မျိုချ ပိုးကောင်တို့၏ ဘုရင်
Vol. 23 Ch. 340
~မရေမတွက်နိုင်သော မျိုချ ပိုးကောင်များမှာ ခန့်ညားထည်ဝါလှသော နဂါးဟိန်းသံကြောင့် ခြောက်လှန့်ခံလိုက်ရပြီး မြေပြင်ပေါ်တွင် လူးလွန့် လည်ပတ်နေကြတော့သည်။
ဖုန်းဝူချန်မှာ သက်ပြင်းတစ်ချက် ချလိုက်မိပြီး ယာယီအားဖြင့် အန္တရာယ်မှ လွတ်မြောက်သွားခဲ့၏။
ယဲ့ကူချန်မှာ အကြီးအကျယ် ထိတ်လန့်သွားသည်။ သူ၏ အကြည့်များက ဥမင်လိုဏ်ခေါင်းထဲသို့ မဝင်သေးသော ဖုန်းဝူချန်ထံသို့ စူးစိုက် ရောက်ရှိသွားပြီး သူ၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လာသည်။
‘ဒါ... ဘယ်လို သိုင်းပညာလဲ... ဝိညာဉ်ကိုတောင် ဖမ်းစားနိုင်လောက်တဲ့ စွမ်းအား ရှိနေတယ်’
ထို ကြောက်မက်ဖွယ် နဂါးဟိန်းသံကြောင့် ယဲ့ကူချန်၏ နားစည်များပင် နာကျင် ကိုက်ခဲသွားရပြီး အခြားသူများမှာလည်း ထိုနည်းတူပင် ဖြစ်သည်။
ကံကောင်းထောက်မစွာပင် သူတို့အားလုံး ဥမင်လိုဏ်ခေါင်းထဲသို့ ဝင်ရောက်ပြီး ဖြစ်နေသောကြောင့်သာ... မဟုတ်ပါက မြေအောက် နန်းတော်ထဲတွင် သေချာပေါက် သေဆုံးသွားကြမည် ဖြစ်သည်။
အထီးကျန် နယ်မြေ…၊ဂူပေါက်ဝ ပတ်လည်၌ ရှိနေသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများမှာလည်း ထို ခန့်ညားလှသော နဂါးဟိန်းသံကို ကြားလိုက်ရသောအခါ ကြောက်လန့်တကြား ခုန်ပေါက် ထွက်ပြေးကုန်ကြသည်။
ကြောက်မက်ဖွယ် နဂါးဟိန်းသံက ဂူပေါက်ဝမှတစ်ဆင့် အသံချဲ့စက်တစ်ခုပမာ ပျံ့နှံ့ထွက်ပေါ်လာရာ ကျင့်ကြံသူ အများအပြားမှာ ဝိညာဉ်များ လွင့်ထွက်မတတ် ဖြစ်သွားကြပြီး ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူများမှာ မြေပြင်ပေါ်သို့ ပုံကျသွားကြလေသည်။
"ဒါ... ဖုန်းဝူချန်ရဲ့ အသံလှိုင်း သိုင်းပညာပဲ"
"သူတို့ အန္တရာယ်နဲ့ တွေ့နေတာလား"
"ငါ မခံနိုင်တော့ဘူး... အား"
ကျင့်ကြံသူ အများအပြားမှာ နာကျင်မှုနှင့် ကြောက်လန့်မှုများကြောင့် မျက်နှာများ ရှုံ့မဲ့နေကြသည်။ သူတို့သည် ဤ နဂါးဟိန်းသံနှင့် မစိမ်းကြပေ။ ဖုန်းဝူချန်က ပေတိုယန်ကို အနိုင်ယူစဉ်က ဤပညာရပ်ကို အသုံးပြုခဲ့ဖူးသည်။
ထို နဂါးဟိန်းသံက သူရဲကောင်း အားလုံးကို ခြောက်လှန့်နိုင်ခဲ့၏။
မြေအောက် နန်းတော်ထဲတွင် မျိုချ ပိုးကောင် အစုအဝေးကြီးမှာ လမ်းပျောက်သွားကြပြီး ၎င်းတို့၏ စိတ်များမှာ ကစဉ့်ကလျား ဖြစ်သွားကြသည်။
"ဒီ မျိုချ ပိုးကောင်တွေက... နဂါးမျိုးနွယ်ရဲ့ သွေးမျိုးဆက်ကိုတောင် မကြောက်ဘူး... ဟုတ်လား"
ဖုန်းဝူချန်မှာ မယုံနိုင်အောင် ဖြစ်သွားသည်။ နဂါးမျိုးနွယ်မှာ သားရဲအားလုံး၏ ဘုရင် မဟုတ်ပါလား။
မရေမတွက်နိုင်သော ကြောက်မက်ဖွယ် သားရဲကြီးများမှာ မည်မျှပင် အစွမ်းထက်စေကာမူ နဂါးမျိုးနွယ်၏ ရှေ့မှောက်တွင် နူးညံ့စွာ ဦးညွှတ်ကြရပြီး အနည်းငယ်မျှပင် ပြန်လည် ခုခံရန် သတ္တိမရှိကြပေ။
သို့သော် မျိုချ ပိုးကောင်များမှာ ကြမ်းကြုတ် သားရဲများ မဟုတ်ဘဲ မျိုးဗီဇပြောင်း ပိုးကောင်များ ဖြစ်ကြသည်။ သူတို့တွင် ကြမ်းကြုတ် သားရဲများ၏ သွေးမျိုးဆက် မရှိပေ။
"အစ်ကိုကြီးဖုန်း ၊မြန်မြန် .."
ဥမင်လိုဏ်ခေါင်းထဲမှ လင်ရှောင်ရှောင်၏ အော်ခေါ်သံ ထွက်ပေါ်လာသည်။
လင်ရှောင်ရှောင်၏ စကားပင် မဆုံးသေး ၊နန်းတော်ထဲမှ မျိုချ ပိုးကောင် အစုအဝေးကြီးမှာ ချက်ချင်း သတိပြန်လည်လာပြီး နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လာကြပြန်သည်။
ဤတစ်ကြိမ် မျိုချ ပိုးကောင်များ၏ တိုက်ခိုက်မှုမှာ ယခင်ကနှင့် လုံးဝ မတူတော့ပေ။ ၎င်းတို့သည် ကြီးမားသော မြွေကြီးများအဖြစ် မဖွဲ့စည်းကြတော့ဘဲ အလွန်တရာ ကြီးမားလှသော သားရဲကြီး တစ်ကောင်အဖြစ် စုစည်းသွားကြသည်။
မျိုချ ပိုးကောင် တစ်ကောင်တည်းက ခြိမ်းခြောက်မှု မရှိသော်လည်း ကုဋေ ရာပေါင်းများစွာသော မျိုချ ပိုးကောင်များ စုစည်းမိသောအခါ အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းလှ၏။
ဖုန်းဝူချန်၏ မျက်နှာထား အနည်းငယ် ပျက်ယွင်းသွားပြီး ဥမင်လိုဏ်ခေါင်း အဝင်ဝဆီသို့ အလျင်အမြန် ပြေးတက်သွားသည်။ ထိုစဉ် ယဲ့ကူချန်နှင့် ကောင်းကင်ဘုံ နယ်မြေမှ ပါရမီရှင် အချို့က သူ့ကို ကြောက်ရွံ့မှု အပြည့်ပါသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြသည်။
"အပြင်ထွက်ကြ"
ဟု ဖုန်းဝူချန်က အော်ဟစ်လိုက်၏။
ဥမင်လိုဏ်ခေါင်းထဲသို့ ဝင်ရောက်ပြီးနောက် အောက်သို့ ငုံ့ကြည့်လိုက်ရာ အလွန် ကြီးမားသော သားရဲကြီး တစ်ကောင်က ၎င်း၏ ကြောက်မက်ဖွယ် ပါးစပ်ကြီးကို ဖြဲကားလျက် ဥမင်လိုဏ်ခေါင်း အဝင်ဝကို ကိုက်ဖြတ်ရန် ကြိုးစားနေသည်ကို တွေ့လိုက်ရ လေသည်။
ထို့အပြင် တွေ့လိုက်ရသည်က.. အခြား ပိုးကောင်များထက် ပိုမို ကြီးမားသော မျိုချ ပိုးကောင် တစ်ကောင်…။ ၎င်း၏ အရှိန်အဝါမှာ ပိုမို အားကောင်းပြီး ခန္ဓာကိုယ်မှာလည်း အဆပေါင်းများစွာ ပိုကြီးမားလေသည်။
"မျိုချ ပိုးကောင် ဘုရင်လား"
ဖုန်းဝူချန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
သို့သော်ငြား၊ ဆက်လက် စဉ်းစားရန် အချိန်မရှိတော့ပေ။ ဖုန်းဝူချန်နှင့် အခြားသူများမှာ ဥမင်လိုဏ်ခေါင်းထဲမှ အသားကုန် ပြေးထွက်လာခဲ့ကြသည်။
“ဝုန်း…”
ဧရာမ သားရဲကြီးက ဥမင်လိုဏ်ခေါင်း အဝင်ဝကို ကိုက်ဖြတ်လိုက်ရာ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး နေရာတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားကာ ဧရာမ ကျောက်တုံးကြီးများ တဝေါဝေါ ပြိုကျလာသည်။
တိုက်ခိုက်မှု မအောင်မြင်ပြီးနောက် မျိုချ ပိုးကောင်များဖြင့် ဖွဲ့စည်းထားသော သားရဲကြီးမှာ ဒုတိယအကြိမ် ထပ်မံ မတိုက်ခိုက်တော့ဘဲ နန်းတော်ကြီး ပြိုကျသွားမည်ကို စိုးရိမ်နေဟန်တူသည်။
မျိုချ ပိုးကောင် အမြောက်အမြားမှာ ဥမင်လိုဏ်ခေါင်း အဝင်ဝထဲသို့ တိုးဝင်လာကြ၏။ မီတာပေါင်းများစွာ ကျယ်ဝန်းသော အဝင်ဝမှာ မျိုချ ပိုးကောင်များဖြင့် ပြည့်နှက်သွားပြီး ဖုန်းဝူချန်တို့ အုပ်စုကို ရူးသွပ်မတတ် လိုက်လံ တိုက်ခိုက်ကြတော့သည်။
ဤ မျိုချ ပိုးကောင်များသာ အထီးကျန် နယ်မြေထဲသို့ ဝင်ရောက်သွားပါက ကပ်ဘေးကြီးတစ်ခုသဖွယ် ဖြစ်သွားပေလိမ့်မည်။
"ပြေးကြတော့ ၊အားလုံး မြန်မြန် ထွက်ပြေးကြ"
ဂူထဲမှ ထွက်လာသည်နှင့် ကျန်းကျွင့်လန်က လူအုပ်ကြီးကို ရုတ်တရက် အော်ဟစ်လိုက်၏။ သူ၏ မျက်နှာမှာလည်း ကြောက်လန့်မှုကြောင့် ဖြူဖျော့နေ၏။
"ပြေးကြ ၊မြန်မြန် ထွက်ပြေးကြတော့"
လျိုချင်းယန်ကလည်း သူ့နောက်မှ အော်ဟစ်လိုက်သည်။
ဂူအပြင်ဘက်မှ လူများမှာ ထိတ်လန့်သွားကြပြီး ဘာဖြစ်မှန်း မသိသော်လည်း ချက်ချင်းပင် အသက်လု၍ ထွက်ပြေးကြတော့သည်။
စောစောက နဂါးဟိန်းသံနှင့် ပြင်းထန်သော တုန်ခါမှုများကို ကြည့်ခြင်းအားဖြင့် အန္တရာယ်တစ်ခုခု ဖြစ်ပွားခဲ့မှန်း ထင်ရှားလှသည်။
"ဘာ ..ဘာဖြစ်တာလဲ ၊သခင်လေး ကျန်းတောင် ဒီလောက် ထိတ်လန့်နေတာ"
"သူတို့ ရတနာ တစ်ခုခု တွေ့သွားလို့ ငါတို့ကို တမင် ခြောက်လှန့်နေ
တာများလား"
"အာ…ငါတို့ မြန်မြန် ထွက်သွားတာပဲ ကောင်းပါတယ် ၊တစ်ခုခု မှားနေတယ်ဟ"
သတ္တိနည်းသူများမှာ ထွက်ပြေးသွားကြသော်လည်း သတ္တိပိုရှိသူများမှာမူ ကျန်ရစ်ခဲ့ကြပြီး အန္တရာယ် တစ်စုံတစ်ရာ ရှိသည်ကို မယုံကြည်ကြသေးပေ။
ဖုန်းဝူချန်က ဥမင်လိုဏ်ခေါင်းထဲမှ နောက်ဆုံးမှ ထွက်လာခဲ့ပြီး သူ၏ မျက်နှာထားမှာ လေးနက်နေသည်။ သူက မျိုချ ပိုးကောင်များကို တွန်းလှန်ရန် အစိမ်းရောင် မီးတောက်များကို အလျင်အမြန် အသက်သွင်းလိုက်ပြီး ဂူပေါက်ဝကို ပိတ်ဆို့ထားလိုက်သည်။
မျိုချ ပိုးကောင် အမြောက်အမြား တိုးဝင်လာကြသော်လည်း အစိမ်းရောင် မီးတောက်များနှင့် တွေ့ထိသည်နှင့် ချက်ချင်း ပြာကျသွားကြ၏။
မျိုချ ပိုးကောင်များမှာ နဂါးမျိုးနွယ်၏ ကြီးစိုးသော မီးတောက်များ ရှေ့မှောက်တွင် လုံးဝ အကူအညီမဲ့နေကြသည်။
ထို့ကြောင့် ဖုန်းဝူချန်မှာ အနည်းငယ် စိတ်သက်သာရာ ရသွား၏။ အနည်းဆုံးတော့ မျိုချ ပိုးကောင်များ အထီးကျန် နယ်မြေထဲသို့ ဝင်ရောက်မလာနိုင်အောင် တားဆီးထားနိုင်ခဲ့ပြီ ဖြစ်သည်။
မျိုချ ပိုးကောင်များကို တွန်းလှန်ပြီးနောက် သူ၏ အစီအစဉ်မှာ ဂူပေါက်ဝကို ပိတ်ဆို့ရန် နည်းလမ်းတစ်ခု ရှာဖွေရန် ဖြစ်၏။ မျိုချ ပိုးကောင်များကို မနှောင့်ယှက်သရွေ့ မည်သည့် ပြဿနာမှ ရှိမည် မဟုတ်ပေ။
သို့သော် ဖုန်းဝူချန် စိတ်သက်သာရာ ရသွားသည့် ထိုအခိုက်မှာပင် သူ၏ မျက်နှာထားမှာ ရုတ်တရက် သွေးဆုတ် ဖြူဖျော့သွားသည်။
"ဒီအကောင်တွေ.. စွမ်းအားတွေ စုစည်းနေတယ်"
ဖုန်းဝူချန်က တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
"စွမ်းအားတွေ စုစည်းနေတယ်.. ဟုတ်လား"
ကျန်းကျွင့်လန်နှင့် ပေတိုထျန်းယဲ့တို့မှာလည်း ထိတ်လန့်သွားကြပြီး ချွေးစေးများ ပျံလာသည်။
ကုဋေပေါင်းများစွာသော မျိုချ ပိုးကောင်များ စွမ်းအား စုစည်းလိုက်လျှင် မည်မျှ အင်အား ပြင်းလိုက်မည်နည်း။
ခဏအကြာတွင် လူတိုင်းမှာ ဂူထဲမှ စိမ့်ထွက်လာသော အားကောင်းသည့် စွမ်းအားတစ်ခုကို ခံစားမိလိုက်ကြ၏။ ၎င်း၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် တိုးတက်
လာနေလေသည်။
"ရှောင်ရှောင် ၊မင်းတို့အားလုံး မြန်မြန် သွားကြတော့.."
ဖုန်းဝူချန်က အရေးတကြီး အော်ဟစ်လိုက်၏။ ပြောပြောဆိုဆိုပင်၊ သူ၏ သွေးမျိုးဆက် စွမ်းအားနှင့် အထွတ်အထိပ် ခန္ဓာ ဒုတိယအဆင့်၏ စွမ်းအားကို တစ်ပြိုင်နက် အသက်သွင်းကာ ချီလင် ချပ်ဝတ်နှင့် နဂါးနတ်ဘုရားဓားကိုလည်း ဆင့်ခေါ်လိုက်သည်။
ဖုန်းဝူချန်၏ အရှိန်အဝါမှာ တတိယအလွှာမှ ဆဋ္ဌမအလွှာ အထွတ်အထိပ်သို့ ချက်ချင်း ခုန်တက်သွားတော့သည်။
"အစ်ကိုကြီးဖုန်း ၊သတိထား"
လင်ရှောင်ရှောင်၏ မျက်နှာမှာ စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။
"မြန်မြန် ပြေးကြ"
ကျန်ရစ်ခဲ့သော ကျင့်ကြံသူများမှာလည်း သူတို့၏ ရင်ထဲမှ ထိတ်လန့်မှုကို မထိန်းချုပ်နိုင်တော့ဘဲ အသက်လု၍ ထွက်ပြေးကြတော့သည်။
ဂူထဲမှ ထွက်ပေါ်လာသော စွမ်းအားမှာ တဖြည်းဖြည်း ပိုမို တုန်လှုပ်ဖွယ် ကောင်းလာသည်။ မြေပြင်မှာ
သိမ့်ခါလာပြီး ဖုန်းဝူချန်၏ ခြေထောက်အောက်တွင် အက်ကွဲကြောင်းကြီးများ ဟလာသည်။
၎င်းစွမ်းအားများက ရိုင်းစိုင်းစွာ တိုက်ခတ်လာပြီး ဖုန်းဝူချန်၏ အစိမ်းရောင် မီးတောက်များကို ချက်ချင်းပင် ကြေမွသွားစေသည်။
"ဒီစွမ်းအားက တော်တော် ကြောက်စရာကောင်းတာပဲ"
ဖုန်းဝူချန်၏ မျက်နှာထားမှာ နောက်တစ်ကြိမ် သုန်မှုန်သွားရပြီး တဆက်တည်း၌၊ သူ၏ စွမ်းအား အားလုံးကို နဂါးနတ်ဘုရားဓားထဲသို့ ထည့်သွင်းလိုက်ပြီး ထက်ရှသော ဓားအလင်းတန်းဖြင့် ထိပ်တိုက် ခံဆောင်လိုက်၏။
မျိုချ ပိုးကောင်များ၏ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိသောအခါ ကျန်းကျွင့်လန်မှာ ပို၍ ထိတ်လန့်သွားပြီး အော်ဟစ်လိုက်သည်။
"ဆရာ ၊သတိထားပါ.."
"အစ်ကိုကြီးဖုန်း"
လင်ရှောင်ရှောင်က အလျင်အမြန် ပျံသန်းလာပြီး အစိမ်းရောင် အဟန့်အတားတစ်ခုကို ဖန်တီးလိုက်သည်။
ဤ ကြောက်မက်ဖွယ် စွမ်းအားမှာ ဖုန်းဝူချန်၏ စွမ်းရည်ထက် များစွာ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
“အုန်း”
ကြောက်မက်ဖွယ် စွမ်းအားနှစ်ခု ထိပ်တိုက် တွေ့ဆုံသွားကြသည်။ မျိုချ ပိုးကောင်များ၏ စွမ်းအားမှာ ပိုမို ကြောက်မက်ဖွယ် ကောင်းလာပြီး ဓားအလင်းတန်းမှာ ခုခံနိုင်စွမ်း မရှိတော့ပေ။ ပြင်းထန်သော ပေါက်ကွဲသံကြီးနှင့်အတူ မျိုချ ပိုးကောင်များ၏ စွမ်းအားက ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ကို အနောက်သို့ ပစ်လွင့်သွားစေသည်။
ဂူပေါက်ဝမှာ ချက်ချင်းပင် မြေပြင်နှင့် တစ်သားတည်း ပိပြားသွားပြီး ပြင်းထန်သည့် အားလှိုင်းကြီးများက နေရာအနှံ့သို့ တိုက်ခတ်သွားသည်။ ၎င်း ဖြတ်သန်းသွားရာ နေရာတိုင်းမှ မြေပြင်များမှာ အလွှာလိုက် ပြိုကျသွားပြီး ပတ်ဝန်းကျင်မှ မြင့်မားသော တောင်တန်းကြီးများမှာ အက်ကွဲသွားရလေသည်။
ဤ စွမ်းအားမှာ လူတိုင်း၏ စိတ်ကူးထက် ကျော်လွန်နေခဲ့သည်။
ကံကောင်းထောက်မစွာပင် လင်ရှောင်ရှောင် အချိန်မီ ရောက်ရှိလာပြီး အဟန့်အတား၏ အကာအကွယ်ကြောင့် သူတို့နှစ်ဦး ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြပေ။ မဟုတ်ပါက ဖုန်းဝူချန် တစ်ယောက်တည်း၏ စွမ်းအားနှင့်သာဆိုလျှင် ပြင်းထန်စွာ ဒဏ်ရာရရှိခြင်း သို့မဟုတ် သေဆုံးသွားနိုင်ဖွယ် ရှိသည်။
ဤ ဖျက်ဆီးစွမ်းအားကို မြင်တွေ့လိုက်ရသောအခါ လိန်ချင်းဖုန်းနှင့် သူ၏ အဖွဲ့သားများမှာ ကြောက်လန့်တကြား ပင့်သက်ရှိုက်မိကြသည်။
မျိုချ ပိုးကောင်များ၏ ကြောက်မက်ဖွယ် ကောင်းမှုမှာ သူတို့၏ စိတ်ကူးထက် များစွာ ကျော်လွန်နေခဲ့ပေသည်။
အားလုံး စိုးရိမ်နေခဲ့သော မြင်ကွင်းမှာ နောက်ဆုံးတွင် ဖြစ်ပေါ်လာခဲ့လေပြီ။
မျိုချ ပိုးကောင် အမြောက်အမြားမှာ ဥမင်လိုဏ်ခေါင်းထဲမှ ပေါက်ကွဲ ထွက်ပေါ်လာကြသည်။ မည်းမှောင်နေသော အစုအဝေးကြီးမှာ ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် မြေပြင်ပေါ်တွင် ဖြန့်ကျက်နေလေသည်။
"ဒါ.. ဘယ်လို မိကျောင်းတွေလဲ"
အဝေးသို့ ထွက်ပြေးလွတ်မြောက်သွားသော တပည့်ငယ်များမှာ ဥမင်လိုဏ်ခေါင်းထဲမှ ထွက်ပေါ်လာသော မျိုချ ပိုးကောင်များကို ကြည့်ရင်း လုံးဝ ထိတ်လန့်သွားကြသည်။
ဖုန်းဝူချန်ပင်လျှင် သူတို့ကို မတားဆီးနိုင်ခဲ့လျှင် ၎င်းတို့ မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်မည်နည်း။
" ဂိုဏ်းချုပ်လေး ၊ကျွန်တော်တို့ မြန်မြန် ထွက်သွားကြရအောင်ပါ "
ရှီဟွမ်ဂိုဏ်းမှ တပည့်တစ်ဦးက ထိတ်ထိတ်ပျာပျာဖြင့် နှိုးဆော်လိုက်ပြီး အထီးကျန် နယ်မြေမှ ချက်ချင်း ပြန်ပြေးချင်နေတော့သည်။
ရှီထျန်း၏ ဖြူဖျော့နေသော မျက်နှာမှာလည်း ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
နန်းကုန်းလီ၊ ရှောင်ယွင်နှင့် အခြား ပါရမီရှင်များမှာလည်း စကားမပြောနိုင်ကြတော့ဘဲ အထီးကျန် နယ်မြေမှ ထွက်ပြေးရန် ဆန္ဒ ပြင်းပြနေကြသည်။ မျိုချ ပိုးကောင်များ၏ မျိုချခြင်းကို မည်သူမျှ ခံချင်ကြမည် မဟုတ်ပေ။
"မင်းတို့အားလုံး ဘာရပ်လုပ်နေကြတာလဲ ၊သွားကြတော့လေ"
ကျန်းကျွင့်လန်က အဝေးမှ လူအုပ်ကြီးကို လှည့်ကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဤလူများမှာ အသက်ကို တန်ဖိုးမထားကြဘဲ ပွဲကြည့်ရန် အချိန် ရနေကြသေးသည်။ ကျန်းကျွင့်လန်မှာ သူတို့ကြောင့် ဒေါပွသွားသည်။
"ဒီ မျိုချ ပိုးကောင်တွေ စုစည်းလိုက်တဲ့ စွမ်းအားက တကယ် ကြောက်စရာကောင်းတာပဲ"
ဖုန်းဝူချန် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ အထီးကျန် နယ်မြေထဲတွင် ဤမျှ အိပ်မက်ဆိုးသဖွယ် မျိုချ ပိုးကောင်များ ရှိနေလိမ့်မည်ဟု သူကိုယ်တိုင်လည်း မမျှော်လင့်ထားခဲ့ပေ။
"အစ်ကိုကြီးဖုန်း ၊ကျွန်မတို့ သွားကြရအောင်.. ၊ဒီနေရာက အရမ်း အန္တရာယ်များတယ် ၊မျိုချ ပိုးကောင်တွေ စုစည်းလိုက်တဲ့ စွမ်းအားက ကောင်းကင်ဘုံ လူသား အစွမ်းထက် ပုဂ္ဂိုလ်ကြီး တစ်ယောက်နဲ့ ညီမျှနေပြီ ၊ကမ္ဘာမြေကြီးကိုတောင် ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းအား ရှိနေတယ်"
လင်ရှောင်ရှောင်က လေးနက်စွာ ဆိုလိုက်သည်။
"မဖြစ်ဘူး"
ဖုန်းဝူချန်က ခေါင်းခါရင်း ပြောလေ၏။
"အဟန့်အတားကို အစ်ကိုတို့ ဖျက်ဆီးခဲ့တာ ၊မျိုချ ပိုးကောင်တွေ ထွက်ပေါ်လာတာလည်း အစ်ကိုတို့ကြောင့်ပဲ ၊ ဒီအတိုင်း ထွက်သွားလိုက်ရင် လူပေါင်းများစွာကို သတ်ဖြတ်မိတာနဲ့ တူတူပဲ မဟုတ်လား"
"ဒါပေမဲ့ ကျွန်မတို့မှာ မျိုချ ပိုးကောင်တွေကို ရင်ဆိုင်နိုင်လောက်တဲ့ စွမ်းအား မရှိဘူးလေ"
လင်ရှောင်ရှောင်က အကူအညီမဲ့စွာ ပြောလေ၏။
"နည်းလမ်းတော့ ရှိမှာပါ"
ဖုန်းဝူချန်က လေးနက်စွာ အားပေးလိုက်ပြီး သူ၏ မျက်လုံးများက ဥမင်လိုဏ်ခေါင်း အဝင်ဝကို စူးစိုက် ကြည့်နေသည်။
"အိုး..အစ်ကိုဖုန်း ၊မျိုချ ပိုးကောင်တွေက မကောင်းဆိုးဝါး အရှိန်အဝါတွေကို မျိုချနေတယ်"
လျိုချင်းယန်က ရုတ်တရက် အော်ဟစ်လိုက်ပြီး သူ၏ မျက်နှာထားမှာ ပို၍ ထိတ်လန့်သွား၏။
"ဂူပေါက်ဝမှာ မကောင်းဆိုးဝါး အရှိန်အဝါတွေ စုပုံနေပြီး အဆက်မပြတ် စုပ်ယူခံနေရတာက မျိုချ ပိုးကောင်တွေကြောင့်ကိုး"
ဟု လိန်ချင်းဖုန်းက ကောက်ချက်ချလိုက်သည်။
ကျန်းကျွင့်လန်က မျက်မှောင်ကြုတ်ရင်း
"ဒါတွေအားလုံးက အရေးမကြီးတော့ဘူး ၊အရေးကြီးတာက မျိုချ ပိုးကောင်တွေကို ဘယ်လို ရင်ဆိုင်မလဲ ဆိုတာပဲ"
ယဲ့ကူချန်က မင်သက်စွာ ညည်းညူလိုက်၏။
"ဒီအခြေအနေက ငါတို့ ထိန်းချုပ်နိုင်တဲ့ အဆင့်မှာ မရှိတော့ဘူး"
ထွက်ပေါ်လာသော မျိုချ ပိုးကောင် အမြောက်အမြားမှာ ကြီးမားလှသော သားရဲကြီး တစ်ကောင်အဖြစ် နောက်တစ်ကြိမ် ထပ်မံ ဖွဲ့စည်းလိုက်ကြပြန်သည်။ မျိုချ ပိုးကောင်များ စုစည်းထားသော စွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှပြီး သားရဲကြီး၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါမှာ ထျန်းယွမ် ဘုံ ၏ အဆင့်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။
"ကောင်း... ကောင်းကင်ဘုံ လူသား ဘုံ"
အားလုံး၏ မျက်နှာများမှာ ဖြူဖျော့သွားကြသည်။
"သခင်လေး ၊ ကျွန်တော်တို့ မြန်မြန် ထွက်သွားကြရအောင် ၊ မဟုတ်ရင် ကျွန်တော်တို့အားလုံး.. ဒီမှာ သေရလိမ့်မယ်" ရှောင်မိသားစုမှ တစ်စုံတစ်ယောက်က အလွန်အမင်း ကြောက်လန့်တကြား ဆိုလိုက်သည်။
ရှီဟွမ်ဂိုဏ်းမှ တပည့်တစ်ဦးကလည်း "ဂိုဏ်းချုပ်လေး ၊မြန်မြန် ၊ပြေးကြစို့”
ဟု ထိတ်လန့်တကြား တိုက်တွန်းလိုက်ပြီး ရှီထျန်းကို ဆွဲခေါ်ကာ ပျံသန်း ထွက်ခွာသွားလေသည်။
ကြီးမားလှသော သားရဲကြီး၏ အရှိန်အဝါမှာ ရူးသွပ်လောက်သော အရှိန်အဟုန်ဖြင့် ဆက်လက် မြင့်တက်လာပြီး မကြာမီမှာပင် ကောင်းကင်ဘုံ လူသား ဘုံ ဒုတိယအလွှာသို့ ရောက်ရှိသွားသည်။ ဤ မြင့်တက်နှုန်းနှင့်သာဆိုလျှင် နတ်ဘုရားအဆင့်သို့ အမှန်တကယ် ရောက်ရှိသွားနိုင်ပေသည်။
ထိုအခိုက် ဥမင်လိုဏ်ခေါင်း အဝင်ဝကို စူးစိုက်ကြည့်နေသော ဖုန်းဝူချန်က အခြား ပိုးကောင်များထက် အဆပေါင်းများစွာ ပိုကြီးသော မျိုချ ပိုးကောင် တစ်ကောင်ကို တွေ့မြင်လိုက်ရသည်။
"အကြီးကြီးပဲ"
ပေတိုထျန်းယဲ့မှာ တစ်ကိုယ်လုံး တုန်ရီလာပြီး သူ၏ မျက်လုံးများမှာ မျက်လုံးပေါက်ထဲမှ ပြူးထွက်လာတော့မတတ် ဖြစ်သွားသည်။
"မျိုချ ပိုးကောင် ဘုရင်ပဲ ၊သူ့ကိုသာ ဖမ်းနိုင်ရင် မျိုချ ပိုးကောင်တွေကို တွန်းလှန်နိုင်မှာ သေချာတယ်"
ဖုန်းဝူချန်က မျက်မှောင်ကြုတ်ရင်း မျိုချ ပိုးကောင် ဘုရင်ကို အသေအချာ အကဲခတ်နေသည်။
ဖုန်းဝူချန်၏ အေးစက်သော အကြည့်ကို ခံစားမိဟန်ဖြင့် မျိုချ ပိုးကောင် ဘုရင်က ၎င်း၏ ပါးစပ်ကို ဖြဲကားလျက် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ကြီးမားလှသော သားရဲကြီးထဲသို့ ချက်ချင်း တိုးဝင်သွားသည်။
ပိုးကောင် ဘုရင်၏ အပြည့်အဝ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားသော ကြီးမားလှသည့် သားရဲကြီးက ၎င်း၏ ကြီးမားသော လက်သည်းကြီးဖြင့် ဖုန်းဝူချန်ကို ရက်စက်စွာ ကုတ်ခြစ်လိုက်သည်။
"ရှောင်ကြ"
ဖုန်းဝူချန်က အော်ဟစ်လိုက်ရာ အားလုံးမှာ ကြောက်လန့်တကြားဖြင့် အလျင်အမြန် ဘေးသို့ ရှောင်တိမ်းလိုက်ကြသည်။
ထို လက်သည်းကြီး ကုတ်ချလိုက်သည်နှင့် ပြင်းထန်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီး ၎င်း စွမ်းအားက မြေပြင်ပေါ်တွင် ပေပေါင်း ဒါဇင်များစွာ ကျယ်ဝန်းသော တွင်းနက်ကြီးတစ်ခုကို ဖြစ်တည်ပြီးနောက် ဆက်လက်၍ အက်ကွဲ ပျက်စီးသွားလေသည်။
မည်သူမဆို ဤရိုက်ချက်ကိုသာ ခံလိုက်ရပါက ချက်ချင်း သေဆုံးသွားမည်မှာ သေချာလှသည်။
ဖုန်းဝူချန်နှင့် အခြားသူများမှာ သီသီလေး ရှောင်တိမ်း လွတ်မြောက်သွားကြသော်လည်း ထိုတိုက်ခိုက်မှု၏ စွမ်းအားနှင့် ၎င်းမှ ဖြစ်ပေါ်လာသော လေပြင်းများက သူတို့ကို လွင့်စင်သွားစေသည်။
မျိုချ ပိုးကောင်များဖြင့် ဖွဲ့စည်းထားသော ကြီးမားလှသည့် သားရဲကြီးမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။