သတင်းတု
Vol. 23 Ch. 335
~"ဆရာ... ဒီမြေပုံအရဆိုရင် အရှေ့ဘက်မှာပဲ... သိပ်မဝေးတော့ဘူး။"
လူတစ်စု အရှေ့ဘက်သို့ ပျံသန်းလာရင်း ကျန်းကျွင့်လန်က မြေပုံကို ကြည့်ကာ ပြောလိုက်သည်။
ဤတစ်ကြိမ် သူတို့ ရှာဖွေနေသော ရတနာမှာ "ဝိညာဉ် ကျောက်သလင်း ကျောက်တုံးများ" ဖြစ်သည်။ ၎င်းသည် ကျင့်ကြံခြင်းအတွက် အထူးသီးသန့် အသုံးပြုရသော ကျောက်တုံးတစ်မျိုး ဖြစ်၏။
"ဝိညာဉ် ကျောက်သလင်း ကျောက်တုံးများ" သည် အလွန်တရာမှ ရှားပါးပြီး အဖိုးတန်လှသည်။ ၎င်းတို့ထဲတွင် စုစည်းသိပ်သည်းမှု အလွန်မြင့်မားသော ဝိညာဉ်စွမ်းအင်များ အမြောက်အမြား ပါဝင်နေသဖြင့် ကျင့်ကြံသူများအတွက် အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးပင် ဖြစ်လေသည်။
ရှားပါးလွန်းသောကြောင့် ဈေးကွက်ထဲတွင် လုံးဝ ရှာဖွေ၍ မရနိုင်ဘဲ... ပြည်မကြီးပေါ်မှ ထိပ်သီး အင်အားစုကြီးများထံတွင်သာ တည်ရှိနိုင်ပေသည်။
ကျန်းမိသားစု ကဲ့သို့ ဩဇာ အလွန် ညောင်းသော အင်အားစုကြီးကပင် ဤကျောက်တုံးများကို အလွန် အလေးထားရသည်ကို ကြည့်လျှင်... ၎င်းတို့ မည်မျှ အဖိုးတန်သည်ကို သိနိုင်ပေသည်။
"ကျန်းကျွင့်လန်... မင်းတို့ ကျန်းမိသားစုက ဒီလောက် ဩဇာကြီးတာတောင်... 'ဝိညာဉ် ကျောက်သလင်း' တွေ မရှိဘူးလား..." လျိုချင်းယန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
ကျန်းကျွင့်လန်က ခေါင်းခါရင်း လေးနက်စွာ ပြောလေ၏။
"လျိုချင်းယန်... မင်းမသိလို့...ငါတို့ ကျန်းမိသားစုက အင်အားကြီးတယ် ဆိုပေမယ့်... 'ဝိညာဉ် ကျောက်သလင်း' သွေးကြောကို မပိုင်ဆိုင်ဘူး။ ပြည်မကြီးပေါ်မှာ ထိပ်သီးအင်အားစုတွေ အများကြီး ရှိပေမယ့်... ဒီသွေးကြောကို ပိုင်ဆိုင်တဲ့သူက လက်ချိုးရေလို့ ရတယ်။ ... ဒါကိုသာ ကျင့်ကြံဖို့ သုံးနိုင်ရင်... တိုးတက်မှုက တစ်ဝက်ကျိုး အားထုတ်ရုံနဲ့ နှစ်ဆ တိုးတက်မှာ သေချာတာပေါ့"
"ဆေးလုံးတွေထက်တောင် ပိုကောင်းတာလား..." မြောင်ချင်းချင်းက ဝင်မေးလိုက်သည်။
"ဆေးလုံးက ဆေးလုံးပဲ... ကျောက်သလင်းက ကျောက်သလင်းပဲ... ရောလို့မရဘူး။" ဖုန်းဝူချန်က ဝင်ရှင်းပြသည်။
"ရှင်းရှင်းပြောရရင်... 'ဝိညာဉ် ကျောက်သလင်း' တွေက ကျင့်ကြံခြင်း အရှိန်ကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်တယ်။ ... သဘောတရားချင်းတော့ ဆင်တူပေမယ့်... ကျောက်သလင်းက စုပ်ယူရ ပိုမြန်တယ်..."
"သြော်... ဒီလိုကိုး..."
'...ဟားဟား... ဒါဆို ငါတို့မှာသာ ဒီကျောက်တုံးတွေ အများကြီး ရှိရင်... ငါ့ကျင့်စဉ်က...' လျိုချင်းယန်တစ်ယောက် တွေးရင်းတွေးရင်း ပိုပြီး စိတ်လှုပ်ရှားလာတော့သည်။
ဤ အထီးကျန် နယ်မြေသို့ လာရသော ခရီးစဉ်မှာ အိပ်မက် တစ်ခု မက်နေရသလိုပင်။
---
ထိုအချိန်... ဖုန်းဝူချန်တို့ အုပ်စု အရှေ့ဘက်သို့ ဦးတည်နေသည်ကို အရိပ်ထဲမှ တစ်စုံတစ်ယောက်က စူးစိုက်ကြည့်နေခဲ့သည်။
"အရှေ့ဘက်... ဟုတ်လား..."
ထိုသူမှာ ပေမင်ခုံပင် ဖြစ်သည်။ သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံး တစ်ချက် ဖြစ်ပေါ်လာပြီး... သူ၏ ကိုယ်ရိပ်က လှစ်ခနဲ ပျောက်ကွယ်သွားသည်။
ပေမင်ခုံ ပြန်ပေါ်လာချိန်တွင် မုရုန်ထျန်း၏ ဘေးသို့ ရောက်နေပြီ ဖြစ်သည်။
"ဖုန်းဝူချန်တို့ အရှေ့ဘက်ကို သွားပြီ။"
"မင်း... ဘယ်လို လုပ်မလဲ..." မုရုန်ထျန်းက မေးလိုက်၏။
ပေမင်ခုံက လျှို့ဝှက်စွာ ပြုံးလိုက်ပြီး... သူ၏ ကိုယ်ရိပ်မှာ နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြန်သည်။
မကြာမီ... သူသည် ကျင့်ကြံသူ လူငယ် လေးယောက်ရှိသော အုပ်စုတစ်ခု၏ ရှေ့မှောက်သို့ ရုတ်တရက် ပိတ်ရပ်လိုက်သည်။
"ပေ... ပေမင်ခုံ"
ထိုလူငယ်လေးယောက်မှာ တစ်စုံတစ်ယောက် ရောက်လာသည်ကို ခံစားမိ၍ လှည့်ကြည့်လိုက်ရာ... ပေမင်ခုံကို တွေ့လိုက်သည်နှင့် ကြောက်လွန်း၍ သွေးပျက်မတတ် ဖြစ်သွားကာ... ခြေထောက်များပင် ပျော့ခွေသွားကြသည်။
ပေမင်ခုံ၏ ရုတ်တရက် ပေါ်ပေါက်လာမှုက သူတို့အဖို့ သရဲ တစ်ကောင်ကို တွေ့လိုက်ရသလိုပင်။
"မကြောက်ကြနဲ့..." ပေမင်ခုံက အေးစက်စက် ရယ်လိုက်သည်။ "ငါ ခိုင်းတဲ့အတိုင်းသာ လုပ်... မင်းတို့ကို ငါ မသတ်ဘူး..."
"ဟုတ်... ဟုတ်ကဲ့ ခိုင်း... ခိုင်းတာ အကုန်လုပ်ပါ့မယ်" ထိုလေးယောက်မှာ ကြောက်လွန်း၍ ခေါင်းများကို အဆက်မပြတ် ညိတ်ပြကြသည်။
"မင်းတို့... ဟိုမှာ မြင်လား... မီတာ ရာပေါင်းများစွာ အကွာက ထျန်းယွမ် ဘုံက ပါရမီရှင်တွေကို..." ပေမင်ခုံက လက်ညှိုးထိုးပြရင်း ဆက်ပြောသည်။
"အခု... သူတို့ဆီ သွား... ပြီးတော့ 'ဖုန်းဝူချန်က အရှေ့ဘက်မှာ အင်မော်တယ် လက်နက် တွေ့သွားပြီ' လို့ သတင်းသွားလွှင့်လိုက်... သူတို့ကို ဒီဘက်ဆွဲခေါ်လာခဲ့... ဒါပဲ။"
"ဖုန်း... ဖုန်းဝူချန်..."
ဖုန်းဝူချန်၏ အမည်ကို ကြားလိုက်ရသောအခါ... ထိုလေးယောက်မှာ ပို၍ပင် ကြောက်လန့်သွားပြီး မျက်နှာများ သွေးဆုတ်ဖြူလျော်သွားကြသည်။
'...ဖုန်းဝူချန်... ကျိုကျိုး ကိုးပြည်ထောင် တစ်ခုလုံးရဲ့ အရှင်သခင်ကို... ငါတို့က သူ့ကို သွားပြီး ရန်စရမယ်... ဟုတ်လား...'
"မသွားဘူး... ဟုတ်လား..." ပေမင်ခုံ၏ အသံက ရေခဲတမျှ အေးစက်သွားသည်။ "ဒါဆို... အခု သေလိုက်"
"သွား... သွားပါ့မယ် အခု... အခု ချက်ချင်း သွားပါ့မယ်"
ထိုလူငယ်လေးယောက်မှာ အသက်မသေချင်သဖြင့်... ကြောက်ကြောက်လန့်လန့်နှင့်ပင် မြောက်ဘက်သို့ ပြေးထွက်သွားကြတော့သည်။
"မင်းက... 'ထျန်းယွမ် ဘုံ ' ကောင်တွေနဲ့ ဖုန်းဝူချန်ကို ရန်တိုက်ပေးမလို့လား။" မုရုန်ထျန်းက ရုတ်တရက် ပေါ်လာရင်း မေးသည်။
"ဟက်..." ပေမင်ခုံက ကောက်ကျစ်စွာ ပြုံးလိုက်သည်။ "နှစ်ဖက်လုံး သွေးထွက်သံယို ဖြစ်သွားမှတော့... ဖုန်းဝူချန်ရဲ့ သိုင်းပညာရော... ဟိုကောင်တွေရဲ့ 'အနှစ်သာရ' တွေရော... ငါတို့ ယူရုံပဲ... တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ကွာ... မကောင်းဘူးလား..."
"မင်း ပြောတာလည်း ဟုတ်သားပဲ..." မုရုန်ထျန်းက ခေါင်းညိတ်လိုက်သည်။ "'အင်မော်တယ် လက်နက်' ဆိုတဲ့ အသံကြားရင်တော့... ဘယ်ကောင်မှ ငြိမ်နေမှာ မဟုတ်ဘူး... ဒါပေမဲ့... ပေတိုမိသားစုနဲ့ ဖုန်းလန်ဂိုဏ်းတို့ ပူးပေါင်းသွားနိုင်တာကို သူတို့ မစိုးရိမ်ကြဘူးလား မသိဘူး..."
"သတင်းက ပျံ့သွားပြီပဲ... 'ထျန်းယွမ် ဘုံ ' က တခြားလူတွေကရော... ဒီအတိုင်း ထိုင်ကြည့်နေမယ် ထင်လို့လား..." ပေမင်ခုံက ယုံကြည်မှု အပြည့်ဖြင့် ရယ်လိုက်သည်။
---
"အင်မော်တယ် လက်နက်.. အင်မော်တယ် လက်နက် တွေ့ပြီ"
"ဖုန်းဝူချန်... ဖုန်းဝူချန်က 'အင်မော်တယ် လက်နက်' တွေ့သွားပြီ"
"အရှေ့ဘက်မှာ အားလုံးပဲ လိုက်ကြစို့..မြန်မြန်"
လူငယ်လေးယောက်မှာ အသံကုန် အော်ဟစ်ရင်း... အရှေ့ဘက်သို့ သုတ်ခြေတင် ပြေးသွားဟန် ပြုလေသည်။
"ဘာ... ဘာ... 'အင်မော်တယ် လက်နက်' ဟုတ်လား"
"ဒီ 'အထီးကျန် နယ်မြေ' မှာ... 'အင်မော်တယ် လက်နက်' ရှိတယ်"
"တကယ်ကြီးလား... ကံကောင်းလိုက်တာ... သွားကြည့်ကြမယ်"
"လိုက်ကြစို့"
ချက်ချင်းပင်... သတင်းကြားလိုက်သူတိုင်း... အရှေ့ဘက်သို့ တဟုန်ထိုး ပျံသန်းသွားကြတော့သည်။
'ထျန်းယွမ် ဘုံ ' မှ ပါရမီရှင်များလည်း ထိုသတင်းကို ကြားလိုက်ရသည်။
"ဒုတိယ စီနီယာအစ်ကို... ကျွန်တော်တို့ သွားကြည့်သင့်လား..."
"သွားရမှာပေါ့ 'အင်မော်တယ် လက်နက်' ကို... တခြားသူတွေ လက်ထဲ အရောက်မခံနိုင်ဘူး"
"ယဲ့ကူချန် တို့အုပ်စုလည်း သေချာပေါက် သွားမှာပဲ... 'အင်မော်တယ် လက်နက်' သာ တကယ်ဆိုရင်... သူတို့လက်ထဲ ရောက်သွားလို့ မဖြစ်ဘူး... သွားမယ်"
လူငါးယောက် အုပ်စုတစ်စုမှာ အရှေ့ဘက်သို့ အလျင်အမြန် ပျံသန်း ထွက်ခွာသွားကြသည်။
"ကဲ... တို့တွေလည်း... ပွဲသွားကြည့်ရအောင်..." ပေမင်ခုံက ယုတ်မာစွာ ရယ်လိုက်သည်။
သတင်းတုကို ဖြန့်ဝေသူများက အော်ဟစ်ရင်း ပြေးလွှားနေကြသည်။ လူအများအပြား သိရှိသွားကြပြီး... အုပ်စုလိုက်... အုပ်စုလိုက်... အရှေ့ဘက်သို့ တဟုန်ထိုး ပျံသန်းလာကြသည်။
---
ထိုအချိန်တွင်... ဖုန်းဝူချန်တို့ အုပ်စုမှာမူ... မြေပုံပေါ်ရှိ နေရာတွင် "ဝိညာဉ် ကျောက်သလင်း ကျောက်တုံးများ" ကို အာရုံစိုက် ရှာဖွေနေကြဆဲ ဖြစ်သည်။... လူအုပ်ကြီးတစ်ခုလုံး သူတို့ထံ ဦးတည်လာနေသည်ကို သူတို့ မသိရှိကြသေးပေ။
ကျန်းကျွင့်လန်က စိတ်လှုပ်ရှားစွာ ပြုံးလျက် ၊
"ဆရာ... ဒီနားမှာ 'ဝိညာဉ် ကျောက်သလင်း' တွေ ရှိတာတော့ သေချာတယ်...ဒါပေမဲ့ နေရာ အတိအကျကိုတော့..."
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး
"ဒီ ပတ်ဝန်းကျင်က တောင်တွေထဲမှာပဲ ရှိရမယ်... မြန်မြန် ရှာကြစို့..."
စကားပင် မဆုံးသေး..၊ ဖုန်းဝူချန်၏ မျက်နှာထားမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
"ဘာဖြစ်တာလဲ..." သူက မျက်မှောင်ကြုတ်လိုက်သည်။
"အစ်ကိုကြီးဖုန်း... လူတွေ အများကြီး... ကျွန်မတို့ဆီ လာနေတယ်" လင်ရှောင်ရှောင်က ကောင်းကင်သို့ ပျံတက်ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"အစ်ကိုဖုန်း... 'ထျန်းယွမ် ဘုံ ' က အစွမ်းထက်တဲ့ လူတွေလည်း ပါလာတယ်" ဟု လျိုချင်းယန်ကလည်း မျက်နှာထား တင်းမာစွာ ပြောလေ၏။
လူပေါင်း နှစ်ထောင်နီးပါး ရှိသော လူအုပ်ကြီးသည် သူတို့ထံ ဦးတည်လာနေသည်။... အကြောင်းရင်းကိုမူ မည်သူမျှ မသိကြပေ။
"ဆေးဧကရာဇ်... ခင်ဗျား 'အင်မော်တယ် လက်နက်' တွေ့တယ်ဆို... ကျွန်တော်တို့ကို တစ်ချက်လောက် ပြလို့မရဘူးလား..."
"ဟုတ်ပါတယ်၊ ကျွန်တော်တို့ တစ်သက်မှာ တစ်ခါမှ မမြင်ဖူးလို့ပါ၊ ကျေးဇူးပြုပြီး တစ်ချက်လောက် ပြပေးပါ..."
လူငယ် ပါရမီရှင် အများအပြားက ဒဏ္ဍာရီလာ 'အင်မော်တယ် လက်နက်' ကို မြင်တွေ့လိုစိတ်ဖြင့် ဝိုင်းဝန်း တောင်းဆိုကြသည်။
"'ကောင်းကင်ဘုံ နယ်မြေ ' မှ ပါရမီရှင်အချို့က ဖုန်းဝူချန်ကို တွေ့သောအခါ အံ့အားသင့်သွားကြသည်။
“ဟင်... အဲ့ဒါ ဖုန်းဝူချန်ပဲ…”
သူက..'ဆေးဧကရာဇ်' ဖြစ်နေမည်ဟု သူတို့က မထင်ထားကြပေ။
ဖုန်းဝူချန်က မျက်မှောင်ကြုတ်လျက် ၊
"ခင်ဗျားတို့ကို ဘယ်သူ ပြောတာလဲ။ ... ကျွန်တော် ဒီရောက်ကတည်းက ဘာရတနာမှ မတွေ့သေးဘူး။ 'အင်မော်တယ် လက်နက်' ဆိုတာ ပိုတောင် မဖြစ်နိုင်သေး..."
'...တစ်ယောက်ယောက်က... တမင် သတင်းအမှား လွှင့်လိုက်တာပဲ... ငါတို့ကို ဒုက္ခပေးမလို့...' ဖုန်းဝူချန်က ချက်ချင်း တွေးလိုက်မိသည်။
"အစ်ကိုဖုန်း... တစ်ယောက်ယောက်က နောက်ကွယ်ကနေ ကြိုးကိုင်နေတာပဲ၊ တမင် ၊သူတို့ကို ကျွန်မတို့ဆီ လွှတ်လိုက်တာ..." မြောင်ချင်းချင်းက တိုးတိုးလေး ကပ်ပြောသည်။
"ဆေးဧကရာဇ်ကလည်း... တစ်ချက်လောက် ပြလိုက်တာ ဘာဖြစ်မှာမို့လို့လဲ... ကျွန်တော်တို့က လုယူမှာမှ မဟုတ်တာ..."
"ဟုတ်ပါ့... ဆေးဧကရာဇ်က ဒီလောက် အစွမ်းထက်တာ... ဘယ်သူက သူ့ပစ္စည်းကို လုရဲမှာလဲ... ကျွန်တော်တို့က ကြည့်ချင်ရုံ သက်သက်ပါ..."
လူအုပ်ကြီးမှာ ဖုန်းဝူချန်၏ စကားကို မယုံကြပေ။ သူက မပြချင်၍ လိမ်နေသည်ဟုသာ ထင်နေကြသည်။
တစ်ခါတစ်ရံ လူတွေက ဒီလိုပင် ဖြစ်သည်။... အမှန်တရားကို ပြောလျှင် ဘယ်သူမှ မယုံ... လိမ်ညာလိုက်သော အခါမှသာ... လူအုပ်ကြီးက အုံလိုက် ကျင်းလိုက် ယုံကြည်တတ်ကြသည်။
ဖုန်းဝူချန်၏ မျက်မှောင်များ ပိုမို ကြုတ်သွားသည်။
'...ပေမင်ခုံ... မုရုန်ထျန်း... ဒါ မင်းတို့နှစ်ယောက် လက်ချက်ပဲ ဖြစ်ရမယ်...'
"ဟေ့ကောင်တွေ" ထိုစဉ် ကျန်းခွေ့ က ရှေ့ထွက်လာပြီး လူအုပ်ကို အော်ဟစ်လိုက်သည်။ "အစ်ကိုကြီးဖုန်းက မရှိဘူးဆို မရှိဘူးပေါ့ကွ ... သွားကြ... သွားကြ ဒီမှာ လာမရှုပ်ကြနဲ့"
"ကျစ်... ဆေးဧကရာဇ်က တကယ် ကပ်စေးနဲတာပဲ... မပြချင်လည်း မပြချင်ဘူးပေါ့..."
"ဟုတ်ပါ့... တစ်ချက်လေးတောင် ကြည့်ခွင့်မပေးဘူး... သူ့လောက် အစွမ်းထက်ရင် ဘယ်သူက လုရဲမှာမို့လို့လဲ..."
"သွားစို့... သွားစို့... ဆေးဧကရာဇ်ကို ရန်မစတာပဲ ကောင်းတယ်... ကိုယ့် ရတနာ ကိုယ်ပဲ ဆက်ရှာကြတာပေါ့..."
လူအုပ်ကြီးမှာ မကျေမနပ် ပွစိပွစိ ရေရွတ်ရင်း... စိတ်ပျက်စွာဖြင့် ပြန်လည် ထွက်ခွာသွားကြသည်။
...သို့သော်... 'ကောင်းကင်ဘုံ နယ်မြေ ' မှ ပါရမီရှင် တစ်ဒါဇင်ကျော်မှာမူ... နေရာတွင် ကျန်ရစ်ခဲ့ကြသည်။
"မင်းက 'အင်မော်တယ် လက်နက်' ကို... တစ်ယောက်တည်း အပိုင်စီးချင်တာလား။"
‘ကောင်းကင်ဘုံ နယ်မြေ’မှ ပါရမီရှင်တစ်ဦးက အေးစက်စွာ မေးလိုက်သည်။
ဖုန်းဝူချန်က ထိုသူများကို အေးဆေးစွာ တစ်ချက် ကြည့်လိုက်ပြီး... ခေါင်းမော့ ကိုယ်မော့ဖြင့်ပင်
ပြောလိုက်၏။
"ငါ 'အင်မော်တယ် လက်နက်' မတွေ့ဘူး... မင်းတို့ကို တစ်ယောက်ယောက်က ငါနဲ့ ရန်တိုက်ပေးနေတာ... မင်းတို့ အသုံးချခံနေရတာပဲ..."
"မင်းက ငါတို့ကို ယုံမယ် ထင်နေလား။" နောက်တစ်ယောက်က အေးစက်စွာ ပြောလေ၏။
" ယုံတာ မယုံတာ... မင်းတို့ ကိစ္စပဲ... ငါနဲ့ ဘာမှမဆိုင်ဘူး..." ဖုန်းဝူချန်က ဂရုမစိုက်သလို တုံ့ပြန်လိုက်သည်။
ရှေ့ဆုံးမှ လူငယ်တစ်ဦးက လှောင်ရယ် ရယ်လိုက်သည်။ "ဖုန်းဝူချန်... မင်း တော်တော် မာနကြီးတာပဲ... မင်းက 'ကျိုကျိုး ကိုးပြည်ထောင်' မှာ ဘာကြီးပဲ ဖြစ်နေနေ... 'အင်မော်တယ် လက်နက်' ကို အခု ထုတ်မပေးရင်... မင်း ဒီ 'အထီးကျန် နယ်မြေ' ကနေ အရှင်ပြန်ထွက်ဖို့ မလွယ်ဘူး နော်..."
"ဟော့... ဒီလိုလား။" ဖုန်းဝူချန်၏ မျက်နှာထားမှာ... တစ်စက်ကလေးမျှ မပြောင်းလဲသွားပေ။
ကျန်းကျွင့်လန်၏ မျက်နှာထားမှာမူ အေးစက်သွားသည်။
"ဟက်... 'ကောင်းကင်ဘုံ နယ်မြေ ' က ပါရမီရှင်တွေက ဘယ်လောက် အစွမ်းထက်လဲ မသိပေမယ့်... သူများ အသုံးချတာတောင် မသိတဲ့... ငတုံး တစ်သိုက်ပဲ။"
ထိုစကားကို ကြားသောအခါ... လူငယ်အချို့၏ မျက်နှာများ ချက်ချင်း မည်းမှောင်သွားပြီး... အေးစက်သော သတ်ဖြတ်လိုစိတ်များ ပျံ့နှံ့လာသည်။
"ကောင်လေး... မင်း သေချင်နေပြီ... ဟုတ်လား" ခေါင်းဆောင်ဖြစ်ဟန်တူသူက ကျန်းကျွင့်လန်ကို စူးစိုက်ကြည့်ရင်း ခြိမ်းခြောက်လိုက်သည်။
မလှမ်းမကမ်းတွင် ထွက်ခွာသွားဟန်ပြုသော ကျင့်ကြံသူများမှာ... အခြေအနေ မကောင်းတော့သည်ကို ရိပ်မိ၍... ရပ်တန့်ကာ ကောင်းကင်ထက်မှ လှမ်းအကဲခတ်နေကြသည်။
"အစ်ကိုယဲ့... ကျွန်တော်တို့ ဝင်ပါရမလား... 'အင်မော်တယ် လက်နက်' ကို... ‘ခရမ်းရောင် တိမ်တိုက် စံအိမ်’ ကောင်တွေ လက်ထဲ အရောက်ခံလို့ မဖြစ်ဘူး ... 'လုအိုယန်'တို့အုပ်စုက ရှင်းရှင်းကြီး လုယက်တော့မယ့်ပုံပဲ"
ဟု အခြားတစ်ဖက်ရှိ 'ကောင်းကင်ဘုံ နယ်မြေ ' မှ ပါရမီရှင်တစ်ဦးက တိုးတိုးလေး မေးလိုက်သည်။
ထိုအခါ၊ ယဲ့ကူချန်က အေးစက်စွာ ပြောလေ၏။
"သူ့မှာ 'အင်မော်တယ် လက်နက်' တကယ် ရှိမရှိတောင် မသိရသေးဘူး... ... သူများတွေကို ရန်သွားစဖို့ မလိုဘူး... ... ဟို 'ဖုန်းဝူချန်' ဆိုတဲ့ လူက... သာမန် မဟုတ်ဘူး... သူ့ကို အထင်မသေးနဲ့..."
ယဲ့ကူချန် ... 'ကောင်းကင်ဘုံ နယ်မြေ '၊ ယဲ့မိသားစု၏ သခင်လေး... ‘ကောင်းကင်ဘုံ နယ်မြေ’၏ ထိပ်သီး ပါရမီရှင် တစ်ဦး... သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ထျန်းယွမ် ဘုံ သတ္တမ အလွှာ ဖြစ်ပြီး... အလွန် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားရှင် တစ်ဦး ဖြစ်လေသည်။
—------------
"တွေ့လား...ဟီးဟီးဟီး" အရိပ်ထဲမှ ပေမင်ခုံက ကျေနပ်စွာ ရယ်လိုက်သည်။
"'အင်မော်တယ် လက်နက်' ရဲ့ ဆွဲဆောင်မှုကို ဘယ်ကောင်မှ မခံနိုင်ဘူးကွ... ဟားဟား။"
"ပွဲက... ကောင်းတော့မယ်..." မုရုန်ထျန်းက အေးစက်စွာ ပြုံးလိုက်သည်။
'ကောင်းကင်ဘုံ နယ်မြေ ' မှ ပါရမီရှင် ငါးဦးနှင့်... ဖုန်းဝူချန်တို့ အုပ်စု... ထိပ်တိုက် ရင်ဆိုင်မိကြလေပြီ။
"ငါ့ဘဝတစ်လျှောက်လုံး... ဘယ်ကောင်မှ ငါ့ကို 'သေချင်နေပြီလား' လို့ မပြောရဲဘူး" ကျန်းကျွင့်လန်က အေးစက်စွာ ပြောလေ၏။
"‘ကောင်းကင်ဘုံ နယ်မြေ’ လောက်ကတော့... ငါတို့ ကျန်းမိသားစု မျက်စိထဲမှာ ဘာမှ မဟုတ်ဘူး..."
ကျန်းကျွင့်လန်မှာ ယုံကြည်ချက် မြင့်မားသော်လည်း... သူ့တွင် ယုံကြည်ချက် မြင့်မားလောက်သော နောက်ခံ အင်အား အခိုင်အမာ ရှိနေသည်။
"ဟား... ကြောက်လိုက်တာကွာ" ခေါင်းဆောင်ဖြစ်သူ လုအိုယန် က ကျန်းကျွင့်လန်ကို မထီမဲ့မြင် ကြည့်ရင်း လှောင်ရယ်လိုက်သည်။ "...မင်းကမှ တကယ့် ငတုံးပဲ... ကောင်လေး... ဒါက 'အထီးကျန် နယ်မြေ' ကွ"
လုအိုယန်က ဖုန်းဝူချန်ကို အေးစက်စွာ စိုက်ကြည့်ရင်း
"ငါ နောက်ဆုံးတစ်ခေါက် မေးမယ်... 'အင်မော်တယ် လက်နက်' ကို ထုတ်ပေးမလား၊ မပေးဘူးလား"
ဟု အော်ဟစ်လိုက်လေသည်။
"မပေးဘူး... ဆိုရင်ရော။" ဖုန်းဝူချန်က အေးဆေးစွာ ပြန်မေးလိုက်၏။
"သေစမ်း"
လုအိုယန် ၏ မျက်နှာထားက ချက်ချင်း ရက်စက်သွားပြီး... သူ၏ ခန္ဓာကိုယ်မှ ထျန်းယွမ် ဘုံ သတ္တမ အလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားများ... ဝုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာရာ... ပတ်ဝန်းကျင် လေထုကြီးတစ်ခုလုံး တုန်ခါသွားလေ၏။
ထိုအရှိန်အဝါက... ပေတိုယန်၏ အရှိန်အဝါနှင့်ပင် ယှဉ်နိုင်လောက်သည်အထိ အားကောင်းလှ၏။
ကောင်းကင်ဘုံ နယ်မြေမှ ပါရမီရှင်များမှာ... သာမန်လူများ မဟုတ်ကြပေ။
“ပေမင်ခုံ... မုရုန်ထျန်း... မင်းတို့က ဒီကောင်တွေကို အသုံးချပြီး ငါ့ကို ရှင်းချင်တာမလား”
ဖုန်းဝူချန်က အေးစက်စွာ ပြုံးလိုက်သည်။
"ဒါပေမဲ့... မင်းတို့ အစီအစဉ်က... ဒီတစ်ခါလည်း လွဲပြန်ပြီ ထင်တယ်”