ပေမင်ခုံနှင့် နောက်တစ်ကြိမ် ရင်ဆိုင်တွေ့ဆုံခြင်း (၁)
Vol. 23 Ch. 342
~"ဒါကတော့ ၊မင်းတို့ သတင်းက ဘယ်လောက်ထိ ယုံရလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်"
ဖုန်းဝူချန်က လုအိုယန်တို့ လူငါးယောက်ကို တစ်ချက် ကြည့်ရင်း ဆိုလိုက်သည်။
ထိုစကားကို ကြားသောအခါ လုအိုယန်၏ နှလုံးသားမှာ ဝမ်းသာမှုများဖြင့် ပြည့်နှက်သွားပြီး အလျင်အမြန် ဆိုလိုက်သည်။
"ဆေးဧကရာဇ် စိတ်ချပါ ၊လုံးဝ ယုံကြည်စိတ်ချရပါတယ် ၊သူတို့ အခု ကျင့်ကြံနေတုန်းပဲ ၊ဒီလောက် မြန်မြန် ထွက်သွားမှာ မဟုတ်ပါဘူး"
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။ သူက လုအိုယန် သူ့ကို လိမ်ရဲမည်ဟု မထင်ပေ။
"လမ်းပြ"
ကျန်းကျွင့်လန်က အေးစက်စွာ ဆိုလိုက်သည်။
"ဟုတ် ဟုတ်ကဲ့ ၊ဆေးဧကရာဇ် ၊သခင်လေး ကျန်း ၊ဒီဘက်ကပါ"
လုအိုယန်တို့ လေးယောက်မှာ အားတက်သရော ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ ရင်ထဲတွင် မျှော်လင့်ချက်များ ပြန်လည် ရှင်သန်လာသည်။
ကျန်းကျွင့်လန်က နှုတ်ဖွင့် ပြောလိုက်ပြီ ဖြစ်သောကြောင့် သူတို့တွင် အခွင့်အရေး ရှိနေသေးသည်ဟု အဓိပ္ပာယ်ရသည်။
"ဒီတစ်ခါတော့ ၊အဲ့ဒီကောင်တွေကို ဒီ အထီးကျန် နယ်မြေထဲမှာပဲ အပြီးသတ် မြှုပ်နှံပစ်ရမယ်"
လိန်ချင်းဖုန်းက ခါးသီးစွာ ဆိုလိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် ရက်စက်သော သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွားသည်။
လုအိုယန်တို့ အုပ်စုက ရှေ့မှ လမ်းပြသွားပြီး ဖုန်းဝူချန်တို့ အုပ်စုက နောက်မှ အနီးကပ် လိုက်ပါသွားကြသည်။
ပေမင်ခုံနှင့် မုရုန်ထျန်းတို့ လမ်းခုလတ်မှ ထွက်ပြေးသွားမည်ကို စိုးရိမ်သောကြောင့် ဖုန်းဝူချန်က သူ၏ အင်အားများကို အုပ်စု သုံးစု ခွဲလိုက်သည်။ သူကိုယ်တိုင်က အလယ်ဗဟိုမှ တိုက်ခိုက်ပြီး ပေတိုထျန်းယဲ့နှင့် လိန်ချင်းဖုန်းတို့က ဘယ်ညာ နှစ်ဖက်မှ ချဉ်းကပ်ကြသည်။
ပေမင်ခုံနှင့် မုရုန်ထျန်းတို့မှာ မူလနေရာ၌ပင် ရှိနေကြသေးပြီး အထီးကျန် နယ်မြေမှ ရတနာများကို စိတ်ဝင်စားခြင်း မရှိကြပေ။
သူတို့၏ ပစ်မှတ်မှာ ဖုန်းဝူချန် ဖြစ်သည်။ သူ့ထံမှ ရတနာများ တစ်ခုတည်းနှင့်ပင် လုံလောက်နေပြီ ဖြစ်သည်။
"တစ်ယောက်ယောက် လာနေတယ်"
တရားထိုင်နေသော ပေမင်ခုံက ရုတ်တရက် မျက်လုံး ဖွင့်လိုက်ပြီး ရန်သူများ ချဉ်းကပ်လာနေသည်ကို အာရုံခံမိလိုက်သည်။
"ဒီအရှိန်အဝါက ၊ပေတိုမိသားစုက လူတွေပဲ"
မုရုန်ထျန်းက ပြောလိုက်၏။ သူက လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိပေ။
သူတို့သည် ပေတိုမိသားစုနှင့် မည်သည့် ရန်ငြိုးမှ မရှိသောကြောင့် သူတို့ကို တိုက်ခိုက်မည်ကို စိုးရိမ်စရာ မလိုပေ။
"မဟုတ်ဘူး ၊ငါ လိန်ချင်းဖုန်းတို့ အုပ်စုကိုလည်း အာရုံခံမိတယ် ၊ကောင်းကင်ဘုံ နယ်မြေက ပါရမီရှင်တွေ ၊နန်းကုန်းလီ ၊ရှောင်ယွင် ၊သူတို့အားလုံး ရောက်လာကြပြီ ၊နှစ်ဖက်လုံးမှာ လူတွေ ရှိနေတယ်"
ပေမင်ခုံက မျက်မှောင်ကြုတ်လိုက်သည်။
"ငါတို့ကို တွေ့သွားပြီ ၊မြန်မြန် သွားမယ်"
ဤလူများအားလုံး ဤနေရာသို့ ရတနာတစ်ခုခုအတွက် သက်သက်နှင့် ရောက်လာကြခြင်း မဖြစ်နိုင်ပေ။
"ထွက်သွားမယ် ဟုတ်လား ၊အဲ့ဒီလောက် လွယ်မယ် ထင်လို့လား"
အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"ထျန်းယွမ် ဘုံ သတ္တမအလွှာ ၊ကောင်းကင်ဘုံ နယ်မြေက လူတွေပဲ"
ပေမင်ခုံ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး ထွက်ပြေးရန် လှုပ်ရှားမှု ပညာရပ်ကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။
"ငါတို့ကို တွေ့သွားတာ တကယ်ပဲ ၊သွားစို့"
မုရုန်ထျန်းက မျက်မှောင် တင်းတင်း ကြုတ်လိုက်ပြီး ထွက်ပြေးရန် အသင့် ပြင်လိုက်သည်။
ပေမင်ခုံက သူ၏ ကိုယ်ပိုင် စွမ်းအားကို ယုံကြည်စိတ်ချမှု ရှိသော်လည်း ထျန်းယွမ် ဘုံ မှ အစွမ်းထက် ပုဂ္ဂိုလ်ကြီး တစ်ဒါဇင်ခန့်ကို ရင်ဆိုင်ရန် မပြောရဲပေ။ မုရုန်ထျန်း၏ အကူအညီနှင့်ပင် မဖြစ်နိုင်ပေ။
"ဝှစ် ဝှစ် ဝှစ်"
ပေတိုထျန်းယဲ့က လူအချို့နှင့်အတူ ဘယ်ဘက်ခြမ်းတွင် ပေါ်လာပြီး လိန်ချင်းဖုန်းကလည်း အခြားသူများနှင့်အတူ ညာဘက်ခြမ်းတွင် ပေါ်လာကာ သူတို့၏ ထွက်ပြေးရာ လမ်းကြောင်း နှစ်ဖက်လုံးကို ပိတ်ဆို့လိုက်ကြသည်။
ပေမင်ခုံနှင့် မုရုန်ထျန်းတို့ ထွက်ပြေးရန် ပြင်ဆင်လိုက်သည့် ထိုအခိုက် လုအိုယန်၏ အရိပ်က သူတို့၏ ရှေ့မှောက်သို့ ပျံသန်း ရောက်ရှိလာပြီး ထွက်ပြေးရာ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
"မင်းတို့ ဘယ် ပြေးမလို့လဲ"
လုအိုယန်က လှောင်ပြောင် သရော်လိုက်ပြီး ခရမ်းရောင် တိမ်တိုက် စံအိမ်မှ တပည့်များကလည်း သူ့နောက်သို့ လိုက်ပါလာကြသည်။
"မင်းတို့"
ပေမင်ခုံက မျက်မှောင် တင်းတင်း ကြုတ်လိုက်ပြီး သူ၏ မျက်နှာထားမှာ ရေခဲတမျှ အေးစက်သွားသည်။
စောစောက ပေမင်ခုံသည် လုအိုယန်၏ အရှိန်အဝါကို အာရုံခံမိခဲ့သော်လည်း လုအိုယန်မှာ ကောင်းကင်ဘုံ နယ်မြေမှ လူတစ်ယောက် ဖြစ်သောကြောင့် သူ ဂရုမစိုက်ခဲ့ပေ။
မျက်စိတစ်မှိတ်အတွင်း လုအိုယန်က လိန်ချင်းဖုန်းနှင့် အခြားသူများကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့သည်။
"ငါ ထင်တာ မှန်သွားပုံပဲ ၊အစတုန်းကတော့ မင်းတို့က ပေမင်ခုံနဲ့ မုရုန်ထျန်း ဟုတ် မဟုတ် ငါ မသေချာသေးဘူး ၊ဒါပေမဲ့ အခုတော့ သေချာသွားပြီ ၊မင်းတို့ စောစောက ငါ့ရဲ့ အရှိန်အဝါကို အာရုံခံမိလိုက်တယ် မဟုတ်လား"
လုအိုယန်က ခပ်ရေးရေး လှောင်ပြုံး ပြုံးလိုက်သည်။
"ပေမင်ခုံ ၊မုရုန်ထျန်း ၊မတွေ့တာ ကြာပြီနော်"
ထိုအခိုက် ဖုန်းဝူချန်၏ အေးစက်သော အသံက ထူးကဲသော အရှိန်အဝါနှင့်အတူ ထွက်ပေါ်လာသည်။
"ဖုန်းဝူချန်"
ပေမင်ခုံနှင့် မုရုန်ထျန်းတို့၏ မျက်နှာထားများမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။
"ဝှစ် ဝှစ် ဝှစ်"
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ ရုတ်တရက် ပေါ်ထွက်လာပြီး ပေမင်ခုံနှင့် မုရုန်ထျန်းတို့ကို ထျန်းယွမ် ဘုံ မှ အစွမ်းထက် ပုဂ္ဂိုလ်များနှင့်အတူ သုံးဖက်သုံးတန်မှ ဝန်းရံထားလိုက်သည်။
"လုအိုယန် ၊မင်း ငါ့ကို မလိမ်ခဲ့ဘူးပဲ ၊အရင်က ကိစ္စကို ဘာမှ မဖြစ်ခဲ့ဘူးလို့ပဲ ငါ သဘောထားလိုက်မယ်"
ဖုန်းဝူချန်က အနည်းငယ် ပြုံးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆေးဧကရာဇ် ၊ကျေးဇူးတင်ပါတယ်"
လုအိုယန်နှင့် သူ၏ အဖွဲ့သားများမှာ ဝမ်းသာလွန်း၍ မျက်ရည်များပင် ကျလုမတတ် ဖြစ်သွားကြသည်။ သူတို့၏ ကြိုးစားမှုများ အရာထင်ခဲ့ပြီ ဖြစ်သည်။
"ထျန်းယွမ် ဘုံ ဆဋ္ဌမအလွှာ ၊မင်းရဲ့ ကျင့်ကြံခြင်းက တော်တော် မြန်မြန် တိုးတက်လာတာပဲ"
ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်ပြီး ပေမင်ခုံကို စူးစိုက် ကြည့်နေသော သူ၏ အကြည့်များထဲတွင် သတ်ဖြတ်လိုစိတ်များက လျှံတက်နေသည်။
ပေမင်ခုံ၏ မျက်နှာထားမှာ တင်းမာသွားသည်။ သူ့ပတ်လည်မှ လူအုပ်ကြီးကို ထားလိုက်ဦး။ လုအိုယန် တစ်ယောက်တည်းနှင့်ပင် ပေမင်ခုံ ရင်ဆိုင်ရန် မလွယ်ကူလှပေ။
"ဖုန်းဝူချန် ၊မင်းက လူအများကြီးနဲ့ ငါတို့ နှစ်ယောက်ကို တိုက်မလို့လား"
ပေမင်ခုံက အေးစက်စွာ မေးလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာကာ မကောင်းဆိုးဝါး အရှိန်အဝါများက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။
"မင်းကို ရှင်းဖို့ ငါတစ်ယောက်တည်း ဆိုရင် လုံလောက်တယ်"
ဖုန်းဝူချန်က သူ၏ ကိုယ်ပိုင် ခွန်အားကို ယုံကြည်မှု အပြည့်ဖြင့် ဆိုလိုက်သည်။
ပေမင်ခုံက လှောင်ပြောင် သရော်လိုက်သည်။
"ဒါဆိုရင်တော့ မင်း နောင်တ မရဖို့ မျှော်လင့်ရတာပဲ"
နန်းကုန်းလီက ဖုန်းဝူချန်ဘက်သို့ လှည့်၍ ပြောလိုက်သည်။
"ဖုန်းဝူချန် ၊မုရုန်ထျန်းကို ငါတို့နဲ့ ထားခဲ့”
ဖုန်းဝူချန်က ပခုံးတွန့်လိုက်ပြီး လှောင်ပြောင်လိုက်သည်။
"ကျုပ်အတွက်တော့ အရေးမကြီးပါဘူး ၊သူက ကျုပ်လက်နဲ့ သေဖို့တောင် မထိုက်တန်ဘူး ၊ဒါပေမဲ့ အဲ့ဒီမတိုင်ခင် သူ့ကို မေးစရာ မေးခွန်းတစ်ခု ရှိတယ်"
တင်းမာသော မျက်နှာထား ရှိနေသည့် မုရုန်ထျန်းအား စူးစူးရဲရဲ ကြည့်လိုက်ပြီး ဖုန်းဝူချန်က မေးလိုက်သည်။
"မုရုန်ထျန်း ၊ယန်ဟော် အင်ပါယာက သေဆုံးသွားတဲ့ စစ်သားတွေရဲ့ အသားနဲ့ သွေးတွေ ပျောက်ကွယ်သွားတာ ၊မင်း လက်ချက်လား ၊ဒါမှမဟုတ် ပေမင်ခုံ လက်ချက်လား"
"ငါက သိစရာလား"
မုရုန်ထျန်းက အေးစက်စွာ ပြန်ဖြေသည်။
"ဟား..မုရုန်ထျန်းကို ခင်ဗျားတို့ပဲ ရှင်းလိုက်တော့ ၊ကြိုက်သလို သတ်ပါ"
ဖုန်းဝူချန်က အေးစက်စွာ ရယ်လိုက်ပြီး ဒုတိယအကြိမ် ထပ်မံ မေးမြန်းခြင်း မပြုတော့ပေ။
"မင်း"
မုရုန်ထျန်းမှာ ဒေါသထွက်သွားပြီး ဖုန်းဝူချန်၏ မထီမဲ့မြင် ပြုမှုကြောင့် ဒေါသ ပေါက်ကွဲသွားသည်။
မုရုန်ထျန်း၏ အကြည့်များမှာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး ဖုန်းဝူချန်ကို စူးစိုက်ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဖုန်းဝူချန် ၊မင်း သိပ်လူပါးမဝနဲ့"
ဖုန်းဝူချန်က မုရုန်ထျန်းကို လုံးဝ လျစ်လျူရှုထားလိုက်၏။ ဤသို့ ယုတ်မာ အရှက်မဲ့သော လူမှာ သူ၏ ဂရုစိုက်မှုကို ခံရရန် အမှန်တကယ်ပင် မထိုက်တန်ပေ။
"မုရုန်ထျန်း ၊နန်းကုန်း မိသားစုက မင်းအပေါ် ကောင်းခဲ့တာတွေကို မင်း သစ္စာဖောက်ခဲ့တယ် ၊ဒီနေ့က မင်း သေနေ့ပဲ ၊တိုက်ခိုက်ကြ"
နန်းကုန်းလီက ဒေါသတကြီး အမိန့်ပေးလိုက်ပြီး သူတို့ လေးဦးမှာ မဆိုင်းမတွပင် တိုက်ခိုက်လိုက်ကြသည်။
"မင်းတို့ကမှ သေလမ်း ရှာနေတာ"
မုရုန်ထျန်းက တင်းမာစွာ ဆိုလိုက်ပြီး သူ၏ သတ်ဖြတ်လိုစိတ်များ မြင့်တက်လာ၏။
"ငါ ထင်တာတော့.. သေလမ်းရှာနေတာက မင်းပဲ"
လိန်ချင်းဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ အစစ်အမှန် ယွမ်စွမ်းအင်ကို အသက်သွင်းကာ မုရုန်ထျန်းထံသို့ ပြေးဝင်သွားသည်။
ဖုန်းလန်ဂိုဏ်းမှ တပည့်ပေါင်း နှစ်သောင်းနီးပါး သေဆုံးခဲ့ရပြီး မုရုန်ထျန်းမှာလည်း တရားခံ တစ်ဦး ဖြစ်သည်။
တရားခံ တစ်ဦး ဖြစ်သောကြောင့် သူ၊ လိန်ချင်းဖုန်းက မုရုန်ထျန်းကို အသက်ရှင်ခွင့် ပေးမည်တဲ့လား။
ရန်သူကို လူအများဖြင့် ဝိုင်းတိုက်ရသည်ဟု အပြောခံရလျှင်တောင် လိန်ချင်းဖုန်းမှာ ဖုန်းလန်ဂိုဏ်းမှ သေဆုံးသွားသော တပည့်များအတွက် လက်စားချေရန် မုရုန်ထျန်းကို သတ်ပစ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
"ပေမင်ခုံ ၊ငါတို့ရဲ့ အကြွေးဟောင်းတွေ ရှင်းရမယ့် အချိန် ရောက်ပြီ"
ဖုန်းဝူချန်က အေးစက်စွာ ထုတ်ပြောလိုက်ပြီး သူ၏ သွေးမျိုးဆက် စွမ်းအားကို တဖြည်းဖြည်း မြှင့်တင်လိုက်သည်။
"ဝီ....ဝီ"
သူ၏ သွေးမျိုးဆက် စွမ်းအားနှင့် အထွတ်အထိပ် ခန္ဓာ ဒုတိယအဆင့်၏ စွမ်းအားတို့ကို အပြည့်အဝ အသက်သွင်းလိုက်ရာ မြေပြင်မှာ တုန်ခါလာပြီး အက်ကွဲသွားသည်။ ချီလင် ချပ်ဝတ်နှင့် အထွတ်အထိပ် နဂါးနတ်ဘုရားဓားတို့ကို တစ်ချိန်တည်း ဆင့်ခေါ်လိုက်ပြီး ဖုန်းဝူချန်၏ အရှိန်အဝါမှာ ရူးသွပ်မတတ် မြင့်တက်လာတော့၏။ ချက်ချင်းပင် ထျန်းယွမ် ဘုံ ဆဋ္ဌမအလွှာ၏ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားပြီး ကြောက်မက်ဖွယ် ခြောက်လှန့်နိုင်သော စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
ထူးဆန်းသော သွေးစွမ်းအင်တစ်ခုက ဖုန်းဝူချန်၏ ခန္ဓာကိုယ် မျက်နှာပြင်မှ ထွက်ပေါ်လာပြီး သူ၏ အရှိန်အဝါမှာ အလွန်တရာ ကြီးမားလှသည်။
"ဒီအရှိန်အဝါက အရမ်း ခန့်ညားပြီး ကြီးမားတာပဲ ၊ဆေးဧကရာဇ်ရဲ့ စွမ်းအားက ငါ့ထက် တကယ် သာလွန်နေတာလား"
လုအိုယန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ လီချင်ထျန်းက သူ ဖုန်းဝူချန်၏ ပြိုင်ဘက် မဟုတ်ဟု ပြောခဲ့သည်ကို လုအိုယန်မှာ ယခုအချိန်အထိ မယုံကြည်နိုင်သေးပေ။
ယခုအခါတွင်မူ သူ ကိုယ်တိုင် မျက်မြင်တွေ့ရန် အခွင့်အရေး ရရှိလာခဲ့ပြီ ဖြစ်သည်။
"ဖုန်းဝူချန် ၊မင်းရဲ့ စွမ်းရည်က ဘယ်လောက်ထိ ရှိလဲ ကြည့်ကြသေးတာပေါ့"
ယဲ့ကူချန်က စိတ်ထဲမှ တွေးလိုက်၏။ ဖုန်းဝူချန်၏ စွမ်းရည်များကို သူကလည်း အချိန်အတော်ကြာ မျှော်လင့်စောင့်စားနေခဲ့သည်ပင်။
ကောင်းကင်ဘုံ နယ်မြေမှ ပါရမီရှင်များအားလုံးမှာ ဖုန်းဝူချန်၏ စွမ်းအားကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြသည်။
"ဝီ....ဝီ"
ထျန်းယွမ် ဘုံ ဆဋ္ဌမအလွှာ အထွတ်အထိပ် စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး ကောင်းကင်ကို တုန်ခါသွားစေလောက်သော စွမ်းအားက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားရာ မြေပြင်မှာ ပြင်းထန်စွာ တုန်ခါ ပေါက်ကွဲသွားပြီး ဖုန်မှုန့်များ လွင့်ပျံတက်လာသည်။
ဖုန်းဝူချန်နှင့် ပေမင်ခုံတို့မှာ စွမ်းအားချင်း တူညီနေသဖြင့် ဤတိုက်ပွဲ၏ အဖြေမှာ မသေချာ မရေရာ ဖြစ်နေသည်။
ကိုးထပ် ချန်ခွင်း မျှော်စင်ကို ပိုင်ဆိုင်ထားသော ဖုန်းဝူချန်တွင် အစွမ်းထက် လက်နက်တစ်ခု ရှိနေပြီး ပေမင်ခုံမှာလည်း သူ၏ ဘိုးဘေးများ၏ စွမ်းအားကို ပိုင်ဆိုင်ထားသဖြင့် တစ်ယောက်တစ်မျိုးစီ အသာစီး ရနေကြသည်။
"ပေမင်ခုံရဲ့ စွမ်းအားကလည်း မနည်းဘူးပဲ"
ယဲ့ကူချန်က ပေမင်ခုံကို တစ်ချက် ကြည့်လိုက်ပြီး သူ့ကို အထင်မသေးရဲပေ။
"ဘုန်း"
နဂါးနတ်ဘုရားဓားကို ကိုင်ဆောင်ကာ မြေပြင်ကို ဆောင့်နင်းလိုက်ပြီး ဖုန်းဝူချန်က အလွန် ကြီးမားသော အရှိန်အဟုန်ဖြင့် ပစ်ထွက်သွား၏။ သူ၏ နောက်တွင် ဝဲဂယက်တစ်ခု ကျန်ရစ်ခဲ့ပြီး သူက ပေမင်ခုံထံသို့ အလျင်အမြန် ချဉ်းကပ်သွားသည်။
နဂါးနတ်ဘုရားဓားက ပေမင်ခုံထံသို့ အလွန်တရာ ပြင်းထန်သော တိုက်ကွက်များဖြင့် ထိုးစိုက်သွားသည်။
"ဖုန်းဝူချန် ၊မင်းရဲ့ ကိုယ်ပိုင် စွမ်းအားကို သိပ်ပြီး မျှော်လင့် မထားနဲ့"
ပေမင်ခုံက မထီမဲ့မြင် လှောင်ပြောင်လိုက်သည်။
ပေမင်ခုံက ဖုန်းဝူချန်ကို အထင်သေးရဲသည်တကား။ ဤသည်မှာ မည်မျှ မာနကြီးလိုက်သနည်း။
ပေမင်ခုံတွင် ဖုန်းဝူချန်ကို အနိုင်ယူရန် သူ၏ ကိုယ်ပိုင် စွမ်းအားအပေါ် အမှန်တကယ် ယုံကြည်မှု ရှိနေသလော။
ပေမင်ခုံ၏ ညာဘက် လက်ဝါးမှာ လက်သည်းအဖြစ် ပြောင်းလဲသွားပြီး ရုတ်တရက် ထိုးထုတ်လိုက်သည်။ ပြတ်သားသော မြည်သံနှင့်အတူ သူက ဖုန်းဝူချန်၏ နဂါးနတ်ဘုရားဓားကို တားဆီးလိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအားမှာ မုန်တိုင်းတစ်ခုပမာ ချက်ချင်း ပျံ့နှံ့ထွက်ပေါ်လာသည်။
ဖုန်းဝူချန်၏ ဓားကို လက်တစ်ဖက်တည်းဖြင့် တားဆီးနိုင်သော ပေမင်ခုံ၏ စွမ်းအားမှာ အမှန်တကယ်ပင် အားကောင်းလှသည်။
"မင်းရဲ့ ဘုံက နိမ့်လွန်းတယ် ၊ပြီးတော့ ရတနာတွေနဲ့ မြှင့်တင်ထားတဲ့ စွမ်းအားက ငါ့ပြိုင်ဘက် မဟုတ်ဘူး"
ပေမင်ခုံက ဖုန်းဝူချန်၏ ဓားကို လွယ်ကူစွာ တားဆီးလိုက်နိုင်ဟန်ဖြင့် မထီမဲ့မြင် လှောင်ပြောင်လိုက်သည်။
"မင်း မျက်လုံးတွေက ၊မင်း ငါ့လက်ချက်နဲ့ ရှုံးနိမ့်ခဲ့ဖူးတာကို မေ့သွားပုံပဲ ၊မင်း အခု အားရဲ့ ခြောက်ဆယ် ရာခိုင်နှုန်းကို သုံးထားပြီးပြီ ၊ငါကတော့ ငါးဆယ် ရာခိုင်နှုန်းပဲ ရှိသေးတယ်နော်"
ဟု ဖုန်းဝူချန်က အေးစက်စွာ တုံ့ပြန်လိုက်သည်။
"ဟွန့်"
ပေမင်ခုံက မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဒေါသတကြီး နှာမှုတ်လိုက်ကာ သူ၏ စွမ်းအားများ ရူးသွပ်မတတ် မြင့်တက်လာသည်။
ဖုန်းဝူချန်မှာလည်း နောက်ဆုတ်မည့် လက္ခဏာ မပြဘဲ ရူးသွပ်စွာ ပေါက်ကွဲထွက်လာသည်။
"ဝီ....ဝီ"
ကြောက်မက်ဖွယ် စွမ်းအင်နှစ်ခုမှာ ရူးသွပ်မတတ် တိုက်ခတ်သွားပြီး သူတို့၏ ခြေထောက်အောက်မှ မြေပြင်မှာ လျင်မြန်သော အရှိန်အဟုန်ဖြင့် ပြိုကျ ပျက်စီးသွားကာ ကြီးမားသော အက်ကွဲကြောင်းကြီးများက ရက်စက်စွာ ပျံ့နှံ့သွားသည်။
သူတို့နှစ်ဦး၏ စွမ်းအားမှာ အညီအမျှပင် ဖြစ်သည်။
"ဖုန်းဝူချန် ၊ဒါ မင်းရဲ့ အစွမ်းကုန်ပဲလား"
ပေမင်ခုံက မာနကြီးသော အမူအယာဖြင့် အေးစက်စွာ ပြုံးလိုက်သည်။
ဖုန်းဝူချန်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ အမှန်တကယ်ပင် ဤသည်မှာ သူ၏ အစွမ်းကုန် ဖြစ်နေပြီး ပေမင်ခုံကို အနိုင်မယူနိုင်သေးပေ။
သို့သော် ဖုန်းဝူချန်က စိုးရိမ်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် အစွမ်းထက် သိုင်းပညာများနှင့် ကိုးထပ် ချန်ခွင်း မျှော်စင် ရှိနေသေးသောကြောင့် ဖြစ်သည်။
"ဂျိမ်း ဂျိမ်း"
"ဝီ....ဝီ"
ကြောက်မက်ဖွယ် စွမ်းအင်များ ဆယ်စက္ကန့်ကျော်ကြာ တိုက်ခတ်ပြီးနောက် ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ကမ္ဘာပျက်မတတ် စွမ်းအားများက ရိုင်းစိုင်းစွာ ရိုက်ခတ်လာကာ လူနှစ်ဦးစလုံး လွင့်စင်သွားကြသည်။
"ဖုန်းဝူချန် ၊မင်းအစွမ်းထက်သလောက် အကုန် ထုတ်သုံးလိုက်"
ပေမင်ခုံ၏ ပုံရိပ်က ကောင်းကင်ယံသို့ ပျံတက်သွားပြီး လုံးဝ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိပေ။
"ဝင်္ကပါ ဓားသိုင်းပညာ ၊နဝမ ကောင်းကင် ဝင်္ကပါ ပျက်စီးခြင်း"
ဖုန်းဝူချန်က ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်သည်နှင့် သူ၏ ခြေထောက်အောက်မှ မြေပြင်ပေါ်တွင် သွေးရောင် အခင်းအကျင်းတစ်ခု ပေါ်ထွက်လာ၏။ သူ၏ ချီနှင့် သွေးများ ဆူပွက်လာပြီး လျှို့ဝှက်ဆန်းကြယ်သော သွေးရောင် အခင်းအကျင်း ပေါ်ထွက်လာကာ ကြီးမားသော သွေးရောင် အလင်းတိုင်ကြီး တစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်။
"မြေကမ္ဘာ အဆင့် ဓားသိုင်း ၊တော်တော် ခန့်ညားတဲ့ ဓားစိတ်ဆန္ဒပဲ"
လုအိုယန်မှာ အကြီးအကျယ် တုန်လှုပ်သွားပြီး ယဲ့ကူချန်နှင့် အခြားသူများမှာလည်း တုန်လှုပ်သော မျက်နှာထားများ ဖြစ်ပေါ်လာ၏။
"ဝှစ်"
"ဝီ....ဝီ"
လေထဲမှ ပေမင်ခုံကို စူးစိုက် ကြည့်လိုက်ပြီး ဖုန်းဝူချန်က နဂါးနတ်ဘုရားဓားကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်သို့ ထိုးတက်သွားသော သွေးရောင် အလင်းတိုင်ကြီးမှာ သွေးရောင် ဓားချီအဖြစ် ပြောင်းလဲသွားပြီး ပေမင်ခုံထံသို့ ဖျက်ဆီးလိုသော အရှိန်အဝါဖြင့် ပစ်ဝင်သွားသည်။
"ဒီစွမ်းအားက မလုံလောက်သေးဘူး"
ပေမင်ခုံက မထီမဲ့မြင် ခေါင်းခါလိုက်သည်။
"ဝီ....ဝီ"
ရုတ်တရက် ပေမင်ခုံ၏ အတွင်းမှ ပိုမို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ၎င်းက ယခင်ကနှင့် လုံးဝ ကွဲပြားခြားနားသွားပြီး ပိုမို ကြမ်းတမ်းလှသည်။
"ရှေးဟောင်း စွမ်းအား"
ဖုန်းဝူချန်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။
"ပေမင်ခုံရဲ့ အရှိန်အဝါ တက်လာတယ်"
ဟု လျိုချင်းယန်က လွှတ်ခနဲ အော်ဟစ်လိုက်သည်။
"ပေမင်ခုံက ရှေးဟောင်း စွမ်းအားကို ပိုင်ဆိုင်ထားတာပဲ ၊တော်တော် မကောင်းဆိုးဝါးဆန်တဲ့ အရှိန်အဝါပဲ"
လင်ရှောင်ရှောင်၏ လှပသော မျက်နှာလေးမှာ လေးနက်သွားသည်။
ပေမင်ခုံ၏ အရှိန်အဝါမှာ မယုံနိုင်လောက်သော အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူက ထျန်းယွမ် ဘုံ သတ္တမအလွှာ၏ စွမ်းအား အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"ဒါ... ဒါ ဘယ်လို စွမ်းအားမျိုးလဲ"
ပေမင်ခုံ၏ အစွမ်းထက်သော စွမ်းအားကို ရင်ဆိုင်ရင်း လုအိုယန်၊ ယဲ့ကူချန်နှင့် အခြားသူများမှာ ကြောင်အမ်းငွားရ၏။
ဒါက ကျန့်လင်တောင်ကြားမှ ဘိုးဘေးများ၏ စွမ်းအား။
မကောင်းဆိုးဝါး ဝိညာဉ်များ၏ စွမ်းအားပင်။