← Chapters

မျိုချ ဝိညာဉ် ပုလဲလုံး

Vol. 23 Ch. 341

မျိုချ ဝိညာဉ် ပုလဲလုံး

Vol. 23 Ch. 341

~ဤမျှ လန့်စရာ သတ္တဝါကြီး၏ ရှေ့မှောက်တွင် ဖုန်းဝူချန်တို့ အုပ်စုမှာ အားမတန်သလို ခံစားလိုက်ကြရသည်။

"ဆရာ ၊ကျွန်တော်တို့ စွမ်းအားနဲ့ ၊ဒီမိကျောင်းကြီးကို ဘယ်လိုမှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး"

ကျန်းကျွင့်လန်က လေးနက်စွာ ဆိုလိုက်သည်။ သူသည် မျိုချ ပိုးကောင်များအကြောင်း ကြားဖူးနားဝမျှသာ ရှိခဲ့ပြီး ယနေ့မှသာ ပထမဆုံးအကြိမ် ကိုယ်တိုင် မြင်တွေ့ဖူးခြင်း ဖြစ်ရာ စိတ်တည်ငြိမ်အောင် မနည်း ကြိုးစားနေရသည်။

ပေတိုထျန်းယဲ့က မျက်မှောင်ကြုတ်လျက်

"မျိုချ ပိုးကောင် ဘုရင်က အဲ့ဒီ သားရဲကြီးထဲမှာ ပုန်းနေတာ ၊ကျွန်တော်တို့ ဘာမှ လုပ်လို့ မရဘူး"

ထိုမိကျောင်းကြီးမှာ ကောင်းကင်ဘုံ လူသား ဘုံ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ၎င်း၏ စွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။

"ဟိန်း"

ထိုမိကျောင်းကြီးက ကောင်းကင်သို့ မော့၍ ဟိန်းဟောက်လိုက်ရာ နားကွဲမတတ် ကျယ်လောင်လှသဖြင့် အားလုံးမှာ သူတို့၏ နားများကို အလျင်အမြန် ပိတ်ထားလိုက်ရပြီး မျက်နှာများမှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားကြသည်။

ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြီးမှာ အထီးကျန် နယ်မြေတစ်ခုလုံး ပဲ့တင်ထပ်သွားပြီး မျိုချ ပိုးကောင်များက ဤ နယ်မြေသည် သူတို့၏ ပိုင်နက် ဖြစ်ကြောင်း ကြေညာလိုက်သကဲ့သို့ပင်။

"ရှောင်ရှောင် ၊ ငါ့ကို ခေါ်သွားပါ"

ဖုန်းဝူချန်က ရုတ်တရက် ပြောလိုက်သည်။ သူက လင်ရှောင်ရှောင်၏ အဟန့်အတားကို အသုံးပြု၍ ထိုသားရဲကြီးထံ ချဉ်းကပ်ရန် ကြံစည်လိုက်ခြင်းပင် ဖြစ်ပါ၏။

"ဆရာ ၊အန္တရာယ်များတယ် ၊မလုပ်ပါနဲ့"

ကျန်းကျွင့်လန်က ထိတ်လန့်တကြား တားလိုက်သည်။

သို့သော် လင်ရှောင်ရှောင်မှာ အစိမ်းရောင် အဟန့်အတားအား ဖန်တီးပြီး ဖုန်းဝူချန်နှင့်အတူ ထိုသားရဲကြီးထံသို့ တိုးဝင်သွားခဲ့ပြီ ဖြစ်လေ၏။

အန္တရာယ် ချဉ်းကပ်လာသည်ကို ခံစားမိသောအခါ ထိုသားရဲကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ၎င်း၏ ကြီးမားသော လက်သည်းကြီးဖြင့် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ထံသို့ ကုတ်ခြစ်လိုက်သည်။ ထိုတိုက်ခိုက်မှုမှာ အလွန် ရက်စက်ပြီး အားကောင်းလှရာ ထိမှန်သွားပါက သူတို့နှစ်ဦးစလုံး အသားမှုန့် ဖြစ်သွားမည်မှာ သေချာလှသည်။

"ဟွန့်"

လင်ရှောင်ရှောင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လုံးဝ ကြောက်ရွံ့ခြင်း မရှိပေ။

"ဘုန်း"

ရက်စက်သော လက်သည်းကြီးမှာ အစိမ်းရောင် အဟန့်အတားကို ထိမှန်သွားပြီး ဆူညံသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့မှာ အသားမှုန့် ဖြစ်မသွားသည့်အပြင် ထိုသားရဲကြီး၏ လက်သည်းမှာ ချက်ချင်းပင် မရေမတွက်နိုင်သော မျိုချ ပိုးကောင်များအဖြစ် ပြန်လည် ကြေမွသွားပြီး လွင့်စင်ထွက်သွားသည်။ သူ၏ လက်မောင်းမှာ ပြင်းထန်စွာ ပျက်စီးသွားပြီး ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ ခြေလှမ်းများစွာ နောက်သို့ ဆုတ်သွားရသည်။

ထိုကြီးမားသော ခန္ဓာကိုယ်ကြီးမှာ စတင် ပြိုကွဲလာလေပြီ။

သားရဲကြီး၏ တိုက်ခိုက်မှုက ပိုမို ပြင်းထန်လေလေ အဟန့်အတားမှ ပြန်ကန်ထွက်လာသော စွမ်းအားက ပိုမို အားကောင်းလေလေ ဖြစ်သည်။

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ယဲ့ကူချန်နှင့် အခြားသူများမှာ တုန်လှုပ်လွန်း၍ မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားကြပြီး သူတို့ မြင်တွေ့နေရသည်ကို မယုံနိုင်အောင် ဖြစ်သွားကြသည်။

"ဒါ... ဒါ ဘယ်လို အဟန့်အတားမျိုးလဲ ၊ကောင်းကင်ဘုံ လူသား ဘုံတောင် မဖောက်နိုင်ဘူး ၊သူ... သူက ဘယ်သူလဲ"

ရှောင်ယွင်မှာ အလွန်အမင်း ကြောက်လန့်သွားပြီး ချွေးစေးများ ပျံလာကာ သူ၏ ရင်ထဲမှ ကြောက်ရွံ့မှုကို မည်သို့မျှ မဖိနှိပ်ထားနိုင်တော့ပေ။

လင်ရှောင်ရှောင်၏ နောက်ခံမှာ မည်သူမျှ မခန့်မှန်းနိုင်သော ပုစ္ဆာတစ်ပုဒ်အလားပင်။

"ကောင်းတယ်.. ရှောင်ရှောင်"

ဖုန်းဝူချန်က နဂါးနတ်ဘုရားဓားကို ကိုင်ဆောင်ကာ သူ၏ တောင်ပံများကို ခတ်လျက် လျှပ်စီးကဲ့သို့ ပစ်ထွက်သွားသည်။ သူ၏ စူးရှသော အကြည့်များက မျိုချ ပိုးကောင် ဘုရင်ထံသို့ တည့်တည့် ကျရောက်နေ၏။

တုန်လှုပ်ခြောက်ခြားသွားသော သားရဲကြီးမှာ ယခုအခါ ဟန်ချက် မထိန်းနိုင်တော့ဘဲ ဖုန်းဝူချန် သူ့ထံသို့ ပစ်ဝင်လာသည်ကို အကူအညီမဲ့စွာ ကြည့်နေရုံမှတစ်ပါး တိုက်ခိုက်မှု တစ်စုံတစ်ရာ မပြုလုပ်နိုင်တော့ပေ။

မျိုချ ပိုးကောင် ဘုရင်မှာ ထိတ်လန့်သွားပြီး ဖုန်းဝူချန်ကို ဟိန်းဟောက်လိုက်သည်။

"ဝှစ်"

မျက်စိတစ်မှိတ်အတွင်း ဖုန်းဝူချန် ရောက်ရှိလာပြီး နဂါးနတ်ဘုရားဓားဖြင့် သားရဲကြီး၏ ခန္ဓာကိုယ်ကို ထိုးဖောက် ဝင်ရောက်သွား၏။ ပြိုကွဲနေသော မျိုချ ပိုးကောင်များမှာ ဖုန်းဝူချန်ကို တားဆီးရန် စွမ်းအား မရှိကြတော့ပေ။

လျှပ်တပြက် လှုပ်ရှားမှု အနည်းငယ် ပြုလုပ်ပြီးနောက် ဖုန်းဝူချန်သည် မျိုချ ပိုးကောင် ဘုရင်၏ ရှေ့မှောက်သို့ ရိပ်ခနဲ ရောက်ရှိလာပြီး တပြိုင်နက်တည်း၌၊ နဂါးနတ်ဘုရားဓားကို ၎င်း၏ လည်ပင်းတွင် တေ့ထားလိုက်သည်။

မျိုချ ပိုးကောင် ဘုရင်၏ ခန္ဓာကိုယ်မှာ ဖုန်းဝူချန်ထက် နှစ်ဆကျော် ကြီးမားသော်လည်း ယခုအခါတွင်မူ မလှုပ်မယှက် ငြိမ်သက်နေတော့သည်။

မိကျောင်းကြီးအဖြစ် ဖွဲ့စည်းထားသော မျိုချ ပိုးကောင်များမှာ မိုးမည်းကြီး ရွာကျလာသကဲ့သို့ အောက်သို့ ပြုတ်ကျလာကြသည်။

"ကြောက်နေတာလား ၊ငါက မျိုချ ပိုးကောင်တွေ ကြောက်တတ်တယ်လို့ မထင်ထားဘူး"

ဖုန်းဝူချန်က မလှုပ်မယှက် ဖြစ်နေသော မျိုချ ပိုးကောင် ဘုရင်ကို ကြည့်ရင်း အေးစက်စက် ပြုံးလိုက်သည်။

ထိုသို့ မျိုချ ပိုးကောင် ဘုရင်ကို ထိန်းချုပ်လိုက်သည်နှင့် မျိုချ ပိုးကောင်များအားလုံး ရပ်တန့်သွားကြပြီး သေဆုံးသွားသကဲ့သို့ မလှုပ်မယှက် ဖြစ်သွားကြသည်။

"အစ်ကိုဖုန်း ၊မျိုချ ပိုးကောင်တွေ မလှုပ်တော့ဘူး"

လျိုချင်းယန်က တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

"ဟူး"

ကျန်းကျွင့်လန်က အသက်ပြင်းပြင်း တစ်ချက် ရှူထုတ်လိုက်ပြီး ပြောလေ၏။။

"မျိုချ ပိုးကောင် ဘုရင်ကို ထိန်းချုပ်လိုက်နိုင်ပြီဆိုတော့ ၊ဒီအကောင်တွေက ခြိမ်းခြောက်မှု မရှိတော့ဘူး ၊သူတို့ မဆင်မခြင် မလှုပ်ရဲတော့ဘူး"

လိန်ချင်းဖုန်းနှင့် အခြားသူများမှာလည်း သက်ပြင်းချလိုက်ကြပြီး သူတို့၏ အဝတ်အစားများမှာ ချွေးစေးများဖြင့် ရွှဲနစ်နေကြပြီ ဖြစ်သည်။

စောစောက အခြေအနေမှာ အလွန်တရာ အန္တရာယ်များလှပြီး သူတို့ကို မျှော်လင့်ချက်မဲ့လုနီးပါး ဖြစ်သွားစေခဲ့သည်။

"ညီအစ်ကိုဖုန်း ၊မျိုချ ပိုးကောင် ဘုရင်ကို သတ်လိုက်ပါ ၊ဒါဆိုရင် ကျန်တဲ့ကောင်တွေလည်း ဆုတ်ခွာသွားလိမ့်မယ်"

လိန်ချင်းဖုန်းက အလျင်အမြန် ဆိုလိုက်သည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မျိုချ ပိုးကောင် ဘုရင်ကို အသက်ရှင်လျက် ထားခဲ့ပါက လူပေါင်းများစွာကို အန္တရာယ် ပေးပေလိမ့်မည်။

"ဟုတ်တယ် ၊သတ်လိုက်ပါ"

"မျိုချ ပိုးကောင်တွေကို မျိုးဖြုတ်ပစ် ၊လူတွေကို အန္တရာယ်ပေးခွင့် မပြုနိုင်ဘူး"

"မျိုချ ပိုးကောင်တွေ ရှိနေတာက လူသားမျိုးနွယ်အတွက် ခြိမ်းခြောက်မှုပဲ ၊သူတို့ကို အကုန် ရှင်းပစ်ရမှာပါ"

လိန်ချင်းဖုန်း စကားစသည်နှင့် အခြားသူများကပါ ဝင်ရောက် ထောက်ခံကြပြီး ကောင်းကင်ဘုံ နယ်မြေမှ ပါရမီရှင်များကပင် သဘောတူညီနေကြသည်။

လင်ရှောင်ရှောင်က အလျင်အမြန် တိုက်တွန်းလိုက်သည်။

"အစ်ကိုကြီးဖုန်း ၊သူ့ကို မျိုချ ဝိညာဉ် ပုလဲလုံးကို ထုတ်ပေးခိုင်းပါ ၊မျိုချ ပိုးကောင် ဘုရင်ဆီမှာ မျိုချ ဝိညာဉ် ပုလဲလုံး ရှိတယ် ၊အဲ့ဒီ ပုလဲလုံးထဲမှာ ပါဝင်တဲ့ စွမ်းအားက အတိုင်းအဆမဲ့ပဲ"

"မျိုချ ဝိညာဉ် ပုလဲလုံး … "

ကျန်းကျွင့်လန်မှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ် ၊ဆရာ.. ဝိညာဉ် ပုလဲလုံး ရှိတယ် ၊ကျွန်တော် အဘိုး ပြောတာ ကြားဖူးတယ် ၊မျိုချ ပိုးကောင် ဘုရင်ဆီမှာ မျိုချ ဝိညာဉ် ပုလဲလုံး ရှိတယ်တဲ့ ၊မျိုချ ပိုးကောင် ဘုရင်တိုင်းက ဝိညာဉ် ပုလဲလုံး တစ်လုံးကို စုစည်းနိုင်တယ်ဗျ"

"မျိုချ ဝိညာဉ် ပုလဲလုံး"

ဖုန်းဝူချန်က မျိုချ ပိုးကောင် ဘုရင်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းများမှာ ဉာဏ်များသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

"မျိုချ ဝိညာဉ် ပုလဲလုံး ဆိုတာ ဘာလဲ"

ရှောင်ယွင်က နားမလည်စွာ မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

"အတိုင်းအဆမဲ့ စွမ်းအားတွေ ပါဝင်တာလား ၊မျိုချ ဝိညာဉ် ပုလဲလုံး ဆိုတာ အတိအကျ ဘာကြီးလဲ"

လိန်ချင်းဖုန်းက အံ့ဩသော မျက်နှာထားဖြင့် လင်ရှောင်ရှောင်ကို ပြန်ကြည့်လိုက်သည်။

လင်ရှောင်ရှောင်နှင့် ကျန်းကျွင့်လန်မှလွဲ၍ ဤနေရာတွင် ရှိသော မည်သူမျှ မျိုချ ဝိညာဉ် ပုလဲလုံး ရှိနေသည်ကို မသိကြပေ။

မျိုချ ဝိညာဉ် ပုလဲလုံးမှာ မည်သို့သော ရတနာ ဖြစ်နိုင်သည်ကို သူတို့ သိချင်နေကြသည်။

ဖုန်းဝူချန်ပင်လျှင် ၎င်းအကြောင်းကို မသိရှိပေ။ နတ်ဆိုး နဂါးနတ်ဘုရားသည် မျိုချ ပိုးကောင်များနှင့် တစ်ခါမျှ မတွေ့ဆုံဖူးခဲ့သလို မျိုချ ဝိညာဉ် ပုလဲလုံး အကြောင်းကိုလည်း မသိရှိခဲ့ပေ။

ဖုန်းဝူချန်၏ အကြည့်များတွင် မကောင်းသော အကြံအစည်များ ပါဝင်နေသည်ကို ခံစားမိသောအခါ မျိုချ ပိုးကောင် ဘုရင်မှာ အသနားခံနေဟန် တူသော ထူးဆန်းသည့် အသံ တစ်ခု ပြုလိုက်၏။

"မျိုချ ဝိညာဉ် ပုလဲလုံးကို ထုတ်ပေး ၊ဒါဆိုရင် ငါ မင်းကို အသက်ချမ်းသာ ပေးမယ် ၊ပြီးတော့ မင်းရဲ့ မျိုချ ပိုးကောင်တွေကို နန်းတော်ထဲ ချက်ချင်း ပြန်ခေါ်သွား ၊မဟုတ်ရင်တော့ မင်းကို ငါ အခုချက်ချင်း သတ်ပစ်မယ်"

ဖုန်းဝူချန်က အေးစက်စက် ပြုံးလိုက်ပြီး မျိုချ ပိုးကောင် ဘုရင် နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ဂရုမစိုက်ဘဲ ခ်ြိမ်းခြောက်လိုက်သည်။

ဖုန်းဝူချန် အထီးကျန် နယ်မြေထဲသို့ စွန့်စား ထွက်လာခဲ့ခြင်းမှာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန် ဖြစ်သည်။ ယခု မျိုချ ဝိညာဉ် ပုလဲလုံးကို ရရှိနိုင်သောအခါ ဤ အခွင့်အရေးကို သူ မည်သို့ လက်လွှတ်ခံနိုင်မည်နည်း။

မျိုချ ပိုးကောင် ဘုရင်မှာ ဖုန်းဝူချန်၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်ဘဲ နေလိုက်ရာ ဖုန်းဝူချန်က နောက်တစ်ကြိမ် ထပ်မံ၍ လှောင်ပြုံး ပြုံးလိုက်သည်။

"မင်း မပေးဘူးဆိုရင်လည်း ၊မင်းကို သတ်ပြီးမှ မျိုချ ဝိညာဉ် ပုလဲလုံးကို ယူလို့ ရသေးတာပဲ ၊ကြည့်ရတာ မင်းက ငါ့ကို တကယ် လက်ပါခိုင်းချင်နေပုံပဲ"

နဂါးနတ်ဘုရားဓားက အနည်းငယ် တိုးလာလေရာ မျိုချ ပိုးကောင် ဘုရင်မှာ ကြောက်လန့်တကြား တုန်ရီသွားပြီး ၎င်း၏ ပါးစပ်ကို အလျင်အမြန် ဖွင့်ဟကာ လက်သီးဆုပ် အရွယ် ပုလဲလုံးတစ်လုံးကို ထုတ်လွှတ်လိုက် လေသည်။ ထိုပုလဲလုံးမှာ အရောင်အသွေးစုံလင်သော အလင်းတန်းများ ဖြာထွက်နေပြီး အလွန်တရာ လှပကာ အဖိုးတန် ရတနာ တစ်ပါးအလားပင်။

တစ်ချိန်တည်းမှာပင် ပုလဲလုံးအား အလွန်တရာ ခန့်ညားထည်ဝါသော အရှိန်အဝါများက ရစ်ဝဲနေသည်။

"ဒါ မျိုချ ဝိညာဉ် ပုလဲလုံးလား ၊ဒီစွမ်းအားက တကယ်ပဲ အားကောင်းတာပဲ"

ဖုန်းဝူချန်မှာ အတော်လေး တုန်လှုပ်သွားပြီး ပုလဲလုံးထဲတွင် ပါဝင်သော အတိုင်းအဆမဲ့ စွမ်းအင်များကို ခံစားမိလိုက်သည်။

မျိုချ ဝိညာဉ် ပုလဲလုံးမှာ မျိုချ ပိုးကောင် ဘုရင်၏ အတွင်းထဲတွင် ပုန်းကွယ်နေပြီး ၎င်း၏ အားကောင်းသော အရှိန်အဝါများကို အပြင်မှ ခံစား၍ မရနိုင်ပေ။

ဖုန်းဝူချန်က လက်တစ်ဖက် ယမ်းလိုက်ရာ အရောင်အသွေးစုံလင်သော ဝိညာဉ် ပုလဲလုံးက သူ့ထံသို့ ပျံသန်းလာသည်။ ၎င်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး အလွန်တရာ ကြီးမားလှသော စွမ်းအင်များကို ခံစားမိသောအခါ သူ၏ မျက်နှာမှာ ရူးသွပ်မတတ် ဝမ်းသာမှုများ ဖြစ်ပေါ်လာသည်။

"ဆရာ ၊ဒါ မျိုချ ဝိညာဉ် ပုလဲလုံးပဲ”

ဟု ကျန်းကျွင့်လန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"စွမ်းအင်တွေက ကြောက်စရာ ကောင်းလိုက်တာ ၊ဒါက တကယ်ပဲ ကျင့်ကြံဖို့အတွက် ရတနာပဲ"

လျိုချင်းယန်၏ မျက်လုံးများမှာ အားကျမှုများဖြင့် ပြည့်နှက်နေလေ၏။

"မျိုချ ပိုးကောင် ဘုရင်က ဒီလောက် ကြောက်စရာ ကောင်းတဲ့ ဝိညာဉ် ပုလဲလုံးကို သူ့ကိုယ်ထဲမှာ ဖွက်ထားတယ် ဟုတ်လား"

ယဲ့ကူချန်နှင့် အခြားသူများ၏ မျက်လုံးများမှာ အရောင်အသွေး စုံလင်သော ဝိညာဉ် ပုလဲလုံးကို မြင်သောအခါ ပြူးကျယ်သွားပြီး သူတို့၏ ရင်ထဲတွင် တုန်လှုပ်မှုနှင့် မနာလို ဝန်တိုမှုများ ပြည့်နှက်သွားသည်။

မျက်လုံးအားလုံးမှာ မျိုချ ဝိညာဉ် ပုလဲလုံးထံသို့ ကျရောက်နေပြီး လူတိုင်းက ၎င်းကို သူတို့ကိုယ်တိုင် ပိုင်ဆိုင်နိုင်ရန် ဆန္ဒရှိနေကြသည်။

သူတို့အားလုံး ဤ စွန့်စားခန်းတွင် အသက်ကို ပဓာန မထားခဲ့ကြဘဲ သေလုမျောပါး ဖြစ်ခဲ့ကြရ၏။ သို့သော် အဆုံးတွင် ဖုန်းဝူချန်က မျိုချ ဝိညာဉ် ပုလဲလုံးကို တစ်ဦးတည်း သိမ်းပိုက်လိုက်သဖြင့် မည်သူမဆို မကျေမနပ် ဖြစ်မိကြမည်သာ ဖြစ်သည်။

သို့သော်လည်း ဖုန်းဝူချန်၏ လက်ထဲမှ မျိုချ ဝိညာဉ် ပုလဲလုံးကို လုယက်ရန် စွမ်းရည် ရှိသည်ဟု မယုံကြည်သရွေ့ မည်သူမျှ နှုတ်မှ ဖွင့်ပြောရဲကြမည် မဟုတ်ပေ။

ဖုန်းဝူချန်က မျိုချ ဝိညာဉ် ပုလဲလုံးကို ကိုင်ဆောင်ရင်း နဂါးနတ်ဘုရားဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်ကာ မျိုချ ပိုးကောင် ဘုရင်ကို ပြောလိုက်သည်။

"မျိုချ ဝိညာဉ် ပုလဲလုံးကို ငါ ယူထားလိုက်ပြီ ၊မင်းရဲ့ အကောင်တွေကို ခေါ်ပြီး နန်းတော်ထဲ ပြန်ဝင်တော့"

ထိုအခါ၊ မျိုချ ပိုးကောင် ဘုရင်မှာ ချက်ချင်းပင် ထူးဆန်းသော အသံတစ်ခု ပြုလိုက်ပြီးနောက် မျိုချ ပိုးကောင် အစုအဝေးကြီးမှာ ဥမင်လိုဏ်ခေါင်း အဝင်ဝဆီသို့ အလျင်အမြန် ပြန်လည် တိုးဝင်သွားကြသည်။ မကြာမီမှာပင် သိပ်သည်းစွာ ပြည့်နှက်နေသော မျိုချ ပိုးကောင်များမှာ လုံးဝ ပျောက်ကွယ်သွားကြတော့သည်။

မျိုချ ပိုးကောင်များအားလုံး ဆုတ်ခွာသွားသည်ကို မြင်တွေ့ရသောအခါ လိန်ချင်းဖုန်းနှင့် အခြားသူများမှာ နောက်ဆုံးတွင် လုံးဝ စိတ်သက်သာရာ ရသွားကြတော့သည်။

"ဒါက တကယ်ပဲ သေရွာကနေ လွတ်မြောက်လာတာပဲ ၊ရတနာတွေဆိုတာ အသက်နဲ့ရင်းပြီးမှ ရတာ ၊ဒီ အထီးကျန် နယ်မြေ ခရီးစဉ်က တကယ် တန်ပါတယ်"

ဖုန်းဝူချန်က ဤခရီးစဉ်မှ ရရှိသော အကျိုးအမြတ်များအတွက် အတော်လေး ကျေနပ်စွာ ရေရွတ်လိုက်သည်။

လင်ရှောင်ရှောင်၏ အားကောင်းသော အဟန့်အတားသာ မရှိခဲ့ပါက ဖုန်းဝူချန်မှာ မျိုချ ဝိညာဉ် ပုလဲလုံးကို ဘယ်သောအခါမှ ရရှိနိုင်မည် မဟုတ်သလို မျိုချ ပိုးကောင် အစုအဝေးကြီးကိုလည်း တွန်းလှန်နိုင်မည် မဟုတ်ပေ။ သူတို့အားလုံး မျိုချခံလိုက်ရနိုင်ဖွယ် ရှိသည်။

မျိုချ ဝိညာဉ် ပုလဲလုံးကို စိတ်အားထက်သန်စွာ ကြည့်ရင်း "ဒီ မျိုချ ဝိညာဉ် ပုလဲလုံးနဲ့သာဆိုရင် ငါ ထျန်းယွမ် ဘုံ စတုတ္ထအလွှာကို တက်လှမ်းနိုင်မှာ သေချာတယ်”

ဟု ဖုန်းဝူချန်က တွက်ချက်လိုက်သည်။

မျိုချ ဝိညာဉ် ပုလဲလုံးထဲတွင် ပါဝင်သော စွမ်းအင်မှာ အလွန်တရာ ကြီးမားလှသဖြင့် ဖုန်းဝူချန်ကို ထျန်းယွမ် ဘုံ စတုတ္ထအလွှာသို့ တက်လှမ်းနိုင်ရန် လုံလောက်သည်ထက်ပင် ပိုသေးသည်။ ပဉ္စမအလွှာသို့ တက်လှမ်းရန်ပင် ပြဿနာ မရှိနိုင်ပေ။

"ဂုဏ်ယူပါတယ်..အစ်ကိုကြီးဖုန်း ၊ရတနာတစ်ခု ထပ်ရပြန်ပြီ နော် "

လင်ရှောင်ရှောင်က ပျံသန်းလာပြီး ဖုန်းဝူချန်ကို ချိုသာစွာ ပြုံးပြလိုက်သည်။

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က နူးညံ့သော အပြုံးဖြင့် ပြန်လည် ဖြေလိုက်သည်။

"ဒါက ရှောင်ရှောင်ရဲ့ အဟန့်အတားကြောင့်ပါ ၊မဟုတ်ရင် ငါတို့ မျိုချ ဝိညာဉ် ပုလဲလုံးကို ရမှာ မဟုတ်ဘူး ၊မျိုချ ပိုးကောင်တွေရဲ့ အစာတောင် ဖြစ်သွားနိုင်တယ်"

ကျန်းကျွင့်လန်က အကြံပေးလိုက်သည်။

"ဆရာ ၊ဒီအချိန်မှာ မျိုချ ဝိညာဉ် ပုလဲလုံးရဲ့ စွမ်းအင်ကို စုပ်ယူလိုက်ပါလား ၊ဆရာ့ရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် မကြာခင် အဆင့်တက်တော့မှာပဲ"

ဖုန်းဝူချန်က ခေါင်းခါရင်း၊

"မလောပါဘူး ၊အခု ကျင့်ကြံခြင်းထက် ပိုအရေးကြီးတဲ့ ကိစ္စတွေ ရှိနေသေးတယ်"

"ပိုအရေးကြီးတဲ့ ကိစ္စတွေ ဟုတ်လား"

ကျန်းကျွင့်လန်မှာ အနည်းငယ် ကြောင်အသွားပြီး ဖုန်းဝူချန် ဘာကို ဆိုလိုမှန်း နားမလည် ဖြစ်သွားသည်။

"အစ်ကိုဖုန်း ၊ ကျွန်တော်တို့ မတွေ့သေးတဲ့ တခြား ရတနာတွေ ရှိနေသေးလို့လား"

ဟု လျိုချင်းယန်က နားမလည်စွာ မေးလိုက်သည်။

"ရတနာတွေက လုံလောက်နေပါပြီ"

ဖုန်းဝူချန်က ခေါင်းခါလိုက်သည်။ ထို့နောက် သူက ဆက်ပြောသည်။

"ငါတို့.. အခု လုပ်ရမှာက ပေမင်ခုံနဲ့ မုရုန်ထျန်းကို ရှာဖို့ပဲ ၊သူတို့ အခုထိ အထီးကျန် နယ်မြေထဲမှာ ရှိနေသေးမှာ သေချာတယ် ၊အချိန် ရှိတုန်းမှာ သူတို့ကို မြန်မြန် ရှာရမယ် ၊သူတို့ ဒီကနေ ထွက်သွားရင် ရှာဖို့ ပိုခက်သွားလိမ့်မယ်"

"ဆေးဧကရာဇ် ၊ကျွန်တော်တို့ ချက်ချင်း စပြီး ရှာဖွေပါ့မယ်"

ပေတိုထျန်းယဲ့က ရိုသေစွာ ဆိုလိုက်သည်။

လိန်ချင်းဖုန်းက မျက်နှာထား မည်းမှောင်စွာဖြင့် "ပေမင်ခုံက ငါတို့ ဖုန်းလန်ဂိုဏ်းက တပည့်တွေ အများကြီးကို သတ်ထားတာ ၊သူ့ကို ဒီအတိုင်း လွတ်သွားလို့ မဖြစ်ဘူး ၊ခွဲပြီး ရှာကြစို့"

" သတိထားကြ ၊ သူတို့ နှစ်ယောက်လုံးက အင်အား မနည်းဘူး"

ဟု ဖုန်းဝူချန်က သတိပေးလိုက်၏။

"ပေမင်ခုံရော မုရုန်ထျန်းရော.. နှစ်ယောက်လုံး သေသင့်တဲ့ ကောင်တွေ ၊ငါတို့လည်း လိုက်ရှာမယ်"

နန်းကုန်းလီကလည်း အံကြိတ်ရင်း ဒေါသတကြီး ကြေညာလိုက်လေ၏။

ထိုအခိုက် လူရိပ် ငါးခု သူတို့ထံသို့ အလျင်အမြန် ပျံလွှား ရောက်ရှလာကြသည်။

သူတို့မှာ လုအိုယန်တို့ လူငါးယောက်ပင် ဖြစ်၏။

"သူတို့လား"

ဖုန်းဝူချန် အနည်းငယ် အံ့အားသင့်သွားသည်။

လျိုချင်းယန်က မျက်မှောင်ကြုတ်ရင်း "အစ်ကိုဖုန်း ၊အဲ့ဒါ ခရမ်းရောင် တိမ်တိုက် စံအိမ်က ခွေးမသား ငါးကောင်ပဲ"

"ဆေးဧကရာဇ် ၊သူတို့ကို သတ်ပစ်လိုက်ရမလား”

ဟု ပေတိုထျန်းယဲ့က အေးစက်စွာ ပြောလေ၏။

ဖုန်းဝူချန်က ခေါင်းခါလိုက်သည်။

"သူတို့ ဘာလိုချင်လဲ အရင် ကြည့်လိုက်ဦးစို့"

"ဝှစ် ဝှစ် ဝှစ်"

အလျင်အမြန် လှုပ်ရှားမှု အနည်းငယ် ပြုလုပ်ပြီးနောက် လူငါးယောက်၏ အရိပ်များ ပေါ်ထွက်လာပြီး ဒူးတစ်ဖက် ထောက်ကာ ရိုသေစွာ ဆိုလိုက်ကြသည်။

"ကျွန်တော်တို့ ဆေးဧကရာဇ်နဲ့ သခင်လေး ကျန်းကို သတင်းလာပို့တာပါ ၊ပေမင်ခုံနဲ့ မုရုန်ထျန်းကို ရှာတွေ့ထားပါတယ် ၊ ဒီလူတွေ မြောက်ဘက်မှာ ရှိပါတယ် ၊ကျွန်တော်တို့ သူတို့ကို မတိုက်ခိုက်ရဲလို့ပါ"

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်နှင့် အခြားသူများမှာ ချက်ချင်း အံ့အားသင့်သွားကြသည်။

လုအိုယန်တို့ အုပ်စုက သတင်းကောင်း ယူဆောင်လာခဲ့လေ၏။

ဖုန်းဝူချန်နှင့် ကျန်းကျွင့်လန်တို့၏ အံ့အားသင့်နေသော မျက်နှာများကို မြင်သောအခါ လုအိုယန်က သူတို့ကို မယုံကြည်မည် စိုးသဖြင့် အလျင်အမြန် ထပ်ပြောလိုက်၏။

"ဆေးဧကရာဇ် ၊ကျွန်တော်တို့ ပြောတာ အမှန်တရားပါ ၊မလိမ်ရဲပါဘူး ၊ကျွန်တော်တို့က အပြစ်ဖြေချင်ရုံ သက်သက်ပါ ၊ဆေးဧကရာဇ်က ကျွန်တော်တို့ရဲ့ အတိတ်က အမှားတွေကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"

လျိုချင်းယန်က လှောင်ပြောင် သရော်လိုက်သည်။

"ဟမ့်၊ မင်းတို့ တော်တော် ပါးနပ်တာပဲ"

"ဆေးဧကရာဇ်ကို အသက် ချမ်းသာပေးဖို့ အလေးအနက် တောင်းပန်ပါတယ်"

လုအိုယန်တို့ ငါးယောက်မှာ ဒူးထောက်၍ ခွင့်လွှတ်ပေးရန် တောင်းပန်လိုက်ကြ၏။ ဤသည်မှာ သူတို့၏ တစ်ခုတည်းသော အခွင့်အရေး ဖြစ်ပြီး ဤအခွင့်အရေးကိုသာ လက်လွှတ်လိုက်ရပါက အပြစ်ဖြေရန် အခွင့်အရေး နောက်တစ်ကြိမ် ရရှိတော့မည် မဟုတ်ပေ။

All Chapters