← Chapters

ထွက်ခွာခြင်း၊ ဘေးဒုက္ခမှ လွတ်မြောက်ရန် ခက်ခဲလှပြီ

Vol. 24 Ch. 348

ထွက်ခွာခြင်း၊ ဘေးဒုက္ခမှ လွတ်မြောက်ရန် ခက်ခဲလှပြီ

Vol. 24 Ch. 348

လော့ချန်သည် အပြင်စည်းကွင်းပြင်သို့ ရောက်ရှိလာသောအခါ ဤနေရာတွင် လူစည်ကားနေပြီး အပြင်စည်းတပည့်များ ပြည့်ကျပ်နေလေသည်။

“စီနီယာလော့ချန် မင်္ဂလာ နံနက်ခင်းပါ...”

လော့ချန်ရောက်ရှိလာသည်ကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ အပြင်စည်းတပည့်များက နှုတ်ဆက်ကြပြီး ရိုရိုသေသေ လမ်းဖယ်ပေးကြလေသည်။

လော့ချန်သည် ခေါင်းညိတ်ပြီး နှုတ်ဆက်ရင်း ရွှမ်ယွမ်ဂိုဏ်းသို့ ပထမဆုံး ဝင်ရောက်လာခဲ့စဉ်က မထီမဲ့မြင်ပြုခံရသည့် အချိန်များကို အမှတ်မထင် ပြန်တွေးမိလေသည်။

ဤသည်မှာ စွမ်းအားက ယူဆောင်လာပေးသော အကျိုးကျေးဇူးဖြစ်သည်။

စွမ်းအားရှိမှ လူအများက လေးစားမှုပေးမည်ဖြစ်ပြီး စွမ်းအားမရှိလျှင် လူတိုင်းက မထီမဲ့မြင်ပြုကြမည်ပင်။

“လော့ချန် ဒီမှာ...”

ချန်လင်းယူ၏ အသံသည် လူအုပ်ရှေ့ဖက်မှ ထွက်ပေါ်လာလေသည်။

လော့ချန် ခေါင်းမော့ကြည့်လိုက်သည်။

ချန်လင်းယူ၊ လင်ရှောင်ယွမ်၊ ရှူးပင်းရိ၊ ချင်ယန်၊ ယူယွဲ့ စသည့် အပြင်စည်း ထိပ်သီးဆယ်ယောက်စာရင်းဝင် တပည့်များသည် လူအုပ်အနီးဆုံးတွင် ရပ်နေကြပြီး သူသည် အလျင်အမြန် လျှောက်သွားလေသည်။

“ဘာလို့ အခုမှ ရောက်လာတာလဲ...”

ချန်လင်းယူက မေးလိုက်သည်။

လော့ချန်သည် ရယ်မောရင်း ဖြေလိုက်သည်။

“သိုင်းကျင့်ကြံရင်း နည်းနည်း နောက်ကျသွားတယ်...”

ထိုအခါ အဆင့်ငါးနေရာရထားသော ယူယွဲ့သည် လူအုပ်ကို ဖြတ်ကျော်လာပြီး လော့ချန်ကို တစ်ချက်ကြည့်ကာ အံ့သြစွာ အော်ဟစ်လိုက်သည်။

“ဟင်... လော့ချန် မင်း ထုံရွှမ်နယ်ပယ် အဆင့်သုံးကို တက်လှမ်းသွားပြီတဲ့လား... မင်းရဲ့ တိုးတက်မှုက တကယ် အံ့သြစရာပဲ... ဒီလိုသာဆက်သွားရင် ငါ့ကို ကျော်ပြီး နတ်တံတား အရင်တည်ဆောက်နိုင်လိမ့်မယ်နဲ့တူတယ်...”

လော့ချန်သည် ယွမ်ချီစွမ်းရည်ကို လည်ပတ်ကာ အရှိန်အဟုန်ကို ထိန်းချုပ်ထားပြီး ဖြစ်သည်။

ယခုမူ ထုံရွှမ်နယ်ပယ် အဆင့်သုံး ဖြစ်ကြောင်းသာ တွေ့နိုင်သည်။

ယူယွဲ့သည် သူ ယခု အဆင့်သစ်တစ်ခု တက်လှမ်းသွားသည်ဟု ထင်မှတ်နေသည်။ ထိုသို့ပင်ဖြစ်စေ ပတ်ဝန်းကျင်ရှိ လူများကို အံ့သြသွားစေပြီး အကြည့်များ အားလုံး စုစည်းလာ၏။

မတူညီသည်မှာ ရှူးပင်းရိ၊ ဟန်ဖီးယူ တို့ကသာ လော့ချန်ကို ဂုဏ်ပြုစကား ဆိုကြသည်ပင်။

ကျန်ရှိသော မင်းသားတန်းတပည့်များကမူ မျက်နှာအမူအရာ ရှုပ်ထွေးနေကြသည်။

“ဟမ်း...”

လင်ချီတုန်းသည် အေးစက်စွာ ခပ်တွန့်တွန့်လှုပ်ပြီး မခံချိမခံသာ လှောင်ပြောင်လိုက်၏။

“ထုံရွှမ်နယ်ပယ် အဆင့်သုံး တက်လှမ်းသွားရုံနဲ့ ဘာအသုံးဝင်မှာလဲ ဒီတစ်ခါ ဂိုဏ်းသုံးဂိုဏ်း သိုင်းပြိုင်ပွဲမှာ စွမ်းအားအရ အနိမ့်ဆုံး ဖြစ်နေမှာပဲ...”

လော့ချန်သည် သူ့ကို တစ်ချက်မျှ လှမ်းကြည့်ကာ ဖြေလိုက်သည်။

“ဒါလည်း မဆိုးပါဘူး အနည်းဆုံး မင်းထက်တော့ သာနေသေးတယ်မဟုတ်လား...”

“မင်း...”

လင်ချီတုန်းသည် လက်သီးများ တင်းတင်းဆုပ်ထားသော်လည်း ခွန်းတုန့်ပြန်နိုင်ခြင်း မရှိချေ။

လော့ချန်က သူ့ကို ပြင်းထန်စွာ ဒဏ်ရာရအောင် ရိုက်နှက်ခဲ့သည်မှာ အပြင်စည်းတစ်ခုလုံး သတင်းပျံ့နှံ့ပြီး ဖြစ်သည်။

စွမ်းအားနိမ့်ကျနေသဖြင့် ယခု ဘာပြောပြော အချည်းနှီးသာ ဖြစ်လေသည်။

“ဟမ်း... မင်း ဂိုဏ်းသုံးဂိုဏ်း သိုင်းပြိုင်ပွဲ ပထမနေရာ ရမှ ထပ်ကြွားပါဦး... ချင်တို့ယွမ်အကြီးအကဲက မင်းကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး...”

နောက်ဆုံးတွင် လင်ချီတုန်းသည် ချင်တို့ယွမ်ကို ဆွဲထုတ်ကာ လော့ချန်၏ အရှိန်အဟုန်ကို နှိမ့်ချရန် ကြိုးစားလေသည်။

လော့ချန်သည် ဂရုမစိုက်ဘဲ ရယ်မောရင်း ဖြေလိုက်သည်။

“စိတ်ချပါ မင်းပြောသလို ဖြစ်လာလိမ့်မယ် သိလား...”

ထိုစကားကို ကြားသောအခါ အနီးရှိလူများ အံ့သြကုန်ကြသည်။

လော့ချန်နှင့် ချင်တို့ယွမ်အကြီးအကဲ အလောင်းအစား လုပ်ခဲ့သည်မှာ ဂိုဏ်းသုံးဂိုဏ်း သိုင်းပြိုင်ပွဲ ပထမနေရာ ရယူရန် ဖြစ်ကြောင်း သူတို့ အားလုံး ကြားသိခဲ့ကြပြီး ဖြစ်သည့်တိုင် ယခုမူ မထင်မှတ်ဘဲ အမှန်တကယ် ဖြစ်နေခဲ့ခြင်းပင်။

“အိုင်ထဲက ဖားပဲ...”

လင်ချီတုန်းသည် မျက်နှာ အေးစက်စွာ တွန့်တွန့်လှုပ်လေသည်။

ထိုအခါမှာပင်....

“ဂီး...”

အသံကျယ်လောင်သော လင်းယုန်ငှက် အော်သံသည် တိမ်တိုက်များကို ဖြတ်ကျော်လာလေသည်။

ရှင်းလင်းသော ကောင်းကင်ယံတွင် ကြီးမားသော အရိပ်ကြီးနှစ်ခုက လှိုင်းထန်စွာ ရောက်ရှိလာ၏။

ပြင်းထန်သော လေပြည်လှိုင်းများနှင့်အတူ အမွေးအတောင် ဖြူဖွေးသန့်ရှင်း၍ ချောမောလှပသော လင်းယုန်နှင့် ကြိုးကြာ ပေါင်းစပ်ထားသည့် ငှက်ကြီးနှစ်ကောင်သည် ကွင်းပြင်ပေါ်သို့ ဆင်းသက်လာသည်။

ငှက်ကြီးများ၏ ကိုယ်ထည်သည် အထူးသဖြင့် ကြံ့ခိုင်ပြီး အတောင်ပံ ဖွင့်လိုက်လျှင် မီတာ ၃၀ ကျော်ရှိသည် ဖြူဖွေးသော အမွေးအတောင်များသည် နံနက်နေရောင်အောက်တွင် သတ္တုအလင်းတန်းသဖွယ် တောက်ပလျက် ခြေသည်းတစ်စုံသည် သံချိတ်ကဲ့သို့ ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံး ကြမ်းတမ်းပြီး သန်မာသောအရှိန်အဟုန်ကို ထုတ်လွှတ်နေသည်။

လော့ချန်သည် ဤငှက်ကြီးများမှာ ရွှမ်ယွမ်ဂိုဏ်းက မွေးမြူထားသော စီးနင်းနတ်ဆိုးသားရဲ လင်းယုန်များဖြစ်ကြောင်း မှတ်မိလိုက်သည်။ လျှပ်ယွမ်ဂိုဏ်း၏ မီးငှက်ကြီး၊ လော့ရှာဂိုဏ်း၏ သုံးရောင်ခြယ် ကြိုးကြာတို့နှင့် ထပ်တူ နာမည်ကြီးလေသည်။

ရှေးဦးစွာ အပြင်စည်း အကြီးအကဲများ လင်းယုန်ပေါ်သို့ တက်လာကြသည်။

ချက်ချင်းပင် အပြင်စည်းကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

အပြင်စည်းအကြီးအကဲ ချင်ယွမ်သည် လော့ချန်တို့ကို တစ်ချက်လှမ်းကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

“နောက်နှစ်ရက်အကြာမှာ ဂိုဏ်းသုံးဂိုဏ်း သိုင်းပြိုင်ပွဲ ကျင်းပမှာ... ဂိုဏ်းသုံးဂိုဏ်းက အပြင်စည်း ထိပ်တန်းတပည့် အဆင့်တစ်ဆယ် စာရင်းဝင် ထိပ်တန်းတပည့်တွေ ဝင်ပြိုင်ကြရမှာ... ဒီပြိုင်ပွဲကြီးမှာ တာယွဲ့မင်းဆက်အပြင်ဘက်က ကြီးကျယ်မြင့်မြတ်တဲ့ ကျော်ကြားတဲ့ ထိပ်တန်း ပုဂ္ဂိုလ်‌တွေ လာကြည့်ကြမှာ...”

“ဂိုဏ်းသုံးဂိုဏ်း သိုင်းပြိုင်ပွဲဟာ ဂိုဏ်းတစ်ခုချင်းစီရဲ့ ဂုဏ်သိက္ခာနဲ့ ဆိုင်တာမို့လို့ သင်တို့အနေနဲ့ နာမည်ကျော်ကြားဖို့ အခွင့်အရေးလည်း ဖြစ်တယ်... ဒီအခွင့်အရေးကို မိမိရရဆုပ်ကိုင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားကြပါ... ကောင်းမွန်တဲ့ အဆင့်အတန်းတွေ ရယူနိုင်ခဲ့ကြဖို့ ဆန္ဒပြုပါတယ်...”

“နောက်ပြီး ဂိုဏ်းကလည်း ဒီပြိုင်ပွဲကြီးအတွက် ဆုလာဘ်တွေ အများကြီး ပြင်ဆင်ထားတယ်... ဘယ်သူမဆို ဒီပွဲကြီးမှာ ဒုတိယနေရာ ရရှိတာနဲ့ ချီစွမ်းအင်ဆေးလုံး သုံးထောင်၊ သွေးကြောဖွင့်ဆေးလုံး တစ်လုံး ဆုချီးမြှင့်မယ်... ပထမနေရာ ရရှိရင်တော့ ချီစွမ်းအင်ဆေးလုံး ရှစ်ထောင်အပြင် သွေးကြောဖွင့်ဆေးလုံး သုံးလုံး ရရှိမယ်...”

“ဟေး...”

ချင်ယွမ် စကားဆုံးသောအခါ အပြင်စည်းကွင်းပြင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားလေသည်။

ကွင်းပြင်ရှိ အပြင်စည်း ထိပ်တန်းတပည့် ဆယ်ယောက်ပင် ရုတ်တရက် မျက်လုံးများ တောက်ပလာကြလေသည်။

ချီစွမ်းအင်ဆေးလုံး ရှစ်ထောင်ဆိုသည်မှာ ကြီးမားသော စည်းစိမ်ဥစ္စာ ဖြစ်ပြီး သွေးကြောနိုးကြားမှု နယ်ပယ်ရှိ စွမ်းအားရှင်များပင် ဤမျှ များပြားသော စည်းစိမ် မရှိကြချေ။

သွေးကြောဖွင့်ဆေးလုံးသည်လည်း အလွန်တန်ဖိုးရှိပြီး ဤဆေးလုံးသည် သွေးကြောနိုးကြားမှု နယ်ပယ်သို့ ဝင်ရောက်ရန် ကူညီပေးနိုင်ကာ သန့်စင်ရာတွင် အလွန်ခက်ခဲသည့်အတွက် တစ်လုံးချင်းစီသည် ရှားပါးရတနာ ဖြစ်သည်။

ဆုလာဘ်များအပြင် ဂိုဏ်းသုံးဂိုဏ်း သိုင်းပြိုင်ပွဲတွင် ထင်ပေါ်ခဲ့ပါက တာယွဲ့မင်းဆက်တစ်ခုလုံး နာမည်ကျော်ကြားမည့် ဂုဏ်ကျက်သရေနှင့် ပြည့်စုံမည်ဖြစ်သည်။

ဤမျှ သွေးသားဆူပွက်သော အရွယ်တွင် မည်သူက ကမ္ဘာ့နာမည်ကျော် မဖြစ်ချင်မည်နည်း။

သို့ရာတွင် အနည်းငယ် စိတ်လှုပ်ရှားပြီးနောက် လူများ ချက်ချင်း အေးစက်လာကြပြီး မျက်နှာများတွင် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့် အပြုံးများ ပေါ်လာလေသည်။

ဆုလာဘ်များ ဧကန်ပင် ကြွယ်ဝသော်လည်း ဂိုဏ်းသုံးဂိုဏ်း သိုင်းပြိုင်ပွဲ ရှေ့ဆုံး နှစ်နေရာ ရယူရန်မှာ မည်မျှ ခက်ခဲပါသနည်း။

လျှပ်ယွမ်ဂိုဏ်း၏ ဟွာကျင်းယန်နှင့် လော့ရှာဂိုဏ်း၏ ယန်ချင်းရှုံးဟူသည့် နှစ်ဦးတည်းကပင် သူတို့ကို အသက်ရှူ မဝနိုင်အောင် ဖိနှိပ်ထားလေသည်။

မည်မျှပင် ကြွယ်ဝသော ဆုလာဘ်ဖြစ်ပါစေ မှန်ထဲက ပန်းပွင့်နှင့် ရေထဲက လမင်းသာ ဖြစ်လေသည်။

ချန်ရွှမ်အကြီးအကဲက ပြောလိုက်သည်။

“လူစုံပြီဆိုတော့ ထွက်ခွာကြရအောင် ... လာတက်ခဲ့ကြ...”

စကားဆိုနေစဉ် ချန်ရွှမ်အကြီးအကဲနှင့် အခြားအပြင်စည်းအကြီးအကဲ တစ်ဦးသည် လင်းယုန်ကြီး၏ ကျယ်ပြန့်ပြားချပ်သော ကျောပေါ်သို့ ဆင်းသက်လိုက်ကြသည်။

အခြားလင်းယုန်ကြီး၏ ကျောပေါ်တွင်လည်း အပြင်စည်းအကြီးအကဲ နှစ်ဦး ရှိနေသည်။

ထိုအထဲမှ တစ်ဦးမှာ လင်ချီတုန်း၏ဆရာ နဝမအကြီးအကဲ ချန်းဟန် ဖြစ်သည်။

လော့ချန်သည် ခြေလှမ်းတစ်ချက် လှမ်းကာ ဆရာချန်ရွှမ်နောက်တွင် ရပ်တည်လိုက်ပြီး အောက်ဖက်သို့ ကြည့်လိုက်သည်။

ချင်တို့ယွမ်သည် လူအုပ်ထဲတွင် ရပ်နေသော်လည်း အတူထွက်ခွာ မလိုက်လာခဲ့ပေ။

ဤသည်မှာ လော့ချန်ကို အလွန် အံ့အားသင့်စေသည်။

ချင်တို့ယွမ်သည် အတူ လိုက်ပါမည်ဟု ထင်မှတ်ထားပြီး သူ မည်သည့် လှည့်ကွက် သုံးမည်ကို ကြည့်ချင်ခဲ့သည်။

ကျန်အပြင်စည်း ထိပ်တန်းတပည့် ဆယ်ဦးသည်လည်း လင်းယုန်ကြီးပေါ်သို့ တက်ကြလေသည်။

“ခိုင်ခိုင်မြဲမြဲ ရပ်ထားကြ ထွက်ခွာမယ်...”

လူအားလုံး တက်ပြီးသည်ကို မြင်သောအခါ ချန်ရွှမ်အကြီးအကဲက အမိန့်ပေးလိုက်သည်။

“ဟီး...”

လင်းယုန်ကြီးနှစ်ကောင်သည် အတောင်ပံ လှုပ်ရှားကာ လေပြင်းမုန်တိုင်းကဲ့သို့ ဖြစ်ပေါ်စေသည်။ ခြေထောက်များက အားပြင်းစွာ နင်းကန်ကာ လေးညှို့မှ ထွက်သွားသော မြားကဲ့သို့ ကောင်းကင်သို့ ပျံတက်သွားပြီး မျက်တောင်တစ်ချက်မခတ်မီ တိမ်တိုက်များထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။

“ဒီတစ်ခါ ဂိုဏ်းသုံးဂိုဏ်း သိုင်းပြိုင်ပွဲမှာ ငါတို့ ရွှမ်ယွမ်ဂိုဏ်း အနိမ့်ဆုံး မဖြစ်ပါစေနဲ့... လျှပ်ယွမ်ဂိုဏ်းက ကောင်တွေရဲ့ မျက်နှာကို မမြင်ချင်တော့ဘူး...”

“ခက်တယ်...”

အပြင်စည်းတပည့်များ တိုးတိုးတိတ်တိတ် ဆွေးနွေးကြရင်း ကွဲကွာသွားကြလေသည်။

အပြင်စည်းအကြီးအကဲ တစ်ဦးသည် ချင်တို့ယွမ် ဘေးတွင် လျှောက်လာကာ မချင့်မရဲ မေးလိုက်သည်။

“ချင်တို့ယွမ် မင်း ကျင်းယူတောင်ထိပ်ကို မလိုက်ဘူးလား... မင်းနဲ့ လော့ချန်ရဲ့ အလောင်းအစားကို ဒီလိုပဲ ပစ်ပယ်လိုက်တာလား...”

“ပစ်ပယ်လိုက်တယ်ဟေ့ အိပ်မက်မက်နေတာပဲ... ဟား...ဟား...ဟား...”

ချင်တို့ယွမ်သည် မထီမဲ့မြင်ပြုရင်း အေးစက်စွာ ရယ်မောလိုက်သည်။

“ငါ ဘာလုပ်ဖို့ လိုက်ရမှာလဲ သူ ဂိုဏ်းသုံးဂိုဏ်း သိုင်းပြိုင်ပွဲ ပထမနေရာ ရမယ်လို့ မင်း တကယ် ထင်နေတာလား... လျှပ်ယွမ်ဂိုဏ်းက ဟွာကျင်းယန်၊ လော့ရှာဂိုဏ်းက ယန်ချင်းရှုံး သူတို့ နှစ်ဦးတည်းက နေရာ နှစ်ခု သိမ်းပိုက်ထားပြီ... သူ အဆင့်ငါးထဲ ဝင်ရင်တောင် တော်လှပြီ...”

ထိုအကြီးအကဲက ရယ်မောရင်း ပြောလိုက်သည်။

“ဒီလို ပြောရင်တော့ အပြင်စည်းပြိုင်ပွဲ မတိုင်ခင် သူ ရွှမ်ယွမ်ဂိုဏ်း အပြင်စည်း ပထမတပည့် ဖြစ်လာမယ်လို့ ငါတို့ ဘယ်သူ ထင်ခဲ့လို့လဲ... လော့ချန်က အရမ်း ယုံကြည်မှုရှိတယ် အပြင်စည်းပြိုင်ပွဲလိုပဲ တစ်ခါ ထင်ထင်ရှားရှား အနိုင်ရမှာ မင်း မကြောက်ဘူးလား...”

“ဟဲ... ဟဲ...”

“သူ့မှာ အဲ့လို စွမ်းအား မရှိဘူး... ရှိရင်တောင်...”

ချင်တို့ယွမ်သည် အေးစက်စွာ ရယ်မောကာ စကားကို ရပ်တန့်လိုက်သော်လည်း မျက်လုံးများမှာ အလွန် အေးစက်နေလေသည်။

ကျင်းမင်သည် အစီအစဉ် ချထားပြီးဖြစ်သည်။ လော့ချန်၏ အသက်ကိုသာမက ဂိုဏ်းသုံးဂိုဏ်း သိုင်းပြိုင်ပွဲတွင် အများရှေ့ မျက်နှာ ပျက်အောင်လုပ်ကာ နာမည်ပျက်စီးအောင် လုပ်ကြံမည်ဖြစ်သည်။

ချန်ရွှမ်အကြီးအကဲ ရှိနေသဖြင့် ကျင်းယူတောင်ထိပ်သို့ လိုက်သွားပါက အခွင့်အရေး မရနိုင်သည့်အပြင် သံသယဝင်စရာပင် ဖြစ်စေမည်ဖြစ်သည်။

ယခု ကိုယ့်ကိုယ်ကိုယ် ခွာထုတ်ထားပါက တစ်စုံတစ်ရာ ဖြစ်ပျက်သွားပြီးနောက် သူ့ထံ သံသယ ရောက်နိုင်မည်မဟုတ်တော့ချေ။

ချင်တို့ယွမ်၏ စကားသံထဲက သတ်ဖြတ်လိုစိတ်နှင့် ရမ်းကားမှုကို ခံစားမိသော ထိုအကြီးအကဲသည် တစ်စုံတစ်ရာ ခန့်မှန်းမိကာ နှလုံးသားထဲတွင် ခါးသက်စွာ ခေါင်းခါရင်း သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်လေသည်။

‘လော့ချန် အို လော့ချန်... မင်း သိပ်ကို ထင်ရှားလွန်းပြီး ချုပ်တည်းမှု မရှိတော့ မင်းသားတန်းကို ရန်စွယ်ဖြစ်စေပြီး ကျင်းမင်ရဲ့လူကို သတ်ဖြတ်ခဲ့တယ်... ဒီတစ်ခါတော့ မင်း ဘေးဒုက္ခကနေ လွတ်မြောက်ဖို့ ခက်ခဲပြီပေါ့ကွာ...ဟူး...’

အခန်း (၃၄၈) ပြီးပါပြီ။

All Chapters