← Chapters

မင်း လိုချင်ရင် ငါ ပေးမယ်...

Vol. 24 Ch. 350

မင်း လိုချင်ရင် ငါ ပေးမယ်...

Vol. 24 Ch. 350

“ဘုန်း... ဘုန်း... ဘုန်း...”

သွေးကျီးကန်းများက အရပ်လေးမျက်နှာ နေရာအားလုံးမှ စုစည်းလာကာ တဖြည်းဖြည်း များလာပြီး ကောင်းကင်ကို ဖုံးအုပ်လျက်ရှိသည်။

အဝေးသို့ ကြည့်လိုက်လျှင် အနီရောင်တိမ်တောင်အုပ်စုကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး လော့ချန်တို့အား ဝိုင်းရံဖုံးအုပ်လျက်ရှိသည်။

ထိုအထဲမှ မျက်လုံးလေးလုံး ရှိသော သွေးကျီးကန်း တစ်ကောင်က အိမ်လုံးခန့် ကြီးမားပြီး ခန္ဓာကိုယ်တစ်ခုလုံး မည်းနက်တောက်ပနေကာ နှုတ်သီးမှာ ချွန်ထက်လျက်ရှိသည်။ အတောင်နှစ်ဖက်ကို တစ်ချက်လှုပ်လိုက်ရာ ကြီးမာသော အနီရောင်လေဆင်နှာမောင်းများ ပေါ်ပေါက်လာကာ လော့ချန်ရှိရာ ဦးတည်ချက်သို့ တချိုးတည်း တိုက်ခတ်လာသည်။

“အရိုင်းအစိုင်းကောင်...”

ချန်ရွှမ်အကြီးအကဲက ဒေါသတကြီးနှင့် အော်လိုက်သည်။ သွေးကြောနိုးကြားမှုနယ်ပယ် နောက်ပိုင်းအဆင့် သန်မာသူ၏ တကယ့်စွမ်းအားကို ပေါ်လွင်လျက်ရှိပြီး လက်ဖဝါးပေါ်တွင် ခရမ်းရောင်အလင်းကွင်းများ ထွက်ပေါ်လာကာ လက်ဖဝါးကို ဘေးဘက်သို့ တစ်ချက်ရိုက်ချလိုက်သည်။

“ဘုန်း...”

တောင်ကြီးကဲ့သို့ ကျယ်ပြန့်သော ခရမ်းရောင်လက်ဖဝါးရာ တစ်ခု ကောင်းကင်ထဲမှ ပေါ်ထွက်လာသည်။

လက်ဖဝါးရာ အလင်းတောက်လျက်ရှိပြီး အထက်တွင် ပုံစံများ ရှင်းလင်းစွာ ထင်ရှားနေကာ ပေါက်ကွဲထွက်သွားရာ လမ်းခရီးတစ်လျှောက် သွေးကျီးကန်းများ တုံ့ပြန်ချိန်မရဘဲ ရှင်သန်မှု ဆုံးရှုံးကာ သွေးမှုန်တိမ်တိုက်များအဖြစ် ပြောင်းလဲသွားသည်။

ထို မျက်လုံးလေးလုံးရှိသော သွေးကျီးကန်းပါ ပါသွားသည်။

“သတ်ပစ်...”

လင်ရှောင်ယွမ်တို့ အားလုံး တိုက်ပွဲထဲ ပါဝင်လိုက်ကြသည်။

အကြီးအကဲ လေးဦး ရှိနေသောကြောင့် သွေးကျီးကန်း အရေအတွက် များလျှင်ပင် ပြဿနာရှိမည် မဟုတ်ပေ။

လူများစွာ၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် တစ်နာရီ မပြည့်မီ သွေးကျီးကန်းအားလုံး ပျက်ဆီးသွားပြီး ကောင်းကင်ယံ တစ်ခုလုံး သန့်ရှင်းလာသည်။

“ရှူး...”

သွေးကျီးကန်း များကို ဖြေရှင်းလိုက်ပြီးနောက် ချန်ရွှမ်အကြီးအကဲက လင်းယုန်ငှက်ပေါ်သို့ တစ်လှမ်း ခုန်တက်လိုက်ကာ လူအများကို ပြောလိုက်သည်။

“ဒီနေရာမှာ သွေးပုပ်နံ့တွေ များလွန်းတယ်။ ငါတို့ အရင်ဆုံး ဒီကနေ ထွက်ကြစို့...”

ယခုတိုက်ပွဲ တစ်ခုတွင် သတ်ဖြတ်ခဲ့သော သွေးကျီးကန်း ထောင်ချီ သောင်းချီ ရှိခဲ့သည်။

သွေးရည်များ မြေကြီးကို အနီရောင်ဖြစ်အောင် စိုရွှဲလျက်ရှိပြီး များလွန်းသော သွေးနံ့များက လေထုကိုပင် ကပ်ချွဲချွဲ ဖြစ်စေသည်။

“ကဲ...”

လူများ အားလုံး လင်းယုန်ငှက်ပေါ် အသီးသီး တက်လိုက်ကြသည်။

လော့ချန်လည်း လိုက်တက်ပြီးနောက် မြေကြီးပေါ်ရှိ သွေးကျီးကန်း အလောင်းများကို ကြည့်လိုက်ပြီး နှလုံးသားတွင် အနည်းငယ် နောင်တရလျက်ရှိသည်။

“ရှူး...”

လင်းယုန်ငှက်က အတောင်နှစ်ဖက်ကို တစ်ချက်ပြီးတစ်ချက် လှုပ်ခတ်လိုက်ကာ ကောင်းကင်အထိ ထိုးတက်သွားသည်။

“အော့ဝူး...”

လင်းယုန်ငှက် တိမ်တောင်အလယ်သို့ ဝင်ရောက်ပြီး ခဏအကြာတွင် ကြောက်မက်ဖွယ် သားရဲအော်သံ များစွာ အောက်မှ ထွက်ပေါ်လာသည်။

တိမ်တောင်များမှတစ်ဆင့် ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ရှိသော အရိပ်ကြီးများစွာ မှုန်မှုန်ဝါးဝါး တွေ့မြင် လိုက်ရသည်။

“အဲ့ဒါ ကြယ်လေးပွင့်အဆင့်မြင့် နတ်ဆိုးသားရဲ ငှက်ကျားသားရဲလို့ ထင်ရတယ်...”

ချန်လင်းယူက မြေကြီးပေါ်တွင် လျင်မြန်စွာ ပြေးလွှားနေသော အရိပ်တစ်ခုကို စိုက်ကြည့်ပြီး မယုံကြည်နိုင်စွာ ပြောလိုက်၏။

လော့ချန်လည်း နှလုံးသားတွင် တစ်ချက် လှုပ်ရှားသွားသည်။

ငှက်ကျားသားရဲမှာ ကြယ်လေးပွင့်အဆင့်မြင့် နတ်ဆိုးသားရဲ ဖြစ်ပြီး သွေးကြောနိုးကြားမှုနယ်ပယ် နောက်ပိုင်းအဆင့် သန်မာသူနှင့် ယှဉ်နိုင်သည်။

နဝမအကြီးအကဲက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“သွေးကျီးကန်းတွေဆိုတာ သွေးစွမ်းအင်ကြွယ်ဝတဲ့ နေရာတွေမှာသာ မွေးဖွားလေ့ရှိတယ်... ဒီနေရာမှာ ဒီလောက် သွေးကျီးကန်း များလာနေတာ ထူးဆန်းလိုက်တာ...”

“ဒီနေရာက ဂူယွမ်မြို့နဲ့ မဝေးဘူး။ ဒီသွေးကျီးကန်းတွေ အဲ့ဒီက မွေးဖွားလာတာ ဖြစ်နိုင်တယ်...”

အကြီးအကဲ လေးဦးထဲမှ အမျိုးသမီးတစ်ဦးဖြစ်သည့် ရှဲ့ယွမ်က ပြောလိုက်သည်။

သူမသည် အသက် ၃၀ ကျော်ခန့်သာ ရှိပြီး အသားခပ်ဖြူဖြူနှင့် လှပသည်။ အစိမ်းရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားရာ ခန္ဓာကိုယ်မှာ လှပပြီး မိန်းမပျိုလေးများနှင့် သိပ်မခြားနားပေ။

“ဂူယွမ်မြို့...”

ထိုစကားလုံး သုံးလုံးကို ကြားလိုက်ရာ နဝမအကြီးအကဲက မျက်တောင်တစ်ချက် ပင့်လိုက်၏။

ချန်ရွှမ်အကြီးအကဲနှင့် ကိုယ်လုံးကိုယ်ပေါက် ခပ်ဝဝ အလယ်အလတ်အကြီးအကဲ နှစ်ဦး၏ မျက်နှာအမူအရာများမှာ တစ်ချိန်တည်းတွင် ပြောင်းလဲသွားသည်။

နဝမအကြီးအကဲက သက်ပြင်းတစ်ချက် ချလိုက်ပြီး ဆိုသည်။

“ဒါဆိုရင်တော့ ထူးဆန်းစရာ မရှိတော့ဘူး... လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က အံ့ဩဖွယ် စစ်ပွဲ တစ်ခုမှာ ဂူယွမ်မြို့ တစ်မြို့လုံး မြေအောက်ထဲ မြှုပ်နှံခဲ့ပြီး တစ်ညတည်းမှာတင် လူသန်းရာချီ မြူခိုးငွေ့ ဖြစ်သွားခဲ့တာ...”

“နောက်ပြီး မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် သေဆုံးဒဏ်ရာရမှု အများကြီး ရှိခဲ့သေးတယ်... ဂူယွမ်မြို့မှာ စုစည်းနေတဲ့ သန်မာတဲ့ သွေးစွမ်းအင်က သိပ်ကို ကြောက်စရာကောင်းတာပဲ... သွေးနတ်ဆိုးတွေ၊ သွေးကျီးကန်းဆိုးတွေ မွေးဖွားလာတာ အံ့ဩစရာ မရှိတော့ဘူးပေါ့...”

“သွေးနတ်ဆိုး...”

ထိုစကားကို ကြားလိုက်ရာ ချန်ရွှမ်အကြီးအကဲသည် မျက်နှာအမူအရာ အနည်းငယ် ပြောင်းသွားပြီး နက်ရှိုင်းစွာ အသက်ရှူလိုက်ကာ ဆိုသည်။

“သွေးနတ်ဆိုး မွေးဖွားမှု မဖြစ်ပွားပါစေနဲ့... မဟုတ်ရင် လူဘယ်လောက် သေဆုံးမယ်ဆိုတာ မှန်းဆလို့တောင် ရမှာမဟုတ်ဘူး...”

သွေးနတ်ဆိုး...

လော့ချန် နှလုံးသားတွင် တစ်ချက် လှုပ်ရှားသွားသည်။

ရွှမ်ယွမ်ကျမ်းထဲတွင် သွေးနတ်ဆိုးနှင့် ပတ်သက်သော မှတ်တမ်းကို ဖတ်ဖူးသည်။

သွေးနတ်ဆိုးမှာ သန်မာသော သွေးစွမ်းအင်နှင့် ဒေါသတရား ပေါင်းစည်းပြီး အချို့ အခြေအနေများအောက်တွင် မွေးဖွားလာသော နတ်ဆိုးတစ်မျိုး ဖြစ်သည်။

၎င်းမှာ သက်ရှိများ၏ သန်မာသော သွေးသားနှင့် ဝိညာဉ်ကို ဝါးမျိုပြီး ဉာဏ်ရည် အနည်းငယ်ရှိကာ သွေးကျီးကန်းထက် ဆယ်ဆကျော် ကြောက်မက်ဖွယ်ကောင်းပြီး လောကတွင် မကောင်းမှုအားလုံး ပေါင်းစည်းမှုဟူ၍ပင် ဆိုနိုင်သည်။

သွေးနတ်ဆိုး ပေါ်ထွက်လာတိုင်း ကပ်ဘေးဆိုးတစ်ခု ဖြစ်ပွားလာတတ်ပြီး အလောင်းတောင်နှင့် သွေးပင်လယ်ကို ဖြစ်စေတတ်သည်။

လင်းယုန်ငှက်ကြီးသည် တစ်ချက်တည်းဖြင့် မိုင်ရာချီ ပျံသန်းပြီး သေးငယ်သော ကျောက်တောင်စွန်း တစ်ခုပေါ်တွင် အသာအယာ ရပ်တန့်လိုက်သည်။

မီးဖိုတစ်ခု ဖန်တီးပြီးနောက် ချန်ရွှမ်အကြီးအကဲက ပြောလိုက်သည်။

“ကောင်းကောင်း အနားယူကြ... မနက်စောစော ခရီးဆက်မယ်...”

လူများ ခြေချင်းယှက်ထိုင်လိုက်ကြကာ ချီစွမ်းအင် ချိန်ညှိရန် ပြင်ဆင်ကြသည်။

ယခုကြီး တိုက်ပွဲတွင် အန္တရာယ် မများသော်လည်း အားလုံးက စွမ်းအင် ကုန်ဆုံးမှု မနည်းကြချေ။

ထိုအချိန်တွင် ရှဲ့ယွမ်အကြီးအကဲက သိုလှောင်ဝိညာဉ်လက်စွပ်ထဲမှ ပုလင်း တစ်လုံး ထုတ်ယူလိုက်ပြီး အထဲမှ ပဲစေ့ပုံစံ အစိမ်းရောင် ဆေးလုံးများစွာကို ထုတ်ယူလိုက်သည်။

“ဒါ ကြယ်သုံးပွင့်အလယ်အဆင့် ဝိညာဉ်ဆေးပဲ၊ အားဖြည့်ဆေးလုံး ဖြစ်ပြီး ချီစွမ်းအင် ပြန်လည်ရရှိဖို့ အထောက်အကူပေးတယ်...”

စကားပြောနေစဉ်အတွင်း ရှဲ့ယွမ်က လက်ဖဝါးကို တစ်ချက်လှုပ်ရှားလိုက်ရာ ဆေးလုံးများစွာက လူအများဆီ ပျံသန်းသွား၏။

“အကြီးအကဲရှဲ့ယွမ်ကို ကျေးဇူးတင်ပါတယ်...”

ချန်လင်းယူတို့သည် ဆေးလုံးများကို ယူကာ ချက်ချင်းပင် စားသုံးလိုက်ကြသည်။

လော့ချန်က လက်ကို မြှောက်ပြီး ဆေးလုံးကို ဖမ်းယူကာ တစ်ချက် ကြည့်လိုက်သည်။

ဆေးလုံး တစ်ခုလုံး အစိမ်းရောင်အလင်းတန်းများ စီးဆင်းလျက်ရှိပြီး အစိမ်းရောင် စွမ်းအင်များစွာ ပတ်ပတ်လည် လှည့်ပတ်နေကာ ကျောက်စိမ်းအရည် ကဲ့သို့ တလဲ့လဲ့ ဖြစ်နေသည်။

လော့ချန်က ရှဲ့ယွမ်နှင့် အကြည့်ချင်းဆုံကာ တစ်ချက်ပြုံးလိုက်ပြီး ကျေးဇူးတင်စကား ဆိုလိုက်၏။

“အကြီးအကဲရှဲ့ ကျေးဇူးတင်ပါတယ်...”

ရှဲ့ယွမ်အကြီးအကဲက အနည်းငယ် ပြုံးကာ ကျက်သရေရှိစွာ ပြောလိုက်သည်။

“ဒီအားဖြည့်ဆေးလုံးက ချီစွမ်းအင် ပြန်လည်ရရှိဖို့ အကျိုးသက်ရောက်မှု ကောင်းမွန်ရုံမက ဝိညာဉ်စွမ်းအင် ပင်ပန်းနွမ်းနယ်မှုကိုပါ ဖယ်ရှားနိုင်ပါတယ်...”

“ဟုတ်ကဲ့... ဒါဆို တကယ်ကို ကောင်းမွန်တဲ့အရာပဲ...”

လော့ချန်သည် တောက်ပသော အကြည့်များဖြင့် ကြည့်နေကာ လက်ချောင်း များဖြင့် အားဖြည့်ဆေးလုံးကို ကစားနေသည်။ သို့သော် သူသည် ချက်ချင်း မစားသုံးခဲ့ပေ။

ထိုအချိန်တွင် လင်ချီတုန်းက လော့ချန်ကို ကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။

“စောစောက သွေးကျီးကန်းတွေကို သတ်ဖြတ်တဲ့အခါ မင်း ဘာမှ မလုပ်ခဲ့ဘူး မဟုတ်လား...”

သူက လော့ချန်ကို အမြဲ ဂရုစိုက်ကြည့်နေခဲ့ပြီး ယခု တိုက်ပွဲတွင် လော့ချန်က ရပ်ကြည့်နေရုံသာ ဖြစ်နေခဲ့ရာ နှလုံးသားတွင် ဒေါသ တစ်ခု စုဆောင်းထားခဲ့သည်။

လော့ချန် မျက်နှာအမူအရာ မပြောင်းလဲပဲ ပြောလိုက်သည်။

“ဟုတ်တယ်လေ... အဲ့ဒါ ဘာဖြစ်လဲ...”

လင်ချီတုန်းက မျက်နှာအမူအရာ တင်းမာစွာဖြင့် အေးစက်စွာ ပြောလိုက်သည်။

“ဘာမှ မလုပ်ခဲ့ရင် ဒီအားဖြည့်ဆေးလုံးကို မင်းစားစရာ မလိုဘူး...”

“မင်း ဒီဆေးလုံးကို လိုချင်လို့လား... မင်းလိုချင်ရင် ငါပေးလိုက်မယ်... ရော့...”

လော့ချန်က ဤဆေးလုံးကို မည်သို့ ကိုင်တွယ်ရမည်ကို စဉ်းစားနေစဉ် တိုးညင်းစွာ ပြောလိုက်ပြီး လက်ချောင်းကို ကွေးကာ ဆေးလုံး ကို လင်ချီတုန်းဆီ ပစ်လွှတ်လိုက်သည်။

“ဖတ်...”

လင်ချီတုန်းက ဆေးလုံးကို ဖမ်းဆုပ်လိုက်ပြီး ပြုံးရယ်လိုက်စဉ်မှာပင် နဝမအကြီးအကဲက ဘေးမှ ပြောလိုက်သည်။

“ကဲ တော်တော့... အဲ့ဒီတုန်းက ငါကိုယ်တိုင် လော့ချန်ကို လက်ချတိုက်ခိုက်ဖို့ မလိုအပ်ဘူးလို့ ပြောခဲ့တာ... ဒီတစ်ကြိမ် ဂိုဏ်းသုံးဂိုဏ်း သိုင်းပညာပြိုင်ပွဲမှာ ရွှမ်ယွမ်ဂိုဏ်းရဲ့ မျှော်လင့်ချက် အားလုံး လော့ချန်ပေါ်မှာ မူတည်နေတယ်... သူ စွမ်းအင်စုစည်း ထားဖို့နဲ့ အထွတ်အထိပ်အခြေအနေကို ထိန်းသိမ်းထားဖို့ ဖြစ်နိုင်သမျှ ကြိုးစားရမယ်...”

နဝမအကြီးအကဲက လော့ချန်ကို အနည်းငယ် မနှစ်သက်သော်လည်း ကြီးမြတ်သော အမှန်တရားကို ခွဲခြားနိုင်သည်။

လင်ချီတုန်းသည် ဆရာကြီးက လော့ချန်ကို ကာကွယ်ပြောဆိုမည်ဟု မမျှော်လင့်ခဲ့ရာ ခဏမျှ ရှေ့ဆက်ရန် ခက်ခဲလျက်ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံး တင်းမာနေသည်။

နဝမအကြီးအကဲက လော့ချန်ကို ကြည့်လျက် ပြောလိုက်သည်။

“လော့ချန် မင်း စောစောက သုံးလိုက်တဲ့ ဓားစွမ်းရည်ရဲ့ အင်အားက မဆိုးဘူး။ မင်း ကိုယ်ပိုင် အရှိန်အဟုန်နဲ့ ပေါင်းစည်းနိုင်ခဲ့တာပဲ... ဓားပညာမှာ တိုးတက်မှု ရှိလာခဲ့တာ ဖြစ်နိုင်တယ်...”

“ဟုတ်ပါတယ်... ကျွန်တော့် ဓားစွမ်းရည်အဆင့်က လူနဲ့ဓား တသားတည်းဖြစ်တည်မှု အလယ်အဆင့်ကို တက်လှမ်းခဲ့ပါပြီ...”

ယခုအချိန်တွင် ဤအကြောင်းအရာကို ဖုံးကွယ်ရန် မလိုအပ်တော့ပေ။ ဖုံးကွယ်ရန်ပင် မဖြစ်နိုင်ပေ။

သူ၏ အဓိက ကတ်မှာ ဓားပညာအဆင့်သာ မဟုတ်ချေ။ လော့ချန်က တိုက်ရိုက် ခေါင်းညိတ်ပြီး ဝန်ခံလိုက်သည်။

“လူနဲ့ဓားတစ်သားတည်း အလယ်အဆင့်...”

နဝမအကြီးအကဲ အံ့အားသင့်လျက်ရှိပြီး မယုံကြည်နိုင်စွာ အံ့အားသင့်လျက်ရှိသည်။

“တကယ်လား...”

လော့ချန်က တိတ်ဆိတ်သွားသည်။

ချက်ချင်းပင်...

“ရွှီး...”

ချွန်ထက်သော ဓားစွမ်းအင်တစ်ခု သူ့ ခန္ဓာပေါ်မှ ထွက်ပေါ်လာကာ ကောင်းကင်သို့ ထိုးတက်သွားသည်။

“အကြည့်ဖွင့်အလင်း... ချွန်ထက်လှတဲ့ ဓားအရှိန်အဟုန်... တကယ်ပဲ လူနဲ့ဓားစွမ်းရည်တစ်သားတည်း အလယ်အဆင့်... ကောင်းတယ်... သိပ်ကောင်းတယ်...”

နဝမအကြီးအကဲ အကြည့်တွင် ဝမ်းမြောက်မှုများ ပြည့်လျှံနေပြီး မျက်နှာတစ်ခုလုံး ပန်းရောင်သန်းနေသည်။

သူ မူလတွင် ဂိုဏ်းသုံးဂိုဏ်း သိုင်းပညာပြိုင်ပွဲတွင် ရွှမ်ယွမ်ဂိုဏ်း တပည့်များသည် လျှပ်ယွမ်ဂိုဏ်းနှင့်လော့ရှာဂိုဏ်းမှ တပည့်များ၏ စွမ်းအားနှင့်စာလျှင် ကွာဟချက် များလွန်းသည်ဖြစ်ရာ မိမိတို့ဂိုဏ်း၏ ဂုဏ်သတင်း ပျက်ဆီးမည်ကို စိုးရိမ်ခဲ့သည်။

လော့ချန်က လူနှင့်ဓားစွမ်းရည်တစ်သားတည်း အလယ်အဆင့် နားလည်မှု ရရှိခဲ့ရာ ရွှမ်ယွမ်ဂိုဏ်းအတွက် ဂုဏ်ယူစရာများစွာ ဖြစ်လာနိုင်သည်။

ဂိုဏ်းသုံးဂိုဏ်းလုံးတွင် ယန်ချင်းရှုံး တစ်ဦးမှ လွဲလျှင် လူနှင့်ဓားစွမ်းရည်တစ်သားတည်း အလယ်အဆင့် နားလည်မှု ရရှိသော ဓားသမားမှာ နည်းပါးပြီး လူနှစ်ယောက်သာ ရှိသည်။

လော့ချန် က လူနှင့်ဓားစွမ်းရည်တစ်သားတည်း အလယ်အဆင့် နားလည်မှု ရရှိခဲ့ကြောင်း ကြားလိုက်ရာ လူများ အားလုံး အံ့အားသင့်လျက်ရှိကြသည်။

လင်ချီတုန်းက မျက်နှာအမူအရာ သံမဏိရောင်ကဲ့သို့ ဖြစ်သွားသည်။

သူ မူလတွင် အချိန်အနည်းငယ် သို့မဟုတ် အတန်ကြာလျှင် လော့ချန်ကို ကျော်လွှားမည်ဟု စဉ်းစားခဲ့သော်လည်း လော့ချန်က လူနှင့်ဓားစွမ်းရည်တစ်သားတည်းဖြစ်တည်မှုကို ဦးစွာ နားလည်မှု ရရှိခဲ့ရာ တစ်ယောက်နှင့်တစ်ယောက် ကွာဟချက် ပိုမို ကျယ်ဝန်းလာသည်။

“ရက်စက်လိုက်တာ...”

စိတ်ထဲ စိတ်ညစ်ညူးမှု ဖြစ်သွားပြီး လင်ချီတုန်းက လော့ချန်၏ အားဖြည့်ဆေးလုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်ပြီး တခွပ်ခွပ် ဝါးစားလိုက်လေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရာ ရှဲ့ယွမ်အကြီးအကဲသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ သို့သော်လည်း သူသည် ချက်ချင်းပင် ဘာမျှမဖြစ်သကဲ့သို့ ပုံမှန်အတိုင်း ပြန်ဖြစ်လာကာ လှပသောမျက်လုံးများဖြင့် လော့ချန်ကို ကြည့်ကာ မျက်နှာတွင် နူးညံ့သော အပြုံးများ ပေါ်လာသည်။

စိတ်ထဲတွင်မူ ...။

“တောက်... ဒီ တိရစ္ဆာန်လေး... ငါ့လှည့်ကွက်ကနေ သီသီကလေး လွတ်သွားတယ်...”

ရှဲ့ယွမ်၏ ပြုံးရွှင်နေသော မျက်နှာကို တွေ့မြင်နေရသော်လည်း လော့ချန်၏ နှလုံးသားထဲတွင်မူ တောင့်တင်းနေပြီး တိတ်တဆိတ် ကျိန်ဆဲလျက်ရှိသည်။

သူက ရှဲ့ယွမ်ကို အမြဲ ဂရုစိုက်ကြည့်နေခဲ့သည်။

ယခု တစ်ဖက်မှ အကြီးအကဲ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲမှုကို သူ အားလုံး တွေ့မြင်ခဲ့ပြီးဖြစ်သည်။

လော့ချန်သည် ယခင်က ယူဆချက်သာ ရှိခဲ့သော်လည်း ယခုမူ ရှဲ့ယွမ် ပေးလိုက်သော အားဖြည့်ဆေးလုံးတွင် ပြဿနာရှိကြောင်း ရှစ်ဆယ်ရာခိုင်နှုန်း သေချာနေပြီဖြစ်သည်။

အခန်း ၃၅၀ ပြီးပါပြီ။

အခန်း ၃၅၁ - မင်းနှစ်ပါး တိုက်ပွဲ၊ အလွန်မောက်မာလှချည်လား

All Chapters