← Chapters

မျက်နှာနာလိုက်တာ

Vol. 13 Ch. 192

မျက်နှာနာလိုက်တာ

Vol. 13 Ch. 192

ထန်းလုက ယဲ့ချန်း၏ရင်ခွင်ထဲသို့ ပြေးဝင်သွားသည့်မြင်ကွင်းကို မြင်သောအခါ ချန်ဖေးမှာ ဒေါသကြောင့် ပေါက်ကွဲလုမတတ်ပင်။

အမျိုးသားဇာတ်လိုက်က သူဖြစ်ရမှာမဟုတ်ဘူးလား?

သို့တိုင် တက္ကစီဒရိုင်ဘာတစ်ယောက် ဖြစ်သွားလေသည်။

သည်းမခံနိုင်ဘူး.. တကယ်သည်းမခံနိုင်ဘူး..

အမှန်ပင်။ ဤတက္ကစီဒရိုင်ဘာက သူ့ထက် ပိုချောပါပေသည်။ သို့သော် ဘာများထူးသွားလေသလဲ။

ယနေ့ခေတ်လူ့အဖွဲ့အစည်းကြီးတွင် လူတွေက ရုပ်ရည်ဖြင့် အကဲဖြတ်ကြခြင်းမဟုတ်ဘဲ ပိုက်ဆံဖြင့် ဆုံးဖြတ်ကြခြင်းသာဖြစ်၏။

ချန်ဖေးက မျက်နှာထက်တွင် လှောင်ပြုံးတစ်ပွင့်ကို ဆင်မြန်းရင်း ထန်းလုအနားသို့ လျှောက်သွားလိုက်၏။

"ရှောင်လု.. ဒါက တက္ကစီမောင်းတဲ့ မင်းချစ်သူပေါ့"

သူက "တက္ကစီမောင်း"ဟူသော စကားကို တမင်တကာဖိပြောလိုက်သည်။

သို့သော် ထန်းလု၏ပုံစံမှာ ဂုဏ်ယူဝင့်ကြွားနေလေဟန်ပင်။

"ဟုတ်တယ်။ ကျွန်မချစ်သူနဲ့ယှဉ်လိုက်ရင် ရှင်က သနားဖို့မကောင်းဘူးလား"

"ငါ.."

"အင်း.. လူ့အဖွဲ့အစည်းက ရုပ်ရည်နဲ့ အကဲဖြတ်တာမဟုတ်ဘူး။ ငွေကြေးနဲ့ အကဲဖြတ်တာလေ။ မင်း ဒီမိန်းမလှလေးကို မင်းအနားမှာမြဲအောင် ဆွဲထားနိုင်လို့လား"

ယဲ့ချန်း၏ရုပ်ရည်ဖြင့် အနိုင်ပိုင်းခံလိုက်ရသောကြောင့် ချန်ဖေးက မကျေမချမ်းဖြစ်ပြီး မခံချင်အောင် ပြောလိုက်လေသည်။

ယဲ့ချန်းကတော့ လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ချန်ဖေးကို ကြည့်လိုက်၏။

"အိုး…ငါနဲ့တော့မတန်ဘူး မင်းနဲ့တော့တန်တယ်လို့ထင်နေတာလား။ ကောင်းပြီလေ။ ဟိုဆိုရိုးစကားက ဘာပါလိမ့်။ အနူလက်နဲ့ ရွှေခွက်နှိုက်တာတဲ့လား။ အဲဒါ မင်းပဲဖြစ်ရမယ်"

"အင်း ဒီတော့ဘာဖြစ်လဲ"

ထိုသို့ပြောပြီးနောက် သူလှည့်စားခံလိုက်ရကြောင်း ချန်ဖေး သဘောပေါက်လိုက်သဖြင့် ဒေါသတကြီးပြောလိုက်လေသည်။

"သေစမ်း။ မင်းကမှ အနူလက်ကွ"

ချန်ဖေးက အေးတိအေးစက်လေသံဖြင့် ပြောလိုက်သည်။

"ချာတိတ်.. လူ့အဖွဲ့အစည်းကြီးက ရုပ်ရည်တွေဘာတွေကို ဂရုမစိုက်ဘူး။ ချောတယ်ဆိုတာက အသုံးမဝင်ဘူး။ ပိုက်ဆံရှိဖို့ လိုသေးတယ်ကွ။ နားလည်လား"

ဆွဲဆောင်ဖမ်းစားနိုင်သော သူ့လန်းရိုဗာကားနားသို့ လျှောက်သွားရင်း ချန်ဖေးက ကြွားလုံးထုတ်လိုက်သည်။

"ငါ့လန်းရိုဗာကိုမြင်လား။ ဈေးနှုန်းက ၁.၅မီလျံရှိတယ်။ ဒီလိုဇိမ်ခံကားမျိုးကမှ မိန်းကလေးထန်လို အလှလေးနဲ့တန်တာ"

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။

"မင်းပြောတာမှန်တယ်။ ဒါပေမဲ့ မင်းက ငါ့ချစ်သူကို ဈေးချနေတာပဲ"

"မင်း ဘာပြောချင်တာလဲ"

ချန်ဖေးမှာ တစ်ခဏမျှ မှင်တက်သွားလေသည်။

"၁.၅သန်းတန်တဲ့ကားတစ်စီးလေးပိုင်တာနဲ့ပဲ လုလုရဲ့ချစ်သူဖြစ်ဖို့ အရည်အချင်းရှိပြီလို့ ထင်နေတာလား။ မင်းကတော့ တော်တော်ရဲတင်းနေတာပဲနော်"

ယဲ့ချန်း၏စကားများကို ကြားသောအခါ ချန်ဖေး လှောင်ပြုံးမပြုံးဘဲ မနေနိုင်တော့ချေ။

မင်းလို တက္ကစီဒရိုင်ဘာတစ်ယောက်ကများ ငါ့ကိုလာလှောင်ရဲတယ်ပေါ့…

အနည်းဆုံးတော့ ငါက လန်းရိုဗာစီးတာလေ။ မင်းရဲ့ကားကရော..?

ချန်ဖေးက ယဲ့ချန်းကို သရော်လိုက်လေသည်။

လမ်းဘေးနားတွင် ရပ်ထားသော ဂျက်တာကားအစုတ်ကြီးကို သူမြင်ထားပြီးသားပင်။ ထိုကားက ယဲ့ချန်း၏ကားဖြစ်ရမည်ဟု ခန့်မှန်းမိသည်။

အမှန်ပင်။ ယဲ့ချန်းက ထိုဂျက်တာကားအနားသို့ အေးအေးလူလူလျှောက်သွားလေသည်။ ဤအခြင်းအရာကိုမြင်သော် ချန်ဖေး၏မျက်နှာထက်တွင် စိတ်ကျေနပ်လေဟန်အမူအရာတစ်ခု ပေါ်ပေါက်လာသည်။

"ဆင်းရဲသားငတုံးကောင်.. ဂျက်တာကားအစုတ်လေးနဲ့များ ဒီလောက်လှတဲ့ချစ်သူတစ်ယောက်ကို ရနိုင်မယ်လို့ထင်နေတာပေါ့။ အိပ်မက်သာမက်နေလိုက်"

သို့သော် ယဲ့ချန်းက ဂျက်တာကားအရှေ့တွင် ခဏရပ်တန့်ပြီးနောက် ဆက်လျှောက်သွားပြီး အဆုံးမှာတော့ ကူလီနန်ကားရှေ့တွင် ရပ်လိုက်သည်။

"ကူလီနန်လား"

အားလုံး အံ့ဩမှင်တက်ကုန်ကြသည်။

ကူလီနန်က အက်စ်ယူဗွီကားများအကြားတွင် အသားနားဆုံးဆိုသည်ကို လူတိုင်းသိထားကြသည်။

တက္ကစီဒရိုင်ဘာတစ်ယောက်က ကူလီနန်ကားကို စီးနိုင်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

သိထားသင့်သည့်အချက်မှာ ကူလီနန်တစ်စင်း၏ ဈေးနှုန်းမှာ ဆယ်သန်းကျော်ရှိ၏။

သူနာပြုများပင် အံ့ဩကုန်ကြသည်။

"မဖြစ်နိုင်တာ။ လုလုပြောတော့ ယဲ့ချန်းက တက္ကစီဒရိုင်ဘာဆို"

"ဘုရားရေ..ကူလီနန်ကားနဲ့ တက္ကစီမောင်းတာတဲ့။ လာနောက်နေတာလား"

"တကယ်မဟုတ်ဘူးမလား"

လူတိုင်းက ထိုမြင်ကွင်းကို အကြောင်သားကြည့်နေကြသည်။

ချန်ဖေးလည်း အံ့ဩမှင်တက်နေသည်။ သို့သော် အလျင်အမြန် ခေါင်းခါယမ်းလိုက်မိသည်။

"မဖြစ်နိုင်တာ။ ဒီလူက ဆင်းရဲသားအရှုံးသမားတစ်ယောက်လေ။ ကူလီနန်ကို ဘယ်လိုလုပ်ပြီးဝယ်နိုင်မှာလဲ"

ဟုတ်တယ်။ ဟုတ်တယ်။ ဒီကားက သူ့ကားမဖြစ်နိုင်ဘူး။ သူက ကားရှေ့မှာ သက်သက်ရှိုးထုတ်ပြနေတာ…

ဤသို့တွေးမိသောအခါ ချန်ဖေးက လှောင်ပြောင်သရော်လေဟန် အပြုံးတစ်ပွင့်ကို ထုတ်ဖော်ပြသလိုက်သည်။

"ချာတိတ်.. ဒါက မင်းကားပါလို့‌ ပြောမလို့လား။ ဆက်ဟန်ဆောင်နေလိုက်။ မင်း သတ္တိရှိရင် ကားသော့ထုတ်လိုက်လေ။ ငါ့ရှေ့မှာ လာကြွားချင်နေတာ။ မင်း ငယ်ပါသေးတယ်ကွာ"

ထို့နောက် ချန်ဖေးက ယဲ့ချန်းကို လက်ညှိုးထိုး၍ ထန်းလုကို ပြောလိုက်၏။

"မိန်းကလေးထန်.. မြင်လား။ ဒီလူက လူလိမ်နော်။ ဇိမ်ခံကားတစ်စင်းတောင် မဝယ်နိုင်ဘဲနဲ့ မင်းကို သက်သက်လှည့်စားနေတာ"

ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"မင်းပြောတာမှန်တယ်။ ငါ ကားသော့ကို ထုတ်မပြနိုင်ဘူး"

ယဲ့ချန်း၏စကားကို ကြားသောအခါ ချန်ဖေးမှာ ပို၍ပင် စိတ်ကျေနပ်သွားသည်။

"ပြောသားပဲ။ မင်းလို ငမွဲအရှုံးသမားတစ်ယောက်က ဘယ်လိုလုပ်ပြီး ကူလီနန်ကားကို ဝယ်နိုင်မှာလဲ။ ရယ်ရတယ်"

ချန်ဖေးက ထန်းလုကို ပြောလိုက်၏။

"လုလု.. ဒီလူက လူလိမ်ပါဆိုမှ။ မင်း သူနဲ့ ဘာလို့ဆက်နေနေသေးတာလဲ"

ထန်းလုက ဘာမှမပြောဘဲ ပြုံးရုံသာ ပြုံးလိုက်၏။

သူ(မ)က ဤကူလီနန်ကားထဲတွင် လိုက်စီးဖူးပြီးသားပင်။ ယဲ့ချန်း မည်သို့ကြွားလုံးထုတ်မလဲဆိုသည်ကို စောင့်ကြည့်နေရုံသက်သက်သာ။

သို့သော် ထန်းလု၏လုပ်ဖော်ကိုင်ဖက်များကတော့ မသိပေ။

ယဲ့ချန်း၏ဟန်ဆောင်မှုကို ချန်ဖေးက ဖော်ထုတ်လိုက်ပြီဟုသာ အားလုံးက ထင်နေကြသည်။

"ဟူး.. ထန်းလုရဲ့ချစ်သူကတော့ တကယ်ပါပဲ။ ဂျက်တာကားကို မောင်းတယ်ဆိုရင်လည်း အမှန်အတိုင်းပြောပေါ့။ ဘာလို့ဟန်ဆောင်ရတာလဲ"

"ဟုတ်ပါရဲ့။ အခုတော့ အရှက်ကွဲပြီမလား"

"ရုပ်ရည်ကတော့‌ ချောပေမဲ့ အလကားပါပဲ"

လုပ်ဖော်ကိုင်ဖက်တော်တော်များများက ယဲ့ချန်းအပေါ် အထင်သေးကုန်ကြသည်။

ယဲ့ချန်းကတော့ တည်ငြိမ်အေးဆေးစွာ ပြုံးလိုက်၏။

"ဒီကားက လက်ဗွေနဲ့ဖွင့်တာမို့လို့ ကားသော့မလိုဘူးလေ"

သူက ချန်ဖေး၏ပခုံးကို ပုတ်လိုက်သည်။

"မင်းလိုတောသားတွေစီးတဲ့ကားကမှ ကားသော့လိုတာ။ ကိုယ့်လူ.. ဉာဏ်သုံးစမ်းပါ"

ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ကားတံခါးကိုဆွဲဖွင့်ပြီး ကားမောင်းသူထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

ဖိတ်ဖိတ်လက်နေသော ကားမီးရောင်က တောက်ပစွာလင်းလက်နေချေသည်။

ဤအခြင်းအရာကိုမြင်သော် လူတိုင်း ကြောင်အကုန်ကြသည်။

"ဘုရားရေ..ဒီတက္ကစီဒရိုင်ဘာက ကူလီနန်ကားကို မောင်းတာကွ"

"ဒီလူက ရုပ်တင်ချောတာမဟုတ်ဘူး။ ချမ်းလည်းချမ်းသာတာပဲ။ ကြိုက်တယ်။ ကြိုက်တယ်"

"ဘုရားရေ..ကူလီနန်ကားနဲ့ တက္ကစီမောင်းတာနဲ့လား။ ငါတော့ ဒီလူ့ကိုချစ်မိသွားပြီ"

….

သိပ်မကြာခင်ကပင် လှောင်ပြောင်ထေ့ငေါ့နေခဲ့သော ချန်ဖေးမှာ ရုတ်တရက်ကြောင်အသွားသည်။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…

ဒီလူက ကူလီနန်ကားနဲ့ တက္ကစီမောင်းတာလား..

ဒါကြီးက ယုတ္တိတော့မရှိဘူးနော်…

ယဲ့ချန်းက ပြုံးလျက်‌ ပြောလိုက်၏။

"ငမွဲအရှုံးသမား.. လန်းရိုဗာလေးမောင်းပြီး မိန်းကလေးတွေကို လိုက်ပိုးနေတာ မရှက်ဘူးလား။ နောက်တစ်ခါကျရင် ပိုအဆင့်အတန်းမြင့်တဲ့ ကားကိုမောင်းလာခဲ့"

ထိုအချိန်မှာ ပွဲကြည်သူများနှင့် ပရိသတ်မိန်းကလေးအများအပြားက အရူးအမူးအော်ဟစ်ကြလေတော့သည်။

"ဝိုး အရမ်းချောတာပဲ"

"ချစ်တယ် ချစ်တယ်"

ဇိမ်ခံကားတွေနဲ့ လူချောလေးတွေကို ဘယ်မိန်းကလေးက ငြင်းဆန်နိုင်မည်နည်း။

ယဲ့ချန်းက ချန်ဖေးကို ကြည့်ပင်မကြည့်ဘဲ ထန်းလုကိုကြည့်၍ ပြောလိုက်၏။

"အချစ်.. ကားထဲကိုဝင်တော့လေ"

ထန်းလုကလည်း သူ(မ)၏လုပ်ဖော်ကိုင်ဖက်များကို လက်ပြလိုက်သည်။

"သူငယ်ချင်းတို့.. ငါသွားပြီနော်။ နောက်မှတွေ့မယ်"

"မဖြစ်နိုင်တာ။ ငါတော့ အရမ်းအားကျနေပြီ"

"အဟင့်.. ငါလည်း ကူလီနန်ကားမောင်းတဲ့ ဥစ္စာပေါရုပ်ချောတစ်ယောက်ကို လိုချင်တယ်"

ချန်ဖေးမှာ ကူလီနန်ကား၏ ခံ့ညားထည်ဝါလှသော နောက်မီးကိုကြည့်ရင်း လေထဲမှာ ယိုင်ထိုးသွားသလို ခံစားလိုက်ရသည်။

ဤပါးရိုက်သံကား အလွန်ကျယ်လောင်လှပေသည်။

တစ်ဖက်လူက ပိုချောနေရုံသာမက သူ့ထက်လည်း ပိုချမ်းသာနေသေးသည်။

ထိုအချိန်မှာပင် ချန်ဖေး၏ဖုန်းက ထမြည်လာသည်။

ဖုန်းခေါ်ဆိုသူကား ဟူပေါ်ပင်။

ချန်ဖေးနှင့် ဟူပေါ်တို့က အသိုင်းအဝိုင်းတစ်ခုတည်းမှဖြစ်သောကြောင့် မိန်းကလေးများကို လိုက်ပိုးရာတွင် မကြာခဏအကြံဉာဏ်ချင်း ဖလှယ်တတ်ကြသည်။

ဖုန်းခေါ်ဆိုမှု ချိတ်ဆက်သွားလေပြီ။

"လောင်ချန်.. မင်း အဲဒီသူနာပြုအချောအလှလေးကို အမိဖမ်းနိုင်ပြီလား"

"ဘာမှအမိမဖမ်းနိုင်ဘူး။ ဒီနေ့ ငါဒုတိယမျိးဆက်လူချမ်းသာတစ်ယောက်နဲ့တွေ့ပြီး မျက်နှာဖြတ်ရိုက်ခံလိုက်ရတယ်"

"ဘာဖြစ်တာလဲ။ ငါ့ညီအစ်ကိုရဲ့မိန်းကလေးကိုတောင် လုရဲတယ်ဆိုတော့ သေချင်နေတာပဲ။ အဲဒီကောင်ရဲ့နာမည်က ဘာလဲ။ ငါကိုယ်တိုင် သူ့ကိုဆုံးမလိုက်မယ်"

"အဲဒီကောင်ရဲ့နာမည်က ယဲ့ချန်းတဲ့။ သောက်တက္ကစီဒရိုင်ဘာ"

"ယဲ့..ယဲ့ချန်းလား"

အစောတုန်းကမှ ရဲရင့်ပြနေခဲ့သော ဟူပေါ်မှာ ရုတ်တရက်ကြီး ကြောက်ဒူးတုန်သွားသည်။

သူ့မျက်နှာမှာ ရောင်ရမ်းနေဆဲပင်။

ချန်ဖေးက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်လေသည်။

"မဖြစ်ဘူး။ ငါ ဒီကောင်နဲ့ စာရင်းရှင်းမှဖြစ်မယ်။ မဟုတ်လို့ကတော့ ဒီအသိုင်းအဝိုင်းထဲမှာ ငါ ဘယ်လိုမျက်နှာပြရမလဲ။ ညီလေးဟူ.. မင်း ငါ့ကိုကူညီရမယ်နော်"

"အဲ အစ်ကိုချန်.. မေ့လိုက်ပါတော့။ ညီလေးပြောတဲ့အကြံကို နားထောင်။ ယဲ့ချန်းနဲ့ထိပ်တိုက်မတွေ့တာ ပိုကောင်းမယ်။ သူက သွားရန်စလို့ရတဲ့လူတစ်ယောက်မဟုတ်ဘူး"

"ပြီးတော့ ယဲ့ချန်းကို သွားရန်စမိရင် ငါ့ကို မဆက်သွယ်နဲ့တော့။ ငါ့မျက်နှာ နာနေတုန်းပဲ"

ချန်ဖေး : "…"

••••••••••••••••••

All Chapters