ဝမ်အာက ဟွားစံအိမ်တော်ကို သွားတော့မှာ
Vol. 13 Ch. 195
ယဲ့ချန်းက မျက်ရိပ်ပြလိုက်သောအခါ အထူးတပ်ဖွဲ့ဝင် စစ်သားများကလည်း ထိုသတ္တုဗီရိုဆီသို့ ဖြည်းဖြည်းချင်းချဉ်းကပ်သွားကြသည်။
ဘုန်း!
သတ္တုဗီရိုတံခါးမှာ ရုတ်တရက်ကြီးကန်ဖွင့်ခံလိုက်ရသည်။ ထို့နောက် အရိပ်ပေါင်းများစွာ အသည်းအသန်ပြေးထွက်လာသည်။
အရှေ့ရှိ အထူးတပ်ဖွဲ့ဝင်စစ်သားများမှာ အချိန်မီမရှောင်လိုက်နိုင်သဖြင့် လဲကျကုန်ကြသည်။
သို့သော် အပြင်ဘက်တွင် ယဲ့ချန်း၏လူများနှင့် ပြည့်နေသည်။ တစ်ဖက်လူခမျာ အဖမ်းမခံရခင်အထိ ခြေလှမ်းအနည်းငယ်မျှသာ ပြေးလိုက်နိုင်သည်။
ဤအခြင်းအရာကိုမြင်သော် ကောင်းမိသားစုတော့ သွားပြီဟု သဘောပေါက်လိုက်သဖြင့် ကောင်းချန်မှာ မျက်လုံးမှိတ်လိုက်မိလေတော့သည်။
ကောင်းလဲ့၏မျက်နှာလည်း ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။
ယဲ့ချန်းက အဖမ်းခံထားရသော လူထံသို့ လျှောက်လာသည်။
"မစ္စတာချင်း.. ဒီဆိုရိုးစကားကို ခင်ဗျား မကြားဖူးဘူးလား။ ဟွားနိုင်ငံကို စော်ကားတဲ့လူက ဘယ်လောက်ဝေးဝေးပြေးပြေး သေချာပေါက်အပြစ်ပေးခံရတယ်တဲ့"
သို့သော် ချင်းရှန်၏မျက်နှာထက်ဝယ် အေးစက်စက်အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။
"ကောင်လေး.. မင်းက တော်ပါပေတယ်။ ငါ မင်းလက်ထဲကို ရောက်လာပြီဆိုပေမဲ့ ငါသေသွားရင်တောင် သွေးအရိပ်အဖွဲ့အစည်းထဲက ငါ့အဖော်တွေက ငါ့အတွက် လက်စားချေပေးမှာပဲ"
ချင်းရှန်က ရုတ်တရက်အော်ရယ်လိုက်ပြီးနောက် သူ့နှုတ်ခမ်းထောင့်မှ အနက်ရောင်သွေးများ ပန်းထွက်လာသည်။
"သေစမ်း"
ဒီလူက သေကြောင်းကြံသွားတာပဲ!
ချင်းရှန်အပြင် ကျန်သွေးအရိပ်အဖွဲ့သားများအားလုံးလည်း လျှာကိုက်၍ သေကြောင်းကြံသွားကြသည်။
ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
ဒီလူတွေက အရူးတွေပဲ!
သွေးအရိပ်အဖွဲ့အစည်းမှ လုပ်ကြံသတ်ဖြတ်ရေးသမားများကို ရှင်းထုတ်လိုက်ပြီဖြစ်သောကြောင့် မစ်ရှင်ပြီးဆုံးပြီဟု ယဲ့ချန်း သတ်မှတ်လိုက်သည်။
လေဆိပ်တွင် ထန်ဟွားက ယဲ့ချန်းကို လက်ဆွဲနှုတ်ဆက်နေချေသည်။
"ကောင်လေး..ဒီတစ်ခေါက်တော့ မင်းကို အရမ်းကျေးဇူးတင်ပါတယ်ကွာ"
"ဟားဟား ရပါတယ်။ ခင်ဗျားနဲ့ယှဉ်ရင် ကျွန်တော်လုပ်ပေးခဲ့တာက မပြောပလောက်ပါဘူး"
ထန်ယန်အာမှာ အနည်းငယ်တွေဝေတုံ့ဆိုင်းနေသည်။
"ယဲ့ချန်း ရှင် ကျွန်မကိုပြောခဲ့တဲ့စကားက အကျုံးဝင်သေးလား"
"အဲ တကယ်တော့ မင်းက ငါ့ရဲ့တစ်ယောက်တည်းသောချစ်သူမဟုတ်ဘူး"
ယဲ့ချန်းလည်း နေရခက်ဟန်ဖြင့် ပြောလိုက်၏။
"ဟမ့်! ရှင် ရိုးရိုးသားသားပြောတယ်ဆိုမှတော့ ဆန်ကုန်မြေလေးမဟုတ်ဘူးဆိုတဲ့ သဘောပါပဲ။ အဲဒါကြောင့် ကျွန်မလည်း ရှင့်ချစ်သူတွေထဲက တစ်ယောက်ဖြစ်ချင်တယ်"
ယဲ့ချန်း : "…"
လေယာဉ်ထွက်သွားလေပြီ။ ယဲ့ချန်းလည်း သက်ပြင်းမောရှိုက်လိုက်မိ၏။
အဆုံးမှာတော့ မစ်ရှင်လည်း ဆုံးခန်းတိုင်သွားလေပြီ။
ယဲ့ချန်းက ယန်လိကို ယန်မိသားစုထံသို့ ပြန်ပို့ပေးလိုက်သည်။
"အဘိုးကိုတွေ့ပြီးရင် အဖွဲ့ဆီကို ပြန်တော့မှာမလား"
ယဲ့ချန်း မေးလိုက်သည်။
"ဟုတ်တယ် ဒီတစ်ခေါက် ရှင့်ကျေးဇူးကြောင့် ကျွန်မတို့ အောင်မြင်ခဲ့တာ"
ယန်လိ ပြုံးလိုက်လေသည်။
"ဟားဟား.. နိုင်ငံ့အတွက် အကျိုးပြုရတာ ဂုဏ်ယူစရာတစ်ခုပါပဲ"
ယဲ့ချန်း ထိုသို့ပြောလိုက်သည်။
ယန်လိကလည်း ပြုံးမိသည်။
"လူယုတ်မာ.. ဪ ဟုတ်သားပဲ။ ချန်းမိသားစုကို သတိထားနော်။ ဒီတစ်ခေါက် ရှင် ချန်းချောင်ကို ဆိုးဆိုးဝါးဝါးပြဿနာရှာလိုက်လို့ သူ ထောင်ဒဏ်ကျသွားတယ်လို့ ကျွန်မကြားလိုက်တယ်။ သူတို့ ရှင့်ကို လက်စားချေကြလိမ့်မယ်"
"စိတ်မပူပါနဲ့။ ငါက လူဆိုးလူညစ်တွေကို မကြောက်တတ်ဘူး။ လက်စားချေချင်တယ်ဆိုရင် ချန်းမိသားစုကတော့ အရည်အချင်းမမီဘူး"
ယဲ့ချန်း၏စကားကို ကြားသောအခါ ယန်လိလည်း ခါးသက်သက်ရယ်လိုက်မိသည်။ ယန်လိ၏ရင်ထဲတွင် ယဲ့ချန်းက ထူးခြားဆန်းကြယ်သူတစ်ယောက်ပင်။
လိုရာခရီးသို့ ရောက်သောအခါ ယန်လိက ယဲ့ချန်းကိုကြည့်၍ ရုတ်တရက်ပြောလိုက်လေသည်။
"မျက်လုံးမှိတ်လိုက်"
"အာ"
ယဲ့ချန်း လန့်သွားရသည်။
"မှိတ်လို့ပြောရင် မှိတ်လိုက်လေ"
ယဲ့ချန်း နားမလည်နိုင်ဖြစ်သွားသော်ငြား နာနာခံခံဖြင့် မျက်လုံးမှိတ်လိုက်သည်။
ရုတ်ခြည်းဆိုသလိုပင် သူ့ပါးပြင်ထက်၌ စွတ်စိုမှုတစ်ခုကို ခံစားလိုက်ရသည်။ ထို့နောက် ပုံရိပ်လေးတစ်ခုက ကားထဲမှ ပြေးထွက်သွားသည်။
ဒီကောင်မလေးကတော့…
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ဒုတိယမြောက်ကြယ်ငါးပွင့်(၂/၅)ကို ရရှိတဲ့အတွက် နတ်ဘုရားအဆင့်အချက်အပြုတ်စွမ်းရည်ကို ဆုလာဘ်အဖြစ် ရရှိပါတယ်]
ဝိုး မိုက်လိုက်တဲ့စွမ်းရည်…
အိမ်အပြန်လမ်းတွင် စုဝမ်ယိထံမှ ရုတ်တရက်ကြီး ဖုန်းဝင်လာသည်။
"အချစ်ရေ ဒီနေ့ အားလား။ ကျွန်မ ရှင့်အိမ်ကို လာလည်မလို့"
တကယ်တမ်းတွင် ယဲ့ချန်းလည်း စုဝမ်ယိကို ဟွားစံအိမ်တော်သို့လာရန် အကြိမ်ကြိမ်ဖိတ်ဖူးသည်။ သို့သော် စုဝမ်ယိက အမြဲတမ်းအလုပ်များနေခဲ့သည်။
စုဝမ်ယိမှာ သိပ်မကြာသေးခင်ကမှ ပရောဂျက်တစ်ခု ပြီးစီးသွားသောကြောင့် အားလပ်ချိန်ရလိုက်ပြီဖြစ်ရာ ယဲ့ချန်းကို ဖုန်းဆက်ရန် သတိရသွားသည်။
"ရတာပေါ့။ ကိုယ် မင်းအတွက် အရသာရှိတဲ့အစားအသောက်တွေ ပြင်ထားပေးမယ်"
"ရှင် ချက်တတ်တယ်လား"
ယခင်ကသာဆိုလျှင် ယဲ့ချန်းလည်း ယခုလိုပြောရဲသည့် ယုံကြည်မှုမျိုး ရှိမည်မဟုတ်။ သို့သော် ယခုမူ နတ်ဘုရားအဆင့်အချက်အပြုတ်စွမ်းရည် ရှိနေပြီဖြစ်ရာ ယုံကြည်မှုအပြည့်ဖြင့် ပြောနိုင်ပြီဖြစ်၏။
"ဒါပေါ့။ ချက်တတ်ရုံတင်မကဘူး။ ကိုယ်ချက်တဲ့ဟင်းတွေက အရမ်းအရသာရှိတာ"
စုဝမ်ယိလည်း စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
"ကောင်းသားပဲ။ ကျွန်မကို မြန်မြန်လာခေါ်လှည့်။ ကျွန်မယောကျ်ားချက်ပေးတဲ့ အစားအသောက်တွေကို စားချင်လှပြီ"
လတ်တလောတုန်းက ဖြစ်ရပ်များအပြီး၌ ယဲ့ချန်းနှင့် စုဝမ်ယိတို့က ဆက်ဆံရေးတစ်ခု တည်ဆောက်ပြီးသွားပြီဖြစ်သောကြောင့် ယခုမူ စုဝမ်ယိက ယဲ့ချန်းကို ယောကျာ်းဟု ပြောင်းခေါ်နေပြီဖြစ်၏။
ယဲ့ချန်းက လင်းဝမ်ယိုကို ကြိုဖုန်းဆက်ပြီး ပါဝင်ပစ္စည်းတချို့ကို ဝယ်ထားခိုင်းပြီး သူ့ချစ်သူကို ခေါ်လာမည့်အကြောင်းကိုပါ ကြိုပြောထားလိုက်သည်။
ယဲ့ချန်းက ယာရှီလုပ်ငန်းစု၏ ဝင်ပေါက်သို့ ကားဖြင့် ရောက်ချလာသည်။ စုဝမ်ယိက ကားထဲသို့ ဝင်လာသည်။
ယဲ့ချန်းက ကားမောင်းရင်း ပြောလိုက်၏။
"ဝမ်ယိ စကားမစပ်.. ဟွားစံအိမ်တော်က ကိုယ့်အိမ်မှာ အိမ်အကူတစ်ယောက်ရှိတယ်။ သူ့စိတ်နေစိတ်ထားကလည်း မင်းလိုပဲ။ မင်းတို့နှစ်ယောက် သူငယ်ချင်းကောင်းတွေ ဖြစ်လာနိုင်လောက်တယ်"
စုဝမ်ယိ ရယ်မောလိုက်မိသည်။
"အိုး ကျွန်မကို အခုမှပြောပြတယ်ပေါ့။ အဲဒီအိမ်အကူလေးက အသက်ငယ်ငယ်ချောချောလေးပဲ ဖြစ်ရမယ်။ ဟုတ်တယ်မလား"
ယဲ့ချန်း ကိုးရိုးကားရားရယ်လိုက်လေသည်။
"ဟုတ်တယ်။ သူက တော်တော်လှတယ်။ အရမ်းလည်း အံ့ဩဖို့ကောင်းတဲ့လူတစ်ယောက်။ ဒီအတောအတွင်း အိမ်မှာ သူပဲ အစစအရာရာစီမံပေးနေလို့ ကိုယ် တော်တော်ကံကောင်းတယ်လို့ ပြောရမယ်"
မည်သို့ပင်ဖြစ်စေ သူတို့က တွေ့ကြတော့မည်ဖြစ်ရာ ယဲ့ချန်းအနေနှင့် ရိုးရိုးသားသားဝန်ခံလိုက်သည်။
စုဝမ်ယိမှာ အနည်းငယ်မကျေမချမ်းဖြစ်ကာ ပြောလိုက်လေသည်။
"ဟမ့်! ရှင်တို့နှစ်ယောက်က တစ်မိုးအောက်မှာ အတူနေကြတာဆိုတော့ ညဘက်လည်း အတူအိပ်ကြတာလား"
ယဲ့ချန်း နည်းနည်းရှက်သွားရသည်။
"မင်း ဘာတွေတွေးနေတာလဲ။ ကိုယ်က တတိယထပ်က အိပ်ခန်းထဲမှာအိပ်တာ။ သူက ပထမထပ်မှာ အိပ်တာ"
အမျိုးသမီးတစ်ယောက်ဖြစ်သော စုဝမ်ယိမှာ ယောကျာ်းတစ်ယောက်နှင့် မိန်းမတစ်ယောက်က တစ်အိမ်တည်းတွင်နေလျှင် ဘာဖြစ်မလဲဆိုသည်ကို တွေးကြည့်တတ်သည်။
"ရှင်တို့နှစ်ယောက်…."
စုဝမ်ယိက ယဲ့ချန်းကို စိုက်ကြည့်လိုက်၏။
"ဝမ်ယိ ကိုယ်တောင်းပန်ပါတယ်"
စိုးရိမ်ပူပန်နေသော ယဲ့ချန်း၏အမူအရာကိုကြည့်ပြီး စုဝမ်ယိ ရုတ်တရက်ပြုံးလိုက်လေသည်။
ယဲ့ချန်း၏အဖြေကို သူ(မ) အလွန်စိတ်တိုင်းကျမိသည်။
ယဲ့ချန်းသာ ပွင့်ပွင့်လင်းလင်းမပြောခဲ့လျှင် သူ(မ) စိတ်တိုမိမည်ဖြစ်၏။ မည်သို့ပင်ဖြစ်စေ ယဲ့ချန်းက သူ(မ)ကိုဂရုစိုက်ပြီး ယုံကြည်ကြောင်း ရိုးသားမှုဖြင့် သက်သေပြခဲ့သည်။
ဤကိစ္စကို လုံးဝဂရုမစိုက်ဟုပြောလျှင်မူ လိမ်ရာကျပေလိမ့်မည်။
သို့သော် ဂုဏ်သတင်းကြီးမားသော မိသားစုတစ်ခုမှ ဆင်းသက်လာသူတစ်ယောက်ဖြစ်သောကြောင့် ထူးချွန်ထက်မြက်သော အမျိုးသားများက မိန်းမတော်တော်များများကို ဆွဲဆောင်နိုင်ကြောင်း သူ(မ) နားလည်သည်။
ယဲ့ချန်းမဆိုထားနှင့်။ သူ(မ)၏အဖေပင် အပြင်၌ မိန်းမအများကြီးရှိသည်။
အကယ်၍ စုဝမ်ယိသာ ဤကိစ္စကို ဂရုစိုက်သည်ဆိုပါက အစကတည်းက ယဲ့ချန်းနှင့် တွဲဖြစ်မည်မဟုတ်ချေ။
အရေးအကြီးဆုံးအရာမှာ ယဲ့ချန်းက သူ(မ)ကို ပွင့်ပွင့်လင်းလင်းပြောပြပြီး ဘာကိုမှမဖုံးကွယ်ထားသဖြင့် သူ(မ) စိတ်လှုပ်ရှားသွားရခြင်းပင်။
စုဝမ်ယိ ပြုံးလျက် ပြောလိုက်လေသည်။
"ယောကျ်ား..ရှင်က ထူးချွန်ထက်မြက်တဲ့ ယောကျ်ားတစ်ယောက်ဆိုတာ ကျွန်မသိတယ်။ အမှန်အတိုင်းပြောရရင် ဂရုမစိုက်ဘူးဆိုတာတော့ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမဲ့ အဲဒါက ရှင့်အရည်အချင်းကို သက်သေပြရာရောက်တယ်လေ။ ပြီးတော့ မိန်းမလှလေးတစ်ယောက်နဲ့ အကြာကြီးတူနေတာတောင် ဘာမှမဖြစ်ခဲ့ဘူးဆိုရင် ရှင် မစွမ်းဆောင်နိုင်မှာတောင် ကျွန်မ စိတ်ပူမိဦးမှာ"
ယဲ့ချန်း တဒင်္ဂမျှကြက်သေသေသွားသည်။
"မင်း တကယ်စိတ်မတိုဘူးလား"
"ကျွန်မသာ စိတ်တိုတယ်ဆိုရင် အခုလောက်ဆိုရင် ရှင့်ကိုဒေါသထွက်နေလောက်ပြီမလား။ ရှင့်အနားမှာ မိန်းမတွေအများကြီးရှိတယ်ဆိုတာ ကျွန်မသိတယ်။ တစ်ယောက်ချင်းစီတိုင်းကိုသာ လိုက်စိတ်တိုနေရရင် ကျွန်မတော့ မနာလိုစိတ်ကြောင့်နဲ့ သေမှာပဲ။ ရှင် ကျွန်မကိုချစ်နေသရွေ့ အဆင်ပြေပါတယ်"
စုဝမ်ယိ၏စကားများကို ကြားသောအခါ ယဲ့ချန်း၏ရင်ထဲ ထိရှသွားရသည်။
စုဝမ်ယိစိတ်ဆိုးသွားမည်ကို ယဲ့ချန်း စိုးရိမ်နေခဲ့ခြင်းပင်။ လမ်းခွဲဖို့အတွက်ပင် ကြိုတင်ပြင်ဆင်ထားပြီဖြစ်၏။
စုဝမ်ယိက ဤမျှအထိနားလည်ပေးလိမ့်မည်ဟု သူ ထင်မထားပေ။
ယဲ့ချန်းလည်း ကျေးဇူးတင်စကားပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ်ကွာ"
စုဝမ်ယိက နူးနူးညံ့ညံ့လေး ပြုံးလိုက်၏။
"ဟမ့်! ရှင် လွတ်ပြီလို့ထင်မနေနဲ့ဦး။ ကျွန်မ ရှင့်ကို အပြစ်ပေးရဦးမယ်"
ယဲ့ချန်း ခပ်ဖျော့ဖျော့ရယ်လိုက်မိသည်။
"ကောင်းပြီလေ။ မင်း ကိုယ့်ကို အပြစ်ပေးချင်တယ်ဆိုရင်လည်း ကိုယ်လက်ခံမှာပါ"
"ဒါဆို ရှင့်ပြစ်ဒဏ်က အခုကစပြီး ကျွန်မအတွက် အရသာရှိတဲ့စားစရာတွေ အများကြီးချက်ပေးဖို့ပဲ"
ယဲ့ချန်းမှာ ရယ်လိုက်မိသည်။
"ကောင်းပြီလေ။ အခုကစပြီး အိမ်မှာ မီးဖိုချောင်ကိစ္စကို ကိုယ်ပဲ တာဝန်ယူတော့မယ်"
သူတို့နှစ်ယောက် စကားတပြောပြောဖြင့် ဟွားစံအိမ်တော်သို့ ရောက်လာခဲ့သည်။
"ဝိုး.. ရှင်တို့အိမ်ရာဝင်းက အရမ်းလှတာပဲ။ ကျွန်မအဖေက အရင်တုန်းက ဟွားစံအိမ်တော်ထဲမှာ ဗီလာတစ်လုံးဝယ်ချင်နေခဲ့တာ။ ဒါပေမဲ့ တစ်လုံးမှမရလိုက်ဘူး။ ယောကျ်ား.. ရှင်က အရမ်းတော်တာပဲ"
ဤပတ်ဝန်းကျင်အနေအထားကို စုဝမ်ယိ အမှန်တကယ်သဘောကျသည်။ တံတားသေးသေးလေးများနှင့် စီးဆင်းနေသော ရေများမှာ သူ(မ)၏အကြိုက်နှင့် ကွက်တိပင်။
•••••••••••••••••••