ဝိညာဉ် ကျောက်သလင်းတို့၏ ဘုရင်
Vol. 23 Ch. 337
~ပြည်မကြီး၏ နံပါတ်တစ် ဆေးပညာ ပါရမီရှင်၏ ဆရာ။
ဒါဟာ ဘယ်လောက်တောင် မြင့်မြတ်ပြီး ထူးကဲတဲ့ ဂုဏ်ပုဒ်မျိုးပါလဲ။
လုအိုယန်တို့ အုပ်စုက ဒီလို ပုဂ္ဂိုလ်မျိုးကို သွား စော်ကားရဲလောက်အောင် သတ္တိရှိနေခဲ့ကြသည်။
သူတို့က ပြည်မကြီး၏ နံပါတ်တစ် ပါရမီရှင်၏ ဆရာကို သတ်ပစ်မည်ဟုတောင် ကြွေးကြော်ခဲ့ကြသေး၏။
လုအိုယန်၏ သတ္တိမှာ ကောင်းကင်ဘုံကိုပင် ထိုးဖောက်မလိုပင်။
လီချင်ထျန်းသည် ကောင်းကင်ဘုံ နယ်မြေတွင် အဆင့်အတန်း မြင့်မားလှသော်လည်း လက်နက်သန့်စင် မိသားစုကြီး၏ ရှေ့မှောက်တွင်တော့ သူသည် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။
"ငါသာ အချိန်မီ ရောက်မလာခဲ့ရင် မင်းတို့ အသက်တင် မဟုတ်ဘူး၊ခရမ်းရောင် တိမ်တိုက် စံအိမ် တစ်ခုလုံးတောင် ပျက်စီးသွားနိုင်တယ်"
ဟု လီချင်ထျန်းက မျက်နှာထား မည်းမှောင်စွာဖြင့် ဆူပူလိုက်သည်။
"ဂိုဏ်းချုပ်ကြီးက အထပ်ထပ် သတိပေးထားတယ် မဟုတ်လား ဒီ အထီးကျန် နယ်မြေထဲမှာ ဒုက္ခမရှာပါနဲ့လို့ မင်းတို့အားလုံး နားပင်းနေကြတာလား"
လုအိုယန်တို့ တပည့်ငါးယောက်၏ မျက်နှာများမှာ ကြောက်လန့်မှုကြောင့် ဖြူဖျော့သွားလိုက်၊ စိမ်းပြာသွားလိုက် ဖြစ်နေတော့၏။ လီချင်ထျန်း အဘယ်ကြောင့် ကိုယ်တိုင်ကိုယ်ကျ ဒီနေရာထိ လိုက်လာခဲ့သည်ကို အဘယ်ကြောင့် ဤမျှ ထိတ်လန့် ဒေါသထွက်နေခဲ့သည်ကို ယခုမှပင် သူတို့ သဘောပေါက်သွားကြလေသည်။
ကျန်းမိသားစု၏ ဩဇာအာဏာမှာ ပြည်မကြီးတစ်ခုလုံးကို လွှမ်းမိုးထားနိုင်ပြီး သူတို့၏ ကွန်ယက်မှာ အလွန်တရာ ကျယ်ပြန့်လှပေရာ ခရမ်းရောင် တိမ်တိုက် စံအိမ်ကဲ့သို့ အဖွဲ့အစည်းငယ်လေးက မည်သို့မျှ မစော်ကားနိုင်သော အရာ ဖြစ်ပါသည်။
ကျန်းမိသားစုကို ထားလိုက်ဦး။
ယနေ့ ကျန်းကျွင့်လန်၏ အဆင့်အတန်း တစ်ခုတည်းနှင့်ပင် ပြည်မကြီးပေါ်မှ ထိပ်သီး အင်အားစု အများအပြားက သူ့ကို အထူးတလည် ရိုသေလေးစားစွာ ဆက်ဆံကြရပေသည်။
ပြည်မကြီးက လူတွေသာ ကျန်းကျွင့်လန် လက်နက်သန့်စင် ပြိုင်ပွဲမှာ နံပါတ်တစ် ရခဲ့ခြင်းသည် သူ၏ ဆရာကြောင့် ဖြစ်သည်ဟု သိရှိသွားပါက မည်မျှ ကြီးမားသော လှိုင်းတံပိုးကြီးများ ဖြစ်ပေါ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။
ကျန်းကျွင့်လန်သည် ဖုန်းဝူချန်ထက် အသက် ပိုကြီးသည်မှာ ထင်ရှားလှ၏။ ကျန်းကျွင့်လန်၏ ပါရမီနှင့်ပင် ပြည်မကြီး၏ နံပါတ်တစ် ပါရမီရှင် ဆေးပညာဆရာဘွဲ့ကို ရရှိထားပါလျှင် သူ၏ ဆရာဖြစ်သော ဖုန်းဝူချန်က မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းလိုက်မည်နည်း။
လုအိုယန်တို့ အုပ်စုမှာ ဆက်လက်၍ မတွေးဝံ့ကြတော့ပေ။
လီချင်ထျန်းက ဆက်လက်၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဖုန်းဝူချန်က ကျန်းကျွင့်လန်ထက် အများကြီး ပိုကြောက်စရာကောင်းတယ်"
"သူက ကျိုကျိုး ကိုးပြည်ထောင်ရဲ့ အရှင်သခင်ပဲ၊ သူက ထျန်းယွမ် ဘုံ တတိယအလွှာမှာပဲ ရှိနေတယ်ဆိုပြီး အထင်မသေးနဲ့ ၊ မင်းတို့အားလုံး ပေါင်းရင်တောင် သူ့ပြိုင်ဘက် မဟုတ်ဘူးကွ"
"သူ့ကို ဘာလို့ ဆေးဧကရာဇ်လို့ ခေါ်တယ် ထင်လဲ ၊ ဘာလို့လဲဆိုတော့ သူက ဆေးပညာမှာ ဧကရာဇ် အဆင့်ကို ရောက်နေပြီ၊ သေတဲ့လူကိုတောင် ပြန် အသက်သွင်းနိုင်တယ်၊ ပြည်မကြီး တစ်ခုလုံးမှာ ဆေးပညာ ဧကရာဇ် အဆင့်ကို ဘယ်သူမှ မရောက်ဖူးသေးဘူး ၊ အတွေး တစ်ချက်တည်းနဲ့ ဆေးလုံး ဖော်စပ်တဲ့ နတ်ဘုရား ပညာရပ် တစ်ပြည်မလုံးမှာ ဘယ်သူမှ မလုပ်နိုင်ဘူးကွ"
"ဒါ့အပြင် ဖုန်းဝူချန်က ပဉ္စမအဆင့် လက်နက်သန့်စင်သူ၊ စိတ်နဲ့ ပုံဖော်နိုင်တဲ့သူ ဒါတောင် ငါ ခန့်မှန်းရုံပဲ ရှိသေးတယ်၊ မဟုတ်သေး၊ သူက သတ္တမအဆင့်တောင် ဖြစ်နိုင်တယ် အဲ့ဒီထက် ပိုကြောက်စရာကောင်းတာက ဖုန်းဝူချန်က မီးအဆိပ်ကို ထိန်းချုပ်နိုင်တယ်၊ ဆေးပညာရှင်တွေနဲ့ လက်နက်သန့်စင်သူတွေ အားလုံးရဲ့ အသက်က သူ့လက်ထဲမှာ…"
လီချင်ထျန်းသည် စကားပြောရင်း ပြောရင်း ပို၍ စိတ်လှုပ်ရှားလာပြီး ပို၍ ထိတ်လန့်လာသည်။
လုအိုယန်တို့ အုပ်စုက ဤမျှ မိစ္ဆာဆန်သော လူတစ်ယောက်ကို သွား စော်ကားမိခဲ့ကြလေသတည်း။
လီချင်ထျန်း၏ စကားများကို ကြားလိုက်ရသောအခါ လုအိုယန်တို့ အုပ်စုမှာ ကြောက်လွန်း၍ ခေါင်းများ ပူထူသွားကြပြီး စကားတစ်ခွန်းမှ မပြောနိုင်ကြတော့ပေ။
လီချင်ထျန်းက လုအိုယန်တို့ ငါးယောက်ကို စူးစိုက်ကြည့်ရင်း ကြမ်းတမ်းစွာ အော်ငေါက်လိုက်သည်။
"ကျန်းမိသားစုရဲ့ အဘိုးကြီးက ကြေညာထားပြီးပြီ၊ ဖုန်းဝူချန်ကို စော်ကားတဲ့ ဘယ်သူမဆို ကျန်းမိသားစုရဲ့ ရန်သူပဲ"
လီချင်ထျန်း၏ စကားများက သူတို့၏ နောက်ဆုံး မျှော်လင့်ချက်ကိုပါ ရိုက်ချိုးလိုက်သဖြင့် လုအိုယန်တို့ ငါးယောက်မှာ လိပ်ပြာ လွင့်သွားသလို မြေပြင်ပေါ်သို့ ပုံကျသွားကြတော့သည်။
"အပြစ်ဖြေဖို့ နည်းလမ်းတစ်ခုကို ကိုယ့်ဘာသာကိုယ် စဉ်းစားကြ.. မဟုတ်ရင်တော့၊ ငါလည်း မင်းတို့ကို မကယ်နိုင်ဘူး"
လီချင်ထျန်းက ထိုသို့.. ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် ကောင်းကင်သို့ ပျံတက် ထွက်ခွာသွားလေသည်။
လီချင်ထျန်းသည် သူတို့၏ အသက်ကို ကယ်တင်ပေးနိုင်ခဲ့သည်မှာ ကံကောင်းလွန်းနေပြီ ဖြစ်၏။ ဤထက်ပို၍ ဝင်ပါရန် သူ့မှာ သတ္တိမရှိတော့ပေ။
ဖုန်းဝူချန်နှင့် ကျန်းမိသားစု နှစ်ခုလုံးကို စော်ကားမိပါက ခရမ်းရောင် တိမ်တိုက် စံအိမ် အနေဖြင့် အပြစ်ဖြေရန် နည်းလမ်း တစ်ခုကို မဖြစ်မနေ ရှာဖွေရပေတော့မည်။
လုအိုယန်တို့ ငါးယောက်မှာ ကြောက်လန့်မှုများဖြင့် ပြည့်နှက်နေပြီး သူတို့၏ မျက်နှာများမှာ ဖြူဖျော့ကာ ခန္ဓာကိုယ်များက တဆတ်ဆတ် တုန်ရီနေကြသည်။ သူတို့ မည်မျှ ကြီးမားသော ဘေးဒုက္ခကြီးကို ဆွဲခေါ်လာခဲ့မိသည်ကို မတွေးဝံ့ကြတော့ပေ။
" ဒုတိယ စီနီယာအစ်ကို.. ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ"
တပည့် တစ်ဦးက ကြောက်လန့်တကြား မေးလိုက်ရင်း မျက်ရည်များပင် စီးကျလာသည်။
" ပြီးသွားပြီ ၊ငါတို့တော့ ပြီးသွားပြီ မဟာအကြီးအကဲက ငါတို့ အသက်ရှင်တာ သေတာကို ဂရုမစိုက်တော့ဘူး"
"အီးဟီး..ဒီလောက် ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်ကြီးက ဒီ အထီးကျန် နယ်မြေထဲမှာ ဘာလာလုပ်နေတာလဲ၊ မဟာအကြီးအကဲကသာ ဖုန်းဝူချန်ကို ကျေနပ်လောက်တဲ့ အဖြေတစ်ခု မပေးနိုင်ခဲ့ရင် ငါတို့ သေရမှာပဲ"
လုအိုယန်တို့ ငါးယောက်မှာ တွေးလေလေ၊ ပို၍ မျှော်လင့်ချက်မဲ့လာလေ ဖြစ်သည်။
"ပေမင်ခုံ၊ မုရုန်ထျန်း"
လုအိုယန်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။
"စောစောက ဖုန်းဝူချန် ပြောသွားတယ် အဲ့ဒီနှစ်ယောက်က ငါတို့ကို အသုံးချပြီး သူ့ကို ရှင်းခိုင်းတာတဲ့၊ အဲ့ဒီနှစ်ယောက်ကို ဖမ်းရမယ်"
သူ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက် ရောင်ခြည် တစ်ချက် လက်ခနဲ ဖြစ်ပေါ်လာသည်။
"ဟုတ်တယ်…ဟုတ်တယ်၊ ဖုန်းဝူချန် ပြောသွားတယ်၊ ဒီအကောင်
နှစ်ယောက်ကို အရှင် ဖမ်းသွားနိုင်ရင် ဖုန်းဝူချန်က.ကျွန်တော်တို့ကို အပြစ်ဖြေခွင့် ပေးလောက်တယ်"
"မြန်မြန် .. ရှာကြစို့.. သူတို့ ဒီ အထီးကျန် နယ်မြေထဲမှာပဲ ရှိနေရမယ်"
"ဒါ..ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ"
---
ထိုအချိန်၌၊ တောင်ထိပ် တစ်ခုတွင် မုရုန်ထျန်းက မျက်နှာထား ညိုမှောင်စွာဖြင့် ပေမင်ခုံကို ကြည့်ရင်း မေးလိုက်သည်။
"ငါတို့ စွမ်းအားနဲ့တော့ ဖုန်းဝူချန်ကို နိုင်ဖို့ မလွယ်လောက်ဘူး"
"မင်းမှာ တခြား နည်းလမ်း မရှိတော့ဘူးလား"
ပေမင်ခုံတွင် ဘိုးဘေးများကို နိုးထစေနိုင်သော စွမ်းအား ရှိနေသော်လည်း ကိုးထပ် ချန်ခွင်း မျှော်စင်ကို ပိုင်ဆိုင်ထားသည့် ဖုန်းဝူချန်ကို အနိုင်ယူရန် မလွယ်ကူလှပေ။
လီချင်ထျန်း၏ ရောက်ရှိလာမှုက သူတို့၏ အစီအစဉ်အားလုံးကို လုံးဝ ပျက်စီးသွားစေခဲ့သည်။ ခရမ်းရောင် တိမ်တိုက် စံအိမ်က ဖုန်းဝူချန်ကို ဤမျှ ကြောက်ရွံ့လိမ့်မည်ဟု ပေမင်ခုံနှင့် မုရုန်ထျန်းတို့ လုံးဝ မျှော်လင့်မထားခဲ့ကြပေ။
ဤတစ်ကြိမ် ကြိုးစားမှုမှာ ဖုန်းဝူချန်ကို မရှင်းနိုင်သည့်အပြင် ကောင်းကင်ဘုံ နယ်မြေမှ ပါရမီရှင်များကိုပါ ထိတ်လန့်သွားစေခဲ့သည်။
ခရမ်းရောင် တိမ်တိုက် စံအိမ်၏ မဟာအကြီးအကဲပင် ဒီလောက် ထိတ်လန့်နေမှတော့ ဖုန်းဝူချန်ကို ဘာ်သူကများ ဆက်လက် ရန်စရဲဦးမည်နည်း။
ပေမင်ခုံ၏ မျက်နှာထားမှာ အလွန်တရာ အရုပ်ဆိုး အကျည်းတန်နေပြီး အတန်ကြာမှ သူက "အခြေအနေအရပဲ ဆက်လုပ်ရုံပဲ သူတို့ထဲက တစ်ယောက်မှ လွတ်အောင် ပြေးနိုင်မှာ မဟုတ်ဘူး" ဟု အံကြိတ်ကာ ကြုံးဝါးလိုက်သည်။
အစီအစဉ် ပျက်စီးသွားသော်လည်း ပေမင်ခုံက လက်လျှော့ရန် အစီအစဉ် မရှိသေးပေ။ ဤ အထီးကျန် နယ်မြေ ခရီးစဉ်မှာ တစ်သက်တွင် တစ်ခါသာ ရနိုင်သော အခွင့်အရေး ဖြစ်၏။
ဤအခွင့်အရေးကိုသာ လက်လွှတ်လိုက်ရပါက ပေမင်ခုံ အနေဖြင့် ဖုန်းဝူချန်ကို ပစ်မှတ်ထားရန် မဖြစ်နိုင်တော့ပေ။
ထိုအစား ဖုန်းဝူချန်၏ အဆုံးမရှိသော လိုက်လံ သတ်ဖြတ်ခြင်းကိုသာ သူတို့က ခံရပေတော့မည်။
---
"သြော် ဒီလို ဖြစ်သွားတာကိုး"
ကျန်းကျွင့်လန်က အဖြစ်အပျက်ကို ရှင်းပြပြီးနောက်မှ လျိုချင်းယန်တို့ အုပ်စုလည်း သဘောပေါက်သွားကြတော့သည်။
အထီးကျန် နယ်မြေသို့ မလာမီကပင် ကျန်းကျွင့်လန်သည် ကောင်းကင်ဘုံ နယ်မြေမှ ပါရမီရှင်များလည်း လိုက်ပါလာမည်ကို သိရှိထားခဲ့သည်။ ထို့ကြောင့် သူတို့၏ ခရီးစဉ် ချောမွေ့စေရန် ကျန်းမိသားစုက ကောင်းကင်ဘုံ နယ်မြေမှ အဓိက အင်အားစုကြီးများကို ကြိုတင်၍ နှုတ်ဆက် သတိပေးထားခဲ့ပြီး ဖြစ်ပါ၏။
ကျန်းကျွင့်လန် ကိုယ်တိုင်လည်း လီချင်ထျန်း ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူ၏ မူလ အစီအစဉ်မှာ လုအိုယန်တို့ အုပ်စုကို ကိုယ်တိုင် ဖြေရှင်းပြီး အထီးကျန် နယ်မြေမှ ထွက်ခွာပြီးမှ ခရမ်းရောင် တိမ်တိုက် စံအိမ်နှင့် သွားရောက် ရှင်းပြချက် တောင်းရန် ဖြစ်သည်။ သို့သော် လီချင်ထျန်းက မမျှော်လင့်ဘဲ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
လီချင်ထျန်း ရောက်လာရခြင်း အကြောင်းရင်းမှာ လုအိုယန်တို့ အုပ်စု ဒုက္ခရှာမည်ကို စိုးရိမ်သောကြောင့် လာရောက် စစ်ဆေးခြင်း ဖြစ်သည်။ သို့သော် သူ လာရောက် စစ်ဆေးသောအခါတွင် သူတို့က ကြီးမားလှသော ဘေးဒုက္ခကြီးကို ဆွဲခေါ်ထားပြီး ဖြစ်နေသည်ကို တွေ့လိုက်ရခြင်း ဖြစ်သည်။
လီချင်ထျန်းမှာ သူ အချိန်မီ ရောက်ရှိလာခဲ့ခြင်းအတွက် စိတ်ထဲမှ ကျိတ်၍ ဝမ်းသာနေမိသည်။ မဟုတ်ပါက ခရမ်းရောင် တိမ်တိုက် စံအိမ်မှာ အမှန်တကယ်ပင် ပြီးဆုံးသွားနိုင်ပေသည်။
ကျန်းမိသားစုကို စော်ကားမိလျှင် ခရမ်းရောင် တိမ်တိုက် စံအိမ် တစ်သောင်း ရှိလျှင်တောင် အားလုံး ချေမှုန်းခံရမည်မှာ သေချာလှသည်။
"ငါသာဆိုရင် အဲ့ဒီ လုအိုယန်တို့ အုပ်စုကို နေရာမှာတင် သတ်ပစ်ပြီးပြီ"
လျိုချင်းယန်က လုအိုယန်၏ မာနထောင်လွှားသော အမူအယာကို ပြန်တွေးမိရင်း ဒေါသတကြီး ဆိုလိုက်သည်။
"အာ ..အချိန်မဖြုန်းကြနဲ့တော့ ဝိညာဉ် ကျောက်သလင်း ကျောက်တုံးတွေ သွားရှာကြစို့"
ဖုန်းဝူချန်က ဂရုမစိုက်သလို ဆိုလိုက်သည်။
သူတို့ ငါးဦးမှာ နေရာခွဲ၍ ဆက်လက် ရှာဖွေကြသည်။ ဝိညာဉ် ကျောက်သလင်း ကျောက်တုံးများမှာ အင်မော်တယ် ဝိညာဉ် ကျောက်တုံးများထက် ရှာဖွေရ ပိုမို လွယ်ကူလေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် ကြီးမားပြီး သန့်စင်သော ဝိညာဉ်စွမ်းအင်များ ပါဝင်နေသောကြောင့် အာရုံခံမိသည်နှင့် တွေ့ရှိနိုင်သောကြောင့် ဖြစ်သည်။
ထိုအခိုက် ပေတိုထျန်းယဲ့ ရောက်ရှိလာသည်။
"ဆေးဧကရာဇ်.. ထူးဆန်းတဲ့ ဂူကြီးတစ်ဂူကို တွေ့ရှိထားပါတယ်ဗျာ"
ပေတိုထျန်းယဲ့က ရိုသေစွာ သတင်းပို့လိုက်သည်။
"ထူးဆန်းတဲ့ ဂူ ..ဟုတ်လား"
ဖုန်းဝူချန် အနည်းငယ် အံ့အားသင့်သွားသည်။
အထီးကျန် နယ်မြေသည် ရှေးဟောင်း စစ်မြေပြင်ကြီး တစ်ခု ဖြစ်သည်လေ။
ဂူက ဘယ်က ရောက်လာရတာလဲ။
"ဟုတ်ပါတယ်၊ ဂူရဲ့ အဝင်ဝမှာ အဟန့်အတား တစ်ခု ရှိနေပါတယ် ကျွန်တော်တို့ လူတွေ.. ပေါင်းတိုက်တာတောင် အဲ့ဒီ အဟန့်အတားကို မချိုးဖျက်နိုင်ခဲ့ပါဘူး..အထဲမှာ ရတနာတွေ ရှိနိုင်ပါတယ်"
ပေတိုထျန်းယဲ့က ခေါင်းညိတ်ကာ ရှင်းပြသည်။
"အင်း၊ သွားကြည့်ကြတာပေါ့"
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။ သူက ပေတိုထျန်းယဲ့ သူ့ကို လိမ်မည်ဟု မထင်ပေ။
"ဝုန်း"
ထိုအချိန် လျိုချင်းယန်က တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားဟန်တူသည်။
သူက ကျောက်တုံးကြီး တစ်တုံးကို လက်သီးဖြင့် ဝုန်းခနဲ ထိုးချလိုက်၏။ သူ၏ အားကောင်းသော စွမ်းအားက ကျောက်တုံးကြီးကို အစိတ်စိတ်အမွှာမွှာ ကြေမွသွားစေပြီး ကျောက်သား မျက်နှာပြင်ကို ဆွဲခွာပစ်လိုက်သည်။
“ဝှစ် …”
အလွန်တရာ အားကောင်းသော လှိုင်းတစ်ခု ရုတ်တရက် စီးဆင်းလာသည်။
"ဝိညာဉ် ကျောက်သလင်း ကျောက်တုံးတွေပဲ"
ထိုအရှိန်အဝါကို ခံစားမိသည်နှင့် ဖုန်းဝူချန်နှင့် ကျန်းကျွင့်လန်တို့ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။
ရုတ်တရက်၊ လျိုချင်းယန်က "အစ်ကိုဖုန်း၊ ဝိညာဉ် ကျောက်သလင်း ကျောက်တုံးတွေ တွေ့ပြီ၊ အကြီးကြီးပဲ"
ဟု အော်ဟစ်လိုက်သည်။
"ချင်းယန် ကောင်းတယ်ကွာ"
ဖုန်းဝူချန်မှာ အလွန်အမင်း ဝမ်းသာသွားပြီး ချက်ချင်းပင် ထိုနေရာသို့ ပျံသန်းသွားလိုက်သည်။
"အကြီးကြီးပဲ.. လှလိုက်တာ"
မြောင်ချင်းချင်းမှာလည်း စိတ်လှုပ်ရှားသွားသည်။ စိန်ပွင့်ကြီးတစ်ခုလို တောက်ပနေသော ဝိညာဉ် ကျောက်သလင်း ကျောက်တုံးကြီးမှာ အလွန်ပင် လှပတင့်တယ်လှ၏။
"ဝိညာဉ် ..ကျောက်သလင်း ကျောက်တုံးတွေ"
ပေတိုထျန်းယဲ့၏ မျက်လုံးများမှာ ပြူးထွက်မတတ် ဖြစ်သွားသည်။
လျိုချင်းယန် တွေ့ရှိလိုက်သော ထိုကျောက်သလင်းတုံးကြီးမှာ အချင်း သုံးမီတာ အနည်းဆုံး ရှိပြီး အရွယ်အစား အလွန် ကြီးမားလှသဖြင့် ဖုန်းဝူချန်တို့အားလုံး ကြက်သေသေသွားကြသည်။
ဤကျောက်တုံးကြီးကိုသာ တူးဖော်နိုင်ပါက အနည်းဆုံး ဝိညာဉ် ကျောက်သလင်း ကျောက်တုံးပေါင်း သောင်းချီ၍ ရရှိနိုင်ပေပြီ မဟုတ်ပါလော။
"လျိုချင်းယန်က တကယ် ကံကောင်းတာပဲ ၊ ဒီလောက်ကြီးမားတဲ့ ကျောက်သလင်းတုံးကြီး ..ငါတောင် တစ်ခါမှ မမြင်ဖူးဘူး၊ ဒါ 'ကျောက်သလင်း ဘုရင်' ပဲ ဖြစ်ရမယ် မဟုတ်လား"
လောကအတွေ့အကြုံများသော လင်ရှောင်ရှောင်ပင်လျှင် ဤမျှ ကြီးမားသော ကျောက်သလင်းတုံးကြီးကို မြင်သောအခါ မင်သက်မိသွားသည်။
သူတို့သည် အဆင့်မြင့် ကျင့်ကြံသူကြီး၏ အမွေအနှစ်ကို ရရှိထားပြီး ယခု လျိုချင်းယန်က ဤမျှ ကြီးမားသော ကျောက်သလင်းတုံးကြီးကို ထပ်မံ တွေ့ရှိလိုက်ပြန်သည်။
လျိုချင်းယန်တို့ စုံတွဲ၏ ကံကြမ္မာမှာ ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နေသကဲ့သို့ ကောင်းလွန်းလှပေသည်။
"အစ်ကိုဖုန်း၊ ကျွန်တော်တို့တော့ ချမ်းသာပြီ၊ တကယ် ချမ်းသာပြီ"
လျိုချင်းယန်မှာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။
"မြန်မြန် တူးကြ၊ ဒီကျောက်တုံးတွေက အရမ်း ကြွပ်ဆတ်တယ်၊ အထူး သတိထားရမယ်နော်"ဟု ကျန်းကျွင့်လန်က စိတ်လှုပ်ရှားစွာ တိုက်တွန်းလိုက်သည်။
"ကျန်းခွေ့ ..လာကူဦး"
လျိုချင်းယန်က အော်ခေါ်လိုက်သည်။
"အာ…ဟုတ်ကဲ့"
ကျန်းခွေ့မှာလည်း ထိတ်လန့်မှုမှ ချက်ချင်း သတိပြန်ဝင်လာ၏။ ဖုန်းဝူချန်တို့အားလုံး အလျင်အမြန် စတင် တူးဖော်ကြသည်။ ပေတိုထျန်းယဲ့လည်း ဝင်ရောက် ကူညီလေသည်။
သို့သော် သူတို့ စတင် တူးဖော်လိုက်သည်နှင့် ထို 'ကျောက်သလင်း ဘုရင်' ကြီးမှာ မျက်နှာပြင်ပေါ်တွင် မြင်တွေ့နေရသည်ထက် များစွာ ပိုမို ကြီးမားနေသည်ကို သတိပြုမိလိုက်ကြသည်။
ပတ်ဝန်းကျင်မှ ကျောက်တုံးများကို ဖယ်ရှားလေလေ ထွက်ပေါ်လာသော 'ကျောက်သလင်း ဘုရင်' ကြီးမှာ ပိုမို ကြီးမားလာလေလေ ဖြစ်ကာ အားလုံးကို အံ့အားသင့်စေတော့သည်။
ဤမျှ ကြီးမားလှသော ဝိညာဉ် ကျောက်သလင်း ကျောက်တုံးကြီးကို မည်သူမျှ တစ်ခါဖူးမျှ မမြင်ဖူးခဲ့ကြပေ။
သည်လောက်.. ကြီးမားသော အရာကြီး ဖြစ်ပေါ်လာရန် နှစ်ပေါင်း မည်မျှ ကြာအောင် စုစည်းခဲ့ရမည်နည်း။
ဝိညာဉ် ကျောက်သလင်း ကျောက်တုံးသည် သက်တမ်း ရင့်လေလေ၊ ၎င်းတွင် ပါဝင်သော ဝိညာဉ်စွမ်းအင်မှာ ပိုမို သန့်စင်ပြီး ကြီးမားလေလေ..ဖြစ်ကာ ကျင့်ကြံခြင်းအတွက် ပိုမို အထောက်အကူ ပြုလေသည်။
ယခု ဤမျှ ကြီးမားသော 'ကျောက်သလင်း ဘုရင်' ကြီး၏ သက်တမ်းမှာ ပြောစရာပင် လိုတော့မည် မဟုတ်ပေ။
နာရီဝက်ခန့် ကြာသောအခါ လူခုနစ်ယောက် အတူတကွ တူးဖော်လိုက်သော 'ကျောက်သလင်း ဘုရင်' ကြီးမှာ အလွန်တရာ ကြီးမားလှတော့သည်။
"ဒါက..ကြီးလွန်းတယ်"
ပေတိုထျန်းယဲ့မှာ တုန်တုန်ရီရီ ဖြစ်လာသည်။
"ပေ နှစ်ဆယ်လောက် ကြီးတယ်"
ကျန်းခွေ့၏ ပါးစပ်မှာ အံ့ဩတကြီး
ဟသွားသည်။
လျိုချင်းယန်က တံတွေး တစ်ချက် မျိုချလိုက်ပြီး တုန်လှုပ်နေသော အသံဖြင့်
" ဒီလောက် ကြီးမားတဲ့ ကျောက်တုံးကြီးနဲ့ နှစ်ပေါင်းများစွာ ကျင့်ကြံလို့ ရတယ် ၊ ဟုတ်တယ်မဟုတ်လား"
ဤမျှ ကြီးမားသော ဝိညာဉ် ကျောက်သလင်း ဘုရင်ကြီးကို ကြည့်ရင်း ဖုန်းဝူချန်၏ မျက်နှာပေါ်တွင်ပင် အပြုံးတစ်ပွင့် ပွင့်လန်းလာခဲ့၏။
ဖုန်းဝူချန်က နဂါးနတ်ဘုရားဓားကို ဆင့်ခေါ်လိုက်ပြီး ဓားချက် တစ်ချက်တည်းဖြင့် ကြီးမားသော 'ကျောက်သလင်း ဘုရင်' ကြီးကို တစ်ဝက်စီ ခွဲခြမ်းလိုက်သည်။ သူက တစ်ဝက်ကို ကျန်းကျွင့်လန်အား ပေးလိုက်ပြီး ကျန်တစ်ဝက်ကို သူ့ဘာသာသူ ယူလိုက်၏။
ဤ 'ကျောက်သလင်း ဘုရင်' ကြီးကို ရှာဖွေတွေ့ရှိခြင်း၏ အဓိက ဂုဏ်ကျေးဇူးမှာ ကျန်းကျွင့်လန်၏ ကံကြောင့်သာ ဖြစ်ပါသည်။
ထို့နောက် ဖုန်းဝူချန်က သူ၏ တစ်ဝက်ထဲမှ အပုံ နှစ်ပုံကို ကျန်းခွေ့နှင့် ပေတိုထျန်းယဲ့တို့အား ထပ်မံ ခွဲဝေပေးလိုက်ပြန်သည်။ များပြားလှသော ပမာဏ မဟုတ်သော်လည်း ထိုနှစ်ယောက်အတွက်မူ အလွန်တရာ ထိတ်လန့် အံ့ဩသွားစေပြီး ဝမ်းသာအားရဖြင့် အထပ်ထပ် ကျေးဇူးတင်စကား ဆိုကြတော့သည်။
"ထျန်းယွမ်ဘုံကို တက်လှမ်းဖို့ မျှော်လင့်ချက် ရှိသွားပါပြီ၊ ကျေးဇူးတင်ပါတယ်..ဆေးဧကရာဇ်"
ကျန်းခွေ့မှာ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
"မဆိုးပါဘူးကွာ၊ဟားဟား"
ဖုန်းဝူချန်က ကျေနပ်စွာ ရယ်လိုက်သည်။
သူ၏ ရင်ထဲမှ ဝမ်းသာမှုကို ဖိနှိပ်လိုက်ပြီး ပေတိုထျန်းယဲ့ထံသို့ အာရုံ ပြောင်းရွှေ့လိုက်သည်။
"ကဲ.. ကျွန်တော်တို့ကို အဲ့ဒီ ဂူဆီ ခေါ်သွားပါ"
"ဟုတ်ကဲ့ ၊ ဆေးဧကရာဇ် ဒီဘက်ကပါ ၊ အခုဆိုရင် အဲ့ဒီကို လူတော်တော်များများ ရောက်နေလောက်ပြီ ၊အဲ့ဒီ ဂူထဲမှာ ပြင်းထန်တဲ့ မကောင်းဆိုးဝါး အရှိန်အဝါတွေ ပြည့်နှက်နေတာပါ"
ပေတိုထျန်းယဲ့က ရိုသေစွာ ဆိုလိုက်ပြီး ဖုန်းဝူချန်တို့ အုပ်စုကို ဦးဆောင်ကာ ရုတ်ချည်း ဦးဆောင်၍ ပျံသန်းသွားလေသည်။
အထီးကျန် နယ်မြေသည် ရှေးဟောင်း စစ်မြေပြင်ကြီး တစ်ခု ဖြစ်သည်။
ဂူများ တည်ရှိနေနိုင်ခြေမှာ အလွန်တရာ နည်းပါးလှ၏။
မည်သူက ဤ အထီးကျန် နယ်မြေထဲတွင် လာရောက်၍ ကျင့်ကြံ ..နေထိုင်မည်နည်း။