← Chapters

လေညှင်းတိုက်ခတ်မှု၊ လက်‌လျှော့မထားနဲ့

Vol. 24 Ch. 356

လေညှင်းတိုက်ခတ်မှု၊ လက်‌လျှော့မထားနဲ့

Vol. 24 Ch. 356

“မင်းတို့နှစ်ယောက် ဘာကိစ္စ ဒီလို လုပ်နေရတာလဲ... ဒီနေ့က ဂိုဏ်းသုံးဂိုဏ်း သိုင်းပြိုင်ပွဲ ကျင်းပရမယ့် နေ့မှာ... တခြားသူတွေ ရယ်စရာ မဖြစ်သွားစေနဲ့လေ...”

ထိုအခါ လေထုထဲ ဓားရှည်များ ထုတ်လိုက်သလို တင်းမာနေချိန်တွင် လော့ရှာဂိုဏ်းမှ လူများ ရောက်ရှိလာသည်။

အရောင်သုံးမျိုး ပါသော ကြိုးကြာငှက်ကြီး ဂိုဏ်းနှစ်ဂိုဏ်း အလယ်တွင် ဆင်းသက်လိုက်ရာ ကျိုးရွှေအကြီးအကဲ ဖြည်းဖြည်းချင်း ဆင်းလာပြီး အခြေအနေကို ဖြေလျှော့ပေးလိုက်သည်။

“ဟဲဟဲ... ချန်းဟန် မင်း ငါ့ကို ပါးစပ်ကြီးနဲ့ ပြောနေတယ်လို့ ဆိုခဲ့တယ်မလား... အဲ့ဒါ မင်းကို မျက်စိ ဖွင့်ပြလိုက်မယ်လေ... ဒီတစ်ခါ ဂိုဏ်းသုံးဂိုဏ်း သိုင်းပြိုင်ပွဲမှာ မင်းတို့ ရွှမ်ယွမ်ဂိုဏ်း အဆင့်ငါးနေရာတောင် မဝင်နိုင်အောင် လုပ်ပစ်မယ်... သွားကြစို့...”

ဆွန်ယင်ယန်သည် ပဉ္စမအကြီးအကဲကို တစ်ချက် စိုက်ကြည့်ပြီး အေးစက်စွာ ရယ်လိုက်ပြီး ဟွာကျင်းယန်တို့ကို ခေါ်ဆောင်ကာ လှည့်ထွက်သွားသည်။

ပဉ္စမအကြီးအကဲ မျက်နှာ မည်းမှောင်သွားကာ လှည့်ပြီး လော့ချန်ကို မှာကြားသည်။

“လော့ချန် မင်း အဆင့်ငါးနေရာ ဝင်အောင် ကြိုးစားရမယ်... မဟုတ်ဘူး... အနည်းဆုံး အဆင့်သုံးနေရာ ရောက်အောင်လုပ်... သူ့မျက်နှာကိုလေ ဆတ်ခနဲ ရိုက်ပစ်လိုက်... သိလား...”

လော့ချန် စကားမပြောဘဲ ဆွန်ယင်ယန်တို့ကို တစ်ချက် လှမ်းကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

တိုက်ပွဲ စတင်ရန် အချိန်ခဏမျှ ကျန်သေးရာ ဂိုဏ်းသုံးဂိုဏ်း လူများ နေရာရှာ၍ ထိုင်နားနေကြသည်။

လော့ချန် ထိုင်လိုက်ချိန်တွင် အရပ်ခပ်ရှည်ရှည် ပုံရိပ်တစ်ခု မျက်နှာချင်းဆိုင် လျှောက်လာသည်။ ထိုသူမှာ လော့ရှာဂိုဏ်းမှ ယန်ချင်းရှုံး ဖြစ်သည်။

“ကျေးဇူးတင်ပါတယ်...”

ယန်ချင်းရှုံးသည် မီးလျှံဓားကို လော့ချန်ထံ ပြန်ပေးလိုက်၏။

လော့ချန် ဓားကို လက်ခံယူပြီး ပြုံးလိုက်သည်။

“ဘယ်လိုလဲ... ဓားဆန္ဒကို ခံစားမိလား...”

ယန်ချင်းရှုံး ခေါင်းညိတ်လိုက်ပြီးနောက် တစ်ဖန် ခေါင်းခါလိုက်ပြီး ရုတ်တရက် ဆိုသည်။

“ငါနဲ့ ခဏ လမ်းလျှောက်ကြမလား...”

“ကောင်းသားပဲ...”

လော့ချန် အံ့သြသွားသော်လည်း ထပြီး ယန်ချင်းရှုံးနှင့်အတူ ဘေးသို့ လျှောက်သွားသည်။

လူမရှိသော နေရာရောက်မှ ယန်ချင်းရှုံး စကားဆိုသည်။

“ဒီမီးလျှံဓားက တကယ်ပဲ ဓားဆန္ဒ ထက်မြမှု ရှိတယ်... ဒါပေမဲ့ အတော်လေး ကွဲအက်နေတယ်... ငါ သိုင်းဝိညာဉ်နဲ့ ဒီကွဲအက်နေတဲ့ ဓားဆန္ဒတွေကို ဆက်သွယ်ပြီး တစ်ညလုံး ဆင်ခြင်ခဲ့တယ်... တစ်ချို့ ရခဲ့တယ်... နှလုံးသားထဲမှာ ဓားဆန္ဒ ပိုရှင်းလင်းလာတယ်လို့ ခံစားရတယ်...”

လော့ချန် နဖူးတစ်ချက် တွန့်သွားပြီး ဝမ်းမြောက်စွာ ဆိုသည်။

“ဂုဏ်ယူပါတယ်...”

ဓားဆန္ဒမှာ သွေးကြောနိုးကြားမှု ဓားသမားများ အိပ်မက်မက်နေကြသည့် စွမ်းအားဖြစ်ရာ မသေမချင်း မရရှိနိုင်သည့် အရာ ဖြစ်သည်။

တစ်ညအတွင်း တစ်ချို့ ရရှိခဲ့ခြင်းမှာ အလွန် ရှားပါးလှသည်။

ယန်ချင်းရှုံး၏ ဓားပညာ အရည်အချင်း ထူးချွန်ကြောင်း တွေ့ရှိရရာ ဓားပညာ ပါရမီရှင် ဖြစ်သည်ဟု ဆိုရပေမည်။

ယန်ချင်းရှုံးက လေးနက်စွာ ဆိုသည်။

“ငါ ရခဲ့တဲ့ နားလည်မှု များများစားစား မရှိပါဘူး... တစ်ချက်နှစ်ချက်ပဲ နားလည်တယ်... မင်းကို ကျင့်စဉ် အတွေ့အကြုံ တချို့ ပြောပြလို့ ရတယ်...”

လော့ချန် အံ့သြသွားသည်။

“ငါ့ကို ပြောပြမယ်လား... အင်း... ဒါ မကောင်းပါဘူး...”

လူတိုင်း ကိုယ်ကျိုးရှာတတ်ကြသည်။

ထို့အပြင် အချင်းချင်းက ပြိုင်ဘက် ဖြစ်နေကြသည်။

မည်သူမျှ ကိုယ့်ထက်အလျင် ပြိုင်ဘက်ကို ဓားဆန္ဒ နားလည်စေချင်ကြမည် မဟုတ်ပေ။

ယန်ချင်းရှုံးက အနည်းငယ် ရယ်လိုက်သည်။

“ဘာမှ မကောင်းစရာ မရှိပါဘူး... မင်းရဲ့ မီးလျှံဓားသာ မရှိရင် ငါ ဒီနားလည်မှု ရနိုင်ခဲ့မှာမဟုတ်ဘူး... မင်းရဲ့ အကူအညီကို အလကား မယူနိုင်ပါဘူး...”

စကားဆိုနေချိန် ယန်ချင်းရှုံး သစ်ရွက်ကြွေ တစ်ရွက်ကို လက်နှစ်ချောင်းနှင့် ညှပ်ယူရာ မျက်လုံးထဲ ထူးချွန်လှသော ချွန်မြ တစ်ခု လက်ခနဲ ဖြတ်သွားသည်။

“လူနဲ့ဓား တစ်သားတည်း ဖြစ်ရင်၊ ဆန္ဒထဲ ဓားရှိတယ်ဆိုရင်... ဓားဆန္ဒက ဆန္ဒကို ဓားအဖြစ် ပြောင်းလဲတာ... ကိုယ်ပိုင် စွမ်းအင်၊ စိတ်ဆန္ဒ၊ နှလုံးသားကို ကမ္ဘာတစ်ခုလုံး ဖြတ်တောက်နိုင်တဲ့ ထူးချွန်တဲ့ နတ်ဘုရားလက်နက်အဖြစ် ပြောင်းလဲပြီး မိုးမြေနဲ့ တစ်သားတည်း ဖြစ်အောင် လုပ်တာ... မမြင်ရတဲ့ အရာကို မြင်ရအောင်လုပ်တာ... ငါ ဒီအဆင့် ရောက်ရင် ဓားဆန္ဒ ပြည့်စုံမယ်...”

“ဝှစ်...”

လက်ချောင်း တစ်ချက် လှုပ်လိုက်ရာ သစ်ရွက်ကြွေ ပျံထွက်သွားပြီး ကျောက်တုံးကြီး တစ်တုံးကို ထိမှန် ဖြတ်တောက်သွားသည်။ ဖြတ်ရာမှာ ချောမွေ့ နေသည်။

“ဆန္ဒကို ဓားအဖြစ် ပြောင်းလဲတာ... ကိုယ်ပိုင် စွမ်းအင်၊ စိတ်ဆန္ဒ၊ နှလုံးသားကို ကမ္ဘာတစ်ခုလုံး ဖြတ်တောက်နိုင်တဲ့ ထူးချွန်တဲ့ နတ်ဘုရားလက်နက်အဖြစ် ပြောင်းလဲတာ...”

လော့ချန် တစ်ခွန်း ဆင်ခြင်လိုက်ရာ မျက်လုံး လက်ခနဲ ထွန်းလင်းသွားသည်။

“ငါ တစ်ချို့ ဆုပ်ကိုင်မိသလို ရှိတယ်... ကျေးဇူးပဲ...”

ယန်ချင်းရှုံး အံ့သြသွားသည်။

သူမ ကိုယ်တိုင် ဤအရာအားလုံး အတော်လေး မရေရာသေးချေ။

လော့ချန်က သူမ၏ တစ်ခွန်းသော စကားကို နားထောင်ရုံနှင့် နားလည်မှု ရခဲ့သည်တဲ့။

ဓားပညာ နယ်ပယ် ကျင့်စဉ်မှာ ဤမျှ လွယ်ကူသည် မဟုတ်ပေ။

လျှပ်ယွမ်ဂိုဏ်း ရှိရာဘက်တွင်...

ဟွာကျင်းယန်သည် အချင်းချင်း ဘေးချင်းယှဉ် လျှောက်နေကြပြီး တိုးတိုးတိတိ စကားပြောနေကြသည့် လော့ချန်နှင့် ယန်ချင်းရှုံးကို မြင်လိုက်ရာ သူ၏မျက်နှာမှာ အလွန် ရုပ်ဆိုးသွားသည်။

ဆွန်ချွမ်ဝူက သူ၏ဘေးတွင် ဝင်ထိုင်ကာ မျက်နှာ အမူအရာ ကြည့်ပြီး စကားဆိုသည်။

“စီနီယာဟွာ ဒီ ယန်ချင်းရှုံးက မျက်စိ အရမ်း မိုက်မှောင်နေတယ်... အသုံးမကျတဲ့ သိုင်းဝိညာဉ် နိုးကြားတဲ့ အမှိုက်ကောင်ကို မျက်စိထဲ ထည့်နေတယ်...”

ဟွာကျင်းယန် နဖူး တွန့်ချိုးသွားပြီး မျက်နှာ တင်းမာစွာ ဆိုသည်။

“သူတို့ နည်းနည်း နီးကပ်နေရုံပဲ... ချင်းရှုံးက သူ့ကို မျက်စိထဲ ထည့်မှာမဟုတ်ပါဘူး...”

ဆွန်ချွမ်ဝူသည် ဟွာကျင်းယန် မျက်နှာ ပိုဆိုးလာသည်ကို တွေ့ရာ ဆက်ပြီး လေပင့်ပေးလိုက်သည်။

“စီနီယာဟွာ ပြောတာ မှန်ပါတယ်... ငါ ကြည့်ရတာ ဂိုဏ်းသုံးဂိုဏ်း တစ်ခုလုံးမှာ ယန်ချင်းရှုံးနဲ့ လိုက်ဖက်တဲ့သူဆိုလို့ စီနီယာဟွာပဲ ရှိတယ်... ဒါပေမဲ့ သူတို့နှစ်ယောက်က ဓားကျင့်ကြံသူတွေ ဖြစ်နေတာ... လော့ချန်က အမှိုက်ကောင် တစ်ကောင် ဖြစ်ပေမဲ့ မျက်နှာ တော်တော် ကောင်းတယ်... နှစ်ယောက် ဒီလို နီးနီးကပ်ကပ် နေနေရင် အချိန်ကြာလာရင် ယန်ချင်းရှုံး စိတ်ဝင်စားမှု မဖြစ်မနေ ရှိလာမှာပဲ...”

“ခွပ်...”

ဟွာကျင်းယန် မျက်လုံး မှေးသွားပြီး ထိုင်နေသော ကျောက်ကုလားထိုင် လက်တန်းကို အမှတ်မထင် ညှစ်ချိုးပစ်လိုက်သည်။

ဂိုဏ်းသုံးဂိုဏ်း အပြင်စည်းတွင် ယန်ချင်းရှုံးမှာ ဟွာကျင်းယန် မျက်စိကျနေသည့် တစ်ဦးတည်းသော အမျိုးသမီး ဖြစ်ပြီး သူနှင့် လိုက်ဖက်သည့် တစ်ဦးတည်းသော မိန်းကလေး ဖြစ်သည်။

လော့ချန်နှင့် ယန်ချင်းရှုံး ဤမျှ ရင်းနှီးနေသည်ကို တွေ့ရာ နှလုံးသားထဲတွင် မနာလိုမှု ဒေါသမီးများ တောက်လောင်လာသည်။

သူ မျက်စိကျနေသော အမျိုးသမီးကို အခြားသူနှင့် မည်သည့် ဆက်ဆံရေးမျှ ရှိခွင့်မပြုနိုင်ပေ။

“အဲ့ဒါ ဒီကောင် အသက်ဆက်ရှင်နေအုံးမှပါကွာ...”

ဟွာကျင်းယန်သည် လော့ချန်၏ ပုံရိပ်ကို စိုက်ကြည့်ပြီး မျက်လုံးများ အေးစက်နေသည်။ နှလုံးသားထဲမှ ဆုံးဖြတ်ချက် ချလိုက်သည်။ ဂိုဏ်းသုံးဂိုဏ်း သိုင်းပြိုင်ပွဲ စတင်ချိန် လော့ချန်နှင့်တွေ့လျှင် အရှိန်အဟုန် အားလုံး ထုတ်သုံးပြီး လူများရှေ့မှောက်မှာပင် ဒဏ်ရာ ရအောင် အမှန်တကယ် အမှိုက်ဖြစ်သွားအောင် ရိုက်နှက်ပစ်မည်။

ဟွာကျင်းယန် ခန္ဓာကိုယ်မှ ဒေါသအငွေ့အသက်ကို ခံစားရသည်နှင့် ဆွန်ချွမ်ဝူ နှုတ်ခမ်းတစ်ချက် တွန့်ချိုးသွားသည်။ မျက်လုံးက လော့ချန်ဘက် လှည့်ပြီးနောက် နှလုံးထဲမှ ရက်စက်စွာ ရယ်မောလိုက်သည်။

‘အမှိုက်ကောင်... အမှိုက်ကောင်... ငါ့ကို မျက်နှာ ပျက်အောင် လုပ်ရဲတယ်ပေါ့... ခဏစောင့်နေစမ်းပါ မင်း ဘယ်လို သေမယ်ဆိုတာ ကြိုရွေးထား...’

အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားကာ မကြာမီ စတင်ချိန် ရောက်လုနီးလာသည်။

ထိုအခါ...

ကောင်းကင်ယံတွင် ရုတ်တရက် မိုးကြိုး ဆူညံသံ ထွက်ပေါ်လာသည်။

လူများ ခေါင်းမော့ ကြည့်ကြရာ တောင်ဘက် ကောင်းကင်ယံတွင် တောက်ပလှသော မိုးကြိုးတစ်ခု ပေါ်ထွက်လာသည်။

မိုးကြိုး အလယ်တွင် ပုံရိပ်တစ်ခု မှုန်ဝါးဝါး တွေ့ရကာ ကောင်းကင်ကို လွှမ်းအုပ်လိုက်သော သန်မာလှသည့် အရှိန်အဝါဖြင့် တစ်ကွင်းလုံးကို ဖိနှိပ်လိုက်သည်။

မိုးကြိုး အလျင်အဟုန်သည် အလွန် မြန်ဆန်ကာ မျက်တောင်တစ်ခတ်အတွင်း ကွင်းပြင်အထက်သို့ ‌ရောက်ရှိလာသည်။

“ဘုန်း...”

ချိုင့်ဝှမ်း အလယ်သို့ မိုးကြိုး ဆင်းသက်လိုက်သည်တွင် အလယ်မှ ဂုဏ်သိက္ခာ ပြည့်ဝလှသော သူအိုကြီးတစ်ဦး ထွက်ပေါ်လာသည်။

သူအိုကြီးက အရပ်အမောင်း သာမန်ဖြစ်ပြီး အပြာရောင်ကြီး ဝတ်ရုံကို ခြုံထားသည်။ ဆံပင်ဖြူများမှာ ရှည်လျားပြီး လျှပ်စစ်ချည် မျှင်များ တစ်လက်လက်တောက်နေကာ မြင်ရသူအဖို့ နှလုံးသားပင် ဖိနှိပ်ခံရသလို ခံစားရသည်။

“အကြီးအကဲ ဝူးရှန်... အဝေးကနေ မကြိုဆိုခဲ့ရလို့ ခွင့်လွှတ်ပါ...”

ရောက်လာသူကို တွေ့လိုက်ရသည်နှင့် ဂိုဏ်းသုံးဂိုဏ်း အကြီးအကဲများအားလုံး ထရပ်ကြပြီး ရှေ့သို့ လျှောက်ကာ စိတ်အားထက်သန်စွာ နှုတ်ဆက်ကြသည်။

လော့ချန် အံ့သြသွားသည်။

“သူက ဒီပွဲကို ကြည့်ရှုမယ့် အရေးကြီး ပုဂ္ဂိုလ်ပေါ့... ဒီလူက ဘယ်သူလဲ...”

ချန်လင်းယူ ဆိုသည်။

“သူက ချူမင်းဆက် ကျိတော့ဂိုဏ်း အပြင်စည်း အကြီးအကဲ ဖြစ်တယ်... ဒီတစ်ခါ ဂိုဏ်းသုံးဂိုဏ်း သိုင်းပြိုင်ပွဲရဲ့ အဓိက ဒိုင်လူကြီး ဖြစ်မယ်...”

ကျိတော့ဂိုဏ်း။

လော့ချန်သည် အကြီးအကဲ ဝူးရှန်ကို ကြည့်ရာ မျက်လုံး မှေးကျဉ်းသွားသည်။

လွန်ခဲ့သော လအနည်းငယ်က သူ ကျိတော့ဂိုဏ်း အပြင်စည်းတပည့် လီယွမ်ဆိုသူ တစ်ဦးကို သတ်ဖြတ်ခဲ့သည်။

မီးလျှံရတနာမြင်းမှာ ထိုသူ၏ စီးနင်းသားရဲ ဖြစ်သည်။

“အားလုံး ပြင်ဆင်ပြီးသားဆိုရင် စမယ်လေ...”

အကြီးအကဲဝူးရှန်က မျက်နှာအမူအရာမရှိဘဲ ခေါင်းညိတ်လိုက်ကာ လက်မောင်းတစ်ချက် ဝှေ့ယမ်းလိုက်ပြီးနောက် သူသည် အဓိက စင်မြင့်နေရာတွင် နေရာယူလိုက်သည်။

မျက်နှာ သိမ်မွေ့လှသော လော့ရှာဂိုဏ်း အကြီးအကဲတစ်ဦး ရှေ့သို့ ထွက်လာပြီး ဂိုဏ်းသုံးဂိုဏ်း သိုင်းပြိုင်ပွဲ စည်းမျဉ်းများကို တစ်ခါတည်း ကြေညာသည်။

ဂိုဏ်းသုံးဂိုဏ်း သိုင်းပြိုင်ပွဲမှာ အမှတ်ပေးစနစ် ဖြစ်ရာ စည်းမျဉ်းမှာ ရိုးရှင်းသည်။ လူသုံးဆယ် မဲနှိုက်ပြီး နှစ်ယောက်ချင်းစီ တစ်ဆယ့်ငါးပွဲ ပြိုင်ဆိုင်ရမည်။

တစ်ပွဲအနိုင်ရလျှင် တစ်မှတ်ရသည်။ သရေပွဲဆိုပါက အမှတ်မရပါ။ တစ်ပွဲရှုံးလျှင် တစ်မှတ်နှုတ်မည်ဖြစ်ပြီး နောက်ဆုံး စုစုပေါင်းအမှတ်ဖြင့် အဆင့်သတ်မှတ်မည်ဖြစ်သည်။

ထို့အပြင် ဂိုဏ်းသုံးဂိုဏ်း အဓိက တပည့်ကြီးများ ရှေ့ဆယ်ပွဲတွင် ပါဝင်ရန် မလိုအပ်ဘဲ ရှေ့ဆယ်ပွဲ အမှတ်ကို အနိုင်ရခဲ့သလို တွက်ချက်မည်။

စည်းမျဉ်း ကြေညာပြီးမှ သိမ်မွေ့သော အကြီးအကဲ၏ မျက်လုံးများက ဂိုဏ်းသုံးဂိုဏ်း လူများကို လှည့်ပတ် ကြည့်ကာ အနည်းငယ် ပြုံးလိုက်သည်။

“ဂိုဏ်းသုံးဂိုဏ်း သိုင်းပြိုင်ပွဲရဲ့ အဓိကရည်ရွယ်ချက်က သိုင်းပညာ ဖလှယ်ဖို့ပဲဖြစ်ပြီးတော့... အနိုင်အရှုံးက ဒုတိယသာဖြစ်တယ်... ယှဉ်ပြိုင်ချိန်မှာ အချင်းချင်း အဆုံးထိ မသွားကြနဲ့... လူသတ်နည်း ထုတ်မသုံးပါနဲ့... ကောင်းပြီ... အခု မဲနှိုက်ပြီး မဲကျရာ ယှဉ်ပြိုင်ကြပါ...”

“ပထမ ပြိုင်ပွဲစင်မြင့် ရွှမ်ယွမ်ဂိုဏ်း လင်ချီတုန်း နှင့် လော့ရှာဂိုဏ်း ရှားချင်း...”

“ဒုတိယ ပြိုင်ပွဲစင်မြင့် လျှပ်ယွမ်ဂိုဏ်း ဖေ့အ နှင့် ရွှမ်ယွမ်ဂိုဏ်း ရှူးပင်းရိ...”

“တတိယ ပြိုင်ပွဲစင်မြင့် လော့ရှာဂိုဏ်း လီဟန် နှင့် လော့ရှာဂိုဏ်း ကျင်းယူရှီ...”

“စတုတ္ထ ပြိုင်ပွဲစင်မြင့်...”

သိမ်မွေ့သော အကြီးအကဲသည် ပြိုင်ဆိုင်ရမည့် အမည်များကို တစ်ခုချင်း ကြေညာသည်။

လျှပ်ယွမ်ဂိုဏ်းရှိရာ ဆွန်ယင်ယန်သည် ရွှမ်ယွမ်ဂိုဏ်းက လူများကို တစ်ချက် လှမ်းကြည့်ကာ အေးစက်စွာ ရယ်သည်။

“မင်းတို့ နားထောင်ထားကြ... ရွှမ်ယွမ်ဂိုဏ်း တပည့်တွေနဲ့တွေ့ရင် လက်လျှော့မပေးနဲ့... ငါတို့ လျှပ်ယွမ်ဂိုဏ်း ဂုဏ်သိက္ခာကို သိအောင် လုပ်ပြပါ...”

“ဟုတ်ကဲ့...”

လျှပ်ယွမ်ဂိုဏ်း တပည့်များ တညီတညွတ်တည်း အော်ဟစ်ကြသည်။

ဟွာကျင်းယန်သည် လော့ချန်ကို အေးစက်သော မျက်လုံးတစ်စုံနှင့် တစ်ချက် လှမ်းကြည့်လိုက်သည်။

အခန်း ၃၅၆ ပြီးပါပြီ။

All Chapters