ကြောင့် လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့၏ တည်နေရာကို ချက်ချင်းရှာဖွေနိုင်ခဲ့သော်ငြား အနည်းငယ်နောက်ကျသွားဆဲသာ။
သွေးအရိပ်အဖွဲ့သားတစ်ယောက်က ခလုတ်မောင်းဆွဲတော့မည့်အချိန်မှာပင် ယဲ့ချန်း၏ဓားမြောင်က ထိုလူ၏နှလုံးတည့်တည့်ကို ထိုးဖောက်သွားသည်။
ခလုတ်မောင်းကိုဆွဲထားသည့် လက်ကလည်း တုန်ယင်သွားသည်။ ထို့နောက် ရင်ဘတ်ထဲတွင် စူးခနဲနာကျင်သွားသဖြင့် အောက်ငုံ့ကြည့်လိုက်လေရာ သူ့ရင်ဘတ်တွင် သွေးရွှဲနေကြောင်း မြင်လိုက်ရ၏။
အနက်ရောင်သိမ်းငှက်မှာ မကျေမချမ်းဖြစ်ရလေတော့သည်။
ဤဒူးလေးက ထန်ဟွား၏လည်ချောင်းကို ဖောက်ထွင်းရန် ရည်ရွယ်ထားပါသော်ငြား သူ့လက်က စင်တီမီတာအနည်းငယ်မျှ ချော်သွားခဲ့သည်။
"ဘော့စ် ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော် မစ်ရှင်ကို ပြီးဆုံးအောင် မလုပ်နိုင်ခဲ့ဘူး"
အသိစိတ်လွတ်သွားချိန်မှာ အနက်ရောင်သိမ်းငှက်လည်း သူ့မျက်လုံးများကို မှိတ်ချလိုက်ရလေတော့သည်။
ထိုအခိုက်ဝယ် မယ်ရီယော့ဟိုတယ်မှာတော့ ဝရုန်းသုန်းကားဖြစ်နေချေသည်။ ချင်းလန်က အပစ်ခံလိုက်ရပြီး ထန်ယန်အာ၏လည်ပင်းက ရှပ်ထိသွားခဲ့သည်။ အရေးအကြီးဆုံးမှာ ထန်ဟွား၏ပခုံးကိုလည်း ဒူးလေးမြားက ထိုးစိုက်နေချေသည်။
ကံကောင်းချင်တော့ ဤမြားက ပစ်မှတ်နှင့် စင်တီမီတာအနည်းငယ်မျှ လွဲချော်သွားခဲ့သည်။ သို့မဟုတ်ပါက သူ့လည်ပင်းကို ထိုးစိုက်သွားလိမ့်မည်သာ။
"ငါအဆင်ပြေတယ်။ ယန်အာ ဘယ်လိုနေလဲ"
ထန်ဟွားကို ဟိုတယ်ထဲသို့ ပြန်လည်စောင့်ကြပ်ပို့ဆောင်ခဲ့သည်။ သို့သော် သူကတော့ သူ့သမီးကို စိတ်ပူနေပေသည်။
ထိုအချိန်မှာပင် ယဲ့ချန်းက စိုးရိမ်တကြီးရောက်ချလာသည်။
မစ္စတာထန်က ပခုံးတွင်သာ ဒဏ်ရာရထားကြောင်း မြင်လိုက်ရမှသာ သက်ပြင်းချနိုင်တော့သည်။
"ဟိုတယ်ကို ချက်ချင်းပိတ်ဆို့ထားပြီး ရန်အိုက်ဆေးရုံကို ဆက်သွယ်လိုက်။ ပြီးရင် ဒဏ်ရာရထားတဲ့လူတွေကို ကုသပေးဖို့ပြင်ထား"
ယဲ့ချန်းက ယန်လိကို အမိန့်ပေးလိုက်လေသည်။
ချန်းချောင်၏မျက်နှာကား သွေးဆုတ်ဖြူရော်နေလေတော့သည်။
သူ့အစီအစဉ်က အသေးစိတ်ကျသည်ဟု ထင်ခဲ့မိသည်။ သို့သော် တစ်စုံတစ်ခုမှားယွင်းသွားလိမ့်မည်ဟုတော့ ထင်မထားခဲ့ပေ။
••••••••••••••••••