မြေအောက်နန်းတော်
Vol. 23 Ch. 338
~ထူးဆန်းသော ဂူကြီးသည် အထီးကျန် နယ်မြေ၏ အနောက်ဘက်ခြမ်းတွင် တည်ရှိပြီး ဂူနှင့် နီးကပ်လေလေ၊ မကောင်းဆိုးဝါး အရှိန်အဝါများ ပိုမို လေးလံ ထူထပ်လေလေ ဖြစ်သည်။
မြောက်ဘက်နှင့် တောင်ဘက်သို့ ပြန့်ကျဲနေခဲ့ကြသော ကျင့်ကြံသူများသည် သတင်းကြားသည်နှင့် ဤနေရာသို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။
နန်းကုန်း မိသားစု၊ ရှောင်မိသားစု၊ ဖုန်းလန်ဂိုဏ်းနှင့် ရှီဟွမ်ဂိုဏ်း စသော အင်အားစုကြီးများမှ ပါရမီရှင်များလည်း ဂူအနီးတစ်ဝိုက်တွင် စုဝေး ရောက်ရှိနေကြပြီ ဖြစ်၏။
သို့သော် မည်သူမျှ အနားသို့ မကပ်ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် မကောင်းဆိုးဝါး အရှိန်အဝါများမှာ အလွန်တရာ လေးလံထူထပ်လွန်းပြီး အသက်ရှူကျပ်မတတ် ဖြစ်စေသောကြောင့်ပင်။
ပေတိုမိသားစုမှ ပါရမီရှင်များပင်လျှင် ဂူ၏ အဟန့်အတားကို မချိုးဖျက်နိုင်ခဲ့ကြသည်ကို ကြည့်ခြင်းအားဖြင့် အဟန့်အတား၏ အစွမ်းထက်မှုကို ခန့်မှန်းနိုင်ပေသည်။
ထူးဆန်းသော ဂူ၏ တည်နေရာမှာ အတော်လေး ဆန်းကြယ်လှသည်။ တောင်ခြေရင်းတွင် မဟုတ်၊ တောင်လယ်တွင် မဟုတ်၊ တောင်ထိပ်တွင် ပို၍ပင် မဟုတ်ဘဲ မြေအောက်တွင် တည်ရှိနေခြင်း ဖြစ်သည်။
တိတိကျကျ ပြောရလျှင် ၎င်းသည် တောင်ထဲသို့ ဝင်ရောက်သွားခြင်း မဟုတ်ဘဲ မြေအောက်
အတွင်းနက်နက်ထဲသို့ ဦးတည်သွားခြင်း ဖြစ်လေ၏။
ဂူ၏ အဝင်ဝကို ထူထဲသော အစိမ်းရောင် မြူများက ဖုံးလွှမ်းထားပြီး အလွန် ထူးဆန်းကာ ကြည့်လိုက်ရုံဖြင့် ကျောချမ်းဖွယ် ကောင်းသော ခံစားမှုကို ပေးစွမ်းနေလေ၏။
"ဒီနေရာက မကောင်းဆိုးဝါး အရှိန်အဝါတွေက တော်တော် လေးလံတာပဲ ၊ပြီးတော့ အကုန်လုံးက ဂူပေါက်ဝမှာ သွား စုနေကြတယ် ၊ကြည့်ရတာ အထီးကျန် နယ်မြေ ပွင့်လာတိုင်း လူအများကြီး ဒီနေရာမှာ သေဆုံးခဲ့ကြပုံပဲ၊
ဒီအဟန့်အတားပေါ်မှာပေါ့"
လိန်ချင်းဖုန်းက မျက်မှောင်ကြုတ်ရင်း သုံးသပ်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှု အရိပ်အယောင် တစ်ချက် ဖြတ်ပြေးသွားသည်။
ခေတ္တမျှ ရပ်တန့်ပြီးနောက် "ပိုပြီး ထူးဆန်းတာက ၊ပတ်ဝန်းကျင်က မကောင်းဆိုးဝါး အရှိန်အဝါတွေလည်း တဖြည်းဖြည်းချင်း ဒီနေရာကို လာစုနေကြတာပဲ"
ဟု လိန်ချင်းဖုန်းက ဆက်ပြောလာ၏။
တပည့်တစ်ဦးက "ဂိုဏ်းချုပ်လေး ၊မကောင်းဆိုးဝါး အရှိန်အဝါတွေက အရမ်း ပြင်းထန်လွန်းတယ် ၊မဆင်မခြင် မဝင်ပါနဲ့” ဟု သတိပေးလိုက်ပြီး သူ၏ မျက်နှာမှာလည်း အနည်းငယ် ဖြူဖျော့နေသည်။
"ဒီ ဂူထဲမှာ ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေနိုင်လောက်တဲ့ ရတနာတွေ ရှိနေမှာ သေချာတယ်"
ရှီထျန်းက အလွန် ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
ရှီထျန်း၏ စကားကြောင့် လူတိုင်း စိတ်လှုပ်ရှားသွားကြသည်မှာ အထင်အရှားပင်။
စဉ်းစားကြည့်လျှင် ကျယ်ပြန့်လှသော အထီးကျန် နယ်မြေကြီးထဲတွင် ဤနေရာတစ်ခုတည်းသာ မကောင်းဆိုးဝါး အရှိန်အဝါ အလေးလံဆုံး ဖြစ်နေသည် မဟုတ်ပါလား။ ဒါဆိုလျှင် အတွင်းထဲ၌ ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေနိုင်လောက်သော ရတနာများ ရှိနေသည်ဟု ဆိုလိုရာ မရောက်ပေဘူးလား။
သို့သော် ထိုသို့ သိနေကြသော်လည်း မည်သူမျှ ဦးဆောင်၍ လှုပ်ရှားရဲခြင်း မရှိကြပေ။
"ဆေးဧကရာဇ် ရောက်လာပြီ"
မည်သူ အော်လိုက်မှန်း မသိသော်လည်း လူတိုင်း၏ အကြည့်များက တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။
ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများမှာ အံ့ဩဖွယ်ရာ အရှိန်အဟုန်ဖြင့် ပျံသန်းလာကြပြီး မျက်စိတစ်မှိတ်အတွင်း ဂူအနီးတစ်ဝိုက်သို့ ရောက်ရှိလာကြသည်။
"ဆေးဧကရာဇ်"
ပေတိုမိသားစုမှ ပါရမီရှင်များနှင့် ကျင့်ကြံသူ အများအပြားက အရိုအသေပြုလိုက်ကြသည်။ သူတို့၏ လေးစားမှုမှာ ပြောစရာပင် မလိုတော့ပေ။
အခြားတစ်ဖက်တွင် နန်းကုန်း မိသားစုနှင့် ရှောင်မိသားစုမှ မျိုးဆက်သစ် လူငယ်များမှာမူ မျက်နှာထား ညိုမှောင်နေကြပြီး မျက်လုံးများထဲတွင် ရက်စက်သော အကြည့်များ ရှိနေ၏။
"ညီအစ်ကိုဖုန်း ၊မင်း ရောက်လာတာ အချိန်ကိုက်ပဲ ၊ဒီ ထူးဆန်းတဲ့ ဂူထဲက မကောင်းဆိုးဝါး အရှိန်အဝါတွေက အရမ်း ပြင်းထန်လွန်းတယ် ၊မင်း.. ဘာမြင်လဲ"
လိန်ချင်းဖုန်းက အလျင်အမြန် မေးလိုက်သည်။
"ငါ ကြားပြီးပြီ"
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး သူ၏ အကြည့်များက အောက်ဘက်ရှိ ဂူဆီသို့ ရောက်ရှိသွားသည်။
"ဒီ မကောင်းဆိုးဝါး အရှိန်အဝါတွေက တကယ် ကြောက်စရာကောင်းတာပဲ"
လျိုချင်းယန်မှာ မနေနိုင်ဘဲ တုန်ရီသွားမိ၏။
"အစ်ကိုဖုန်း ၊မကောင်းဆိုးဝါး အရှိန်အဝါတွေ အကုန်လုံး တဖြည်းဖြည်း လာစုနေသလိုပဲ"
မြောင်ချင်းချင်းက ကြောက်လန့်တကြား ဆိုလိုက်သည်။
ဖုန်းဝူချန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ဆိုသည်။
"ဒီ မကောင်းဆိုးဝါး အရှိန်အဝါတွေက အဝင်ဝမှာပဲ ဝဲနေကြတယ် ၊ဂူထဲက ထွက်လာတာ မဟုတ်ဘဲ ဂူထဲကို စုပ်ယူခံနေရသလိုပဲ ၊အဟန့်အတားက သူတို့ကို တားဆီးနိုင်ပုံ မရဘူး ၊ပြီးတော့ ပတ်ဝန်းကျင်က မကောင်းဆိုးဝါး အရှိန်အဝါတွေလည်း တဖြည်းဖြည်း လာစုနေကြတယ်"
"ဆရာ ၊ကျွန်တော်တို့ ဝင်ကြည့်ကြမလား"
ကျန်းကျွင့်လန်က မေးလိုက်၏။
လျိုချင်းယန်က အလျင်အမြန် ခေါင်းခါလိုက်သည်။
"ငါ ထင်တာတော့ မဝင်တာ ကောင်းမယ် ၊ဝင်ပြီး ပြန်ထွက်မလာနိုင်ရင် အကြီးအကျယ် နစ်နာမသွားဘူးလား"
သူက ကြည့်ရုံနှင့်ပင် ကြောက်နေပြီ ဖြစ်ရာ အတွင်းထဲသို့ မဝင်ရဲပေ။
"ဆေးဧကရာဇ် ၊မဆင်မခြင် မဝင်သင့်ပါဘူး"
ဟု ပေတိုထျန်းယဲ့က မျက်မှောင်ကြုတ်ရင်း သတိပေးလိုက်၏။
"ဂူထဲက ဘာ အရှိန်အဝါမှ အာရုံခံလို့ မရဘူး ၊အသက်ရှူသံ သဲ့သဲ့လေးတောင် မကြားရဘူး ၊ဒါပေမဲ့ မကောင်းဆိုးဝါး အရှိန်အဝါတွေကတော့ အဆက်မပြတ် စုပ်ယူခံနေရတယ် ၊ထူးဆန်းတဲ့ အရာတစ်ခုခု ရှိနေမှာ သေချာတယ် ၊မကောင်းဆိုးဝါး အရှိန်အဝါတွေကိ ဝါးမြိုနိုင်တဲ့ ရတနာ တစ်ခုခု ဖြစ်နိုင်တယ် ၊ဒါမှမဟုတ် မကောင်းဆိုးဝါး အရှိန်အဝါတွေကို ဆွဲဆောင်နိုင်တဲ့ အရာတစ်ခုခုပေါ့"
ယဲ့ကူချန်က လေးနက်စွာ ဆိုလိုက်သည်။
ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က ယဲ့ကူချန်ကို တစ်ချက် ကြည့်လိုက်ပြီး သဘောတူလိုက်၏။
"ဖြစ်နိုင်တယ်"
"အစ်ကိုဖုန်း ၊ခင်ဗျား တကယ် ဝင်ဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်"
လျိုချင်းယန်က စိုးရိမ်တကြီး မေးလိုက်သည်။
"ဒီအထိ ရောက်လာမှတော့ မကြည့်ဘဲ ပြန်သွားရင် စိတ်ကျေနပ်စရာ ကောင်းပါ့မလား"
ဖုန်းဝူချန်က အနည်းငယ် ပြုံးလိုက်သည်။ ထူးဆန်းအေးစက်သော ဂူကြီးက သူ့ကို ဟန့်တားနိုင်ပုံ မရပေ။
"ငါလည်း ဝင်ကြည့်ဖို့ စိတ်ကူးထားတယ်"
ဟု လိန်ချင်းဖုန်းက ခေါင်းညိတ်ကာ ပြောလိုက်၏။
"ဒါပေမဲ့ မဝင်ခင်မှာ ဒီ မကောင်းဆိုးဝါး အရှိန်အဝါတွေ ဘာလို့ အဝင်ဝမှာ လာစုနေကြလဲ ဆိုတာ အရင် ရှာဖွေရမယ် .. မထူးဆန်းဘူးလား"
"လွန်ခဲ့တဲ့ ဆယ်နှစ် ၊အထီးကျန် နယ်မြေ ပွင့်တုန်းက ဒီလို ထူးဆန်းတဲ့ ဂူ မရှိခဲ့ဘူး ၊ဂူရဲ့ မကောင်းဆိုးဝါး အရှိန်အဝါတွေက ဒီဆယ်နှစ် အတွင်းမှာမှ ပေါ်လာတာ ဖြစ်ရမယ်"
အကြီးအကဲ တစ်ဦးက ရုတ်တရက် ဝင်ပြောလိုက်သည်။ သူသည် ပြီးခဲ့သည့် အကြိမ် အထီးကျန် နယ်မြေ ပွင့်စဉ်ကလည်း လာရောက်ခဲ့ဖူးပုံ ရသည်။
"အကြီးအကဲ ၊ခင်ဗျား ပြီးခဲ့တဲ့ တစ်ခေါက်က ဒီနေရာကို ရောက်ခဲ့လား"
လိန်ချင်းဖုန်းက ထျန်းယွမ်ဘုံ တတိယအလွှာ ရှိပြီး အားမနည်းသော ထိုအကြီးအကဲကို မေးလိုက်၏။
အကြီးအကဲက ခေါင်းညိတ်လိုက်ပြီး ဆိုသည်။
"ဟုတ်တယ် ၊ပြီးခဲ့တဲ့ တစ်ခေါက် ပွင့်တုန်းက ငါ ဒီနေရာကို ဖြတ်သွားခဲ့တယ် ၊အဲ့ဒီတုန်းက ဒီလောက် ပြင်းထန်တဲ့ မကောင်းဆိုးဝါး အရှိန်အဝါတွေ မရှိခဲ့ဘူး ၊ဒီတစ်ခေါက်မှ ဒီလောက် ပြင်းထန်တဲ့ မကောင်းဆိုးဝါး အရှိန်အဝါတွေ ဒီမှာ လာစုနေကြတာ ၊တကယ် အရမ်း ထူးဆန်းတယ်"
"ရှောင်ရှောင် ၊အောက်ဆင်းပြီး ဘာဖြစ်နေလဲ သွားကြည့်ရအောင်"
ဖုန်းဝူချန်က ဂရုမစိုက်သလို ဆိုလိုက်ပြီး ဦးဆောင်၍ ဆင်းသက်သွားရာ လင်ရှောင်ရှောင်က ခေါင်းညိတ်လိုက်ပြီး အနီးကပ် လိုက်ပါသွားသည်။ သူမ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ခြင်း အရိပ်အယောင် လုံးဝ မရှိပေ။
"အစ်ကိုဖုန်း ၊အရမ်း မမြန်နဲ့လေ"
လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့လည်း နောက်မှ လိုက်ပါသွားကြလေသည်။
"ပိုပြီး ထူးဆန်းလေ ၊ပိုပြီး အန္တရာယ်များလေ ၊ရတနာတွေ ရှိနေတယ်ဆိုတာ ပိုသေချာလေပဲ"
ဟု ယဲ့ကူချန်ကလည်း ပြောလိုက်ပြီး သူလည်း နောက်မှ လိုက်ဆင်းသွားသည်။
"ငါတို့လည်း ဆင်းကြည့်ရအောင်"
ပေတိုထျန်းယဲ့က ဆိုလိုက်ပြီး ပေတိုမိသားစုမှ ပါရမီရှင်များလည်း လိုက်ပါသွားကြသည်။
ထို့နောက် နန်းကုန်းလီ၊ ရှီထျန်း၊ ရှောင်ယွင်နှင့် အခြား ကျိုးကျိုး ကိုးပြည်ထောင်မှ ပါရမီရှင်များ တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်သွားကြသည်။
ဂူနှင့် နီးကပ်လေလေ မကောင်းဆိုးဝါး အရှိန်အဝါများ ပိုမို ပြင်းထန်လေလေ ဖြစ်ပြီး အသက်ရှူကျပ်သော ခံစားမှုကို ပေးစွမ်းနေသည်။ မကောင်းဆိုးဝါး အရှိန်အဝါ ရှိသော နေရာတိုင်းတွင် လေထု ကိုယ်တိုင်ပင် ပျောက်ကွယ်သွားသကဲ့သို့ ခံစားရသည်။
အဟန့်အတား အနီးသို့ ရောက်သောအခါ ဖုန်းဝူချန်က သူ၏ လက်ဝါးကို အသာအယာ တင်လိုက်ပြီး ခေတ္တမျှ အာရုံခံလိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ သုံးသပ်လိုက်သည်။
"ဒီ ရှေးဟောင်း အဟန့်အတားက ဒီလောက် ကြာတာတောင် ဒီလောက် အစွမ်းထက်နေတုန်းပဲ ၊ငါ့ စွမ်းအားနဲ့တော့ မချိုးဖျက်နိုင်လောက်ဘူး"
"ဆေးဧကရာဇ် ၊လက်တွဲပြီး အဟန့်အတားကို ချိုးဖျက်ကြရအောင်"
ပေတိုထျန်းယဲ့က အကြံပေးလိုက်သည်။
"အတူတူ တိုက်ခိုက်ကြစို့"
ယဲ့ကူချန်ကလည်း သဘောတူလိုက်သည်။
“ဝှစ်။ ဝှစ်”
လူ တစ်ဒါဇင်ကျော်က သူတို့၏ စစ်မှန်သော ယွမ်စွမ်းအင်များကို လှုံ့ဆော်လိုက်ကြရာ ရောင်စုံ အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး မှိန်ဖျော့နေသော အထီးကျန် နယ်မြေ နေရာလပ်ကြီးကို ချက်ချင်း လင်းထိန်သွားစေကာ မြေပြင်မှာ တုန်ခါ မြည်ဟည်းသွားသည်။
“ဘုန်း။ ဘုန်း။ ဘုန်း”
“ဝှစ်။ ဝှစ်”
ကြီးမားသော စွမ်းအားလှိုင်းလုံးကြီးများက ဂူ၏ စွမ်းအင် အဟန့်အတားကို တစ်ခုပြီးတစ်ခု ဝင်ဆောင့်ကြသည်။ ကြောက်မက်ဖွယ် စွမ်းအင်များ ရိုက်ခတ်သွားပြီး ပတ်ဝန်းကျင်မှ တောင်တန်းများကို တုန်ခါ မြည်ဟည်းသွားစေသည်။
သို့သော် ဖုန်းဝူချန်နှင့် အခြားသူများ အံ့အားသင့်သွားသည်မှာ ထျန်းယွမ်ဘုံ ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်၏ ပူးပေါင်း အားထုတ်မှုကပင် ဖျော့တော့သော အပြာရောင် အဟန့်အတားကို မလှုပ်ခါနိုင်ခဲ့ခြင်း ဖြစ်သည်။ သူတို့၏ ကြောက်မက်ဖွယ် စွမ်းအားများမှာ လုံးဝ ပိတ်ဆို့ခံလိုက်ရသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လျိုချင်းယန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ငါတို့ ဒီ အဟန့်အတားကို လျှော့တွက်မိပုံပဲ"
လိန်ချင်းဖုန်းက မျက်မှောင်ကြုတ်လိုက်၏။
"နောက်တစ်ခေါက်"
ရှီထျန်းက အေးစက်စွာ အော်ဟစ်လိုက်ပြီး အဟန့်အတားကို ဖျက်ဆီးရန် ဆုံးဖြတ်ချက် ချလိုက်သည်။
"ကျွန်မ စမ်းကြည့်ပါရစေ"
လင်ရှောင်ရှောင်က ရုတ်တရက် ဝင်ပြောလိုက်ပြီး ရှေ့သို့ တက်လာသည်။
ရှီထျန်းက လင်ရှောင်ရှောင်ကို မျက်မှောင်အနည်းငယ် ကြုတ်ကြည့်လိုက်ပြီး မထီမဲ့မြင် ဆိုလိုက်သည်။
"မင်းက အဟန့်အတားကို ချိုးဖျက်နိုင်မယ် ထင်လို့လား"
"ဟွန့် ၊ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး ကိုယ့်သေတွင်း ကိုယ်မတူးမိစေနဲ့"
ဟု ရှောင်ယွင်က လှောင်ပြောင်သော လေသံဖြင့် မှတ်ချက်ပေးလိုက်၏။
လိန်ချင်းဖုန်းက အေးစက်စက် ရယ်မောရင်း ပြောလိုက်သည်။
"ရှီထျန်း ၊ရှောင်ယွင် ၊မင်းတို့ မိန်းကလေး ရှောင်ရှောင်ကို အထင်မသေးသင့်ဘူး"
ထိုစဉ်၊ ဘေးတွင် မျက်နှာထား တည်ကြည်စွာ ရပ်နေသော ကျန်းကျွင့်လန်က အေးစက်စွာ မာန်မဲလာလေသည်။
"မင်းတို့ ပြောစရာ မရှိရင် ပါးစပ်ပိတ်ထားလို့ ရတယ် ၊ဘယ်သူမှ မင်းတို့ကို အ,အတွေလို့ မထင်ဘူး"
ကျန်းကျွင့်လန် စကားပြောလိုက်သည်နှင့် ရှီထျန်းနှင့် ရှောင်ယွင်တို့၏ မျက်နှာများမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး နောက်ထပ် စကားတစ်ခွန်းမှ မဟရဲကြတော့ပေ။
ကျန်းကျွင့်လန်၏ ကြောက်မက်ဖွယ် အဆင့်အတန်းမှာ သူတို့ အလွန်အမင်း ကြောက်ရွံ့ရသော အရာ ဖြစ်ပြီး သူ့ကို စော်ကားရန် လုံးဝ သတ္တိမရှိကြပေ။
လင်ရှောင်ရှောင်က သူတို့ကို လုံးဝ ဂရုမစိုက်ပေ။ စိတ်တစ်ချက် လှုပ်ရှားလိုက်သည်နှင့် သူမ၏ ကိုယ်ပိုင် အစိမ်းရောင် အဟန့်အတားတစ်ခု ဖြစ်ပေါ်လာပြီး ရှေ့သို့ တက်လှမ်းလိုက်သည်။
"အဟန့်အတား ၊ဒီအရှိန်အဝါက အနည်းဆုံး ကောင်းကင်ဘုံလူသား အဆင့်ပဲ ၊ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ယဲ့ကူချန်၏ မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေကာ လင်ရှောင်ရှောင် ဖန်တီးလိုက်သော အဟန့်အတားကို ကြည့်နေသည်။
"သာမန် ထျန်းယွမ်ဘုံ ဒုတိယအလွှာ မိန်းကလေး တစ်ယောက်က ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းတဲ့ အဟန့်အတားကို ဖန်တီးနိုင်တာလဲ"
ရှီထျန်း၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။
"ဒါ မဖြစ်နိုင်ဘူး"
ရှောင်ယွင်မှာ ကြက်သေသေသွားပြီး တစ်စုံတစ်ယောက်က သူ့ပါးကို ရိုက်လိုက်သကဲ့သို့ ခံစားလိုက်ရကာ ခေါင်းနပန်းကြီးသွားသည်။
“ဝှစ်”
“ဂျွတ်”
လင်ရှောင်ရှောင်၏ အစိမ်းရောင် အဟန့်အတားက အပြာရောင် အဟန့်အတားကို ထိလိုက်သည်နှင့် အပြာရောင် အဟန့်အတားမှာ ရုတ်တရက် တုန်ခါသွားပြီး ကွဲအက်သံနှင့်အတူ ကြေမွသွားတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်းမှာ ထိတ်လန့်တကြား ပင့်သက်ရှိုက်မိကြ၏။
ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သားများ အားလုံး ပေါင်းတိုက်တာတောင် မလှုပ်ခါနိုင်ခဲ့သော အဟန့်အတားကို လင်ရှောင်ရှောင်က သူမ၏ ကိုယ်ပိုင် အဟန့်အတားဖြင့် ချဉ်းကပ်လိုက်ရုံဖြင့် ချိုးဖျက်လိုက်နိုင်သည်လား။
ရှီထျန်းနှင့် ရှောင်ယွင်တို့၏ မျက်နှာများမှာ နီရဲသွားပြီး အသည်းအသန် ရှက်သွားရကာ မြေကြီးထဲသို့ ဝင်ပုန်းချင်စိတ် ပေါက်သွားကြသည်။
လင်ရှောင်ရှောင် အဘယ်ကြောင့် သူတို့ကို ဂရုမစိုက်ခဲ့သည်ကို ယခုမှပင် သူတို့ သဘောပေါက်သွားကြတော့သည်။ အကြောင်းမှာ သူမသည် သူတို့ကို အရေးပါသော သူများအဖြစ် လုံးဝ သတ်မှတ်မထားသောကြောင့်ပင်။
ယဲ့ကူချန်နှင့် ကောင်းကင်ဘုံ နယ်မြေမှ အခြား ပါရမီရှင်များမှာ လင်ရှောင်ရှောင်ကို ကြောက်လန့်တကြား ကြည့်နေကြပြီး အချိန်အတော်ကြာ စကားမပြောနိုင်ကြပေ။ လင်ရှောင်ရှောင်သည် ဖုန်းဝူချန်ထက်ပင် ပိုမို နတ်ဆိုး ဆန်သည်ဟု ခံစားလိုက်ကြရသည်။
ငယ်ရွယ်သော ထျန်းယွမ်ဘုံ ဒုတိယအလွှာ မိန်းကလေး တစ်ယောက်က ဤမျှ အံ့ဩဖွယ်ရာ အဟန့်အတားမျိုး ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူ ထင်ထားမိပါမည်နည်း။
"ဟား..မင်းတို့ ဘာမှ မလုပ်နိုင်ရင် ၊စကားမပြောဘဲ နေတာက ကိုယ့်ကိုယ်ကိုယ် အရူးမဖြစ်အောင် ကာကွယ်ရာ ရောက်တယ်ကွ"
လျိုချင်းယန်က အေးစက်စက် လှောင်ပြုံး ပြုံးရင်း ရှီထျန်းနှင့် ရှောင်ယွင်တို့ကို မထီမဲ့မြင် ကြည့်ကာ ပြောလိုက်သည်။
"ကောင်းတယ် ရှောင်ရှောင်"
ဖုန်းဝူချန်က ချီးကျူးလိုက်ပြီး ရှီထျန်းနှင့် ရှောင်ယွင်တို့ကို လေကဲ့သို့ သဘောထားကာ လုံးဝ လျစ်လျူရှုထားလိုက်သည်။
"ဘာမှ မဟုတ်ပါဘူးရှင်"
လင်ရှောင်ရှောင်က ဂုဏ်ယူဝင့်ကြွားပြီး ချိုသာသော အပြုံးလေးကို ထုတ်ဖော်ပြသလိုက်သည်။
လက်ဝါးပေါ်တွင် အစိမ်းရောင် မီးတောက်လေး တစ်ခုကို ထွန်းညှိလိုက်ပြီး ဖုန်းဝူချန်က ဂူထဲသို့ ဦးစွာ ဝင်ရောက်သွားရာ လင်ရှောင်ရှောင်နှင့် အခြားသူများက တစ်ယောက်ပြီးတစ်ယောက် လိုက်ပါသွားကြသည်။ ကြောက်ရွံ့နေကြသော်လည်း ဖုန်းဝူချန် ဦးဆောင်နေသဖြင့် သူတို့၏ စိုးရိမ်မှုများမှာ အနည်းငယ် လျော့ပါးသွားကြ၏။
အခြား ကြည့်ရှုနေသူများမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး အနည်းငယ်မျှသာ ဝင်ရဲကြသည်။ ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သားများမှာ စွမ်းအား ရှိသောကြောင့် စွန့်စားရဲကြခြင်း ဖြစ်သည်။ ထိုစွမ်းအားမျိုး မရှိပါက အခြားသူများမှာ မဝင်ရဲကြဘဲ အပြင်တွင်သာ ငြိမ်သက်စွာ စောင့်ဆိုင်းနေရုံမှတစ်ပါး အခြား မရှိပေ။
ဂူမှာ ဒေါင်လိုက် ဆင်းသွားပြီး မှောင်မိုက် နက်ရှိုင်းလှကာ ကိုယ့်လက်ကိုယ်တောင် မမြင်ရလောက်အောင် မှောင်မိုက်နေပြီး အတွင်းထဲမှ မကောင်းဆိုးဝါး အရှိန်အဝါများမှာ ပိုမို ပြင်းထန်လာသည်။
မီတာပေါင်းများစွာ ကျယ်ဝန်းသော ဥမင်လိုဏ်ခေါင်းကို မီးစွမ်းအား ပိုင်ဆိုင်သူများက မီးတောက်များ ဖန်တီးကာ အမှောင်ထုကို အလင်းပေးလိုက်ကြ၏။
"အားလုံး သတိထားကြ"
လိန်ချင်းဖုန်းက သတိပေးလိုက်ပြီး သူ၏ မျက်နှာထားမှာ လေးနက်နေကာ မည်သည့်အရာကိုမျှ ပေါ့ပေါ့တန်တန် သဘောမထားပေ။
ဥမင်လိုဏ်ခေါင်းထဲသို့ ဝင်ရောက်ပြီးနောက် မည်သူမျှ စကားမပြောရဲကြပေ။ တိတ်ဆိတ်မှုမှာ နက်ရှိုင်းလှပြီး မီးရောင်၏ အကူအညီဖြင့် ပတ်ဝန်းကျင်ကို သတိကြီးစွာ အကဲခတ်နေကြသည်။
ပြင်းထန်သော မကောင်းဆိုးဝါး အရှိန်အဝါများနှင့် အေးစက်သော အရှိန်အဝါများ ပြည့်နှက်နေသည့် မည်းမှောင်နေသော ဥမင်လိုဏ်ခေါင်းကြီးက သူတို့ကို ငရဲသို့ သွားရာလမ်းပေါ် ရောက်နေသကဲ့သို့ ခံစားရစေပြီး ကြောက်လန့်မှုကို မထိန်းချုပ်နိုင်အောင် ဖြစ်စေသည်။
ဥမင်လိုဏ်ခေါင်းမှာ အလွန်တရာ နက်ရှိုင်းလှပြီး အချိန်မည်မျှ ကြာသွားသည် မသိ၊ နောက်ဆုံးတွင် ဖုန်းဝူချန်က ဥမင်လိုဏ်ခေါင်း၏ အဆုံးကို မြင်လိုက်ရပြီး သူ၏ မျက်နှာထားမှာ ပိုမို လေးနက်သွား၏။
"နီးနေပြီ ၊သတိထားကြ"
ဟု သူ သတိပေးလိုက်သည်။
လူတိုင်း ဥမင်လိုဏ်ခေါင်း၏ အဆုံးကို မြင်လိုက်ရပြီး တင်းမာမှုနှင့် ကြောက်ရွံ့မှုများ မြင့်တက်လာသည်။
ဥမင်လိုဏ်ခေါင်း အဆုံးသို့ ရောက်သောအခါ လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်လာသော နေရာလပ်ကြီးက သူတို့ကို မှင်သက်သွားစေသည်။
ရှေးဟောင်း အရှိန်အဝါများက သူတို့ကို တည့်တည့် လာရောက် ရိုက်ခတ်လိုက်ပြီး သူတို့၏ မျက်စိရှေ့မှောက်တွင် ပေါ်လာသည်မှာ ကြီးမားလှသော နန်းတော်ကြီး တစ်ခုပင် ဖြစ်နေသည်။
ကြီးမားသော နန်းတော်ကြီးမှာ အမှောင်ကမ္ဘာကြီးထဲတွင် ပျံဝဲနေသကဲ့သို့ ရှိပြီး အဘက်ဘက်တွင် အမှောင်ထုများက လွှမ်းခြုံထားကာ နန်းတော်မှ လွဲ၍ အခြား မည်သည့်အရာကိုမျှ မမြင်ရပေ။
မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် ကျယ်ပြန့်လှသော နန်းတော်ကြီးမှာ ယမမင်း၏ နန်းတော်အလား ဖြစ်ပြီး ကြောက်လန့်မှုကို မလွဲမသွေ ဖြစ်ပေါ်စေ၏။
ကြီးမားသော နန်းတော်ကြီးတွင် ခမ်းနားထည်ဝါသော အဆောက်အဦး ဒါဇင်ပေါင်းများစွာ ပါဝင်ပြီး ပင်မ ခန်းမကြီးမှာ ပေတစ်ရာကျော် မြင့်မားကာ ခန့်ညားထည်ဝါပြီး ကြီးစိုးသော အသွင် ရှိသည်။
"တကယ်ကြီး နန်းတော်ကြီး ရှိတာပဲ"
လျိုချင်းယန်မှာ အံ့ဩလွန်း၍ ပါးစပ် အဟောင်းသား ဖြစ်သွားသည်။
"ဂူရဲ့ အောက်ခြေမှာ ၊ဒီလို ကမ္ဘာသစ်
တစ်ခု ရှိနေမယ်လို့ ဘယ်သူ ထင်မှာလဲ"
"ဒီနေရာက မကောင်းဆိုးဝါး အရှိန်အဝါတွေက အထီးကျန် နယ်မြေထဲကထက်တောင် ပိုပြင်းထန်သေးတယ် ၊မကောင်းဆိုးဝါး အရှိန်အဝါတွေ အကုန်လုံး ဒီနေရာမှာ လာစုနေကြတာပဲ"
လူတိုင်း အံ့အားသင့်သွားကြသည်။ သာမန်ဟု ထင်ရသော ဥမင်လိုဏ်ခေါင်း တစ်ခု၏ အောက်တွင် ကြီးကျယ် ခမ်းနားလှသော နန်းတော်ကြီး တစ်ခု ရှိနေလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
ဖုန်းဝူချန်နှင့် အခြားသော မျိုးဆက်သစ် လူငယ်များ နန်းတော် ရင်ပြင်သို့ ဆင်းသက်လိုက်သည်နှင့် ထိုနေရာရှိ မကောင်းဆိုးဝါး အရှိန်အဝါများကို နှောင့်ယှက်လိုက်သကဲ့သို့ ဖြစ်သွားပြီး အဘက်ဘက်မှ ရုန်းရင်းဆန်ခတ် တိုးဝင်လာကြသည်။
နန်းတော်၏ မှိန်ဖျော့သော အလင်းရောင်အောက်တွင် စိမ်းဖန့်ဖန့် မကောင်းဆိုးဝါး အရှိန်အဝါများ ပြည့်နှက်နေသည်မှာ အမှန်တကယ်ပင် ငရဲနန်းတော်ကြီး တစ်ခုနှင့် တူလှပေ၏။