← Chapters

အထီးကျန် နယ်မြေသို့ သွားခြင်း

Vol. 23 Ch. 331

အထီးကျန် နယ်မြေသို့ သွားခြင်း

Vol. 23 Ch. 331

~ဖုန်းဝူချန်နှင့် ပေတိုယန်တို့၏ တိုက်ပွဲသည် ဖုန်းဝူချန်၏ ကျိုကျိုး ကိုးပြည်ထောင်မှ အထွတ်အထိပ် အဆင့်အတန်းကို အခိုင်အမာ တည်ဆောက်ပေးလိုက်တော့သည်။

ပေတိုမိသားစုက အစပိုင်းတွင် လက်အောက်ခံခဲ့ရခြင်းမှာ ကျန်းမိသားစု၏ ကြောက်မက်ဖွယ် အင်အားကြီးမားမှုကြောင့်သာ ဖြစ်ပြီး လက်နက်ချရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိခဲ့သောကြောင့် ဖြစ်၏။

ဖုန်းဝူချန်က သူ၏ နတ်ဘုရား ပညာရပ်များကို အသုံးပြု၍ ပေတိုယန်အား သေခြင်းတရား၏ အစွန်းမှ ရှင်ပြန်ထမြောက်စေခဲ့ပြီး ပေတိုမိသားစု၏ နံပါတ်တစ် ပါရမီရှင်ကို ကယ်တင်ပေးခဲ့သည်။ ထို့အတွက် သူတို့က အလွန်အမင်း ကျေးဇူးတင်နေကြပါ၏။

သေခြင်းမှ ရှင်ပြန်ထမြောက်စေသော နတ်ဘုရား ပညာရပ်များက လူအုပ်ကြီးကို တုန်လှုပ်စေခဲ့သည်။ ဤအချက်သည် ပေတိုမိသားစုအား ဆန္ဒအလျောက် လက်အောက်ခံရန် လုံလောက်သွားစေခဲ့လေသည်။

သူ၏ လွှမ်းမိုးနိုင်သော အစွမ်းအစနှင့် ကြောက်ခမန်းလိလိ နတ်ဘုရား ပညာရပ်များဖြင့် ဖုန်းဝူချန်သည် ကျိုကျိုး ကိုးပြည်ထောင်၏ ဘုရင် ဖြစ်လာခဲ့တော့သည်။

ဖုန်းဝူချန်က ဘုရင်အဖြစ် ကြေညာလိုက်သောအခါ ကျိုကျိုး ကိုးပြည်ထောင်တွင် မည်သူတစ်ဦးတစ်ယောက်မျှ သဘောမတူညီခြင်း မရှိခဲ့ပါချေ။

'အထီးကျန် နယ်မြေ' မှာ ဖွင့်လှစ်တော့မည် ဖြစ်ပြီး ကျိုကျိုး ကိုးပြည်ထောင်မှ ထူးချွန်သော ပါရမီရှင်များစွာမှာ သူတို့၏ ကံကြမ္မာကို စမ်းသပ်ရန် စိတ်အားထက်သန်နေကြသည်။ 'အထီးကျန် နယ်မြေ' ဟူသည်…. ရှေးခေတ်ကတည်းက ကျန်ရစ်ခဲ့သော ရှေးဟောင်း စစ်မြေပြင်တစ်ခု ဖြစ်ကာ မရေမတွက်နိုင်သော ရတနာများဖြင့် ပြည့်နှက်နေလေ၏။

သာမန် ရတနာများမှာ အချိန်ကာလ၏ မြစ်ရေအလျဉ်တွင် ကြာမြင့်စွာကပင် ပျောက်ကွယ်သွားခဲ့သော်လည်း အဖိုးတန်သော ရတနာများမှာမူ ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။

ကံကောင်းသူများအဖို့ မြေကမ္ဘာ အဆင့် ပညာရပ်များ သို့မဟုတ် သိုင်းပညာများ အစွမ်းထက်သော မှော်လက်နက်များ ..ထို့ပြင် စွမ်းအားရှင် ပုဂ္ဂိုလ်များထံမှ အမွေအနှစ်များကိုပင် ရရှိနိုင်ပေသည်။

ကံမကောင်းသူများမှာမူ ရတနာများ ရှာမတွေ့နိုင်သည့်အပြင် အသက်ပင် ဆုံးရှုံးသွားနိုင်သည်။ ထို့ထက် ဆိုးသည်မှာ သူတို့ ပိုင်ဆိုင်သော ရတနာများကို အခြားသူများက လုယက်သွားခြင်းကို ခံရနိုင်ခြင်း ဖြစ်ပါ၏။

ဤသည်မှာ ဝမ်းနည်းစရာ ကိစ္စတစ်ခုပါတကား။ အရာအားလုံးမှာ ကံတရားအပေါ်တွင်သာ မူတည်နေတော့သည်။

လေလံရုံသို့ ပြန်ရောက်သောအခါ ဖုန်းဝူချန်က သူ၏ ဒဏ်ရာများကို ကုစားရန် 'ချန်ခွင်း မျှော်စင်' ထဲသို့ ချက်ချင်း ဝင်ရောက်သွား၏။

လင်ရှောင်ရှောင်နှင့် အခြားသူများမှာမူ သူတို့ နားမလည်သော 'အထီးကျန် နယ်မြေ' နှင့် ပတ်သက်သည့် ကိစ္စရပ်များကို နတ်ဘုရား ဆေးလုံး သခင်ကြီးနှင့် တိုင်ပင် ဆွေးနွေးနေကြလေသည်။

—------------

"အချိန်က တော်တော်လေး ကွက်တိပဲ။ ငါတို့ ထွက်ခွာသင့်ပြီ။" မုရုန်ထျန်းက ရေတံခွန်၏ မျက်နှာပြင်ပေါ်တွင် တည်ငြိမ်စွာ ရပ်လျက် မျက်နှာထား မပြောင်းဘဲ ဆိုလိုက်သည်။

ပေမင်ခုံက ရေထဲမှ ဖြည်းညှင်းစွာ ထလာ၏။ သူ ထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခုက ဖွဲ့တည်လာပြီး ကြီးမားလှသော ရေပြင်ကြီးကို ပြင်းထန်စွာ လှုပ်ခတ်သွားစေသည်။

ပေမင်ခုံ၏ အရှိန်အဝါမှာ ထျန်းယွမ် ဘုံ ဆဌမလွှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး သတ္တမလွှာသို့ ခြေတစ်လှမ်းသာ လိုတော့၏။

"မင်း အောင်မြင်သွားပြီလား။ တော်တော် ကြောက်စရာကောင်းတဲ့ စွမ်းအားပဲ။" မုရုန်ထျန်းက မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ ပေမင်ခုံ၏ ရှေ့တွင် ရပ်နေသည့်တိုင် သူက ပြင်းထန်သော ဖိနှိပ်မှု စွမ်းအားတစ်ခုကို ခံစားနေရသည်။

"ဒါက ကျန်းလင်တောင်ကြားက ဘိုးဘေးတွေရဲ့ စွမ်းအားပဲ။" ပေမင်ခုံက မသိမသာ ပြုံးလိုက်ပြီး သူ၏ မျက်လုံးများမှာ ယုံကြည်မှုနှင့် မောက်မာမှုများဖြင့် ပြည့်နှက်နေ၏။

ပေမင်ခုံကို တစ်ချက် ကြည့်လိုက်ပြီးနောက် မုရုန်ထျန်းက "ဒီစွမ်းအားက အစစ်အမှန် ယွမ်စွမ်းအင်နဲ့ လုံးဝ ကွဲပြားနေတယ်။ ဖုန်းဝူချန်ရဲ့ စွမ်းအားက အစစ်အမှန် ယွမ်စွမ်းအင် မဟုတ်သလိုပဲ။" ဟု သုံးသပ်လိုက်သည်။

ပေမင်ခုံက ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်။ ဘိုးဘေးတွေရဲ့ စွမ်းအားက ရှေးဟောင်း အမျိုးအစားတစ်ခုလို့ သတ်မှတ်လို့ရတယ်။ သူတို့က 'မကောင်းဆိုးဝါး ဝိညာဉ် စွမ်းအား' လို့ ခေါ်ကြတယ်။" ဟု ပြောလေသည်။

"မကောင်းဆိုးဝါး ဝိညာဉ် စွမ်းအား။" မုရုန်ထျန်းက မျက်မှောင် ထပ်ကြုတ်လိုက်၏။ သူ ဤအကြောင်းကို တစ်ခါမျှ မကြားဖူးခဲ့ပေ။

"မကောင်းဆိုးဝါး ဝိညာဉ် စွမ်းအားက အင်မတန် ပြင်းထန် ရက်စက်တယ်။ သာမန်လူတွေက ဒါကို မထိန်းချုပ်နိုင်ဘဲ ပြန်ဝါးမျိုခံရနိုင်တဲ့ အန္တရာယ် ရှိတယ်။ ငါ အခု ထိန်းချုပ်နိုင်တာက အစိတ်အပိုင်း အသေးစားလေးတစ်ခုပဲ။ ဒါပေမဲ့ အဲ့ဒါနဲ့တင် လုံလောက်နေပါပြီ။" ပေမင်ခုံက ရယ်မောရင်း ဆိုလိုက်သည်။

‘ အစိတ်အပိုင်း အသေးစားလေး။' မုရုန်ထျန်းတစ်ယောက် စိတ်ထဲ၌ တုန်လှုပ်သွားသည်။

‘ အစိတ်အပိုင်း အသေးစားလေး တစ်ခုတည်းနဲ့ ပေမင်ခုံရဲ့ ကျင့်ကြံအဆင့်က ဒီလောက် တိုးတက်သွားပြီး ထျန်းယွမ် ဘုံ သတ္တမလွှာကိုတောင် နီးပါး ရောက်သွားပြီ။ သူသာ ဒီစွမ်းအားကို အပြည့်အဝ ထိန်းချုပ်နိုင်ရင် သူ့ကျင့်ကြံအဆင့်က ပေါက်ကွဲ ထွက်သွားမှာ မဟုတ်ဘူးလား။'

'မကောင်းဆိုးဝါး ဝိညာဉ် စွမ်းအား' ၏ အတိုင်းအတာ အပြည့်အစုံမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကို မုရုန်ထျန်းတစ်ယောက် စိတ်ကူးပင် မယဉ်နိုင်တော့ပေ။

"ဒါပေမဲ့ ဒါနဲ့လည်း မလုံလောက်သေးဘူး ထင်တယ်။" မုရုန်ထျန်းက ခေါင်းခါလိုက်သည်။

"ဟေ။" ပေမင်ခုံက မျက်ခုံး အနည်းငယ် ပင့်လိုက်ပြီး မုရုန်ထျန်းကို ကြည့်ကာ "မင်း ဘာကို ဆိုလိုတာလဲ။" ဟု မေးလိုက်၏။

"လွန်ခဲ့တဲ့ တစ်နာရီလောက်ကပဲ ဖုန်းဝူချန်က ပေတိုမိသားစုရဲ့ နံပါတ်တစ် ပါရမီရှင် ပေတိုယန်ကို အနိုင်ယူလိုက်တယ်။ အဲ့ဒီလူက ထျန်းယွမ် ဘုံ သတ္တမလွှာမှာ ရှိပြီး သူ့အစွမ်းက အဋ္ဌမလွှာနဲ့ ယှဉ်နိုင်လောက်တယ်။ ဒါပေမဲ့ ဖုန်းဝူချန် သူ့ကို သတ်လိုက်ပြီ။ ကျိုကျိုး ကိုးပြည်ထောင်ရဲ့ ယခင် အရှင်သခင်က အခု ဖုန်းဝူချန်လက်အောက်ကို ဝင်သွားပြီ။" မုရုန်ထျန်းက လေးနက်စွာ ပြောသည်။

ထို့နောက် မုရုန်ထျန်းက အဖြစ်အပျက်များကို တိုတိုတုတ်တုတ် ပြန်လည် ပြောပြလိုက်တော့သည်။

"ဖုန်းဝူချန်က 'ကိုးထပ် ချန်ခွင်း မျှော်စင်' ကို ပြန်ရသွားပြီလား။ နန်းကုန်းကျန့်ရဲ့ ချီပင်လယ်က ဖျက်ဆီးခံလိုက်ရတယ်၊ ဟက် ၊နန်းကုန်းမိသားစုက တကယ် အသုံးမကျဘူး။ မင်း သူတို့ကို ထားခဲ့ဖို့ ဆုံးဖြတ်ခဲ့တာ မှန်ကန်သွားပုံပဲ။" ပေမင်ခုံက ဖုန်းဝူချန်၏ စွမ်းအားကို တုန်လှုပ်ခြင်းမရှိဘဲ အနည်းငယ် ခနဲ့လိုက်သည်။

"ဘယ်လိုလဲ။ မင်း ငါ့ရဲ့ ကျင့်စဥ်ကို စမ်းကြည့်ချင်သေးလား။ ဒါက မင်းရဲ့ ကျင့်ကြံအဆင့်ကို အကြမ်းစား တိုးတက်အောင် ကူညီပေးနိုင်တယ် နော်။" ပေမင်ခုံက ပြုံးရင်း မေး၏။

"ကျေးဇူးပဲ။ ငါ့ရဲ့ ကိုယ်ပိုင် ပညာရပ်တွေကလည်း မဆိုးပါဘူး။" မုရုန်ထျန်းက ခေါင်းခါလိုက်သည်။ သူက သူ၏ ပညာရပ်များအပေါ် အတော်လေး ကျေနပ်နေပုံ ရပါ၏။

ပေမင်ခုံတစ်ယောက် စိုးရိမ်ပူပန်မှု တစ်စုံတစ်ရာ မရှိသည်ကို မြင်သောအခါ မုရုန်ထျန်းက မမေးဘဲ မနေနိုင်တော့ပေ။ " ဖုန်းဝူချန်ကို ရင်ဆိုင်ဖို့ ဒီလောက် ယုံကြည်မှု ရှိနေတာလား။ 'မကောင်းဆိုးဝါး ဝိညာဉ် စွမ်းအား' က အထင်ကြီးစရာ ကောင်းတာ မှန်ပေမယ့် မင်းက ပေတိုယန်နဲ့ ယှဉ်ပြိုင်နိုင်လောက်အောင်တောင် အစွမ်းမထက်သေးဘူး။ ဖုန်းဝူချန်ကိုတော့ ပြောမနေနဲ့တော့။"

" ငါ့အစီအစဉ်တွေကို ဒီကောင်စုတ် နှောင့်ယှက်လိုက်တာ။ နန်းကုန်းကျန့်ရဲ့ ချီပင်လယ်က ပျက်စီးသွားပြီ၊ ပေတိုမိသားစုက လက်အောက်ခံသွားပြီ။ ကျိုကျိုး ကိုးပြည်ထောင်မှာ သူ့ကို ဆန့်ကျင်ရဲတဲ့သူ တစ်ယောက်မှ မရှိတော့ဘူး။" မုရုန်ထျန်းမှာ ပြောရင်း ပို၍ ဒေါသထွက်လာပြီး သူ၏ လက်သီးများကို တင်းတင်း ဆုပ်ထားလိုက်မိသည်။

"ဖုန်းဝူချန်ရဲ့ အစွမ်းက သူ့ရဲ့ သိုင်းကွက်တွေနဲ့ မှော်ရတနာတွေပေါ်မှာပဲ ရှိနေတာ။ သူ့ရဲ့ ကိုယ်ပိုင် စွမ်းအားက သိပ် အစွမ်းထက်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ငါတို့က 'အထီးကျန် နယ်မြေ' ကို သွားမှာက သူ့ရဲ့ သိုင်းကွက်တွေအတွက်ပဲ။ ငါတို့ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်မယ့်အစား ဉာဏ်နဲ့ ယှဉ်နိုင်ပါတယ်။" ပေမင်ခုံက အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့်အလား မောက်မာစွာ ဆိုလိုက်၏။

ဖုန်းဝူချန်က ပေမင်ခုံ၏ အစီအစဉ်များကိုလည်း နှောင့်ယှက်ခဲ့သည်။ သူက ဖုန်းဝူချန်ကို ဖမ်းဆီးပြီး ရှီဟွမ်ဂိုဏ်းထံ ရောင်းစားကာ သူတို့၏ အကူအညီကို ရယူရန် ရည်ရွယ်ခဲ့၏။ ကံဆိုးစွာပင် သူ၏ အစီအစဉ်များအားလုံး ကျရှုံးခဲ့ရသည်။

မဟုတ်ပါက ပေမင်ခုံတစ်ယောက် ယခုအချိန်ဆိုလျှင် ထျန်းယွမ် ဘုံ သတ္တမလွှာသို့ ဝင်ရောက်ပြီးလောက်ပြီ ဖြစ်သည်။

စကား နည်းနည်း ပြောဆိုပြီးနောက် ပေမင်ခုံနှင့် မုရုန်ထျန်းတို့မှာ 'အထီးကျန် နယ်မြေ' သို့ ထွက်ခွာသွားကြ၏။

မွန်းလွဲပိုင်းတွင် ကျိုကျိုး ကိုးပြည်ထောင်မှ ပါရမီရှင် ပါရမီရှင်များအားလုံး တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြလေသည်။

'အထီးကျန် နယ်မြေ' မှာ ကျိုကျိုး ကိုးပြည်ထောင်၏ မြောက်ဘက်တွင် တည်ရှိပြီး အလွန် ဝေးကွာလှသဖြင့် သူတို့ ကြိုတင် ထွက်ခွာကြရခြင်း ဖြစ်သည်။

ဖုန်းဝူချန်၊ လင်ရှောင်ရှောင်နှင့် အခြားသူများမှာမူ နောက်တစ်နေ့ နံနက်ခင်းအထိ လေလံရုံမှ မထွက်ခွာကြသေးပေ။ သူတို့၏ အမြန်နှုန်းဖြင့် နောက်ကျမည်ကို စိုးရိမ်ပူပန်ခြင်း မရှိကြပါပေ။

ဖုန်းဝူချန်က သူ၏ ဒဏ်ရာများကို 'ချန်ခွင်း မျှော်စင်' ၏ သတ္တမ အလွှာတွင် ကုစားခဲ့ရာ အပြည့်အဝ ပြန်လည် ကောင်းမွန်သွားသည့်အပြင် သူ၏ ကျင့်ကြံအဆင့်မှာလည်း တိုးတက်လာပြီး ထျန်းယွမ် ဘုံ စတုတ္ထလွှာသို့ နီးပါး ရောက်ရှိသွားတော့သည်။

အဓိက အင်အားစုကြီးများမှ ပါရမီရှင်များမှာလည်း နံနက်ခင်းတွင် ထွက်ခွာသွားကြ၏။

မျိုးဆက်သစ် လူငယ်များစွာမှာ 'အထီးကျန် နယ်မြေ' ဆီသို့ ဦးတည်သွားနေကြပြီး လမ်းခရီးတွင် အလားတူ သွားနေသူ အချင်းချင်း တွေ့ဆုံကြသည်။

ထိုသူများအပြင် အချို့သော မရင်းနှီးသည့် မျက်နှာများလည်း ရှိနေပြီး အားလုံးမှာ အစွမ်းထက်သော ကျင့်ကြံအဆင့်များ ရှိကြ၏။

ဤ ပုဂ္ဂိုလ်များမှာ ကျိုကျိုး ကိုးပြည်ထောင်မှ မဟုတ်ဘဲ အခြား ဒေသများမှ ဖြစ်ကြပြီး သူတို့၏ နောက်ခံအင်အားများမှာ ကျိုကျိုး ကိုးပြည်ထောင်မှ အဓိက အင်အားစုကြီးများထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနိုင်လေသည်။

နှစ်နာရီခန့် ကြာသောအခါ ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့မှာ သူတို့၏ ပန်းတိုင်သို့ ရောက်ရှိလာခဲ့ကြသည်။

ဤနေရာမှာ ကျိုကျိုး ကိုးပြည်ထောင်၏ မြောက်ဘက် အစွန်ဆုံး အပိုင်း ဖြစ်ပြီး အတော်လေး ခေါင်လှသည်။ ကြီးမားလှသော တောင်တန်းကြီးတစ်ခုတွင် တည်ရှိပြီး ကြီးကျယ် ခမ်းနားသော တောင်ထွတ်များမှာ တိမ်တိုက်များထဲသို့ ထိုးဖောက် ဝင်ရောက်နေကြ၏။

တောင်တန်းများ၏ အရပ်လေးမျက်နှာမှ လူပေါင်း တစ်သောင်းကျော် စုရုံးနေကြပြီး ယောက်ျား၊ မိန်းမ၊ အသက်ကြီး၊ အသက်ငယ်များ ပါဝင်ကာ အစွမ်းထက် ကျင့်ကြံသူများမှာ တိမ်တိုက်များသဖွယ် ပေါများလှသည်။

ကောင်းကင်ယံ အမြင့်၌ ထျန်းယွမ် ဘုံ မှ အစွမ်းထက် ပညာရှင် ဒါဇင်ပေါင်းများစွာလည်း ရှိနေပြီး တစ်ဦးချင်းစီတိုင်းမှာ ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်လွှတ်နေကြ၏။

နန်းကုန်းမိသားစု၊ ရှီဟွမ်ဂိုဏ်း၊ ရှောင်မိသားစု၊ ဖုန်းလန်ဂိုဏ်း၊ ပေတိုမိသားစုနှင့် အခြား အဓိက အင်အားစု မျိုးဆက်သစ်များနှင့် ပါရမီရှင်များအားလုံးမှာ ရောက်ရှိနေကြပြီး ဖြစ်သည်။

"အစ်ကိုဖုန်း.. သူတို့က ကျိုကျိုး ကိုးပြည်ထောင်က မဟုတ်ကြဘူး ထင်တယ်။ တော်တော် အစွမ်းထက်တဲ့ ကျင့်ကြံအဆင့်တွေပဲ။ ထျန်းယွမ်ဘုံ ပဉ္စမလွှာ၊ ဆဌမလွှာ ၊သတ္တမလွှာတွေတောင် ပါနေတယ်။" လျိုချင်းယန်က ခပ်တိုးတိုး ဆိုလိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ ထို မရင်းနှီးသော မျက်နှာများကို ကြည့်ရင်း တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

ဖုန်းဝူချန်က ခေါင်း အနည်းငယ် ညိတ်လိုက်ပြီး ထို မရင်းနှီးသော မျက်နှာ ဒါဇင်ကျော်ခန့်ကို ဝေ့ဝဲ ကြည့်လိုက်ကာ "သူတို့ 'ကောင်းကင်ဘုံ နယ်မြေ' က ဖြစ်ရမယ်။" ဟု ဆို၏။

ထိုစဉ်၊

"ဆေးဧကရာဇ်ကို ဂါရဝပြုပါတယ်။"

ပေတိုထျန်းယဲ့နှင့် အခြား ပါရမီရှင် ခုနစ်ဦးတို့ ပျံသန်းလာကြပြီး လေးစားစွာ ဦးညွှတ်လိုက်ကြသည်။

ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးကာ "ခင်ဗျားတို့ ဒဏ်ရာတွေ ပြန်ကောင်းလာတာ မဆိုးပါဘူး။" ဟု ဆို၏။

"ဆေးဧကရာဇ် ..ဒါက မိသားစုခေါင်းဆောင်က ခင်ဗျားကို ပေးခိုင်းလိုက်တာပါခင်ဗျာ။" ပေတိုထျန်းယဲ့က လေးစားစွာ ဆိုရင်း ကြာစေ့ကဲ့သို့သော ရတနာ အနည်းငယ်ကို ဖုန်းဝူချန်ထံသို့ ကမ်းပေးလိုက်သည်။

"မြေကမ္ဘာ နှလုံးသား မြင့်မြတ်သော ကြာပန်း။" ဖုန်းဝူချန်တစ်ယောက် အလွန် အံ့အားသင့်သွားပြီး အော်ဟစ်လိုက်မိ၏။

"မြေကမ္ဘာ နှလုံးသား မြင့်မြတ်သော ကြာပန်း ငါးပွင့်တောင်။" လျိုချင်းယန်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားတော့သည်။

မိသားစုကြီးတစ်စုနှင့် ထိုက်တန်ပါပေ၏။ 'မြေကမ္ဘာ နှလုံးသား မြင့်မြတ်သော ကြာပန်း' ငါးပွင့်ကို ဤမျှ အလွယ်တကူ ပေးနိုင်သည်တဲ့။

"မြေကမ္ဘာ နှလုံးသား မြင့်မြတ်သော ကြာပန်းတွေ။"

"တကယ်ပဲ မြေကမ္ဘာ နှလုံးသား မြင့်မြတ်သော ကြာပန်းတွေပဲ။ ပြီးတော့ ငါးပွင့်တောင်။ ပေတိုမိသားစုနဲ့ ထိုက်တန်ပါပေတယ်။"

"လေလံပွဲမှာ တစ်ပွင့်ကို ရွှေဒင်္ဂါး ကုဋေပေါင်းများစွာနဲ့ ရောင်းခဲ့ရတာ။ ပေတိုမိသားစုက တစ်ကြိမ်တည်းနဲ့ ငါးပွင့်တောင် ပေးလိုက်တယ်။"

ထိုသို့ 'မြေကမ္ဘာ နှလုံးသား မြင့်မြတ်သော ကြာပန်း' ဖြစ်ကြောင်း မှတ်မိသူများစွာမှာ အော်ဟစ် ချီးကျူးလိုက်ကြသည်။

'ကောင်းကင်ဘုံ နယ်မြေ' မှ ပါရမီရှင်များစွာမှာလည်း အံ့ဩသော အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြ၏။

သူတို့ကို အံ့ဩစေခဲ့သည်မှာ 'မြေကမ္ဘာ နှလုံးသား မြင့်မြတ်သော ကြာပန်း' ကြောင့် မဟုတ်ဘဲ ဖုန်းဝူချန်၏ ဂုဏ်ပုဒ်ကြောင့် ဖြစ်သည်။ အင်အားကြီး အဖွဲ့အစည်းတစ်ခုက 'မြေကမ္ဘာ နှလုံးသား မြင့်မြတ်သော ကြာပန်း' ငါးပွင့်ကို လက်ဆောင်အဖြစ် ပေးအပ်ခြင်းက ဖုန်းဝူချန်၏ ဂုဏ်ပုဒ်မှာ သာမန်မဟုတ်ကြောင်း ညွှန်ပြနေလေသည်။

"ကျေးဇူးပဲ။" ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးရင်း ပြောလေ၏။ သူ ယခု ကျင့်ကြံခြင်း အရင်းအမြစ်များ လိုအပ်နေသဖြင့် ယဉ်ကျေးနေတော့မည် မဟုတ်ပေ။

ထို့အပြင် 'မြေကမ္ဘာ နှလုံးသား မြင့်မြတ်သော ကြာပန်း' များနှင့် ပတ်သက်၍ ဖုန်းဝူချန်သည် ရသလောက် ယူမည် ဖြစ်ပြီး လာသမျှကို ငြင်းဆန်မည် မဟုတ်ချေ။

များစွာသော ထျန်းယွမ် ဘုံ မှ အစွမ်းထက် ပညာရှင်များမှာ 'မြေကမ္ဘာ နှလုံးသား မြင့်မြတ်သော ကြာပန်း' ကဲ့သို့သော ရတနာများ ရရှိရန်အတွက် အသက်စွန့် တိုက်ခိုက်ကြရပေသည်။

"ညီအစ်ကိုဖုန်း။ သခင်လေး ကျန်း။" လိန်ချင်းဖုန်းနှင့် ဖုန်းလန်ဂိုဏ်းမှ တပည့် အနည်းငယ်တို့မှာ မျက်နှာများထက်တွင် အပြုံးကျယ်ကြီးများဖြင့် ပျံသန်းလာကြသည်။

"ညီအစ်ကိုလိန်။" ဖုန်းဝူချန်က ခေါင်း အနည်းငယ် ညိတ်ပြလိုက်သည်။

ကျိုကျိုး ကိုးပြည်ထောင်မှ မျိုးဆက်သစ် လူငယ်များနှင့် အကြီးအကဲများစွာတို့မှာ လေးစားစွာ နှုတ်ဆက်ကြ၏။

ကျိုကျိုး ကိုးပြည်ထောင်မှ ပါရမီရှင်များစွာက ဖုန်းဝူချန်အပေါ် လေးစားစွာ ဆက်ဆံနေကြသည်ကို မြင်သောအခါ 'ကောင်းကင်ဘုံ နယ်မြေ' မှ ပါရမီရှင်များမှာ ပို၍ပင် အံ့အားသင့်သွားကြသည်။

"ဒီလူက သူ့ရဲ့ အတိမ်အနက်ကို ကောင်းကောင်း ဖုံးကွယ်ထားတာပဲ။ သူ့ရဲ့ ကျင့်ကြံအဆင့်ကို ခန့်မှန်းရ ခက်တယ်။"

"သူတို့ထဲမှာ ကျင့်ကြံအဆင့် အမြင့်ဆုံးက ထျန်းယွမ် ဘုံ ပဉ္စမလွှာက ဟိုလူအနည်းငယ်ပဲ။"

"သူတို့ကို ဂရုမစိုက်နဲ့။ သူတို့အားလုံးက ကျိုကျိုး ကိုးပြည်ထောင်က လာတာ။ ကျိုကျိုး ကိုးပြည်ထောင်ရဲ့ မျိုးဆက်သစ်တွေက သိပ် အရည်အချင်း မရှိဘူး။"

'ကောင်းကင်ဘုံ နယ်မြေ' မှ မောက်မာသော ပါရမီရှင်များမှာ အချင်းချင်း ပြောဆိုနေကြ၏။

"ဝီ…ဝီ"

လူများ တီးတိုး ပြောဆိုနေကြစဉ် တောင်တန်းကြီးမှာ မည်သည့် ရှေ့ပြေး လက္ခဏာမှ မရှိဘဲ ရုတ်တရက် တုန်ခါလာတော့သည်။

လူတိုင်း ထိတ်လန့်တကြား ဖြစ်သွားကြ၏။ 'အထီးကျန် နယ်မြေ' ဖွင့်တော့မည်။

မျက်လုံးအားလုံးမှာ တုန်ခါမှု၏ ရင်းမြစ်ရှိရာသို့ လှည့်သွားကြသည်။

တောင်တန်း၏ အလယ်ဗဟိုတွင် တိမ်တိုက်များထဲသို့ ထိုးဖောက် ဝင်ရောက်နေသော ဧရာမ တောင်ထွတ်ကြီး နှစ်ခုမှာ ရုတ်တရက် ကွဲကွာသွားပြီး မြေကြီးမှာ ကြီးမားသော အက်ကွဲကြောင်းများဖြင့် ကွဲအက်သွားသည်။ ဤမြင်ကွင်းမှာ အမြင်အာရုံကို အလွန် ဆွဲဆောင်နိုင်လှပါ၏။

ကြီးကျယ် ခမ်းနားသော တောင်ကြီး နှစ်လုံး၏ အရှိန်အဝါက မျိုးဆက်သစ် လူငယ်များစွာကို တုန်လှုပ်စေခဲ့သည်။

ကွဲကွာသွားသော တောင် နှစ်လုံးကြားတွင် တောက်ပသော ခရမ်းရောင် အလင်းတန်းတစ်ခု လင်းလက်လာသည်။ ၎င်းမှာ အထွတ်အထိပ် ရတနာတစ်ခု ပေါ်ထွက်လာသည့်အလား မယုံနိုင်လောက်အောင် တောက်ပပြီး မျက်လုံးများဖြင့် တိုက်ရိုက် ကြည့်ရှုရန် ခက်ခဲလှ၏။

ခမ်းနား ထည်ဝါသော ခရမ်းရောင် အလင်းတန်းတစ်ခု လင်းလက်လာပြီးနောက် အလွန်တရာ ရှေးကျသော အရှိန်အဝါတစ်ခုက အရိုင်းအစိုင်း လေပြင်းတစ်ချက်အလား အရပ်လေးမျက်နှာသို့ တိုးဝှေ့လာရာ လူအုပ်ကြီးမှာ ထိုရှေးဟောင်း တည်ရှိမှုကြောင့် တစ်ဖန် ထပ်မံ အံ့အားသင့်သွားကြရသည်။

"တော်တော် ပြင်းထန်တဲ့ ရှေးဟောင်း အရှိန်အဝါပဲ။" ဖုန်းဝူချန်တစ်ယောက် အတော်လေး အံ့အားသင့်သွား၏။

"အစ်ကိုကြီးဖုန်း ၊ အတွင်းထဲမှာ ကြောက်စရာကောင်းတဲ့ ရှေးဟောင်း ရတနာတွေ ရှိနေမှာ သေချာတယ်။" လင်ရှောင်ရှောင်က အတွင်းသို့ ဝင်ရောက်ရန် မစောင့်ဆိုင်းနိုင်တော့ဘဲ စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။

တစ်ခဏအကြာတွင် ဧရာမ အနက်ရောင် တံခါးကြီးတစ်ခုက မြေကြီးထဲမှ ထိုးတက်လာသည်။ မီတာ ရာပေါင်းများစွာ မြင့်မားကာ တိမ်တိုက်များထဲသို့ ထိုးဖောက် ဝင်ရောက်နေပြီး ကြီးကျယ် ခမ်းနားလှရာ လူတိုင်း၏ မျက်လုံးများမှာ အစွမ်းကုန် ပြူးကျယ်သွားကြ၏။

ထိုမြင်ကွင်းမှာ မယုံနိုင်လောက်အောင် တုန်လှုပ်ဖွယ် ကောင်းလှပါ ၏။ 'အထီးကျန် နယ်မြေ' ၏ ဧရာမ တံခါးကြီးကို ငေးကြည့်ရင်း လူတိုင်း မှင်သက် ငေးမောသွားကြသည်။

ဧရာမ တံခါးကြီးပေါ်တွင် ကြီးမားသော ခရမ်းရောင် အလင်း လွှာတစ်ခု ရှိနေပြီး ၎င်းမှာ 'အထီးကျန် နယ်မြေ' သို့ သွားရာ လမ်းကြောင်း ဖြစ်သည်။

ဤသည်ပင် 'အထီးကျန် နယ်မြေ' ၏ တံခါးပေါက် ဖြစ်ပါသတည်း။

"အထီးကျန် နယ်မြေ' ရဲ့ တံခါးပေါက်က သုံးရက်ပဲ ဖွင့်မှာ။ မြန်မြန် ဝင်ကြ။"

တစ်စုံတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်ရာ လူအုပ်ကြီးမှာ ရှေ့သို့ တိုးဝှေ့သွားကြသည်။ မျိုးဆက်သစ် လူငယ်များမှာ သူတို့၏ စိတ်ထဲတွင် ရတနာမျိုးစုံကို စိတ်ကူးပုံဖော်ရင်း 'အထီးကျန် နယ်မြေ' ၏ တံခါးပေါက်ဆီသို့ အသက်လုမတတ် တိုးဝင်သွားကြတော့သည်။

"အစ်ကိုဖုန်း 'ကောင်းကင်ဘုံ နယ်မြေ' က ပါရမီရှင်တွေ ဝင်သွားကြပြီ။" မြောင်ချင်းချင်းက ဆို၏။

"ငါတို့လည်း ဝင်ကြတာပေါ့။ သူတို့ကို သွား မဆွမိအောင်တော့ ကြိုးစား။ သူတို့ရဲ့ အစွမ်းက ကြောက်စရာကောင်းတယ်။"

ဖုန်းဝူချန်က တစ်ချက် ဝေ့ကြည့်လိုက်ပြီး ထိုသို့ မှာကြား၍ ရှေ့မှ ဦးဆောင်ကာ ပျံသန်းသွားလေသည်။

လူတိုင်း 'အထီးကျန် နယ်မြေ' ထဲသို့ ဝင်ရောက်သွားပြီးနောက် ပေမင်ခုံနှင့် မုရုန်ထျန်းတို့မှာ သူတို့၏ ခန္ဓာကိုယ်များကို ရိပ်ခနဲ ထုတ်ဖော်လိုက်ကြ၏။

"ဒီလောက် များပြားတဲ့ လူငယ် ပါရမီရှင်တွေရဲ့ သွေးတွေက ငါ့ရဲ့ ကျင့်ကြံအဆင့်ကို အလွှာ နည်းနည်းလောက် တိုးတက်စေသင့်တယ်၊ ဟီးဟီး။" ပေမင်ခုံက အေးစက်စွာ ခနဲ့ပြုံးဖြင့် ရယ်မောလိုက်၏။

ပေမင်ခုံနှင့် မုရုန်ထျန်းတို့မှာ အတွင်းသို့ အလျင်စလို မဝင်ကြဘဲ 'အထီးကျန် နယ်မြေ' ၏ တံခါးပေါက် ပတ်ပတ်လည်တွင် အခင်းအကျင်းများကို စတင် ချထားလိုက်ကြတော့သည်။

All Chapters