← Chapters

တရားခံကို လိုက်ဖမ်းခြင်း

Vol. 13 Ch. 194

တရားခံကို လိုက်ဖမ်းခြင်း

Vol. 13 Ch. 194

တစ်ပြိုင်တည်းဆိုသလိုပင် သတိပေးချက်အသံများ ထွက်ပေါ်လာသည်။

ချင်းရှန်က ကသုတ်ကရက်ပြေးထွက်သွားပြီး အရေးပေါ်ထွက်ပေါက်မှတစ်ဆင့် ထွက်ပြေးရန် ကြံလိုက်သည်။

ထိုအချိန်မှာပင် ရုတ်တရက်ဆန်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ မီးအလင်းရောင်သေးသေးလေးတစ်ခုမျှသာ ဖြစ်သော်ငြား ချင်းရှန်၏အမူအရာကား ရုတ်ခြည်းပြောင်းလဲသွားလေသည်။

ချင်းချန်၏ရှေ့တွင် မီးခြစ်ကိုင်ထားသော လူတစ်ယောက်က မတ်တတ်ရပ်ပြီး သူ့ကို ပြုံးပြနေသည်။

"မင်းက ဘယ်သူလဲ"

"ကျုပ်က ခင်ဗျားကိုဖမ်းမဲ့လူပဲ။ ခင်ဗျားက ဘုရင်ချင်းကွမ်းပဲဖြစ်ရမယ် ချင်းရှန်.. ခင်ဗျား ဒီကိုရောက်လာပြီဆိုမှတော့ ဘာလို့ပြန်ဖို့လောနေတာလဲ။ လက်ဖက်ရည်လေးဘာလေးသောက်ပြီး စကားမပြောချင်ဘူးလား"

စကားအဆုံးမှာ တစ်ဖက်လူထံမှ အေးစက်စက်အရှိန်အဝါတစ်ခုကို ချင်းရှန် ခံစားလိုက်ရသည်။

"ကျွမ်းကျင်သူတစ်ယောက်ပဲ"

ချင်းရှန်၏မျက်နှာထက်တွင် အတန်ငယ်အံ့အားသင့်သွားသော အမူအရာတစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။

ထိုအချိန်တွင် အလျင်စလိုနိုင်သော ခြေလှမ်းများက သူ့အနောက်မှ ထွက်ပေါ်လာသည်။ လိုက်လံဖမ်းဆီးသူများ ရောက်လာသည်မှာ သိသာလှ၏။

ချင်းရှန်လည်း စဉ်းစားနေချိန်မရဘဲ ယဲ့ချန်းဆီသို့ တစ်ဟုန်ထိုးပြေးသွားလိုက်သည်။

ချင်းရှန်၏လှုပ်ရှားမှုက အလွန်လျင်မြန်လေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့လက်ထဲရှိ ဓားမြောင်ဖြင့် ယဲ့ချန်းကို လှမ်းထိုးလိုက်သည်။

ယဲ့ချန်းကလည်း မျက်စိရှင်ရှင်ထားပြီး သူ့လက်ထဲရှိ စီးကရက်ဖင်ခံကို ဆတ်ခနဲလှည့်လိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာပင် မီးပွားတစ်စက အမှောင်ထုထဲမှတစ်ဆင့် ချင်းရှန်၏မျက်နှာဆီသို လွင့်စင်သွားလေသည်။

ချင်းရှန်က သူ့ခန္ဓာကိုယ်ကို ဘေးသို့ရှောင်တိမ်း၍ ဆေးလိပ်ဖင်စီခံကို ရှောင်လိုက်ပြီးနောက် လက်ကောက်ဝတ်ကိုလှည့်ကာ ဓားမြောင်ကို ယဲ့ချန်း၏လည်ပင်းသို့ ခုတ်ချလိုက်သည်။

ယဲ့ချန်း၏အမူအရာမှာ လေးနက်သွားလေသည်။ ချင်းရှန်၏ခွန်အားမှာ အလွန်သန်မာလှချေသည်။ ကံကောင်းချင်တော့ သူ့တွင် နတ်ဘုရားအဆင့်တိုက်ခိုက်ရေးစွမ်းရည် ရှိထားသည်။ သို့မဟုတ်ပါက ဤလူ့ကို သူမယှဉ်နိုင်လောက်ပေ။

သူလည်း ခန္ဓာကိုယ်ကို အနောက်သို့ယို့၍ ခြေတစ်ဖက်ဖြင့် ကန်ထုတ်လိုက်သည်။

ချင်းရှန်ကလည်း သူ့ခန္ဓာကိုယ်ကို လိမ်ကောက်၍ ခြေတစ်လှမ်းနောက်ဆုတ်ကာ ယဲ့ချန်း၏တိုက်ခိုက်မှုကို ပွတ်ကာသီကာရှောင်တိမ်းလိုက်၏။

အစတုန်းကတော့ ယဲ့ချန်းကို တစ်ချက်တည်းဖြင့် သတ်ပစ်ပြီး ဖောက်ထွက်သွားနိုင်သည်ဟု ချင်းရှန် ထင်ထားခဲ့သည်။ သို့သော် ထင်မှတ်မထားပါဘဲ ယဲ့ချန်းက သူ့ကို တားထားနိုင်သည်။

အနောက်ဘက်ရှိ ခြေသံများက နီးသည်ထက် နီးလာလေပြီ။ ချင်းရှန်၏အမူအရာလည်း ပိုဆိုးဝါးလာသည်။

ယဲ့ချန်းက ဤမျှအထိ လျင်လိမ့်မည်ဟု သူ ထင်မထားပေ။ အကယ်၍ သူသာ မြန်မြန်မဖြတ်နိုင်ပါက ဤနေရာတွင် ပိတ်မိသွားနိုင်သည်။

ယဲ့ချန်း၏ခွန်အားကြောင့် ချင်းရှန်လည်း အတန်ငယ်အံ့အားသင့်သွားချေသည်။

ယခုလိုကျွမ်းကျင်သူတစ်ယောက်နှင့် ဤနေရာတွင် လာတွေ့နေလိမ့်မည်ဟု သူ ထင်မထားပေ။

ချင်းရှန်က ဓားမြောင်ကို နောက်တစ်ကြိမ်ဆုပ်ကိုင်ပြီး ယဲ့ချန်းထံသို့ ချီတက်သွားပြန်လေသည်။

ယဲ့ချန်းလည်း ပြုံးလိုက်မိသည်။

"ခင်ဗျားပြန်ထွက်လို့မရဘူး။ ဒီမှာပဲနေ"

သို့သော် ဤတစ်ခေါက်တွင် ချင်းရှန်က သူ့အား ဓားမြောင်ဖြင့် ထိုးမလာတော့ဘဲ ထိုဓားဖြင့် ပစ်ပေါက်လိုက်လေတော့သည်။

ဝှစ်!

ဓားမြောင်က လျှပ်စီးအလား ယဲ့ချန်းထံသို့ ဦးတည်လာလေသည်။

ယဲ့ချန်းကလည်း ခန္ဓာကိုယ်ကို ဘေးတိမ်း၍ ရှောင်လိုက်လေရာ ဓားမြောင်က သူ့အနောက်ရှိ နံရံတွင် သွားစိုက်နေလေ၏။

ထိုအချိန်မှာ ချင်းရှန်က ထိုအခွင့်အရေးကို အမိအရယူ၍ ထွက်ပြေးရန် ကြံလေသည်။

"ထွက်ပြေးချင်တာလား။ အဲဒီလောက်မလွယ်ဘူးလေ"

ယဲ့ချန်းကမူ ချင်းရှန်၏ပခုံးကို ဖမ်းဆုပ်ထားသည်။ ချင်းရှန်ကလည်း လက်သီးတစ်ချက်ဖြင့် တုံ့ပြန်သည်။

ဘန်း!

လက်သီးဆုပ်ချင်း ထိမိချိန်ဝယ် သူ့ကိုတိုက်ခိုက်နေသော အင်အားတစ်ရပ် စိမ့်ထွက်လာကြောင်း ချင်းရှန် ခံစားလိုက်ရသည်။

ယဲ့ချန်းနှင့် ချင်းရှန်တို့ ခြေသုံးလှမ်းစီ နောက်ဆုတ်လိုက်ရသည်။ ချင်းရှန်က လှည့်ပြေးချိန်မှာ ယဲ့ချန်းက လက်ဝါးဖြင့် သူ့ကျောကို ရိုက်ချလိုက်၏။

ဤတစ်ခေါက်တွင်မူ ချင်းရှန်က မရှောင်တိမ်းနိုင်လိုက်ဘဲ ယဲ့ချန်း၏လက်ချက်ဖြင့် လွင့်စင်သွားသောကြောင့် ယဲ့ချန်းပင် အံ့ဩသွားရသည်။

ပြုတ်ကျပြီးနောက် ချင်းရှန်က အရှေ့သို့လှမ်း၍ အမြန်ထွက်ပြေးလေတော့သည်။

သေစမ်း!

ယဲ့ချန်း တုန်လှုပ်သွားမိသည်။

ဒီလူက တော်တော်ဉာဏ်နီဉာဏ်နက်များတာပဲ!

ထိုအခိုက်ဝယ် ယန်လိက သူ(မ)၏အသင်းနှင့် ရောက်ချလာသည်။ ထို့နောက် ချင်းရှန်ကို ဒုတိယထပ်ရှိ စင်္ကြံလမ်းထက်တွင် ပိတ်ဖမ်းထားလိုက်သည်။

သို့သော် ထိုအချိန်မှာပင် ရုတ်တရက်ဆန်သော အပြောင်းအလဲ ဖြစ်လာသည်။

ချန်းချောင်က အရှေ့သို့ထွက်လာသည်။

"လူယုတ်မာ သောက်လူသတ်သမား.. မပြေးနဲ့"

ဤလူက ရုတ်တရက်ကြီးထွက်ပေါ်လာသောကြောင့် ယန်လိနှင့် အခြားလူများ၏ နေရာယူပုံမှာ ဖရိုဖရဲဖြစ်သွားလေသည်။

ချင်းရှန်က ချန်းချောင်ထံသို့ အပြေးသွားလိုက်သည်။ သူတို့အချင်းချင်း တိုက်မိတော့မည့်အချိန်မှာပင် ချင်းရှန်က ရုတ်တရက်လွှားခုန်လိုက်ပြီးနောက် ချန်းချောင်၏ပခုံးပေါ်သို့ တက်နင်း၍ နံရံအမြင့်ကြီးပေါ်သို့ ခုန်တက်ကာ ပြတင်းပေါက်မှတစ်ဆင့် ထွက်ပြေးသွားသည်။

သေစမ်း!

ယဲ့ချန်းမှာ ဒေါသကြောင့် ပေါက်ကွဲလုမတတ်ပင်။

ဤချန်းချောင်က ကိစ္စများကို ပိုဆိုးသွားအောင် လုပ်နိုင်ပေသည်။

"ငါ…"

အစတုန်းကတော့ ချန်းချောင်လည်း သူ့အမှားကို ပြန်ပြင်ဆင်ချင်ခဲ့သော်ငြား ထင်မှတ်မထားပါဘဲ သူ့ကြောင့် ချင်းရှန် လွတ်မြောက်သွားရသည်။

"ချန်းချောင်ကို တစ်ယောက်လောက် လက်ထိပ်ခတ်ထားပြီး ဟိုလူ့ကိုလိုက်ဖမ်းဖို့အတွက် ငါ့နောက်ကလိုက်ခဲ့"

ယဲ့ချန်း အမိန့်ပေးလိုက်သည်။

အထူးတပ်ဖွဲ့ဝင်နှစ်ယောက်က ချန်းချောင်ကို ချုပ်ထားလိုက်သည်။ ချန်းချောင်ကတော့ ရုန်းနေဆဲပင်။

"မင်းတို့မှာ ငါ့ကိုဖမ်းပိုင်ခွင့်ရှိလို့လား"

ယဲ့ချန်းလည်း အေးတိအေးစက်လေသံဖြင့် ပြောလိုက်လေတော့သည်။

"မစ္စတာထန်ကို လုပ်ကြံရန်ကြိုးစားမှု၊ လူသတ်သမားကို လွတ်မြောက်သွားအောင် ကူညီမှုနဲ့ဆိုရင် လုံလောက်ပြီ"

ချန်းချောင်မှာ ပထမအချက်ကို မငြင်းနိုင်သော်ငြား ဒုတိယအချက်အတွက်တော့ မှားယွင်းစွပ်စွဲခံရသလို ခံစားရသည်။

အစကတော့ သူက သူ့ပြစ်မှုများအတွက် ပြန်ဖာထေးချင်ခဲ့ခြင်းပင်။ ယခုလိုဖြစ်သွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ထိုအချိန်တွင် ယဲ့ချန်းကတော့ သူ့အဖွဲ့နှင့်အတူ အပြင်သို့ ဒုန်းစိုင်းထွက်သွားလေပြီ။

သို့သော် ကားနောက်မီးကိုသာ မြင်လိုက်ရသည်။

ယဲ့ချန်းလည်း အေးစက်စက်လေသံဖြင့် ပြောလိုက်၏။

"သူ လွတ်သွားလို့မဖြစ်ဘူး။ မင်းတို့တွေထဲက တချို့က ဒီမှာနေခဲ့။ ကျန်တဲ့လူတွေက သူ့ကိုဖမ်းဖို့ ငါ့နောက်ကလိုက်ခဲ့"

ယဲ့ချန်းမှာ ကျိုးစုစုကိုလည်း ဖုန်းဆက်လိုက်သည်။

ရဲများနှင့် အထူးတပ်ဖွဲ့တို့ ပူးပေါင်း၍ ကောင်းမိသားစုကို လုံးဝဝိုင်းထားလိုက်သည်။ ကောင်းမိသားစု၏ ဂိတ်တံခါးများမှာ ပွင့်ဟလာပြီးနောက် အဘိုးတစ်ယောက်က တုတ်ကောက်တစ်ချောင်းနှင့် ထွက်လာလေသည်။

ဤမြင်ကွင်းကို မြင်သောအခါ ကောင်းချန်၏အကြည့်ကား အေးစက်သွားလေသည်။

"မင်းတို့ ဘာလုပ်နေတာလဲ။ ငါမသေသေးဘူးကွ။ မင်းတို့က ကောင်းမိသားစုကို ဆန့်ကျင်ကြတော့မလို့ပေါ့"

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်လေသည်။

"မစ္စတာကောင်း.. ကျွန်တော်တို့က ခင်ဗျားကို ဆန့်ကျင်နေတာမဟုတ်ပါဘူး။ တကယ်တော့ ကျွန်တော်တို့က ကောင်းမိသားစုကို ကာကွယ်ပေးနေတာပါ။ ရာဇဝတ်သားတစ်ယောက်က ခင်ဗျားအိမ်ထဲကိုဝင်သွားလို့ ကျွန်တော်တို့က ကောင်းမိသားစုကို လာကာကွယ်ပေးတာပါ"

"မဖြစ်နိုင်တာ။ ငါတို့အိမ်မှာ ကင်းလှည့်နေတဲ့ သက်တော်စောင့်တွေရှိတယ်။ ရာဇဝတ်သားတစ်ယောက်က ဘယ်လိုလုပ်ပြီး ဝင်နိုင်မှာလဲ"

ယဲ့ချန်း လှောင်ပြောင်သရော်လိုက်ချေသည်။

"ဘယ်လိုဝင်သွားလဲဆိုတာတော့ ပြောရခက်တယ်ဗျ။ ဒါပေမဲ ဒီရာဇဝတ်သားက အရမ်းအန္တရာယ်များတယ်။ သူ့ကိုသာ မဖမ်းမိဘူးဆိုရင် ခင်ဗျားတို့မိသားစုရော မိုတုမြို့ရဲ့လုံခြုံရေးပါ စိုးရိမ်ရတယ်"

ထိုအချိန်မှာပင် ကောင်းလဲ့က အပြင်ဘက်သို့ အပြေးထွက်လာသည်။

"ယဲ့ချန်း မင်းပြောတာ ဘာသဘောလဲ။ ငါတို့တွေ ပြဿနာတက်ထားတယ်ဆိုတာတော့ သိပါတယ်။ ဒါပေမဲ့ အခုလိုကိုယ်ရေးကိုယ်တာအရ လက်စားချေဖို့အထိ လိုလို့လား"

"ကိုယ်ရေးကိုယ်တာလက်စားချေတာတဲ့လား"

ယဲ့ချန်း ရုတ်တရက်ရယ်လိုက်မိသည်။ ထို့နောက် ခပ်ဖွဖွပြုံးလိုက်၏။

"မစ္စတာကောင်း.. ကျွန်တော်က အေးအေးဆေးဆေးပဲ နေခဲ့တာပါ။ ဘယ်လိုလုပ်ပြီး ရန်ငြိုးထားရမှာလဲ။ ကျွန်တော်က ကောင်းမိသားစုအတွက် လုပ်နေတာပါ"

ကောင်းချန်ကလည်း ဟွန့်ခနဲနှာမှုတ်လိုက်သည်။

"ရှာဖွေခွင့်မပေးဘူးဆိုရင် ဘာလုပ်မှာလဲ"

ယဲ့ချန်းကလည်း တည်တည်ငြိမ်ငြိမ်သာ ပြောလိုက်၏။

"မစ္စတာကောင်းဘက်က သဘောမတူဘူးဆိုရင် ကျွန်တော်တို့လည်း ရိုင်းပျရပါလိမ့်မယ်"

"မင်းကများ ရာရာစစ.. မင်းတို့ ဒီနေ့ ငါတို့ကောင်းမိသားစုရဲ့ ခြံဝင်းထဲကို ဝင်ချင်တယ်ဆိုရင် ငါ့ကို အရင်ကျော်သွားမှဖြစ်မယ်"

ထိုအချိန်မှာ ဟုန်းချီကားတစ်စီးက ကောင်းမိသားစု၏အိမ်ပေါက်ဝတွင် ထိုးရပ်လိုက်သည်။ ထို့နောက် လူအိုကြီးတစ်ယောက်က အပြင်သို့ ထွက်လာခဲ့သည်။

ထိုလူအိုကြီးကိုမြင်သောအခါ ယန်လိနှင့် အခြားလူများ၏အမူအရာများမှာ ပြောင်းလဲသွားချေသည်။ ကောင်းချန်ပင် အတန်ငယ်တုန်ယင်သွားသည်။

ထိုလူအိုကြီးက ယဲ့ချန်းထံသို့ လျှောက်သွားလိုက်၏။

"လူငယ်လေး.. သူ အထဲမှာရှိတယ်ဆိုတာ သေချာလား"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"သေချာပါတယ်"

အစောကပင် ချင်းရှန်၏တည်နေရာကို နတ်မျက်စိစနစ်ဖြင့် ကြည့်ထားပြီးဖြစ်လေရာ တစ်ဖက်လူက ဤခြံဝင်းထဲတွင် ရှိနေသည်မှာ သေချာသည်။

ထိုအဘိုးကြီးက ကောင်းချန်အနားသို့ တိုးကပ်သွားသည်။

"အစ်ကိုကြီး.. ဒီကိစ္စက အရမ်းအရေးကြီးလို့ပါ။ ခင်ဗျား သူတို့ကို ရှာဖွေခွင့်ပေးသင့်တယ်။ မဟုတ်လို့ကတော့ လူတိုင်းအတွက် ကြည့်ရဆိုးသွားလိမ့်မယ်"

ကောင်းချန်၏မျက်နှာကား ချက်ချင်းဖြူရော်သွားသော်ငြား ခက်ထန်မှုအရိပ်အယောင်တစ်ခုကလည်း ရှိနေသေးသည်။

"ဘယ်သူ့ကိုမှ ရှာမတွေ့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ"

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်လေသည်။

"တကယ်လို့ ကျွန်တော်တို့ ဘယ်သူ့ကိုမှ ရှာမတွေ့ဘူးဆိုရင် ကျွန်တော် တာဝန်အပြည့်အဝယူပါ့မယ်"

"ကောင်းပြီ.."

ကောင်းချန်လည်း ဘေးကပ်ရပ်ပေးလိုက်ပြီးနောက် တံခါးဝရှိ အစောင့်များကို အမိန့်ပေးလိုက်သည်။

"သူတို့ကို ရှာဖွေခွင့်ပေးလိုက်"

ကောင်းလဲ့၏အမူအရာမှာ ပြောင်းလဲသွားလေသည်။

"အဘိုး"

ယဲ့ချန်းနှင့် သူ့အဖွဲ့သားများက ကောင်းမိသားစု၏အိမ်ထဲသို့ ဝင်သွားလေသည်။ ကောင်းမိသားစု၏နေအိမ်မှာ ဟက်တာပေါင်းများစွာကျယ်ဝန်းသော နေအိမ်တစ်ခုပင်။

ဤမျှကျယ်ဝန်းလှသော နေရာတစ်ခုတွင် လူတစ်ယောက်ကို ရှာရခြင်းမှာ အလွန်ခက်ခဲလှသည်။

ယဲ့ချန်းက နှာခေါင်းတရှုံ့ရှုံ့လုပ်လိုက်လေရာ အနံ့တစ်ခုကို ရလိုက်သည်။ ထိုအနံ့မှာ ချင်းရှန်နှင့် ထိပ်တိုက်တွေ့ခဲ့စဉ်က ရခဲ့သောအနံ့ပင်။

ယဲ့ချန်းက ဂိုဒေါင်တစ်ခုရှေ့သို့ ရောက်လာခဲ့သည်။ ထို့နောက် ထိုဂိုဒေါင်တံခါးကို ကန်ဖွင့်လိုက်၏။

ဂိုဒေါင်ထဲတွင် မည်းမှောင်နေပြီး အောက်သိုးသိုးအနံ့တစ်ခု ထောင်းထနေချေသည်။ ထိုအနံ့က ဤဂိုဒေါင်ထဲတွင် ပျောက်ကွယ်သွားသည်။

ဂိုဒေါင်ထဲတွင် လူတစ်ယောက်ရှိသည်မှာ‌ သေချာ၏။

အထူးတပ်ဖွဲ့ဝင်အမြောက်အများကလည်း အထဲသို့ ပြေးဝင်လာသော်ငြား ဘာမှရှာမတွေ့ပေ။ ယဲ့ချန်းက ဂိုဒေါင်ထဲသို့ဝင်ပြီးနောက် သတ္တုဗီရိုတစ်ခုပေါ်သို့ အကြည့်ရောက်သွားသည်။

ယဲ့ချန်းက သတ္တုဗီရိုဆီသို့ ချဉ်းကပ်သွားသည်ကို မြင်သောအခါ ကောင်းလဲ့ခမျာ ရင်ထိတ်သွားလေသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

သူက ဒီနေရာကို ဒီလောက်မြန်မြန်ကြီး ဘယ်လိုလုပ်ပြီး ရှာနိုင်တာလဲ?

••••••••••••••

All Chapters