အင်မော်တယ် ဝိညာဉ် ကျောက်တုံးအား ရှာဖွေခြင်း
Vol. 23 Ch. 332
~'အထီးကျန် နယ်မြေ' မှာ သီးခြား လွတ်လပ်နေသော နေရာတစ်ခု မဟုတ်ခဲ့ပေ။ ၎င်းမှာ ရှေးဟောင်းခေတ်အတွင်းက ထိပ်သီးပညာရှင်တစ်ဦးမှ ချိပ်ပိတ်ထားခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် 'အထီးကျန် နယ်မြေ' ဟု ခေါ်ဆိုနေကြသော်လည်း ၎င်းသည် ပြည်မကြီး၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပြီး အပြင်လောကနှင့် အဆက်ဖြတ် တံဆိပ်ခတ်ခံထားရခြင်းသာ ဖြစ်လေသည်။
'အထီးကျန် နယ်မြေ' သည် ရှေးဟောင်းခေတ်က စစ်မြေပြင်တစ်ခု ဖြစ်ခဲ့သည်။ အစွမ်းထက် ပုဂ္ဂိုလ်များက ဤနေရာကို ချိပ်ပိတ်ထားခဲ့ရသည့် အကြောင်းရင်းမှာ တိုက်ပွဲများက အလွန်အမင်း ရက်စက် ကြမ်းကြုတ်လွန်းပြီး သေဆုံးသူများမှာလည်း မရေမတွက်နိုင်အောင် များပြားလွန်းသောကြောင့် ဖြစ်နိုင်ပါ၏။
'အထီးကျန် နယ်မြေ' ၏ ဧရိယာမှာ အလွန်တရာ ကျယ်ပြန့်လှပြီး ဤနေရာလပ်ကြီးတစ်ခုလုံးကို ကြောက်မက်ဖွယ် ရှေးဟောင်း အရှိန်အဝါများက လွှမ်းခြုံထားသည်။ ထို့အပြင် ပြင်းထန်သော နာကျည်းမှု အရှိန်အဝါများနှင့် ယုတ်မာသော အရှိန်အဝါများကလည်း ပျံ့နှံ့နေ၏။ ထို ပြင်းထန်လှသော နာကျည်းမှု အရှိန်အဝါတို့မှာ လက်ဖြင့်ပင် စမ်းသပ်နိုင်လုနီးပါး ဖြစ်နေပြီး မြင်တွေ့ရသူတိုင်းကို ကျောရိုးထဲထိ စိမ့်တက်သွားစေသည်။
ကြီးမား ကျယ်ပြန့်လှသော ပျက်စီးယိုယွင်းနေသည့် နန်းတော် အပျက်အစီးများကို မြင်တွေ့လိုက်ရသောအခါ ဝင်ရောက်လာသည့် ကျင့်ကြံသူများမှာ ကြောင်ငေး မှင်သက်သွားကြပြီး သူတို့၏ မျက်နှာများထက်တွင် ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှု အရိပ်အယောင်များ ချက်ချင်း ယှက်သန်း ဖြစ်ပေါ်လာတော့သည်။
ဤမျှ ပြင်းထန်သော နာကျည်းမှု အရှိန်အဝါများ ရှိနေသည်ကို ထောက်ရှု၍ ထိုတိုက်ပွဲများ မည်မျှ ကြောက်မက်ဖွယ် ကောင်းခဲ့သည်ကို မည်သူမျှ စိတ်ကူးပင် မယဉ်နိုင်တော့ပေ။
အချိန်၏ ရှည်လျားသော မြစ်ရေအလျဉ်က သေဆုံးသူတို့၏ အရိုးများကို တိုက်စား ခြေဖျက်သွားနိုင်ခဲ့သော်လည်း ဤနာကျည်းမှု အရှိန်အဝါများကိုမူ ပျယ်ပျောက်သွားစေရန် မစွမ်းဆောင်နိုင်ခဲ့ပါတကား။
ကြီးမား ကျယ်ပြန့်သော အပျက်အစီးများ အလယ်တွင် အရိုးစု တစ်ခုမျှပင် မတွေ့ရတော့ပေ။
နှစ်ပေါင်းများစွာ ချိပ်ပိတ်ခံထားရသော 'အထီးကျန် နယ်မြေ' တွင် မိုးရွာသွန်းခြင်း မရှိခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်၏။ ပျက်စီးနေသော နန်းတော်များမှလွဲ၍ ကျန်ရှိနေသည်မှာ သစ်ပင် ပန်းမန်အားလုံး သေဆုံး ပျောက်ကွယ်သွားပြီ ဖြစ်သော တောင်ကတုံးများသာ ဖြစ်တော့သည်။
များစွာသော ပါရမီရှင်များမှာ ထိတ်လန့်တုန်လှုပ်သော လေသံများဖြင့် အချင်းချင်း ဆွေးနွေးနေကြသည်။
"ဒီလောက် ပြင်းထန်တဲ့ နာကျည်းမှုတွေ။ ဒီစစ်မြေပြင်မှာ လူ ဘယ်လောက်တောင် သေခဲ့ရတာလဲ။"
"အရမ်း ကြောက်ဖို့ကောင်းတာပဲ။ ဒီလောက် ကျယ်ပြန့်တဲ့ စစ်မြေပြင်ကြီး ချိပ်ပိတ်ထားခဲ့တာ မဆန်းတော့ဘူး။"
"ဒါက ငရဲဘုံကျနေတာပဲ။ ဒီလို နေရာကြီးမှာ အဲ့တုန်းက ဘယ်လို ကြီးကျယ်တဲ့ အဖြစ်အပျက်ကြီး ဖြစ်ခဲ့မလဲ ဘယ်သူ သိနိုင်မှာလဲ။"
ဖုန်းဝူချန်နှင့် အခြားသူများမှာမူ ကောင်းကင်ယံ အမြင့်၌ ပျံသန်းနေကြရာ အခြားသူများထက် ပို၍ ဝေးကွာ ကျယ်ပြန့်စွာ မြင်နိုင်ကြသည်။ တစ်ချက် ကြည့်လိုက်ရုံမျှဖြင့် တစ်ချိန်က မည်မျှပင် ကြီးကျယ်ခမ်းနားခဲ့သော နန်းတော်များ ဖြစ်စေကာမူ ယခုအခါ အပျက်အစီးများအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်ကို တွေ့မြင်နေရ၏။
မကြာမီပင် ပါရမီရှင်များစွာတို့မှာ 'အထီးကျန် နယ်မြေ' ၏ အရပ်လေးမျက်နှာသို့ အရပ်ရပ် ကွဲထွက်သွားကြပြီး တစ်ဦးချင်းစီ ကိုယ်ပိုင် ရတနာများ ရှာဖွေကြတော့သည်။ အချို့မှာ ပျက်စီးနေသော နန်းတော်များထဲတွင် ရှာဖွေရန် ရွေးချယ်ကြပြီး အချို့မှာ တောင်ကတုံးများဆီသို့ သွားကြကာ အချို့မှာမူ မည်သူမျှ မသွားသေးသော နေရာများသို့ စွန့်စား ထွက်ခွာသွားကြသည်။
"လွတ်လွတ်လပ်လပ် ရှာဖွေကြ။ ဒါပေမဲ့ 'ကောင်းကင်ဘုံ နယ်မြေ' က လူတွေကိုတော့ သွား မစော်ကားနဲ့။" ဖုန်းဝူချန်က ခံစားချက်ကင်းမဲ့စွာ မှာကြားလိုက်၏။
"ဟုတ်ကဲ့ပါ ဆေးဧကရာဇ်။" ပေတိုထျန်းယဲ့နှင့် အခြားသူများမှာ လားရာတစ်ခုကို ရွေးချယ်ကာ ထွက်ခွာသွားကြသည်။
လိန်ချင်းဖုန်းနှင့် အခြားသူများမှာလည်း သူတို့၏ လမ်းကြောင်းအသီးသီးသို့ ခွဲထွက်သွားကြ၏။
ဖုန်းဝူချန်က ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ရာ 'ကောင်းကင်ဘုံ နယ်မြေ' မှ ထိပ်သီးပညာရှင်များ မြောက်ဘက်သို့ ဦးတည်သွားသည်ကို တွေ့လိုက်ရသည်။
"ငါတို့ တောင်ဘက်ကို သွားမယ်။"
'ကောင်းကင်ဘုံ နယ်မြေ' မှ ကျင့်ကြံသူများမှာ အစွမ်းထက်လှသဖြင့် ဖုန်းဝူချန်က သူတို့နှင့် ထိပ်တိုက် မတွေ့ဆုံလိုသေးပေ။ အထူးသဖြင့် သူ၏ ဘေးတွင် လျိုချင်းယန်၊ မြောင်ချင်းချင်းနှင့် ကျန်းကျွင့်လန်တို့ ရှိနေပြီး သူတို့မှာ အစွမ်းထက်လှသည် မဟုတ်သေးသောကြောင့်တည်း။
ဖုန်းဝူချန် ကိုယ်တိုင်လည်း ထျန်းယွမ် ဘုံ ပဉ္စမလွှာ သို့မဟုတ် ထို့ထက် မြင့်သော ကျင့်ကြံသူ ငါးယောက် ခြောက်ယောက်ကို တစ်ဦးတည်း ရင်ဆိုင်ရန် ယုံကြည်မှု မရှိသေးပေ။
အခြားတစ်ဖက်တွင်လည်း သူက ပေမင်ခုံနှင့် မုရုန်ထျန်းတို့ကိုလည်း သတိထား စောင့်ကြည့်နေရဦးမည် ဖြစ်သည်။
လူတိုင်း အရပ်ရပ် ကွဲသွားပြီးနောက် ပေမင်ခုံနှင့် မုရုန်ထျန်းတို့မှာ ဘွားခနဲ ပေါ်ထွက်လာကြသည်။
"အခင်းအကျင်းက အဆင်သင့် ဖြစ်ပြီ။ ငါ ကိုယ်ပွားတစ်ခုကိုလည်း ချန်ထားခဲ့တယ်။ ညီအစ်ကို မုရုန် ၊မင်း အစီအစဉ်ကို ပြော။" ပေမင်ခုံက မုရုန်ထျန်းကို ကြည့်ရင်း ပြောလေ၏။
မုရုန်ထျန်းက ခေါင်းခါလိုက်၏။ "ငါ့အစီအစဉ်က ပျက်သွားပြီ။ မင်း အစီအစဉ်ကိုပဲ ပြော။ မင်း 'အထီးကျန် နယ်မြေ' ရဲ့ တံခါးဝမှာ အခင်းအကျင်း ချထားခဲ့တာ ဒါ လုံခြုံအောင်လို့ပဲတော့ မဟုတ်ဘူးမလား။"
"ဟုတ်တယ်။ ငါတို့က ဖုန်းဝူချန်ရဲ့ သိုင်းပညာတွေကိုပဲ ပစ်မှတ်ထားတာ မဟုတ်ဘူး။ 'ကောင်းကင်ဘုံ နယ်မြေ' က ပါရမီရှင်တွေရဲ့ ရတနာတွေကိုပါ ယူမှာ။ ငါ့မှာ နည်းလမ်းတွေ ရှိပါတယ်။ လာ… 'ကောင်းကင်ဘုံ နယ်မြေ' က လူတွေနောက်ကို လိုက်ကြစို့။" ပေမင်ခုံက နားမလည်နိုင်သော အပြုံးဖြင့် ဆိုလိုက်သည်။
ထိုနှစ်ဦးမှာ သူတို့၏ တည်ရှိမှုကို အနည်းငယ် ဖုံးကွယ်လိုက်ပြီး 'ကောင်းကင်ဘုံ နယ်မြေ' မှ ပါရမီရှင်များ သွားရာ လားရာဘက်သို့ ပျံသန်းသွားကြတော့သည်။
"နက်နဲခြင်းအဆင့် အဆင့်မြင့် ကျင့်ကြံခြင်း ပညာရပ်။ ငါ ငါ နက်နဲခြင်းအဆင့် အဆင့်မြင့် ပညာရပ်ကို တွေ့ပြီ။"
"ဒီပညာရပ်ကို ငါ အရင် တွေ့တာ။ ချထားလိုက်စမ်း။"
"ငါ့ကို ပေး။ မသေချင်ရင်။"
"ဟွန့်။ ငါ အရင် တွေ့တာ ဒါ ငါ့အပိုင်ပဲ။ ဘာလဲ မင်းက ရတနာအတွက် လူသတ်မလို့လား။"
"သတ်တော့ ဘာဖြစ်လဲ။ လာစမ်း။"
တစ်ခဏလေးအတွင်းမှာပင် လူတစ်စုမှာ နက်နဲခြင်းအဆင့် အဆင့်မြင့် ကျင့်ကြံခြင်း ပညာရပ်တစ်ခုအတွက် အသက်လု တိုက်ခိုက်နေကြလေပြီ။
"ပဉ္စမ အဆင့် ဆေးလုံးတွေ။ ဆယ့်သုံးလုံးတောင်။ ဟား ဟား။"
"အစ်ကိုကြီး။ ဒီမှာ အဆင့်နိမ့် ဝိညာဉ်လက်နက် တစ်ခု။"
"ကံကောင်းလိုက်တာ။ ဟား ဟား။ မြန်မြန် သိမ်းထား။"
"အား…အစ်ကိုကြီး။ ကျွန်တော့်ကို ကယ်ပါဦး။ ကျွန်တော် အခင်းအကျင်းတစ်ခုထဲမှာ ပိတ်မိနေတယ်။"
"အစ်ကိုကြီး ကျွန်တော်လည်း လှုပ်လို့ မရတော့ဘူး။ ကယ်ပါဦး။ အား..ဒီအခင်းအကျင်းက ကျွန်တော့် စွမ်းအားတွေကို စုပ်ယူနေတယ်။"
အရပ်ရပ် ကွဲထွက်သွားသော ကျင့်ကြံသူများထဲတွင် ကံကောင်းသူများမှာ ရတနာများ တွေ့ရှိကြပြီး သူတို့၏ မျက်နှာများမှာ ဝမ်းမြောက်မှုများဖြင့် တောက်ပနေကြသည်။
ကံမကောင်းသူများမှာမူ ရတနာများက သူတို့ကို တမင် ပုန်းရှောင်နေသည့်အလား မည်မျှပင် ကြိုးစား ရှာဖွေစေကာမူ ဘာတစ်ခုမျှ မတွေ့ရှိခဲ့ကြပေ။
ထို့နောက် ရတနာများအတွက် အချင်းချင်း တိုက်ခိုက် သတ်ဖြတ်သူများလည်း ရှိနေပြီး လုယက်မှုအတွက် လူသတ်ခြင်းမှာ ဤနေရာ၌ သာမန် အဖြစ်အပျက်တစ်ခုမျှသာ ဖြစ်သည်။
ဤ 'အထီးကျန် နယ်မြေ' တွင် အသတ်ခံရပါက မည်သူ သတ်သွားသည်ကို မည်သူမျှ သိနိုင်မည် မဟုတ်သဖြင့် လက်စားချေရန် မဖြစ်နိုင်ပေ။ ပါးရည်နပ်ရည် ရှိသူများမှာမူ ရတနာများ တွေ့ရှိလျှင်ပင် ဘာမှ မတွေ့သည့်အလား ဟန်ဆောင်ကြပြီး ပြဿနာ ရှောင်ရှားရန်အတွက် အခြားသူများ မမြင်အောင် သူတို့၏ သိုလှောင်လက်စွပ်ထဲသို့ ချက်ချင်း ထည့်သွင်း သိမ်းဆည်းလိုက်ကြသည်။
ထို့အပြင် ကြောက်မက်ဖွယ် အခင်းအကျင်းများတွင် ပိတ်မိသူများ ယောင်မှား အခင်းအကျင်းများထဲသို့ ဝင်ရောက်မိသူများ စသဖြင့် ဒုက္ခကြုံတွေ့ရသူများလည်း ရှိနေ၏။
ဤနေရာသည် ရတနာများဖြင့် ပြည့်နှက်နေသည်ဟု ဆိုသော်လည်း အန္တရာယ်များဖြင့်လည်း ပြည့်နှက်နေပြီး အသက် ဆုံးရှုံးနိုင်သည့် အန္တရာယ်မှာ အခိုက်အတန့်တိုင်းတွင် ရှိနေလေသည်။
ယခု ဖုန်းဝူချန်တို့ ဘက်ကို ကြည့်လိုက်ပါဦး။ ဖုန်းဝူချန်နှင့် သူ၏ အဖော် လေးဦးမှာ ကျောက်တုံးများသာ ရှိသော တောင်ကတုံး တစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။
"အစ်ကိုဖုန်း ကျွန်တော်တို့ ဒီမှာ ဘာလုပ်နေတာလဲ။ ဘာမှလည်း မရှိဘဲနဲ့။ တခြားလူတွေ ရတနာတွေ တွေ့နေတာ ကြည့်ပြီး မနာလိုတောင် ဖြစ်လာပြီ။" လျိုချင်းယန်က စိတ်မရှည်စွာ ဆိုလိုက်သည်။
"ဒီနေရာ ဖြစ်သင့်တယ်။" ဖုန်းဝူချန်က ခံစားချက်ကင်းမဲ့စွာ ရေရွတ်ရင်း သူ၏ အကြည့်များက တောင်အောက်သို့ ဝေ့ကြည့်လိုက်၏။
"မြေပုံပေါ်က အမှတ်အသားအရဆိုရင်တော့ မှန်ပါတယ်။ တောင်အောက်မှာပဲ။" ကျန်းကျွင့်လန်က ခေါင်းညိတ်သည်။
"အစ်ကိုဖုန်းတို့ ဘာရှာနေတာလဲ။" မြောင်ချင်းချင်းက စပ်စုစွာ မေးလိုက်၏။
"အင်မော်တယ် ဝိညာဉ် ကျောက်တုံးတွေ။" ကျန်းကျွင့်လန်က ပြောလေ၏။
"အင်မော်တယ် လက်နက်တွေ သန့်စင်ဖို့ လိုအပ်တဲ့ ပစ္စည်းပဲ။"
"အင်မော်တယ် လက်နက် သန့်စင်ဖို့။" လျိုချင်းယန်၏ မျက်နှာအမူအရာ သိသိသာသာ လှုပ်ခါသွားပြီး သူ၏ မျက်လုံးများ အရောင်တောက်လာသည်။
"ဟုတ်တယ်။ လွန်ခဲ့တဲ့ အချိန်အကြာကြီးက ကျန်းမိသားစုက တစ်ယောက် ဒီထဲ ဝင်လာခဲ့ပြီး မြေပုံတစ်ခု ဆွဲသွားခဲ့တယ်။ ငါ့ရဲ့ အဓိက ရည်ရွယ်ချက်က ဒီတစ်ခါ အင်မော်တယ် ဝိညာဉ် ကျောက်တုံးတွေ အတွက်ပဲ။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ ငါ့အဖေလည်း အင်မော်တယ် လက်နက်ကို သန့်စင်ဖို့ ကျရှုံးခဲ့တယ်။" ကျန်းကျွင့်လန်က ရှင်းပြ၏။
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး "အင်မော်တယ် လက်နက်တွေ သန့်စင်ဖို့က အဲ့လောက် မလွယ်ကူဘူး။ ပစ္စည်းအမျိုးအစားတိုင်းရဲ့ ပမာဏကို အတိအကျ သတ်မှတ်ရတယ်။ ဝိညာဉ်လက်နက်တွေ သန့်စင်တာနဲ့ မတူဘူး။" ဟု ပြောပြလေ၏။
"ဆရာ ပြောတာ မှန်ပါတယ်။" ကျန်းကျွင့်လန်က ထပ်ပြောသည်။ "ဒါ့အပြင် မြေပုံထဲမှာ တခြား ရတနာတချို့ရဲ့ နေရာကိုလည်း မှတ်သားထားသေးတယ်။ အခု အင်မော်တယ် ဝိညာဉ် ကျောက်တုံးတွေရဲ့ နေရာက ဒီတောင်ဘက်မှာပဲ။"
လျိုချင်းယန်က နှုတ်ခမ်းများ လှုပ်ရွလျက် မေးသည်။
"တခြား ဘာ ရတနာတွေ ရှိသေးလဲ။"
"ဘာပဲဖြစ်ဖြစ် ပစ္စည်းကောင်းတွေချည်းပဲ။" ကျန်းကျွင့်လန်က နားမလည်နိုင်အောင် ပြုံးလိုက်သည်။
ထိုစကားကြောင့် လျိုချင်းယန်တစ်ယောက် မျက်လုံး လှန်လိုက်မိတော့သည်။
"သြော်။" မြောင်ချင်းချင်းက ခေါင်းညိတ်လိုက်၏။
"အင်မော်တယ် လက်နက်တွေ သန့်စင်ဖို့ အင်မော်တယ် ဝိညာဉ် ကျောက်တုံးတွေက မရှိမဖြစ် လိုအပ်တယ်။ ငါတို့ ရှာတွေ့ဖို့ မျှော်လင့်ရတာပဲ။ ကဲ ဆင်းကြည့်ကြစို့။" ဖုန်းဝူချန်က ဦးဆောင်ကာ ပထမဆုံး အောက်သို့ ထိုးဆင်းသွားပြီး လင်ရှောင်ရှောင်နှင့် အခြားသူများမှာလည်း အနီးကပ် လိုက်ပါသွားကြတော့သည်။
အင်မော်တယ် လက်နက်များ သန့်စင်ရန် အဓိက ပစ္စည်းများမှာ မယုံနိုင်လောက်အောင် အဖိုးတန်သည်မှာ သေချာပါ၏။
‘နတ်ဆိုး နဂါးနတ်ဘုရား' ၏ ပြိုင်ဘက်ကင်းသော လက်နက်သန့်စင်ခြင်း ဘုံနှင့်ဆိုလျှင် အင်မော်တယ် လက်နက်တစ်ခုကို သန့်စင်ရန်မှာ လုံးဝ ပြဿနာ မရှိပေ။ ပြဿနာမှာ ပစ္စည်းများသာ ဖြစ်သည်။
တောင်ထွတ်၏ အောက်ဘက်တွင် အနည်းငယ် မှောင်မိုက်နေသော်လည်း ရှင်းရှင်းလင်းလင်း မြင်နိုင်သေး၏။
"ပတ်ပတ်လည်မှာ ရှာကြည့်ကြစို့။" ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့မှာ လူခွဲလိုက်ကြပြီး စတင် ရှာဖွေကြတော့သည်။
သို့သော် သူတို့ကို စိတ်ပျက်စေသည်မှာ တောင်အောက်တွင် အင်မော်တယ် ဝိညာဉ် ကျောက်တုံးများ မရှိခြင်းပင် ဖြစ်သည်။
"အစ်ကိုဖုန်း.. မြေပုံက မှားနေတာများလားဟင်။ ဒီမှာ ဘာမှ မရှိဘူး။" မြောင်ချင်းချင်းက မေးလိုက်၏။
ကျန်းကျွင့်လန်မှာလည်း စိတ်ပျက်ဟန် ပေါ်လာပြီး "မမှားသင့်ပါဘူး။ ဒါမှမဟုတ် တစ်စုံတစ်ယောက်က နောက်ဆုံးတစ်ခါ ဖွင့်တုန်းက ယူသွားတာလည်း ဖြစ်နိုင်တယ်။" ဟု ပြောလေ၏။
"အင်မော်တယ် ဝိညာဉ် ကျောက်တုံးတွေက ကောင်းကင်နဲ့ မြေကြီးက မွေးဖွားပေးတာ။ ဒီမှာ ဒီလောက် ပြင်းထန်တဲ့ နာကျည်းမှု အရှိန်အဝါတွေ ရှိနေမှတော့ ယူသွားခဲ့ရင်တောင် ပြန်လည် မွေးဖွားလာမှာပဲ။ ကျန်နေတဲ့ အင်မော်တယ် ဝိညာဉ် ကျောက်တုံးတွေ ရှိနေရမယ်။ သေချာ ရှာကြ။" ဖုန်းဝူချန်က ခိုင်မာစွာ ဆို၏။
"ဟင်။ ဒါ"။ တောင်ခြေရင်း အကွေ့တစ်နေရာတွင် လျိုချင်းယန်က တစ်စုံတစ်ခုကို တွေ့ရှိသွားသည့်အလား ရုတ်တရက် အံ့ဩတကြီး အော်ဟစ်လိုက်သည်။
"အစ်ကိုလျို.. ဘာတွေ့ ..အား..အစ်ကိုဖုန်း"
မြောင်ချင်းချင်းက အလျင်အမြန် လှည့်ကြည့်လိုက်၏။ ထို တစ်ချက် လှည့်ကြည့်လိုက်မှုက သူမအား ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုကို တွေ့မြင်သွားစေသည်။
လျိုချင်းယန်အား ကျောက်တုံးကြီးက ဝါးမြိုနေသည်ကို မြောင်ချင်းချင်းတစ်ယောက် ထိတ်လန့်တကြား မြင်တွေ့လိုက်ရသည်။ သူမ သတိပြုမိပြီး ဖုန်းဝူချန်ကို အော်ခေါ်လိုက်သည့် အချိန်တွင် သူမကိုယ်တိုင်လည်း ဝါးမြိုခြင်း ခံလိုက်ရလေပြီ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနှစ်ယောက်လုံး ပျောက်ကွယ်သွားကြ၏။
"ချင်းယန်။ ချင်းချင်း။" ဖုန်းဝူချန်၏ မျက်နှာအမူအရာ ကွက်ခနဲ ပျက်သွားပြီး ထိုနေရာသို့ ချက်ချင်း ဒရောသောပါး ပြေးထွက်သွားသည်။
"ဒုက္ခပဲ။" ကျန်းကျွင့်လန်နှင့် လင်ရှောင်ရှောင်တို့မှာလည်း အလျင်အမြန် တိုးကပ်လိုက်ကြ၏။
သို့သော် ဖုန်းဝူချန်နှင့် အခြားသူများ ချဉ်းကပ်သွားသောအခါ ကျောက်တုံးကြီးမှာ မည်သည့် တုံ့ပြန်မှုမျှ မပြပေ။
ဖုန်းဝူချန်က သူ၏ မြေဓာတ် အစစ်အမှန် ယွမ်စွမ်းအင်ကို အလျင်အမြန် ထုတ်လွှတ်ကာ ကျောက်တုံးကို ထိုးဖောက် ဝင်ရောက်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ အံ့အားသင့်သွားသည်မှာ သူ ထိုးဖောက်၍ မရခြင်းပင် ဖြစ်သည်။
"အဟန့်အတားတစ်ခု။" ဖုန်းဝူချန်က ဟစ်အော်လိုက်သည်။ ကျောက်တုံးအတွင်း၌ အစွမ်းထက်သော အဟန့်အတားတစ်ခု ရှိနေသည်ကို သူ သဘောပေါက်လိုက်၏။
"အဟန့်အတား။" ကျန်းကျွင့်လန်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး သူက သူ၏ အစစ်အမှန် ယွမ်စွမ်းအင်ကို အတင်း ထုတ်လွှတ်ကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
"ခဏစောင့်ဦး။" ဖုန်းဝူချန်က သူ့ကို အလျင်အမြန် တားဆီးရန် ကြိုးစားလိုက်သော်လည်း နောက်ကျသွားခဲ့ပြီ။
"ဘုန်း။"
"ဝေါ့။"
ကျန်းကျွင့်လန်၏ လက်ဝါးက ကျောက်တုံးကို ရိုက်ခတ်မိရာ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။ သူ၏ မျက်နှာ ချက်ချင်း ရှုံ့မဲ့သွားပြီး သွေးများ ဝေါ့ခနဲ အန်ချလိုက်ရကာ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်စင်သွား၏။
"ကြောက်စရာကောင်းတဲ့ အဟန့်အတားပဲ။" ကျန်းကျွင့်လန်တစ်ယောက် တုန်လှုပ်သွားသည်။
"ချင်းယန်။ ချင်းချင်း။" ဖုန်းဝူချန်က စိုးရိမ်တကြီး အော်ခေါ်လိုက်သည်။
"ချင်းချင်း ငါတို့ ပြောတာ ကြားလား။" လင်ရှောင်ရှောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ကျောက်တုံးထံမှ မည်သည့် တုံ့ပြန်မှုမှ ထွက်ပေါ်မလာသဖြင့် ဖုန်းဝူချန် ပို၍ပင် စိုးရိမ်လာတော့သည်။
မိနစ်အနည်းငယ် ကြာသောအခါ ကျောက်တုံး အတွင်းမှ လျိုချင်းယန်၏ ထိတ်လန့်တကြား အော်ဟစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
"အစ်..အစ်ကိုဖုန်း.. ဒီမှာ လူတွေ.. လူ အရှင်တွေ ရှိတယ်။"
"ချင်းယန်။ ချင်းချင်း။ မင်းတို့ နှစ်ယောက် ဘယ်လိုနေလဲ။" လျိုချင်းယန်၏ အသံကို ကြားသောအခါ ဖုန်းဝူချန်တစ်ယောက် အလွန် ဝမ်းသာသွားပြီး အလျင်အမြန် မေးလိုက်သည်။
"လူ အရှင်တွေ။" ကျန်းကျွင့်လန်၏ မျက်နှာ မသိမသာ ပြောင်းလဲသွားပြီး သူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ကျောက်တုံး အတွင်းထဲတွင် လူ အရှင်များ ရှိနေသည်တဲ့။ 'အထီးကျန် နယ်မြေ' ထဲတွင်…။
'အထီးကျန် နယ်မြေ' မှာ ရှေးဟောင်းခေတ်မှ ယခုအချိန်အထိ နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ပြီး ဖြစ်သည်။ သို့တိုင် အတွင်းထဲတွင် လူများ အသက်ရှင်လျက် ရှိနေသေးပါတကား။