ရည်းစားချောချောလေးနှင့် လူချောလေးကို အလဲထိုးခြင်း
Vol. 13 Ch. 191
ချန်ဖေးက ထန်းလုကို ဘဝင်ခိုက်နေဟန်ဖြင့် ကြည့်လိုက်သည်။
ငါက မင်းချစ်သူလောက် မချောဘူးဆိုရင်တောင် စည်းစိမ်ဥစ္စာနဲ့ပတ်သက်လာရင်တော့ ငါ့ကိုမယှဉ်နိုင်ပါဘူး...
ထန်းလုကမူ ထိုစကားကိုနားထောင်ရင်း သရော်လိုက်ချေသည်။
"ကျွန်မက သူ့စရိုက်ကိုကြိုက်တာ။ သူ့မှာ ပိုက်ဆံဘယ်လောက်ရှိရှိ စိတ်မဝင်စားဘူး။ သူ ကျွန်မကိုချစ်ပြီး ကောင်းကောင်းဆက်ဆံရင်ရပြီ"
ထန်းလု၏စကားကို ကြားသောအခါ အနားရှိ သူနာပြုများမှာ ကြက်သေသေသွားချေသည်။
"အဲဒါက အချစ်စစ်ပဲ! လုလု ငါ နင့်ကိုထောက်ခံတယ်"
"အမှန်ပဲ။ ဒီလောက်ချောတဲ့ ချစ်သူတစ်ယောက်ရှိနေတာပဲ။ သူ ဆင်းရဲနေရင်တောင် တန်ပါတယ်"
"လုလု.. သူ့လိုလူတွေရှိရင် ငါနဲ့မိတ်ဆက်ပေးဦးနော်။ ငါ မျက်စိကျနေတဲ့လူတစ်ယောက်ရှိတယ်"
သူနာပြုများ၏ စကားများကို ကြားသောအခါ ချန်ဖေး၏မျက်နှာလည်း ပျက်ယွင်းသွားလေသည်။
ယခင်တုန်းက သူ့လှည့်ကွက်များကို ထုတ်သုံးလိုက်တိုင်း မိန်းကလေးများက သူ့အနားကို ဝိုင်းလာကြသည်။
သို့သော် ဤထန်းလုကတော့ သူ့အား လုံးဝလျစ်လျူရှုထားလေသည်။
ဤသည်မှာ ချန်ဖေးအတွက်တော့ ကြီးမားလှသော ထိုးနှက်ချက်ကြီးတစ်ခုပင်။
သေစမ်း.. ဒီလူ့မှာ ဘယ်လိုအစွမ်းအစမျိုးရှိနေလို့လဲ?
ပိုက်ဆံမရှိသော်ငြား မိန်းကလေးများကို ဆွဲဆောင်နိုင်ပေသည်။ တစ်နေ့နေ့တော့ ငါကိုယ်တိုင် သူနဲ့တွေ့မှဖြစ်မယ်..
ချန်ဖေးလည်း အသက်ပြင်းပြင်းရှူသွင်း၍ မေးလိုက်သည်။
"မင်းရဲ့ချစ်သူက လာအလုပ်လုပ်တာလဲ"
ထန်းလုလည်း ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်လေသည်။
"သူက တက္ကစီမောင်းတယ်လေ"
"ဘာရယ် တက္ကစီဒရိုင်ဘာလား"
ချန်ဖေးမှာ ထခုန်မိမတတ်ပင်။
အစတုန်းကတော့ ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက် သို့မဟုတ် လူချမ်းသာအမွေဆက်ခံသူတစ်ယောက်ထံတွင် ရှုံးလိုက်ရသည်ဟု ထင်ထားသော်ငြား တကယ်တမ်းတွင် တက္ကစီဒရိုင်ဘာတစ်ယောက် ဖြစ်နေလေသည်။
"တက္ကစီဒရိုင်ဘာတစ်ယောက်ကများ မင်းလို နတ်ဘုရားမကို ကြံရဲတယ်ပေါ့။ အနူလက်နဲ့ ရွှေခွက်နှိုက်နေသလိုပဲ သူနဲ့တန်လို့လား"
ထန်းလုမှာ အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။
"မစ္စတာချန်.. စကားပြောဆင်ခြင်ပေးပါ။ တက္ကစီဒရိုင်ဘာက ဘာဖြစ်နေလို့လဲ။ ကိုယ့်လုပ်အားနဲ့ကိုယ် ငွေရှာတယ်ဆိုရင် ဘယ်အလုပ်ပဲဖြစ်ဖြစ် လေးစားထိုက်ပြီးသား"
ယဲ့ချန်း၏သရုပ်မှန်ကို မသိရှာသည့် ချန်ဖေးကတော့ အစောတုန်းကလို မောက်မာထောင်လွှားသော အမူအရာများ ပြန်ပေါ်လာသည်။
သူ ခပ်ဖွဖွပြုံးလိုက်လေသည်။
"တက္ကစီမောင်းတာက အဆင့်အတန်းနိမ့်တဲ့ အလုပ်တစ်ခုလေ။ ငါက ဘာအလုပ်လုပ်လဲဆိုတာ မင်းသိလား။ ငါ့မိသားစုက မိုင်းတွင်းပိုင်တယ်။ ဘာမှမလုပ်ဘဲနေရင်တောင် တစ်လကို မုန့်ဖိုးဒေါ်လာတစ်သိန်းရနေတာ။ မိုတုမြို့မှာလည်း ပိုင်ဆိုင်မှုတွေအများကြီးရှိတယ်..."
ချန်ဖေးက နေ့တစ်ဝက်စာလောက် ကြွားလုံးထုတ်နေသော်ငြား ပတ်ပတ်လည်တွင် တိတ်ဆိတ်နေသည်ကို သတိထားမိလိုက်သည်။
ထန်းလုက ထွက်ခွာသွားပြီဖြစ်၏။
.....
ဒီနတ်ဘုရားမကို ငါ ရအောင်လိုက်ပြမယ်။ ထန်းလုအပါအဝင် ငါသဘောကျတဲ့မိန်းမတိုင်း ငါ့လက်က မလွတ်စေရဘူး...
ထိုအချိန်ဝယ် ယဲ့ချန်းက တတိယထပ်တွင် လုံခြုံရေးအစီအမံများ ပြီးစီးသွားချိန်မှာပင် ထန်းလု၏ဖုန်းက ဝင်လာသည်။
"အစ်ကိုယဲ့ချန်း.. အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ။ ကျွန်မကို တစ်ချိန်လုံးလိုက်ကပ်နေတဲ့ လူနာတစ်ယောက်ရှိတယ်"
"တကယ်လား။ တကယ်တော့ ကိုယ်လည်း အခု ရန်အိုက်ဆေးရုံမှာ။ စိတ်မပူနဲ့။ အဲဒီယင်ကောင်ကို လာမောင်းပေးမယ်"
"အင်း..ကျွန်မလည်း အလုပ်ဆင်းတော့မှာ။ အိမ်အတူပြန်ရအောင်လေ"
ယဲ့ချန်း ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။
"ကောင်းပြီလေ။ အခုချက်ချင်းလာခဲ့လိုက်မယ်"
ထန်းလုက ပေါ့ပေါ့ပါးပါးအဝတ်အစားများကို လဲဝတ်လိုက်သည်။
အပြာနုရောင်ဂါဝန်၊ သွယ်လျသောခြေအစုံနှင့် သလင်းကျောက်ဒေါက်ဖိနပ်တို့ဖြင့် အလှဆင်ထားသော သူ(မ)ကြောင့် ဆေးရုံထဲတွင် အုန်းအုန်းကျက်ကျက်ဖြစ်သွားသည်။
"ကြည့်လိုက်.. အဲဒီအလှလေးက တော်တော်လှတာပဲ"
"သူ့ကိုမသိဘူးလား။ အဲဒါက ရန်အိုက်ဆေးရုံရဲ့ သူနာပြုနတ်ဘုရားမလေ"
"အာ..ငါ့မှာ ဒီလောက်လှတဲ့ချစ်သူမျိုး ရှိရင်တော့လား"
"လက်လျှော့လိုက်ပါပြီ။ လူကုံထံတွေအများကြီးက သူ့ကို လိုက်ပိုးနေကြတာတောင် သူက အရေးမလုပ်ဘူး"
ထန်းလုက ဆေးရုံအပေါက်ဝသို့ ရောက်လာချိန်ဝယ် ချက်ချင်းမျက်မှောင်ကြုတ်လိုက်မိသည်။
အကြောင်းမှာ အာမန်နီဝတ်စုံကို ဝတ်ဆင်ထားသော ချန်ဖေးက သူ(မ)ကို အပြင်ဘက်တွင် စောင့်ဆိုင်းနေကြောင်း မြင်လိုက်ရသောကြောင့်ပင်။
"ဟိုင်း အလှလေး.. အလုပ်ပြီးပြီမလား။ နောက်ကျနေပြီဆိုတော့ ငါ မင်းကို လိုက်ပို့ပေးမယ်လေ"
ထိုသို့ပြောရင်း ချန်ဖေးက သူ့လန်းရိုဗာကားသော့ကို တမင်ထုတ်ကြွားလိုက်သည်။
သူက အနီးအနားရှိ လန်းရိုဗာကားကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။
"ငါက လန်းရိုဗာကားရဲ့ အရှိန်အဝါကို သဘောကျတယ်လေ။ မင်းကို ဒီကားနဲ့မောင်းပို့ပေးရင်ရော"
ထိုအချိန်မှာ ချန်ဖေး သူ့လန်းရိုဗာကားထဲတွင် ထန်းလုနှင့်အတူ ပျော်ပျော်ကြီးထိုင်နေရသည့်မြင်ကွင်းကို မြင်ယောင်ပြီး စိိတ်ကူးယဉ်နေလေသည်။
အင်း.. သူ့ဗီလာကိုခေါ်သွားပြီးရင်..
သူ့အမြင်တွင် မိန်းမတစ်ယောက်ကို သူနှင့်အပြိုင်လာလုသော တက္ကစီဒရိုင်ဘာတစ်ယောက်က သူ့အတွက် ဘာခြိမ်းခြောက်မှုမှ မရှိဘူးဟုသာ တွေးထားသည်။
လူကုံထံတစ်ယောက်၏ဘဝက ဘယ်လိုလဲဆိုတာကို သူ(မ)ကို ပြသချင်သလို ထိုဘဝမျိုးကိုလည်း သဘောကျသွားစေချင်သည်။
အဲဒီတက္ကစီဒရိုင်ဘာကတော့လား...
ဟက်!
တခြားနေရာကို လစ်လိုက်တာ ပိုကောင်းမယ်။
နတ်ဘုရားမတစ်ပါးကို လိုက်ပိုးပန်းရဲရအောင် ကိုယ့်ဘဝကိုယ်လည်း ကြည့်စမ်းပါဦး..
ထန်းလုက လန်းရိုဗာကို တစ်ချက်မျှပင် မကြည့်ဘဲ တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။
"တော်ပါပြီ။ ကျေးဇူးပဲ။ ကျွန်မချစ်သူက လာကြိုတော့မှာ"
ချန်ဖေးကလည်း ပြန်မပြောဘဲ မနေနိုင်တော့ပေ။
"မင်းချစ်သူရဲ့ကားက ရှားလိလား။ ဗွီဒဗလျူလား။ ဒါမှမဟုတ် ဂျက်တာလား။ အလှလေး.. ငါ့လန်းရိုဗာက အနံ့အသက်ပိုမကောင်းဘူးလား"
ထန်းလုကတော့ သူ့အား လုံးလုံးလျစ်လျူရှုထားသည်။
ချန်ဖေးက အသက်ပြင်းပြင်းရှိုက်ရှူလိုက်မိသည်။ မိန်းမများကို ပိုးပန်းရာတွင် သူက အလွန်စိတ်ရှည်သည်။
သူ့ချစ်သူ တက္ကစီဒရိုင်ဘာရောက်လာရင် ငါ သူ့ကို ကောင်းကောင်းကြီး အရှက်ခွဲပြမယ်။ ပြီးရင် ငါတို့ကြားက ကွာခြားချက်ကို မြင်အောင်ပြလိုက်မယ်။ အဲဒီလိုဆိုရင် သူလည်း သူ့ဘာသာနောက်ဆုတ်သွားလိမ့်မယ်။ နတ်ဘုရားမကလည်း ငါ့ကြီးကျယ်မြင့်မြတ်မှုကြောင့် စိတ်လှုပ်ရှားသွားလိမ့်မယ်...
ချန်ဖေး၏အမြင်တွင် ပိုက်ဆံကသာ ဘုရားသခင်ဖြစ်ပြီး ပြဿနာအားလုံးကို ဖြေရှင်းနိုင်စွမ်းရှိသည်။
ထန်းလုက ဝင်ပေါက်နားတွင်ရပ်နေသည်ကို မြင်သောအခါ တာဝန်ချိန်ပြီးသွားသော သူနာပြုများက မေးလိုက်လေသည်။
"ထန်းလု.. နင့်ချစ်သူက ရောက်မလာသေးဘူးလား။ ငါ့ကားနဲ့ လိုက်ခဲ့ချင်လား"
"ရတယ်။ ငါ့ချစ်သူက ခဏနေရင် လာတော့မှာပါ"
"လုလု"
ထိုအချိန်မှာပင် ဆွဲဆောင်မှုရှိသော အမျိုးသားတစ်ယောက် ရောက်ချလာသည်။
ယဲ့ချန်းက သူ့ဆွဲဆောင်မှုရမှတ်ကို ရှစ်ဆယ်အထိ မြှင့်ထားသည်။ ကြော့မော့သော လက်ချုပ်ဝတ်စုံနှင့် ချောမောခံ့ညားသောရုပ်ရည်တို့ကြောင့် မိန်းကလေးတော်တော်များများ၏ အကြည့်ကို ဆွဲဆောင်လိုက်နိုင်သည်။
ဆေးရုံအဝင်ဝတွင် ပရိသတ်တစ်သိုက်က ဆေးရုံဆင်းတော့မည့် လက်ချောင်းဒဏ်ရာရထားသော အိုင်ဒေါတစ်ယောက်ကို စောင့်နေကြသော်ငြား ယဲ့ချန်းကို မြင်လိုက်ရချိန်မှာတော့ ကြက်သေသေကုန်ကြသည်။
"ဝိုး..ဒီလူက အရမ်းခံ့ညားတာပဲ"
"ကြည့်ရတာတော့ ငါ့အသည်းလေးထက်တောင် ပိုချောနေသလိုပဲ"
"ငါတော့ ချစ်မိသွားပြီ။ သူကမှ တကယ့်ယောကျ်ားစစ်စစ်"
"ငါ့အနုပညာရှင်ထက်တောင် ပိုချောနေသေးတယ်။ ထားလိုက်တော့။ ဒီလူကမှ ငါ့အချစ်စစ်"
"ဘယ်လူငယ်အိုင်ဒေါရဲ့လန်းဆန်းမှုက သူနဲ့ယှဉ်နိုင်မှာလဲ"
ထို့နောက် ဆေးရုံထွက်ပေါက်နားရှိ လုံခြုံရေးတစ်သိုက်က လူငယ်လေးတစ်ယောက်ကို စောင့်ကြပ်၍ ခေါ်ဆောင်လာသည်။
အစတုန်းက အပြင်ဘက်ရှိ ပရိသတ်များနှင့် ထိပ်တိုက်တွေ့ဆုံရန် စီစဉ်ထားသော်ငြား အဝင်ဝသို့ရောက်ချိန်မှာမူ သူ့ခမျာ ကြက်သေသေသွားရသည်။
ဝင်ပေါက်တစ်ခုလုံး ရှင်းလင်းနေပြီး လူတစ်ယောက်မှပင် မရှိချေ။ မလှမ်းမကမ်းတွင်မူ မိန်းကလေးတစ်သိုက်က ခံ့ညားလှသော လူတစ်ယောက်ကို ဝိုင်းထားကြသည်။
ထိုလူငယ်အိုင်ဒေါလေးခမျာ နေရခက်သွားလေသည်။
အဲဒါက ငါ့ပရိသတ်တွေမဟုတ်ဘူးလား? သူတို့က ဘယ်လိုဖြစ်ပြီး ဖြတ်သွားဖြတ်လာတွေ ဖြစ်ကုန်တာလဲ?
ပရိသတ်များသာမက ထန်းလု၏လုပ်ဖော်ကိုင်ဖက်များလည်း အံ့ဩမှင်တက်သွားသည်။
ဘုရားရေ..အရမ်းချောတာပဲ။
"အချောလေး.. ရှင့်ဝီချက်အကောင့်လေး ရနိုင်မလား"
"လူချောလေး.. ကျွန်မနဲ့အတူ ညစာစားချင်လား"
"ကျွန်မ ဟိုတယ်ခန်းတစ်ခန်း ကြိုယူထားပြီးပြီ။ ဘယ်လိုသဘောရလဲ"
ယဲ့ချန်းကိုမြင်သောအခါ ထန်းလု၏မျက်နှာမှာ ဝင်းပသွားချေသည်။
ယခုတလော ယဲ့ချန်းက အလုပ်များနေသောကြောင့် သူတို့နှစ်ယောက် မတွေ့ဖြစ်သည်မှာ အတော်ကြာချေပြီ။ ယဲ့ချန်းက ပိုချောမောခံ့ညားလာသဖြင့် ထန်းလု အလွန်အံ့အားသင့်သွားရသည်။
ထန်းလုက လူအုပ်ကြီးရှေ့သို့ လျှောက်လာချိန်ဝယ် သူ(မ)၏မျက်နှာက အနည်းငယ်ရှက်သွေးဖြာနေပြီးနောက် ပြောလိုက်လေသည်။
"အားလုံးပဲ.. ဘေးဖယ်ပေးကြပါ။ သူက ကျွန်မချစ်သူပါ"
"အာ? သူ့မှာ ချစ်သူရှိပြီးသားလား"
"ဝူးဝူး.. အခုမှချစ်မိသွားတာကို အသည်းကွဲရပြီ"
အခြားသူနာပြုများမှာ တိတ်တဆိတ်ခေါင်းခါယမ်းလိုက်မိသည်။
ထန်းလုကိုလာပိုးသော လူကုံထံများကို ထန်းလုက ငြင်းလွှတ်လိုက်သည်မှာလည်း ဆန်းတော့မဆန်းလှပေ။
ဤမျှချောမောခံ့ညားလှသော လူတစ်ယောက်ကို မည်သူကများ မချစ်ဘဲ နေနိုင်မည်နည်း။
"ယဲ့ချန်း"
လူအုပ်ကြီးက လမ်းရှင်းပေးလိုက်လေသည်။ မနာလိုအားကျနေသော မျက်ဝန်းများအောက်မှာပင် ထန်းလုက ယဲ့ချန်းဆီသို့ ပြေးသွားပြီး ပွေ့ဖက်လိုက်သည်။
ယဲ့ချန်း ပြုံးလိုက်မိ၏။
"လုလု.. မတွေ့ရတာကြာတော့ ကိုယ့်ကိုလွမ်းနေပြီလား"
ထန်းလုကလည်း ခေါင်းညိတ်ပြသည်။
"ဟုတ်တယ်။ အရမ်းလွမ်းနေတာ"
လူအုပ်ကြီးခမျာ ခွေးစာတစ်လုတ် အကျွေးခံလိုက်ရသည်။
သူများရည်းစားဆိုတာ သေချာသွားပြီပဲ.. အသည်းတွေကွဲလိုက်တာ!
ထိုအချိန်ဝယ် ဘေးနားရှိ ကြွားလုံးထုတ်နေရှာသူ ချန်ဖေး၏မျက်နှာမှာ ညိုမည်းသွားလေသည်။
တက္ကစီဒရိုင်ဘာတစ်ယောက်ကများ ငါ့ရှေ့မှာ လာကြွားရဲတယ်ပေါ့။ တကယ့်ဘုရင်အစစ်က ဘယ်သူလဲဆိုတာ သူသိအောင် ပြရတော့မှာပဲ...
•••••••••••••••••••