မျိုချ ပိုးကောင်
Vol. 23 Ch. 339
~ငရဲနန်းတော်ကြီးက ခြောက်သွေ့အေးစက်ပြီး ကြောက်မက်ဖွယ်အတိ ဖြစ်၏။
သတ္တိနည်းသူများသာဆိုလျှင် ဤနေရာ၌ ကြောက်လန့်၍ သတိလစ်သွားနိုင်ပေသည်။
သတ္တိနည်းသော မြောင်ချင်းချင်းမှာတော့ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေပြီး လျိုချင်းယန်၏ လက်မောင်းကို သေမတတ် ဆုပ်ကိုင်ထားလေသည်။
လင်ရှောင်ရှောင်၏ မျက်နှာလေးမှာမူ ကြောက်ရွံ့ခြင်း အရိပ်အယောင် တစ်စက်မျှ မရှိဘဲ လေးနက်သော အမူအယာသာ ရှိနေ၏။ ဤသို့ ထူးဆန်းပြီး မကောင်းဆိုးဝါး အရှိန်အဝါများ ပြည့်နှက်နေသော နေရာသို့ ရောက်လာလျှင် မည်သူမဆို ကြောက်ရွံ့မိကြမည်သာ ဖြစ်သည်။
ဖုန်းဝူချန်သာ ဦးဆောင်၍ ဝင်မလာခဲ့ပါက ဤနေရာကို ဝင်ရောက် စူးစမ်းလေ့လာရန် မည်သူမျှ သတ္တိရှိကြမည် မဟုတ်ပေ။
"အစ်ကိုဖုန်း ၊ဒီနေရာက ငရဲပြည်ကြီးကျနေတာပဲလို့ ၊ကျွန်မ ဘာလို့ ခံစားနေရတာလဲ မသိဘူး"
မြောင်ချင်းချင်းက တုန်ရီနေသော အသံလေးဖြင့် မေးလိုက်၏။
ထိုအခါ၊ လျိုချင်းယန်က အလျင်အမြန် နှစ်သိမ့်လိုက်သည်။
"ချင်းချင်း မကြောက်နဲ့ ၊ငါ ရှိတယ်လေ"
"အစ်ကိုလျို ၊ရှင် .. မကြောက်ဘူးလား"
"ငါက မင်းထက်တောင် ပိုကြောက်နေတာ ၊ဒီလို သရဲအိမ်ကြီးထဲကို ဘယ်သူက မကြောက်ဘဲ နေမလဲ"
လျိုချင်းယန်၏ အဖြေစကားကြောင့် မြောင်ချင်းချင်းမှာ ကြောက်နေရာမှ ရယ်ချင်စိတ် ပေါက်သွားရသည်။
ကျန်းကျွင့်လန်က ကြီးမားသော နန်းတော်ကြီးကို မျက်လုံးဖြင့် ဝေ့ဝဲကြည့်ရှုရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
"ဆရာ ၊ဆရာ တစ်ခုခုရဲ့ အရှိန်အဝါကို ခံစားမိသေးလား"
လိန်ချင်းဖုန်းက ခေါင်းခါရင်း မျက်မှောင်ကြုတ်ကာ ပြန်ဖြေသည်။
"ဒီနေရာမှာ ဘာမှ မခံစားမိဘူး ၊ဒီ မကောင်းဆိုးဝါး အရှိန်အဝါတွေက လွဲလို့ပေါ့"
"အထွတ်အထိပ် နတ်ဘုရား ဝိညာဉ် နန်းတော်"
ဖုန်းဝူချန်၏ အကြည့်က ပင်မခန်းမကြီး အထက်မှ ဆိုင်းဘုတ်ဆီသို့ ရောက်သွား၏။
"တော်တော် ခမ်းနားတဲ့ နာမည်ပဲ"
ဟု ကျန်းကျွင့်လန်က မှတ်ချက်ပေးလိုက်သည်။
လင်ရှောင်ရှောင်က မျက်မှောင်ကြုတ်ရင်း သူ၏ သုံးသပ်ချက်ကို ပြောသည်။
"အစ်ကိုကြီးဖုန်း ၊ဒါက ရှေးခေတ်က အင်အားစုကြီး တစ်ခုရဲ့ နန်းတော် ဖြစ်ရမယ် ၊ဒီနေရာကို မူလက အဟန့်အတား တစ်ခုနဲ့ ကာကွယ်ထားခဲ့ပုံပဲ ၊ဒီဥမင်လိုဏ်ခေါင်းက ရန်သူတွေ အတင်း တွန်းဖွင့်ပြီး ဖောက်ဝင်လာတဲ့ လမ်းကြောင်း ဖြစ်နိုင်တယ်"
လင်ရှောင်ရှောင်၏ သုံးသပ်ချက်မှာ ယုတ္တိရှိလှပေသည်။ မည်းမှောင်နေသော ဥမင်လိုဏ်ခေါင်းကြီးမှာ ရန်သူများ ချောင်းမြောင်း တိုက်ခိုက်ခဲ့သည့် ပုံစံပေါက်နေပြီး နန်းတော်တွင် အခြား ဝင်ပေါက် မရှိတော့ပေ။
ခေတ္တမျှ ရပ်တန့်ပြီးနောက် လင်ရှောင်ရှောင်က ထပ်မံ၍ သံသယဖြင့် ပြောလေ၏။
"ဒါပေမဲ့ ထူးဆန်းတာတစ်ခုက ၊တကယ်လို့ ရန်သူတွေသာ ဖောက်ဝင်ခဲ့တယ်ဆိုရင် ၊ဘာလို့ တိုက်ခိုက်မှုရဲ့ ခြေရာလက်ရာ တစ်ခုမှ မရှိရတာလဲ ၊ဒီနန်းတော်ကြီးပေါ်မှာ ပျက်စီးသွားတဲ့ အမှတ်အသား တစ်ခုတောင် မရှိဘူး"
လိန်ချင်းဖုန်းက
"ဖြစ်နိုင်တာကတော့ သူတို့ အဖမ်းခံလိုက်ရပြီး ၊အထွတ်အထိပ် နတ်ဘုရား ဝိညာဉ် နန်းတော်က ပြင်းပြင်းထန်ထန် ပြန်တိုက်ထုတ်လိုက်လို့ ၊ရန်သူတွေ အထီးကျန် နယ်မြေထဲကို ပြန် ဆုတ်ပြေးသွားတာ ဖြစ်နိုင်တယ်"
ဟု သူ၏ ထင်မြင်ချက်ကို ထုတ်ပြောလာသည်။
“ဝှစ်။ ဝှစ်။ ဝှစ်”
ဖုန်းဝူချန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အစိမ်းရောင် မီးတောက်များ ဒါဇင်ပေါင်းများစွာ ထွက်ပေါ်လာပြီး နန်းတော်၏ နေရာအနှံ့သို့ ပျံသန်းသွားတော့သည်။ မှောင်မိုက်နေသော နေရာလပ်ကြီးမှာ ချက်ချင်းပင် လင်းထိန်သွားလေ၏။
ထိုမကောင်းဆိုးဝါး အရှိန်အဝါများမှာ အစိမ်းရောင် မီးတောက်များကို ကြောက်ရွံ့ဟန်ဖြင့် အနားသို့ မကပ်ဝံ့ဘဲ ရှောင်တိမ်းသွားကြသည်။
အစိမ်းရောင် မီးတောက်များ၏ ကြောက်မက်ဖွယ် အရှိန်အဝါက ရှီထျန်းတို့ အုပ်စုကိုပင် သတိထားသွားစေသည်။
"ဆရာ ၊ကျွန်တော်တို့ နန်းတော်ထဲ ဝင်ကြည့်ကြရအောင်"
ဟု ကျန်းကျွင့်လန်က အကြံပေးလိုက်သည်။
ရင်ပြင်တွင် အတန်ကြာအောင် အန္တရာယ် တစ်စုံတစ်ရာ မတွေ့ရှိသောကြောင့် သူတို့အားလုံး စိတ်သက်သာရာ ရသွားကြသည်။ ပင်မ ခန်းမကြီးမှာ ကြီးကျယ် ခမ်းနားလှပြီး အထွတ်အထိပ် နတ်ဘုရား ဝိညာဉ် နန်းတော်၏ ကြီးကျယ် ခမ်းနားမှုကို ဖော်ကျူးနေသကဲ့သို့ ရှိသည်။
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး ပင်မ ခန်းမကြီးဆီသို့ ဦးစွာ လျှောက်လှမ်းသွားရာ အားလုံးလည်း နောက်မှ လိုက်ပါလာကြသည်။
ဖုန်းဝူချန်က တံခါးများကို တွန်းဖွင့် ဝင်ရောက်လိုက်သည်နှင့် အတွင်းဘက်မှ ရှေးဟောင်း အရှိန်အဝါများက လှိုင်းလုံးကြီးတစ်ခုပမာ တိုးထွက်လာသဖြင့် အားလုံး လန့်ဖျတ်သွားကြရသည်။
ခန်းမကြီးမှာ ဇိမ်ကျကျ ခမ်းနားလှပြီး ဘုရင်တစ်ပါး၏ နန်းတော်အလားပင် ဖြစ်ကာ ကြောက်ရွံ့ ရိုသေစိတ်ကို ဖြစ်ပေါ်စေသည်။
“ဝှစ်။ ဝှစ်။ ဝှစ်”
ဖုန်းဝူချန်က အစိမ်းရောင် မီးတောက်များကို ထပ်မံ ထုတ်လွှတ်လိုက်ရာ မီးတောက်မျှင်များက ပျံသန်းသွားပြီး ခန်းမကြီးတစ်ခုလုံး ချက်ချင်းပင် ထိန်လင်းသွားတော့သည်။
ခန်းမကြီးမှာ အလွန်တရာ ကျယ်ဝန်းလှပြီး ရွှေရောင် တိုင်လုံးကြီး ကိုးတိုင်က ဘေးတစ်ဖက်တစ်ချက်စီတွင် တည်ရှိနေသည်။ တိုင်လုံးများပေါ်တွင် ထွင်းထုထားသော ရှေးဟောင်း သားရဲကြီးများမှာ အသက်ဝင်နေပြီး မည်သည့်အချိန်မဆို ခုန်ထွက်လာနိုင်သကဲ့သို့ ထင်ရသည်။
ခန်းမအတွင်းမှ ပရိဘောဂများမှာလည်း နေရာတကျ ရှိနေဆဲ ဖြစ်ပြီး တစ်ခုချင်းစီမှာ အဆင့်မြင့် ပစ္စည်းများဖြင့် ပြုလုပ်ထားကာ တန်ဖိုး ကြီးမားလှပေသည်။
ခန်းမကြီး၏ အဆုံးတွင် အုပ်စိုးသူ၏ ပလ္လင်ကြီး ရှိနေ၏။ ကြီးကျယ် ခန့်ညားလှကာ အထွတ်အထိပ် နတ်ဘုရား ဝိညာဉ် နန်းတော်၏ အရှင်သခင်ကြီး ယခုပင် ထိုင်နေသကဲ့သို့ ထင်မှတ်ရသည်။
"ဒီ ခန်းမကြီးက တကယ် ခမ်းနားတာပဲ"
အားလုံးက အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။
ယဲ့ကူချန်က မျက်မှောင်ကြုတ်လျက်
"ဒီ နန်းတော်ကြီး တစ်ခုလုံးမှာ ဘယ်လို အရှိန်အဝါမျိုးမှ မခံစားမိဘူး"
"ဒီလောက် ခမ်းနားတဲ့ နန်းတော်ကြီးက ဒီအတိုင်း အလွတ်ကြီးပဲလား"
လူအုပ်ကြီးမှာ အနည်းငယ် စိတ်ပျက်သွားကြသည်။
အားလုံး စိတ်အားလျော့နေကြသည့် ထိုအခိုက် ဖုန်းဝူချန်က ဖြည်းညင်းစွာ ဖွင့်ဟလိုက်သည်။
"အားနည်းတဲ့ အရှိန်အဝါ တစ်ခု ရှိနေတယ်"
"အားနည်းတဲ့ အရှိန်အဝါ ဟုတ်လား"
လိန်ချင်းဖုန်းမှာ အနည်းငယ် ထိတ်လန့်သွားသည်။ သူ ဘာမှ မခံစားမိသောကြောင့် "အစ်ကိုဖုန်း ၊ခင်ဗျား ဘာကို ခံစားမိတာလဲ" ဟု အလျင်အမြန် မေးလိုက်သည်။
"သူက အားနည်းတဲ့ အရှိန်အဝါကို ခံစားမိတယ် ဟုတ်လား"
ယဲ့ကူချန်မှာ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ သူ၏ အကြည့်က ဖုန်းဝူချန်ထံသို့ ရောက်သွားပြီး မျက်ဝန်းထဲတွင် တုန်လှုပ်မှုတစ်ချက် ဖြတ်ပြေးသွား၏။ ထျန်းယွမ် ဘုံ သတ္တမအလွှာ ဖြစ်သော သူကိုယ်တိုင်ပင် ဘာအရှိန်အဝါမှ မခံစားမိခဲ့။ တတိယအလွှာလေး ဖြစ်သော ဖုန်းဝူချန်က ခံစားမိသည်တဲ့လား။
ဖုန်းဝူချန်၏ မျက်နှာထားမှာ တဖြည်းဖြည်း ပိုမို လေးနက်လာသည်။
"ဒီအရှိန်အဝါက အရမ်း မြန်မြန် ရွေ့လျားနေတယ် ၊ပြီးတော့ အရေအတွက်ကလည်း အများကြီးပဲ ၊ငါတို့ဆီ တည့်တည့် လာနေတာ"
"အရေအတွက် အများကြီး…."
"ငါတို့ဆီ တည့်တည့် လာနေတာ…."
လူတိုင်း၏ မျက်နှာထားများ အနည်းငယ် ပြောင်းလဲသွားကြသည်။
"တကယ်ပဲ အားနည်းတဲ့ အရှိန်အဝါတွေ ရှိနေတယ်"
ဖုန်းဝူချန် စကားဆုံးသည်နှင့် ယဲ့ကူချန်၏ မျက်နှာထားမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူသည်လည်း တကယ် ခံစားမိလိုက်လေပြီ။ အရှိန်အဝါ အရေအတွက် အများအပြားကို ခံစားမိလိုက်ရသဖြင့် သူက ဖုန်းဝူချန်ကို အံ့အားသင့်စွာ လှမ်းကြည့်လိုက်မိသည်။
ဖုန်းဝူချန် လိမ်ညာနေခြင်း မဟုတ်။ အမှန်တကယ် ခံစားမိခြင်း ဖြစ်သည်။
ခဏအကြာတွင် အားလုံးမှာ အားနည်းသော အရှိန်အဝါ အများအပြားက ပင်မ ခန်းမကြီးဆီသို့ အလျင်အမြန် ချဉ်းကပ်လာနေသည်ကို ခံစားမိလိုက်ကြသည်။
"သူတို့ ရောက်လာပြီ ၊အပြင်ထွက်ကြည့်ရအောင်"
ဖုန်းဝူချန်က ဦးစွာ လှုပ်ရှားလိုက်ရာ ကျန်လူများလည်း နန်းတော် တံခါးမကြီးဆီသို့ အလျင်အမြန် လိုက်ပါသွားကြသည်။
အပြင်ဘက်သို့ ရောက်သောအခါ သူတို့၏ ရှေ့မှောက်တွင် ပေါ်လာသော မည်းမည်းတုတ်တုတ် အရာဝတ္ထုများ အလုံးအရင်းလိုက်ကို မြင်တွေ့လိုက်ရသဖြင့် အားလုံး ချောက်ချားသွားကြသည်။
"ဒါ…ဘာကောင်တွေလဲ"
လျိုချင်းယန်၏ တစ်ကိုယ်လုံးမှာ ထိတ်လန့်တကြား တုန်ရီနေတော့၏။
"အား"
မြောင်ချင်းချင်းမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။
"ဒီအရေအတွက်က"
သူတို့၏ ရှေ့မှောက်တွင် ပေါ်လာသည်မှာ သိပ်သည်းစွာ ပြည့်နှက်နေသော မိကျောင်းငယ်လေးများ ဖြစ်ပြီး တစ်ကောင်ချင်းစီမှာ ရေပုံး တစ်ပုံးစာ အရွယ်အစားမျှသာ ရှိသည်။ သူတို့၏ အရှိန်အဝါများမှာ အားနည်းသော်လည်း အရေအတွက်မှာမူ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။
ကျယ်ပြန့်လှသော နန်းတော်ကြီးတစ်ခုလုံး နေရာလပ်မကျန် ထိုမိကျောင်းငယ်များဖြင့် ဖုံးလွှမ်းသွားသည်။ ခမ်းနားလှသော ခန်းမဆောင်များအားလုံးမှာ လိပ်များ၊ မျောက်များ၊ ဖြူကောင်များ စသည်တို့နှင့် ဆင်တူသော အလွန်တရာ အရုပ်ဆိုး အကျည်းတန်ပြီး ကြောက်မက်ဖွယ်ကောင်းလှသည့် သတ္တဝါငယ်လေးများဖြင့် ပြည့်နှက်နေတော့သည်။
နေရာတိုင်းမှာ သူတို့ချည်းပင်။ လူ တစ်ဒါဇင်ခန့်ကို ဝန်းရံထားသော ထိုအကောင်ငယ်လေးများ၏ အရေအတွက်မှာ မရေမတွက်နိုင်ဘဲ ကုဋေပေါင်းများစွာ ရှိနေနိုင်သဖြင့် အားလုံးကို မျှော်လင့်ချက်မဲ့သွားစေသည်။
ဖုန်းဝူချန်ကဲ့သို့ တည်ငြိမ်သူပင်လျှင် ဤမြင်ကွင်းကြောင့် တုန်လှုပ်သွားမိသည်။
"အစ်ကိုဖုန်း ၊ဒါ ဒါ ဘာ မိကျောင်းတွေလဲ"
လျိုချင်းယန်က ထိတ်လန့်တကြား မေးလိုက်သည်။
"မျိုချ ပိုးကောင်တွေ"
ကျန်းကျွင့်လန်၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် သွေးဆုတ်ဖြူလျော်နေပြီး ကြောက်လန့်တကြား အော်လိုက်သည်။
"မျိုချ ပိုးကောင်တွေ…"
လိန်ချင်းဖုန်းနှင့် အခြားသူများမှာ ထိုအမည်ကို တစ်ခါမျှ မကြားဖူးခဲ့ကြပေ။
ကျန်းကျွင့်လန်က ထိတ်လန့်တကြား ရှင်းပြသည်။
"ဒီကောင်တွေက အသားနဲ့ သွေး ရှိတဲ့ ဘယ်အရာကိုမဆို မျိုချပစ်နိုင်တယ် ၊ပြီးတော့ သူတို့ ပေါက်ပွားနှုန်းက ကြောက်စရာကောင်းလောက်အောင် မြန်တယ် ၊ဒီကောင်တွေနဲ့ တွေ့ရင် ထွက်ပြေးဖို့ပဲ"
ဖုန်းဝူချန်က လေးနက်စွာ ဆိုလိုက်သည်။
"ကြည့်ရတာ ငါတို့ နန်းတော်ထဲ ဝင်လိုက်တာက သူတို့ကို သွား နှိုးလိုက်မိသလို ဖြစ်သွားပုံပဲ ၊ဒုက္ခတော့ ရောက်ပြီ ၊ဒီကောင်တွေသာ ဥမင်လိုဏ်ခေါင်းကနေ အပြင်ဘက်ကို ထွက်သွားရင် အကျိုးဆက်က မတွေးရဲစရာပဲ"
ထိုအခိုက် ရှီဟွမ်ဂိုဏ်းမှ တပည့်တစ်ဦးက မထီမဲ့မြင် ပြုံးလိုက်သည်။
"ဟက်.. ဆေးဧကရာဇ် ၊ဒါက ပိုးကောင်လေးတွေပါပဲ ၊ချီကျင့်ကြံခြင်း အဆင့်တောင် မရှိတဲ့ကောင်တွေ ၊ဘာကြောက်စရာ ရှိလို့လဲ ၊များတော့သာ များနေတာ ၊ခဏနေ ရှင်းပစ်လိုက်ရုံပဲ"
ပြောပြောဆိုဆို ထိုတပည့်က လေထဲသို့ ခုန်တက်လိုက်ပြီး ထျန်းယွမ် ဘုံ ဒုတိယအလွှာ၏ စွမ်းအားကို ထုတ်ဖော်ကာ ထိုပိုးကောင်များ အစုလိုက် ရှိနေသော နေရာသို့ လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။
"မလုပ်နဲ့"
ရှီထျန်း၏ မျက်နှာထား ပြောင်းလဲသွားပြီး အလျင်အမြန် အော်တားလိုက်သော်လည်း နောက်ကျသွားခဲ့ပြီ။
ကြောက်မက်ဖွယ် အားလှိုင်းကြီး ကျဆင်းသွားသည်နှင့် ကျယ်ပြန့်သော ရင်ပြင်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ပြိုကျသွားကာ ထောင်ပေါင်းများစွာသော မျိုချ ပိုးကောင်များမှာ ပြာမှုန့်အဖြစ် ကြေမွသွားသည်။
သို့သော် ထိုတပည့် ထိတ်လန့်သွားသည်မှာ ထိုနေရာလပ်ကို နောက်ဘက်မှ ပိုးကောင်များက ချက်ချင်း ဝင်ရောက် အစားထိုးလိုက်ခြင်း ဖြစ်သည်။
မျိုချ ပိုးကောင်များမှာ လုံးဝ ဆုတ်ခွာသွားခြင်း မရှိသည့်အပြင် ထိုတပည့်၏ တိုက်ခိုက်မှုကြောင့် ဒေါသူပုန်ထသွားဟန်ဖြင့် ၎င်းတို့၏ ကြီးမားသော ပါးစပ်များကို ဖွင့်ကာ ရူးသွပ်စွာ တိုက်ခိုက်လာကြတော့သည်။
မျိုချ ပိုးကောင်များ၏ အရှိန်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းတို့သည် တစ်ကောင်ပေါ်တစ်ကောင် တက်လျက် လေဟာနယ်ထဲသို့ မြွေနဂါးကြီးများသဖွယ် တိုးဝင်လာပြီး ထိုတပည့်၏ ထွက်ပြေးရာ လမ်းကြောင်းကို ပိတ်ဆို့လိုက်ကြသည်။
ဤမြင်ကွင်းကို မြင်သောအခါ ရှီဟွမ်ဂိုဏ်း တပည့်မှာ ကြောက်လွန်း၍ သွေးပျက်မတတ် ဖြစ်သွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ဂိုဏ်းချုပ်လေး ၊ ကယ်.."
ထိုတပည့် စကားပင် မဆုံးလိုက် မျိုချ ပိုးကောင်များဖြင့် ဖွဲ့စည်းထားသော မြွေနဂါးကြီး ရာပေါင်းများစွာက သူ့ကို ဝိုင်းဝန်း မျိုချလိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလူမှာ အရိုးမှုန့် တစ်စတောင် မကျန်၊ လုံးဝ ပျောက်ကွယ်သွားတော့၏။
မျိုချ ပိုးကောင် အမြောက်အမြားက ဖုန်းဝူချန်တို့ အုပ်စုကိုလည်း စတင် တိုက်ခိုက်လာကြသည်။
"ရှောင်ရှောင် ၊သူတို့ကို ခေါ်ပြီး အရင်သွား"
ဖုန်းဝူချန်က အရေးတကြီး အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ် အရေပြားထက်တွင် အစိမ်းရောင် မီးတောက်များ လောင်ကျွမ်းလာသည်။ ကျန်းကျွင့်လန်မှာလည်း ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်ကို မီးတောက်များဖြင့် ရစ်သိုင်းစေလိုက်သည်။
အနားသို့ ကပ်လာသော မည်သည့် မျိုချ ပိုးကောင်မဆို ချက်ချင်း ပြာကျသွားသည်။
လင်ရှောင်ရှောင်က အစိမ်းရောင် အဟန့်အတားတစ်ခုကို ဖန်တီးလိုက်ပြီး လျိုချင်းယန်၊ မြောင်ချင်းချင်းနှင့် ပေတိုထျန်းယဲ့တို့ကို ကောင်းကင်သို့ ဆွဲတင်လိုက်သည်။
"သွားမယ်"
ယဲ့ကူချန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ လိန်ချင်းဖုန်းနှင့် အခြားသူများမှာလည်း ဥမင်လိုဏ်ခေါင်းဆီသို့ အလျင်အမြန် ပျံသန်းသွားကြလေသည်။
"အစ်ကိုရှောင် ၊ကယ်ပါဦး"
"ဂိုဏ်းချုပ်လေး ၊မြန်မြန် ဆွဲခေါ်ပါ"
"ကယ်ကြပါ ၊မြန်မြန်"
ထွက်ပြေးရန် နောက်ကျသွားသူများမှာ ထိတ်လန့်တကြား အော်ဟစ်ရင်း မျိုချ ပိုးကောင် အစုအဝေးကြီး၏ မျိုချခြင်းကို ခံလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြသည်။
ဤမျှ ကြီးမားသော အရေအတွက် ရှိနေလျှင် ထျန်းယွမ် ဘုံ ကျင့်ကြံသူများ မဆိုထားနှင့် ကောင်းကင်ဘုံ လူသား ဘုံမှ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများပင်လျှင် မျိုချ ပိုးကောင်များနှင့် တွေ့ပါက ထွက်ပြေးရုံမှတစ်ပါး အခြား နည်းလမ်း မရှိပေ။
မျိုချ ပိုးကောင်များဖြင့် ဖွဲ့စည်းထားသော မြွေနဂါးကြီးများက ဥမင်လိုဏ်ခေါင်းဆီသို့ ကြောက်မက်ဖွယ် အရှိန်ဖြင့် တိုးဝင်လာနေကြသည်။
ဤ မျိုချ ပိုးကောင်များသာ အပြင်ဘက်သို့ ထွက်သွားပါက အကျိုးဆက်များမှာ မည်မျှ ကြောက်မက်ဖွယ်
ကောင်းလိုက်မည်နည်း။
မျိုချ ပိုးကောင် တပ်ဖွဲ့ကြီးဖြင့် ဖွဲ့စည်းထားသော မြွေနဂါးကြီး ရာပေါင်းများစွာမှာ ကောင်းကင်သို့ ထိုးတက်သွားပြီး ကောင်းကင်ကို ထောက်မထားသော တိုင်ကြီးများအလားပင်။ ဤမြင်ကွင်းမှာ အလွန်တရာ ထူးဆန်းကာ
အရွယ်အစား ကြီးမားလှသည်။
လူတစ်ဒါဇင်ခန့်မှာ ကြောက်လွန်း၍ နှလုံးများပင် ရင်ဘတ်ထဲမှ ခုန်ထွက်လာတော့မတတ် ဖြစ်သွားကြပြီး ဤမျှ ကြောက်လန့်စရာ မြင်ကွင်းကို တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။
"ဆရာ ၊အဲ့ဒီကောင်တွေ အပြင်ထွက်သွားလို့ မဖြစ်ဘူး"
ကျန်းကျွင့်လန်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"အကုန်လုံး အရင်သွားကြ"
ဖုန်းဝူချန်က ဟိန်းဟောက်လိုက်ရင်း နဂါးနတ်ဘုရားဓားကို ဆွဲထုတ်ကာ ဝှေ့ယမ်းလိုက်သည်။ ပေပေါင်း ဒါဇင်များစွာ ရှည်လျားသော ရွှေရောင် ဓားအလင်းတန်းကြီးက ထိုမြွေနဂါး ပိုးကောင်ကြီးများကို ဖြတ်ပိုင်းလိုက်လေသည်။
“ဝှစ်။ ဝှစ်။ ဝှစ်”
ဖုန်းဝူချန်က နဂါးနတ်ဘုရားဓားကို ရူးသွပ်မတတ် ဝှေ့ယမ်းလိုက်ပြီး ကြောက်မက်ဖွယ် ဓားအလင်းတန်း ဒါဇင်ပေါင်းများစွာကို ပစ်လွှတ်လိုက်သည်။
သို့သော် အချည်းနှီးသာ ဖြစ်သည်။ မျိုချ ပိုးကောင်များမှာ အလွန်တရာ များပြားလှသည်။ ဖုန်းဝူချန်က သောင်းပေါင်းများစွာကို သုတ်သင်လိုက်လျှင်ပင် ဘာမှ လျော့နည်းသွားခြင်း မရှိသကဲ့သို့ပင်။
"အရမ်း များလွန်းတယ် ၊ငါ့ရဲ့ အစစ်အမှန် ယွမ်စွမ်းအင်တွေ အကုန် ကုန်သွားရင်တောင် ဒီကောင်တွေကို အကုန် သတ်နိုင်မှာ မဟုတ်ဘူး"
ဖုန်းဝူချန်က မျက်မှောင်ကို တင်းတင်း ကြုတ်ထားလိုက်သည်။
အားလုံးကို ဥမင်လိုဏ်ခေါင်းထဲသို့ ပို့ဆောင်ပြီးနောက် ဖုန်းဝူချန်က ကြီးမားသော မီးစိမ်းပင်လယ်ကြီးကို ဖန်တီးကာ ဖိနှိပ်ချလိုက်သည်။ မီးပင်လယ်ကြီးက မျိုချ ပိုးကောင် အမြောက်အမြားကို လောင်မြိုက် ဖျက်ဆီးလိုက်သော်လည်း အချည်းနှီးပင်။
မျိုချ ပိုးကောင်များမှာ သေခြင်းတရားကို လုံးဝ မကြောက်ရွံ့ကြပေ။
မည်မျှ သေဆုံးသွားပါစေ၊ နေရာတိုင်းမှ မရေမတွက်နိုင်သော ပိုးကောင်များက ထပ်မံ၍ တိုးဝင်လာကြသည်။ သူတို့ မထိုးဖောက်နိုင်သော နေရာ မရှိသလို မည်သည့်အရာကမှ သူတို့ကို မတားဆီးနိုင်ပေ။
"နဂါးဟိန်းသံ"
ဖုန်းဝူချန်က ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်ရာ ကမ္ဘာမြေကြီးကို တုန်ခါသွားစေလောက်သော နဂါးဟိန်းသံကြီး ပေါ်ထွက်လာသည်။
ထိုခန့်ညားထည်ဝါသော နဂါးဟိန်းသံ ဟိန်းညံသွားသည်နှင့် ကောင်းကင်ထက်မှ မြွေနဂါး ပိုးကောင်ကြီး ရာပေါင်းများစွာမှာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားပြီး ပြည့်သိပ် နေသော မျိုချ ပိုးကောင်များမှာ အောက်သို့ ပြန်လည် ကြွေကျသွားကြတော့သည်။