သိုင်းကွက်များကို ပေါင်းစပ်ခြင်း
Vol. 1 Ch. 238
ကျန်းရီသည် မသေဘဲ အသက်ရှင် ခဲ့သော်လည်း စိတ်အခြေအနေ လုံးဝမကောင်းပေ။
"ဒီမှာ မရှိဘူး...ဒီမှာလည်း မဟုတ်ဘူး...ဘယ်မှာမှ မရှိဘူးလား"
ကျန်းရီသည် ရှားနိုင်ငံ မြောက်ဘက်ပိုင်းရှိ မြေအောက် ကီလိုမီတာ သုံးဆယ် အကွာတွင် ရောက်နေသည်။ ဟွမ်ကြီးသည် မြေကွက်လပ် ကျယ်ကျယ် တူးပေးထား၍ သေတ္တာ အလုံးနှစ်ဆယ်လုံးကို ကျန်းရီ ဖွင့်ချ ထားလိုက်သည်။ သူသည် ရတနာများကို လက်ဖြင့် ဆွဲဖယ် ပစ်နေလေရာ တလက်လက် တောက်ပနေသော ရတနာများမှာ မြေပြင်တွင် ပြန့်ကျဲ နေတော့သည်။ သေတ္တာ တစ်ခုချင်းစီကို သုံးလေးကြိမ်မက မွှေနောက် ရှာပြီးပြီ ဖြစ်သော် စိတ်ဝိညာဉ် အားဖြည့်ဆေးပင်၏ အရိပ်တောင် သူမတွေ့မိပေ။
ဝိညာဉ် ပျက်သုဉ်း တောင်ကြားအတွင်း လုယက်စဉ်က သူ့အသက်ကို ရင်းထားခဲ့ရသည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် ပဉ္စမအဆင့်များ ဝင်ရောက် မတိုက်ခိုက်သည်မှာ ကံကောင်း သွားခဲ့သည်။ ထိုက်ရှစ်ကျန်းနှင့် မိန်းမစိုးအိုကြီး ဝင်တိုက်လျှင် ကျန်းရီလုံးဝ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ရတနာတစ်ပုံ တစ်ပင်ကြီးကို လုနိုင်လိုက်သည့်အပြင် အောင်အောင်မြင်မြင်လည်း ထွက်ပြေး လာနိုင်သေးရာ ကျန်းရီ မည်မျှ စိတ်လှုပ်ရှားနေမည်ကို ပြောစရာပင် မလိုပါချေ။ သို့သော် ထိုရတနာများ ကြားတွင် စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို မတွေ့ဘဲ ဖြစ်လိမ့်မည်ဟု မည်သူက သိထားပါမည်နည်း။
ရတနာ သေတ္တာများထဲတွင် တန်ဖိုးကြီး ပစ္စည်းများစွာ ပါနေလေသည်။ ကောင်းကင် အဆင့် ရတနာလေးခု၊ ရှေးဟောင်း ပန်းချီကားများ၊ အဖိုးတန် ကျောက်မျက်များ၊ အဆင့်မြင့် ဆေးလုံးများ၊ ဆေးပင်များ...စသဖြင့် ရတနာမျိုးစုံ ပါဝင်လေသည်။ ချမ်ဝမ်ကွမ် စိတ်ဝိညာဉ် အားဖြည့် ဆေးပင်ပုံကို ပြခဲ့ဖူးရာ ဤရတနာများထဲတွင် ပါမလာကြောင်း ကျန်းရီ သေချာ ပြောနိုင်လေသည်။
"စိတ်ဝိညာဉ် အားဖြည့် ဆေးပင်က လက်ဖွဲ့ ပစ္စည်းတွေထဲမှာ မပါတာများလား"
ကျန်းရီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သံသယ ဝင်လာခဲ့သည်။ သို့သော် ထိုအတွေးကို သူအလျင်အမြန် ဖယ်ထုတ် လိုက်သည်။ ရှားဝူဟွေ့ စိတ်ဝိညာဉ် အားဖြည့် ဆေးပင်ကို တောင်းလျှင် လက်ဖွဲ့ ပစ္စည်းများထဲ၌သာ ထည့်စရာ အကြောင်းရှိသည်။ မဟုတ်ပါက ကျန်းပိုင်လီကို သူတို့မည်သို့ ရှင်းပြမည်နည်း။
"ရှားဝူဟွေ့ "
ကျန်းရီသည် အလျင်အမြန် နားလည် သွားခဲ့သည်။ အိမ်ရှေ့စံ တစ်ယောက် အနေနှင့် ရှားဝူဟွေ့တွင် ရှေးဟောင်း နတ်ဘုရား လက်စွပ်တစ်ကွင်းတော့ ရှိမည်သာ၊ ဤရတနာ သေတ္တာများထဲတွင် ပစ္စည်းပေါင်းများစွာ ပါသော်လည်း ရှားပါးရတနာများ တစ်ခုမှ မပါပေ။ အိမ်ရှေ့စံတစ်ပါး ကြင်ယာတော် တစ်ယောက်ကို လက်ထပ်သည့် အခါ အထူးသဖြင့် သတို့သမီးသည် အခြားနိုင်ငံမှ မင်းသမီးတစ်ပါး ဖြစ်နေသည့်အခါ သင့်တင့် လျောက်ပတ်သော လက်ဖွဲ့ပစ္စည်း တစ်ခုနှစ်ခုတော့ ပါလိမ့်မည်သာ။ စိတ်ဝိညာဉ် အားဖြည့် ဆေးပင်နှင့် အခြား အဖိုးအတန်ဆုံးသော ရတနာများမှာ ရှားဝူဟွေ့၏ ကိုယ်ပေါ်တွင် ရှိရပေမည်။
"ငါအခု ဘာလုပ်သင့်လဲ"
ကျန်းရီသည် ဘေးကြပ်နံကြပ် ဖြစ်နေခဲ့သည်။ သူဤရတနာများကို လုလာစဉ်အခါက စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ပဉ္စမအဆင့်နှင့် အထက်များမှာ ရှားဝူဟွေ့၏ လုံခြုံမှုကြောင့် ထွက်မလာခဲ့ခြင်း ဖြစ်နိုင်သည်။ စိတ်ဝိညာဉ် အားဖြည့် ဆေးပင်အတွက် ရှားဝူဟွေ့ကို သူသတ်လိုက်ပါက ထိုလူများသည်လည်း အသက်ကိုရင်း၍ သူ့ကို သတ်ကြလိမ့်မည်။ သူတို့ အနည်းငယ် လစ်ဟင်း သွား၍ ရှားဝူဟွေ့ကို သူသတ်နိုင်လျှင်တောင် သူ့အသက်ကို ဆုံးရှုံး ရမည်မှာလည်း သေချာသလောက် ရှိလေသည်။
ထို့ပြင် ရှန်ဝူနိုင်ငံတွင် အုတ်အော် သောင်းတင်း ဖြစ်နေလေရာ ရှားထင်ဝေ့သည် ရှားဝူဟွေ့ကို ကာကွယ်ရန် စစ်သည်များ ထပ်စေလွှတ် လောက်သည်။ ရှားဝူဟွေ့၏ အနီးသို့ ကပ်ရန်ပင် မဖြစ်နိုင်လောက်ချေ။
"ထားလိုက်တော့... ငါကမ္ဘာ့မီးလျှံတွေ ထပ်သွားယူပြီး နောက်ထပ် အခွင့်အရေးကို ရှာရမယ်"
ကျန်းရီသည် သူစခဲ့သော ကိစ္စရပ်များကို လမ်းခုလတ် ရောက်မှ ရပ်မပစ်နိုင်တော့ပေ။ စိတ်ဝိညာဉ် အားဖြည့် ဆေးပင်ကို သူရနိုင်သရွေ့ မည်မျှပင် ပေးဆပ်ရပါစေ သူလုပ်မည် ဖြစ်သည်။
ကျန်းရီသည် ကောင်းကင်အဆင့် ဆေဘာ ဓားရှည်တစ်ချောင်းကို ကောက်ကိုင်ကာ သေချာ ကြည့်လိုက်သည်။ သူသည် သူ့စိတ်ဝိညာဉ်နှင့် ပေါင်းစည်းကြည့်ရန် တစ်နာရီကြာ ကြိုးစား ကြည့်လိုက်သည်။ သို့သော် အချိန်တိုအတွင်း ပေါင်းစည်းရန်မှာ မဖြစ်နိုင်ကြောင်း သတိပြုမိ လိုက်သည်။ ထို့ကြောင့် သူသည် ထိုအကြောင်းကို မတွေးတော့ဘဲ ရတနာ အားလုံးကို သေတ္တာများထဲ ပြန်ထည့်လိုက်ပြီး မီးဝိညာဉ်ပုလဲ သိမ်းဆည်း လိုက်သည်။
"ကျင့်ကြံမယ်"
ကျန်းရီသည် တင်ပျဉ်ချိတ်ထိုင်၍ လေးနာရီကြာ ကျင့်ကြံလိုက်ပြီး ကုန်ဆုံးသွားသော အတွင်းအားများကို ပြန်လည် ဖြည့်တင်းလိုက်သည်။ ထို့နောက် မတ်တတ် ထရပ်ကာ အော်လိုက်သည်။
"ဟွမ်ကြီး"
"ဘွတ်အဲ...ဘွတ်အဲ"
ဥမင်ထဲတွင် သားရဲကြီး တစ်ကောင် ပေါ်ထွက်လာပြီး ကျန်းရီသည် သားရဲကြီး၏ ကျောထက် ခုန်တက် လိုက်သည်။ သူသည် ဟွမ်ကြီးကို ထိန်းချုပ်၍ ဟွာယွင်တောင်ထံ ဦးတည်လိုက်သည်။ သူ ဟွာယွင်တောင်ကို နောက်ဆုံး သွားခဲ့သော အချိန်နှင့် ရက်အနည်းငယ် ခြားသွားပြီ ဖြစ်ရာ ကင်းထောက်များ၏ ထောက်လှမ်းခြင်း အမှုလည်း ပြီးဆုံး သွားလောက်ပေပြီ။ ထို့ပြင် ဝိညာဉ် ပျက်သုဉ်းတောင်ကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရာ ကင်းထောက်များ ရှိနေသေးလျှင်ပင် ထိုနေရာသို့ ရောက်သွား ကြလောက်ပေပြီ။
ဝိညာဉ် ပျက်သုဉ်းတောင်ကြားမှ တိုက်ပွဲသည် ခဏသာ ကြာမြင့်ခဲ့သော်လည်း ကမ္ဘာ့မီးလျှံများကို တိုက်ခိုက်ရန် အတွက်ရော ခုခံရန်အတွက်ပါ သူသုံးခဲ့သောကြောင့် သုံးပုံတစ်ပုံခန့် ကုန်သွားခဲ့လေပြီ။ သူ့တွင် ကမ္ဘာ့မီးလျှံများ အလျှံအပယ် ရှိနေလျှင် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အမြင့်ဆုံး အဆင့်များပင် သူ့အား သတ်ရန် ခက်ခဲသွားပြီ ဖြစ်သည်။
သို့သော် ကမ္ဘာ့မီးလျှံများ အလျှံအပယ် ရနိုင်သော်လည်း မီးဝိညာဉ်ပုလဲ အတွင်းမှ နေရာသည် အကန့်အသတ် ရှိသေးသည်။ ကျန်းရီ ကမ္ဘာ့မီးလျှံများ အပြည့် ထည့်ထားလျှင်တောင် ကြာရှည် သုံးရန် မလုံလောက်ပေ။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် ရာချီက ဝိုင်းဝန်းတိုက်ခိုက်လျှင် စက္ကန့်ပိုင်း အတွင်း သူသေသွားလိမ့်မည်။
ကျန်းရီသည် ဟွမ်ကြီးကို မြေအောက် ဆယ်ကီလိုမီတာ အနက်သို့ ထပ်တူးကာ သွားခိုင်းလိုက်သည်။ ကျန်းရီသည် အောက်တွင် မြေဆွဲအားနှင့် လေဖိအားကြောင့် မသက်မသာ ခံစားနေရသော်လည်း ဘေးကင်းမှုအတွက် သတိထားသည်က အကောင်းဆုံး ဖြစ်သည်။
ယခုအခါတွင် သူသည် ဝိညာဉ်ပျက်သုဉ်း တောင်ကြား၏ တောင်ဘက် အရပ်တွင် ရှိနေပြီး သူ့နေရာ၊ ဝိညာဉ် ပျက်သုဉ်းတောင်ကြားနှင့် ဟွာယွင်တောင်တို့သည် တြိဂံပုံ ဖြစ်နေလေသည်။ ဤနေရာမှ ဟွာယွင်တောင်သည် အရမ်းမဝေးသော်လည်း ဟွမ်ကြီး၏ အမြန်နှုန်းနှင့် ဆိုလျှင် ဟွာယွင် တောင်နယ်မြေသို့ နေ့တစ်ဝက် အတွင်း သူရောက်သွား နိုင်သည်။
ကျန်းရီသည် မြေပြင်ပေါ် အရမ်းကာရော တက်မသွားပေ။ သူသည် ဟွမ်ကြီးကို ထိန်းချုပ်၍ အထက်သို့ ဖြည်းဖြည်းချင်း တက်သွားစေသည်။ ထို့နောက် မြေပြင် မလှမ်းမကမ်း အကွာတွင် ဟွမ်ကြီးကို ပြေးခိုင်း၍ ခရီးဆက်ရင်း ရန်သူအခြေအနေကို နားစွင့်သည်။ သူသည် အသံကြားရလျှင် အနက်ရောင် အတွင်းအားကို နားဆီသို့ ပို့၍ သေချာ စစ်ဆေးသည်။
အနက်ရောင် အတွင်းအား အကူအညီနှင့်ဆိုလျှင် လေတိုက်၍ မြက်ပင်လေးများ လှုပ်ခတ် သွားသည်မှ အစ အသံအားလုံးကို သူသေချာ ကြားနေရလေသည်။
အချိန်အတော် ကြာအောင် နားထောင်ပြီး မြေပြင်ပေါ်တွင် ဘယ်သူမှ မရှိကြောင်း သေချာသွားသည့် အခါ သူသည် ကိုယ်ပေါ်မှ သံချပ်ကာကို အလျင်အမြန် ချွတ်၍ ညသူခိုးကဲ့သို့ ဆင်ယင်လိုက်ပြီး မြေပြင်ပေါ် တက်သွားလိုက်သည်။
ကောင်းကင်တွင် မှောင်ရီပျိုးနေပြီ ဖြစ်သော်လည်း အနက်ရောင် အတွင်းအားဖြင့် အမြင်အာရုံကို တိုးမြှင့် ထားသောကြောင့် ကျန်းရီသည် အရာရာကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူသည် ဟွာယွင်တောင်ထံ ခိုးကြောင် ခိုးဝှက်ဖြင့် ဆက်သွားလိုက်သည်။
"တစ်ယောက်ယောက် ရှိနေတယ်"
ကျန်းရီသည် ရှေ့မှ လေသံတိုးတိုးအား ကြားလိုက်သည်နှင့် အနီးရှိ ခြုံထဲ ချက်ချင်း ဝင်ပုန်းလိုက်သည်။
"ရှပ်...ရှပ်...ရှပ်"
ထင်ထားသည့်အတိုင်း လူနှစ်ယောက်သည် သူရှိရာဘက်သို့ ဦးတည် လာနေကြသည်။ သူတို့၏ လှုပ်ရှားဟန်များအရ ခရမ်းရောင် နန်းတော်ရှင် အဆင့်များ ဖြစ်သည်မှာ သေချာသည်။
"အမ်"
ကျန်းရီ ခြုံထဲတွင် ပုန်းနေသော်လည်း သူတို့ မြင်သွားခဲ့ကြသည်။ ထိုသူများသည် အဆင့်မြင့် ကင်းထောက်များ ဖြစ်သည်မှာ ထင်ရှားသည်။ သူတို့သည် 'ကူ..ကူ' ဟူသော အသံများပြုရင်း အရှိန်ပိုမြှင့်၍ ကျန်းရီဆီ ပြေးလာကြလေသည်။
"ဘာအဓိပ္ပာယ်လဲ"
ကျန်းရီသည် ထိုကင်းထောက်များ မည်သို့ အချက်ပေးသည်ကို မသိသော်လည်း 'ကူ...ကူ' ဟု ပြန်အော်ပေးလိုက်သည်။
"သတ်"
ကျန်းရီ အော်လိုက်ခါမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ထုတ်ဖော်လာမည်ဟု သူမမျှော်လင့်ထားမိပေ။
"အိပ်မက်ထဲမှာပဲ သတ်နေလိုက်"
တစ်ဖက်မှ စတိုက်ခိုက်လာပြီဖြစ်ရာ ကျန်းရီ ငြိမ်မနေတော့ပေ။ သူသည် အနက်ရောင် ဓားရှည်ကို ကိုင်၍ လေထဲသို့ ခုန်တက်ကာ ထိုနှစ်ယောက်ကို ဓားဖြင့် ပိုင်းချလိုက်သည်။
သူသည် မီးနဂါးဓားနှင့် ကမ္ဘာ့မီးလျှံများကိုတော့ မသုံးရဲပေ။ အနီးအနားတွင် အခြားသူများ ရှိနေပါကလည်း သူ့ဇာစ်မြစ် ပေါ်သွားနိုင်လေသည်။ ရန်သူသည် ခရမ်းရောင် နန်းတော်ရှင်အဆင့် နှစ်ယောက်သာ ဖြစ်ရာ သူ လေအရိပ် ဓားကွက်ဖြင့် အလွယ်တကူ အနိုင်ယူနိုင်လေသည်။
လေအရိပ်ဓား ထွက်ပေါ်သွားသည်နှင့် ပတ်ဝန်းကျင်မှ လေများသည် ဓားထိပ်တွင် လာရောက် စုစည်းကြကာ လေနဂါးများ ဖြစ်ပေါ်လာပြီး ရန်သူများထံ တိုးဝင် သွားကြသည်။
"အား.."
ကင်းထောက် နှစ်ယောက်သည် သူတို့ကိုယ်များ လှုပ်ရှားမရသည်ကို ခံစားမိ လိုက်သောကြောင့် မျက်နှာများ ပျက်သွားခဲ့သည်။ ကျန်းရီ၏ ဓားသည် လေတို့ သယ်ဆောင် လာသည်ကို မြင်သောအခါ သူတို့ ငယ်သံပါအောင် အော်ဟစ် လိုက်ကြသည်။ သို့သော် အနက်ရောင် အကြေးခွံဓားသည် သူတို့၏ လည်ချောင်းများကို တစ်ချက်တည်း ဖြတ်သန်း သွားသောကြောင့် အော်သံများ ချက်ချင်း တိတ်ဆိတ် သွားခဲ့သည်။
"လေအရိပ်ဓားရဲ့ စွမ်းအားက မဆိုးဘူး၊ ဒါက ကောင်းကင်အဆင့် သိုင်းကျင့်စဉ် ဖြစ်နိုင်တယ်... သင်တန်းကျောင်းမှာ မြေကမ္ဘာအဆင့် အမြင့်ဆုံး ကျင့်စဉ်လို့ ဖော်ပြထားတာ မဟုတ်လား... ဒီနောက်ကွယ်မှာ ကျူးကော့ ချမ်ယွမ် ရှိနေတာလား"
ကျန်းရီသည် အနက်ရောင် အကြေးခွံဓားကို စိတ်ကျေနပ်စွာ လက်ဖြင့် သပ်လိုက်သည်။ ထို့နောက် အလောင်းများ မြှုပ်နှံရန် မြေတွင်းနှစ်ခု တူးလိုက်သည်။ ဤအနီးတစ်ဝိုက်တွင် ဘယ်သူမှ မရှိကြောင်း သေချာအောင် စစ်ဆေးပြီးမှ ဟွာယွင်တောင်သို့ သူဆက်သွားရမည်။
"ရှေ့မှာ အစောင့်တွေ အများကြီးပဲ"
ကီလိုမီတာ အတော်များများ ပြေးလာပြီးနောက် ခြေသံ ဖျော့ဖျော့တို့ ကြားလိုက် ရသောကြောင့် ကျန်းရီ မျက်နှာ ပျက်သွားခဲ့သည်။ ကင်းထောက် အမြောက်အများ ရှိနေသောကြောင့် သူဟွာယွင် တောင်ထက်သို့ ပြေးတက်သွားလျှင် သူ့ကို သတိပြုမိသွားကြပေမည်။
"မြေအောက်ကို ဝင်ရမယ်"
ကျန်းရီသည် ပတ်ဝန်းကျင်ကို စစ်ဆေး၍ ဂူတစ်ခု အမြန်တူးရန် ဆုံးဖြတ်လိုက်သည်။ မီးနဂါးဓားသည် မီးတောင်၏ ကျောက်နံရံများကိုပင် ဖြတ်သန်းနိုင်သည်။ တခြားသူများ မီးတောင်ဝမှ ဝင်ရချိန်တွင် သူ မြေအောက်မှ ဝင်၍ရပေသည်။
"မီးနဂါးဓား...လေအရိပ်ဓားကျင့်စဉ်"
ကျန်းရီသည် မီးနဂါးဓားအကြောင်း တွေးမိသည့်အခါ ရုတ်တရက် အေးခဲသွားပြီး သူ့ခေါင်းသူ ထုလိုက်သည်။
ကျန်းရီသည် မီးနဂါးဓားကို ပိုင်းချလိုက်ပြီး မီးနဂါးနှစ်ကောင်သည် လေနဂါးများ၊ ကမ္ဘာ့မီးလျှံများနှင့် အတူ ပျံသန်းသွားသည်ကို မြင်ယောင် ကြည့်လိုက်သည်။ ရန်သူများသည် လေနဂါးများ၏ ချုပ်နှောင်မှုကြောင့် မလှုပ်ရှားနိုင် ဖြစ်သွားကြပြီး မီးနဂါးများနှင့် ကမ္ဘာ့မီးလျှံများ သူတို့အပေါ် ကျဆင်းလာသည်အား ကြည့်၍သာ နေရပေမည်။ ထိုမြင်ကွင်းကို မြင်ယောင် လိုက်သော ကျန်းရီသည် စိတ်လှုပ်ရှားလွန်း၍ တဆတ်ဆတ် တုန်ယင် လာခဲ့သည်။
*****