ညပိုင်းအလစ်ဝင်ဖမ်းခြင်း
Vol. 13 Ch. 193
ယဲ့ချန်းက ကားမောင်း၍ ထန်းလုနှင့်အတူ ထျန်းချန်ယိပင်သို့ သွားလိုက်သည်။
"စကားမစပ်.. မင်းအဖေက မင်းကို ပြဿနာမရှာတော့ဘူးလား"
"ကျွန်မအဖေက နိုင်ငံခြားကိုသွားတယ်လေ။ ဒီတော့ အခုတလော တော်တော်တိတ်ဆိတ်နေတယ်"
ထန်းလုကလည်း ပြန်ဖြေလိုက်၏။
"စိတ်မပူပါနဲ့။ မင်းအဖေက မင်းနဲ့ကိုယ် တွဲနေတာကို သဘောတူမှာပါ"
ယဲ့ချန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။
ယဲ့ချန်း၏လက်ရှိပိုင်ဆိုင်မှုများဖြင့်ဆိုလျှင် ဟွားနိုင်ငံ၏စီးပွားရေးနယ်ပယ်ထဲတွင် အဓိကပုဂ္ဂိုလ်တစ်ယောက် အသာလေးဖြစ်လာနိုင်သည်။
ထန်မိသားစုက ချမ်းသာသော်ငြား ဆေးကုမ္ပဏီလေးတစ်ခုကိုသာ ပိုင်ဆိုင်ထားသည်။
"ဟုတ်တယ်။ ယဲ့ချန်း.. စိတ်မပူပါနဲ့။ ကျွန်မအဖေကို ကျွန်မ သေချာပေါက်နားချလိုက်ပါ့မယ်"
ယဲ့ချန်းက ထန်းလုကို ထျန်းချန်ယိပင်သို့ ခေါ်သွားလိုက်သည်။
"လက်ဖက်ရည်တစ်ခွက်လောက် သောက်ရအောင်လေ။ ကျွန်မ ရှင့်ကိုလွမ်းနေတာ"
"ကိုယ်လည်း လွမ်းနေတာ"
ယဲ့ချန်းက ကားပါကင်တွင် ကားရပ်ခဲ့ပြီးနောက် ထန်းလုနှင့်အတူ အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။
အပေါ်ထပ်သို့မသွားခင် ထန်းလုက ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် ပေးလိုက်သေးသည်။
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ ပထမဆုံးကြယ်ငါးပွင့် (၁/၅)ကို အသက်သွင်းနိုင်ခဲ့တဲ့အတွက် နတ်ဘုရားအဆင့်အနံ့ခံနိုင်စွမ်းကို ဆုလာဘ်အဖြစ် ရရှိပါတယ်]
…
မိုတုမြို့ရှိ ဘားတစ်ခုတွင်...
ချန်းချောင်က ဘားထဲတွင်ထိုင်နေပြီး မျက်နှာကလည်း မသာမယာဖြစ်နေလေသည်။
မိုတုမြို့သို့ ရောက်လာရသည့် ကနဦးရည်ရွယ်ချက်မှာ အသိအမှတ်ပြုမှုများကို ခံယူရန်ဖြစ်ပြီး ဤတာဝန်ကို ထမ်းဆောင်ရင်း ရာထူးတက်ဖို့လည်း မျှော်လင့်မိသည်။
သို့သော် ယဲ့ချန်းကြောင့် သူ့မှာ ရာထူးမတိုးသည့်အပြင် အပြစ်ပါအပေးခံခဲ့ရသည်။
စည်းမျဉ်းအရဆိုလျှင် ချန်းချောင်မှာ အဖွဲ့ထံသို့ ပြန်လာရမည်ဖြစ်သော်ငြား စိတ်အခြေအနေမကောင်းသောကြောင့် ဘားကိုလာပြီး အပန်းဖြေနေလိုက်သည်။
အရက်နည်းနည်းသောက်ပြီးနောက် ရင်သပ်ရှုမောဖွယ်ကောင်းသော အလှလေးတစ်ယောက်က သူ့အနားသို့ ချဉ်းကပ်လာသည်။
"အချောလေး တစ်ယောက်တည်းလား"
သူ့ရှေ့ရှိ အလှပဂေးလေးကြောင့် ချန်းချောင်၏မျက်ဝန်းအစုံကား လင်းလက်သွားလေသည်။
ရင်သပ်ရှုမောဖွယ်ကောင်းပြီး ဆွဲဆောင်ဖမ်းစားနိုင်စွမ်းရှိသော ဆွဲဆောင်မှုမျိုးပင်။
"ဟုတ်တယ်။ တစ်ယောက်တည်းပဲ။ အတူလာသောက်ချင်လား အလှလေး"
"ရတယ်လေ။ ကျွန်မက လူချောလေးတွေနဲ့ အတူသောက်ရတာကို သဘောကျတယ်"
ချန်းချောင်မှာ သူဘယ်လောက်သောက်လိုက်မိသလဲဆိုတာကို မသိတော့သော်ငြား မူးနောက်သွားပြီး ခုံပေါ်သို့ မှောက်ကျသွားသည်။
သူနိုးလာချိန်မှာ ဟိုတယ်ခန်းတစ်ခန်းထဲတွင် ရောက်နေကြောင်း တွေ့လိုက်ရသည်။ သူ့ဘေးတွင်လည်း ထိုအလှလေးရှိနေချေသည်။
ဘာဖြစ်တာလဲ!
ဘန်း!
ထိုအချိန်မှာပင် တံခါးက တွန်းဖွင့်ခံလိုက်ရပြီးနောက် ရဲအရာရှိများက အထဲသို့ ကျူးကျော်ဝင်ရောက်လာသည်။
ချန်းချောင်လည်း ချက်ချင်းအမူးပြေသွားသည်။
လက်ရှိအချိန်တွင် သူက တာဝန်ချိန်ဖြစ်သောကြောင့် ယခုလိုအခြေအနေမျိုးနှင့် ကြုံလိုက်ရခြင်းမှာ သူ့အနာဂတ်ကို ပျက်စီးစေနိုင်သည်။
ထိုအမျိုးသမီးကလည်း နိုးလာပြီးနောက် သူက သူ(မ)ကို အရက်မူးအောင်တိုက်ပြီး ဟိုတယ်သို့ခေါ်လာသည်ဟုဆိုကာ သူ(မ)ကို ကိုယ်ထိလက်ရောက်စော်ကားသည်ဟုပါ စွပ်စွဲလေတော့သည်။
ဤသည်မှာ ရာဇဝတ်မှုပင်။
ချန်းချောင်လည်း သူ့ကိုယ်သူမခုခံနိုင်တော့ပေ။ ထိုအချိန်မှာပင် တံခါးဝသို့ လူတစ်ယောက် ရောက်လာခဲ့သည်။
"သခင်လေးချန်း.. ဒီမှာဘာလုပ်နေတာလဲ။ ပြဿနာတက်နေတာလား"
ကောင်းလဲ့ကိုမြင်သောအခါ ချန်းချောင်၏မျက်ဝန်းများမှာ လင်းလက်လာသည်။
"သခင်လေးကောင်း.. ကျွန်တော့်ကို ကူညီပေးလို့ရမလား.."
ကောင်းလဲ့ကလည်း ခပ်ညစ်ညစ်ပြုံးလိုက်လေသည်။
"ကျွန်တော်တို့ကြားက ဆက်ဆံရေးကြောင့် ဒီကိစ္စကို သေချာပေါက် ကူဖြေရှင်းပေးရမှာပေါ့"
....
ကားထဲတွင် ချန်းချောင်၏မျက်နှာထားမှာ အလွန်ဆိုးဝါးနေလေသည်။
"သခင်လေးကောင်း.. ဒီနေ့အတွက်တော့ တကယ်ကျေးဇူးကြွေးတင်သွားပြီ"
ကောင်းလဲ့ ခပ်ဖွဖွပြုံးလိုက်မိသည်။
"အသေးအဖွဲလေးပါ။ ဒါပေမဲ့ နည်းနည်းပါးပါးတော့ စီစဉ်စရာလိုလိမ့်မယ်"
"ပိုက်ဆံဘယ်လောက်လိုလဲ။ ပြောသာပြောပါ။ ကျွန်တော် ပေးပါ့မယ်"
ကောင်းလဲ့က ခေါင်းခါယမ်းလိုက်လေသည်။
"ပိုက်ဆံကြောင့်မဟုတ်ပါဘူး။ ကျွန်တော် ခင်ဗျားဆီက အကူအညီတစ်ခုလောက် လိုချင်လို့"
ချန်းချောင် မျက်မှောင်ကြုတ်လိုက်မိသည်။
"ဘာအကူအညီလဲ"
"ကျွန်တော့်မိတ်ဆွေတစ်ယောက်ဆီမှာ လုပ်ငန်းသဘောတူညီချက်အကြီးစားတစ်ခုရှိတယ်။ မစ္စတာထန်ဟွားက နိုင်ငံထဲကို ပြန်ရောက်ပြီလို့ ကြားထားတယ်။ သူတို့က မစ္စတာထန်ဟွားဆီက ရင်းနှီးမြှုပ်နှံမှုရချင်နေတာ။ ဒါပေမဲ့ မစ္စတာထန်ဟွားက ဆေးရုံတင်ထားရတယ်လို့ကြားတယ်။ တကယ်လို့ ကျွန်တော့်မိတ်ဆွေကို သူနဲ့တွေ့ခွင့်ရအောင် ကူညီပေးမယ်ဆိုရင် ဒီပြဿနာကိုလည်း ဖြေရှင်းပေးပါ့မယ်"
"ဘာ? မဖြစ်ဘူး။ လုံးဝမရဘူး"
ချန်းချောင်က ကောင်းလဲ့၏စကားကြောင့် ခေါင်းတဆတ်ဆတ်ခါယမ်းလိုက်သည်။
ကောင်းလဲ့က အေးတိအေးစက်ပြောလိုက်လေသည်။
"တကယ်လို့ မကူညီဘူးဆိုရင် ဟိုတယ်ကိစ္စကိုလည်း ဖြေရှင်းပေးမှာမဟုတ်ဘူးနော်။ ဒီလိုပြစ်မှုမျိုးက ဟွားနိုင်ငံမှာ ဘယ်လောက်လေးနက်လဲဆိုတာ သိတယ်မလား။ မင်း သုံးနှစ်ကနေ ငါးနှစ်အတွင်း ပြန်ထွက်လာနိုင်ဦးမှာမဟုတ်ဘူး။ အရေးအကြီးဆုံးက မင်းအနာဂတ်နော်"
"ငါ.."
ကောင်းလဲ့က ခပ်ဖွဖွပြုံးလိုက်၏။
"ငါက မင်းကို တရားမဝင်တဲ့ကိစ္စတစ်ခုခုကို လုပ်ခိုင်းနေတာမဟုတ်ဘူးနော်။ ငါ့မိတ်ဆွေကို မစ္စတာထန်နဲ့တွေ့ပြီး ရင်းနှီးမြှုပ်နှံမှုရအောင် ကူညီပေးခိုင်းရုံပဲ။ သဘောတူညီမှုသာ အဆင်ပြေသွားရင် အမြတ်ငွေရဲ့ဆယ်ရာခိုင်နှုန်းကို မင်းကိုပေးမှာပါ။ ဘယ်လိုသဘောရလဲ"
"ဒါက.."
ချန်းချောင်မှာ တဒင်္ဂမျှတွေဝေတုံ့ဆိုင်းသွားသော်ငြား ခေါင်းညိတ်လိုက်ဆဲသာ။
သူ့တွင် ရွေးချယ်စရာမရှိပေ။ သူ့အနာဂတ်နှင့် ဂုဏ်သိက္ခာကို အခြားအရာများထက် ပိုတန်ဖိုးထားသည်။
ဤသည်မှာ လုပ်ထုံးလုပ်နည်းနှင့် ဆန့်ကျင်နေသော်ငြား အဆက်အသွယ်လုပ်ပေးရုံသာဖြစ်သောကြောင့် ပြဿနာတော့ရှိမည်မဟုတ်။
ကောင်းလဲ့က ချန်းချောင်၏ပခုံးကို ပုတ်လိုက်သည်။
"ကိုယ့်လူ..မင်းက ဆုံးဖြတ်ချက် တယ်ပြတ်သားတာပဲ။ ဒီတော့ အဆင်ပြေသွားပြီနော်။ ငါ ဒီည ငါ့မိတ်ဆွေကို ခေါ်လာခဲ့လိုက်မယ်။ ပြီးမှ ဆေးရုံကို အတူသွားကြတာပေါ့"
ချန်းချောင်ကို ဟိုတယ်သို့ ဝင်ပို့ပေးခဲ့ပြီးနောက် ကောင်းလဲ့က ချင်းရှန်၏ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။
"အစ်ကိုချင်း.. အကုန်အဆင်ပြေသွားပြီ။ ကျွန်တော်တို့လူက အစ်ကို့ကိုခေါ်သွားပေးလိမ့်မယ်။ အဲဒီအချိန်ကျရင်သာ ထန်ဟွားကို သတ်ပစ်လိုက်"
"ကောင်းပြီ။ ကျေးဇူးတင်ပါတယ် သခင်လေးကောင်း"
"ကိစ္စအသေးအဖွဲလေးပါ။ စကားမစပ်.. ခင်ဗျား ကျွန်တော့်ကို ကတိပေးထားတဲ့ဟာကရော"
ချင်းရှန်က တဟားဟားအော်ရယ်လိုက်သည်။
"လူသတ်ရတာမှမဟုတ်တာ။ အသာလေးထုတ်ပေးနိုင်တာပေါ့"
ယဲ့ချန်းက နေ့လယ်ခင်းဘက်တွင် ထန်းလု၏အိမ်၌ အချိန်ဖြုန်းပြီး ညနေဘက်မှ ထျန်းချန်ယိပင်မှ ထွက်လာခဲ့လိုက်သည်။ ထို့နောက် ရန်အိုက်ဆေးရုံသို့ မောင်းသွားလိုက်၏။
လုံခြုံရေးတင်းကျပ်ထားသော်ငြား ယဲ့ချန်း စိတ်မအေးဖြစ်နေရဆဲပင်။
ရန်အိုက်ဆေးရုံတွင် ချန်းချောင်က စစ်တပ်သုံးကားတစ်စီးကို ထိုးရပ်ထားသည်။ ရွှေကိုင်းတပ်မျက်မှန်တပ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ကားထဲမှထွက်လာသည်။
"ဥက္ကဋ္ဌချင်း..ကျွန်တော့်နောက်က လိုက်ခဲ့ပါ။ ကျွန်တော်တို့ အဲဒီကိုရောက်ရင် စကားမပြောနဲ့။ ကျွန်တော့်ဦးဆောင်မှုနောက်ကိုသာ လိုက်ခဲ့"
ချန်းချောင်က ပြောလိုက်၏။
"ကောင်းပြီ"
ထိုအမျိုးသားက ခေါင်းညိတ်ပြလိုက်သည်။
ပထမထပ်နှင့် ဒုတိယထပ်က ရန်အိုက်ဆေးရုံ၏ သာမန်လူနာဆောင်များပင်။ တတိယထပ်တွင်မူ စစ်သားများဖြင့် ပြည့်နှက်နေသည်။
ချန်းချောင်က စစ်ဆေးရာနေရာသို့ ထိုအမျိုးသားကို ခေါ်သွားလိုက်သည်။
တာဝန်ကျစစ်သားက ချန်းချောင်လေ့ကျင့်ပေးထားသော စစ်သားများထဲမှ တစ်ယောက်ပင်။
"ခေါင်းဆောင်ချန်း ဒီကို ဘာလို့ရောက်လာတာလဲ"
"အိုး.. ဒီအတိုင်းလှည့်ပတ်ကြည့်ဖို့လေ။ ဘာပြဿနာရှိိလို့လဲ"
ထိုစစ်သားက ပြုံးလိုက်လေသည်။
"အကုန် ပုံမှန်ပါပဲ"
ထိုစစ်သားလေးက စကားပြောရင်း ချန်းချောင်၏အနောက်ရှိ သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးကို လှမ်းကြည့်လိုက်သည်။
ချန်းချောင်ကလည်း ပြောလိုက်သည်။
"ဒါက မစ္စတာထန်းရဲ့မိတ်ဆွေတစ်ယောက်လေ။ မစ္စတာထန်းက သူ့ကိုတွေ့ချင်တယ်ဆိုပြီး ခေါ်လာခိုင်းလို့"
"ဒါပေမဲ့..."
ထိုစစ်သားလေးမှာ တွေဝေတုံ့ဆိုင်းသွားလေသည်။
"ဒါပေမဲ့ ဘာဖြစ်လဲ။ ငါက လုပ်ကြံရေးသမားတစ်ယောက်ကို ခေါ်လာမယ်လို့များ ထင်နေတာလား"
ချန်းချောင်၏မျက်နှာကား မည်းမှောင်သွားလေသည်။
မည်သို့ပင်ဖြစ်စေ ချန်းချောင်က ဝံပုလွေအစွယ်အထူးတပ်ဖွဲ့မှ လက်ထောက်ခေါင်းဆောင်လည်းဖြစ်၊ စစ်ဆင်ရေးခေါင်းဆောင်တစ်ယောက်လည်းဖြစ်သောကြောင့် ထိုစစ်သားမှာ သံသယဖြစ်နေပါသည့်တိုင် သူတို့ကို ဝင်ခွင့်ပေးလိုက်ဆဲသာ။
သူတို့နှစ်ယောက် အထဲဝင်တော့မည်အချိန်မှာပင် ယဲ့ချန်း ရောက်ချလာသည်။
"ငါ အခုလေးတင် လူနှစ်ယောက်ဝင်သွားတာကို မြင်လိုက်တယ်။ သူတို့က ဘယ်သူတွေလဲ"
ယဲ့ချန်း မေးလိုက်သည်။
"ခေါင်းဆောင်ချန်းနဲ့ သက်လတ်ပိုင်းလူကြီးတစ်ယောက်ပါ"
"ဘာ?"
ယဲ့ချန်း၏မျက်နှာကား ပျက်ယွင်းသွားချေသည်။ ခံစားချက်များလည်း မကောင်းတော့ပေ။
တတိယထပ်တွင် အခြားလူနာများ မရှိပါဘဲ အစောင့်များသာရှိ၏။ ချန်းချောင်က အထူးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်သောကြောင့် သူ လူတစ်ယောက်ကိုခေါ်လာချိန်မှာ မည်သူကမှ သံသယမဝင်ချေ။
သူတို့နှစ်ယောက်က ထန်ဟွား၏လူနာခန်းနားသို့ မရောက်လာခင်အထိ အနှောင့်အယှက်ကင်းကင်း ဖြတ်သန်းလာခဲ့သည်။
"တံခါးဖွင့်လိုက်။ ငါ မစ္စတာထန်ကို တွေ့ချင်တယ်"
ချန်းချောင်က တည်ငြိမ်စွာပြောလိုက်၏။
နဂါးသံချပ်ကာတပ်ဖွဲ့ဝင်ဖြစ်သော အစောင့်အကြပ်က သူ့အား လမ်းဖယ်မပေးပေ။
"တောင်းပန်ပါတယ်။ မစ္စတာယဲ့ရဲ့ခွင့်ပြုချက်မပါဘဲ မစ္စတာထန်ကို ဘယ်သူမှတွေ့လို့မရပါဘူး"
"ငါတောင် မရဘူးလား"
ချန်းချောင်က မျက်မှောင်ကြုတ်လိုက်လေသည်။
"မရပါဘူး။ ခင်ဗျားလည်း မစ္စတာယဲ့ဆီက ခွင့်ပြုချက်တောင်းမှဖြစ်မယ်။ ခင်ဗျား မစ္စတာယဲ့ကို ဖုန်းဆက်လိုက်လို့ရတယ်လေ"
"မင်း.."
ချန်းချောင် မျက်မှောင်ကြုတ်လိုက်မိသည်။
သူ့ဘေးရှိ သက်လတ်ပိုင်းအရွယ် အမျိုးသားကို ရှင်းပြတော့မည့်ဆဲဆဲမှာပင် ထိုလူက အမှတ်မထင်လှုပ်ရှားလာသည်။
ဖြောင်း!
သူက လက်သီးချက်နှစ်ချက်ကို အမြန်ပစ်သွင်းလိုက်ပြီးနောက် လုံခြုံရေးများကို အမှောက်သိပ်ပစ်လိုက်သည်။
"မင်း.."
ချန်းချောင်ခမျာ ထိုလူ၏လုပ်ရပ်ကိုကြည့်ရင်း ကြက်သေသေသွားလေသည်။
ချင်းရှန်က တံခါးဖွင့်ပြီးနောက် ဆေးရုံခုတင်ဆီသို့ အပြေးသွားလိုက်၏။ သူ့လက်ထဲရှိ ဓားမြောင်ဖြင့် ခုတင်ပေါ်ရှိ ထိုနေရာကို ထိုးစိုက်ပစ်လိုက်သည်။
သို့သော် သူ့အမူအရာမှာ ရုတ်တရက်ပြောင်းလဲသွားသည်။
ခုတင်ပေါ်တွင် မည်သူမှ ရှိမနေပေ။
•••••••••••••••••