လင်ချီတုန်း သေဆုံး။ စစ်ပွဲ ဖြစ်ပွား။
Vol. 24 Ch. 359
ဆွန်ချွမ်ဝူ ပြည့်စုံစွာ ရန်စသည့် စကားကို ကြားလိုက်ရသောအခါ အမျိုးသမီးအကြီးအကဲသည် လင်ချီတုန်းအား ပါးစပ်ဖွင့်ခွင့်မပေးဘဲ ချက်ချင်း တားမြစ်လိုက်သည်။
“လင်ချီတုန်း... ဆွန်ချွမ်ဝူဟာ လျှပ်ယွမ်ဂိုဏ်း အပြင်စည်း ထိပ်တန်း ဆယ်ဦးတပည့်တွေထဲမှာ အဆင့်သုံး ရှိနေတဲ့သူပဲ... ထပ်ပြီး လူနဲ့ဓား တစ်သားတည်း နားလည်ထိုးထွင်းထားတဲ့သူ ဖြစ်တယ်... စွမ်းအားက သာမန်မဟုတ်ဘူး... မင်း သူ့ကို မယှဉ်နိုင်ဘူး...”
တစ်ဖက်ရှိ ရှဲ့ယန်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်... အရှုံးပေးလိုက်ပါ...”
ဆွန်ချွမ်ဝူသည် ထိုမြင်ကွင်းကို သတိပြုမိသဖြင့် အေးစက်စွာ ရယ်မောလိုက်သည်။
“ဘာလဲ... မင်း အရင်က အရမ်းကို ဂုဏ်ယူနေခဲ့တာ အခုတော့ ခေါင်းဖွက်ထားတဲ့ လိပ်ကြီး ဖြစ်ချင်နေပြီလား...”
“ဟမ်...”
လင်ချီတုန်း သွေးက ခေါင်းထက်သို့ တက်လာသဖြင့် ချက်ချင်း ထရပ်လိုက်သည်။
“ငါ မင်းကို တကယ် ကြောက်နေတယ်လို့ ထင်နေတာလား...”
ထိုသို့ ပြောရင်း လင်ချီတုန်းသည် တိုက်ပွဲစင်မြင့်ထက်သို့ ချီတက်တော့မည် ဖြစ်သည်။
ဖုန်းရှန်အကြီးအကဲသည် မျက်ခုံးရှုံ့တွကာဖြင့် သတိပေးလိုက်သည်။
“မယှဉ်နိုင်ရင် အမြန်အရှုံးပေးလိုက်ပါ။ ဘယ်လိုမှ ဒေါသနဲ့ မလုပ်နဲ့...”
“ဖုန်းရှန်အကြီးအကဲ စိတ်ချပါ... ကျွန်တော့်မှာ အတိုင်းအတာ ရှိပါတယ်...”
လင်ချီတုန်း ခေါင်းညိတ်လိုက်သည်။
အရင် နှစ်ပွဲဆက်တိုက် အနိုင်ရခဲ့မှုက သူ့ကို ယုံကြည်မှု တိုးပွားစေခဲ့သည်။
ဆွန်ချွမ်ဝူကို အနိုင်မရလျှင်တောင် ခဏမျှ ခံနိုင်မည်ဟု ကိုယ့်ကိုယ်ကို ယူဆထားသဖြင့် ထိုအချိန်တွင် အရှုံးပေးလျှင်လည်း မျက်နှာပျက်ရမည် မဟုတ်ဟု တွေးထင်ထားသည်။
“ရှူး...”
ပုံရိပ်က လက်ခနဲ လှုပ်ရှားသွားပြီး လင်ချီတုန်း ယုံကြည်မှုအပြည့်ဖြင့် တိုက်ပွဲစင်မြင့်ထက်ပေါ် ခုန်တက်လိုက်သည်။
လင်ချီတုန်း တက်လာသည်ကို မြင်သောအခါ ဆွန်ချွမ်ဝူ နှုတ်ခမ်းထောင့် ကွေးတက်သွားပြီး ရက်စက်စွာ ရယ်မောလိုက်သည်။
“မင်း ရဲရင့်မှု ရှိပါလား... ငါ့ကို ရင်ဆိုင်ရဲပြီး တက်လာသေးတယ်ပေါ့... တကယ်တော့ ခေါင်းဖွက်ထားတဲ့လိပ်ကြီး ဖြစ်နေတာ ဘာမှ မဆိုးပါဘူး... အနည်းဆုံး ကိုယ့်ကိုယ်ကို ဒုက္ခမရှာဘူးပေါ့...”
လင်ချီတုန်း မျက်နှာ အနည်းငယ် တောင့်တင်းသွားသဖြင့် အေးစက်စွာ ရယ်မောလိုက်သည်။
“စကားလောက်တော့ လူတိုင်းပြောတတ်တယ်... တစ်ကယ်တမ်း လုပ်နိုင်မလုပ်နိုင်ဆိုတာ စမ်းကြည့်မှ သိမယ်လေ...”
“ဘုန်း...”
ပါးစပ်ဖြင့် ထိုသို့ ပြောနေသော်လည်း လင်ချီတုန်း လုံးဝ ဂရုမစိုက်ဘဲ မနေရဲချေ။ ချက်ချင်း သိုင်းဝိညာဉ်ကို ထုတ်လွှတ်လိုက်သည်။ ကိုယ်ကာကွယ်ချီစွမ်းအင်ကို အဆုံးထိ လှုံ့ဆော်လိုက်ရာ အင်အားကြီးမားသော အရှိန်အဟုန်တစ်ခု ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
“စမ်းကြည့်ချင်တယ်ဆိုရင် တန်ဖိုး ပေးဆပ်ရလိမ့်မယ်...”
ဆွန်ချွမ်ဝူ မဲ့ရယ်လိုက်သည်။ ထို့နောက် သူ ရှည်လျားသော ဓားကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်ပြီး တစ်လှမ်းချင်း လင်ချီတုန်းဘက် လျှောက်လာသည်။ အကြည့်များ ပိုမို ပြင်းထန်လာသဖြင့် ကြီးမားသော ဓားအရှိန်အဟုန်က ကောင်းကင်ကို ဖုံးလွှမ်းသလို လင်ချီတုန်းဘက် ရိုက်ခတ်လာသည်။ လေထုပင် တုန်ခါသွားစေသည်။
လင်ချီတုန်း လက်ဖဝါးမှ ချွေးစီးကျလာသည်။ ဆွန်ချွမ်ဝူ၏ ခြေလှမ်းတစ်လှမ်းချင်းစီသည် သူ့နှလုံးပေါ် နင်းမိနေသလို ခံစားရသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး သွေးများ အနည်းငယ် ပူနွေးလာသည်။
“သေစမ်း...”
နောက်ဆုံး လင်ချီတုန်း မခံနိုင်တော့သဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။ ခန္ဓာကိုယ်က ရှေ့သို့ ရုတ်တရက် ပြေးဝင်သွားပြီး ဆွန်ချွမ်ဝူ အနီးသို့ ရောက်ရှိသွားသည်။ ဆက်တိုက် လက်ဖဝါးသုံးချက် ပြင်းထန်စွာ ထုတ်ရိုက်လိုက်ကာ ရှန်ချင်ကို အနိုင်ယူခဲ့သည့် သတ်ဖြတ်နည်းကို အသုံးပြုလိုက်သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
လက်ဖဝါးရာသုံးခုက ဆွန်ချွမ်ဝူကို အရှိန်အဟုန် ပြင်းထန်စွာ ဖုံးလွှမ်းလိုက်သဖြင့် လေထုပင် အရည်ပျော်သွားသည်။
“ကိုယ့်တန်ဖိုးကိုယ် မသိတဲ့သူ...”
ဆွန်ချွမ်ဝူ အေးစက်စွာ ရယ်မောလိုက်သည်။ လက်ဖဝါးရာ သုံးခု အနီးရောက်မှ ရုတ်တရက် လက်နက်ထုတ်သုံးလိုက်ပြီး ဓားတစ်ချက် လှီးဖြတ်လိုက်သည်။
အပြာရောင် ဓားစွမ်းအင်တစ်ခု လေထဲ ပေါ်ပေါက်လာသည်။ ဓားစွမ်းအင်သည် အလျား ဆယ်မီတာကျော်ရှိပြီး လျှပ်စီးကဲ့သို့ မြန်ဆန်ကာ အရှိန်အဟုန် ကြီးမားသဖြင့် လက်ဖဝါးရာ သုံးခု၏ အားအနည်းဆုံးနေရာကို တိကျစွာ လှီးဖြတ်လိုက်သည်။
“ဖူး...”
လက်ဝါးရာ သုံးခု ဆက်တိုက် ပျက်သုဉ်းသွားပြီးနောက်ပင် ဓားစွမ်းအင်က အရှိန်မလျော့ဘဲ ချက်ချင်း လင်ချီတုန်း ရှေ့သို့ ရောက်ရှိလာသည်။
“ဓားစွမ်းရည် အရမ်းကို ပြင်းထန်တယ်... မြန်တယ်... တိကျတယ်... ရက်စက်တယ်... မလှုပ်ရင် မလှုပ်ဘူး... တစ်ခါ လှုပ်ရင် လူတွေ အံ့အားသင့်သွားတယ်...”
ပွဲကြည့်ပရိသတ်ထဲမှ ဓားပညာရှင်တစ်ဦး အံ့အားတကြီး အော်ဟစ်လိုက်သည်။
“ဒီလောက် ပြင်းထန်နေတာ...”
လင်ချီတုန်းလည်း အလားတူ အံ့အားတသင့် ဖြစ်သွားသည်။ ဆွန်ချွမ်ဝူ၏ ဓားနည်း ဤမျှ ပြင်းထန် မြန်ဆန်မည်ဟု မထင်ထားခဲ့ချေ။ အံကိုကြိတ်လိုက်ပြီး ကိုယ်ကာကွယ်ချီစွမ်းအင်ကို အဆုံးထိ လှုံ့ဆော်လိုက်သည်။
“ဖန်း...”
ဓားစွမ်းအင် လှီးဖြတ်ချလိုက်ရာ ကိုယ်ကာကွယ်ချီစွမ်းအင်ကို ကွဲထွက်လုနီးပါး ခွဲဖြတ်ခဲ့သည်။ ပါဝင်သော ကြောက်မက်ဖွယ် အင်အားက လင်ချီတုန်း ခန္ဓာကိုယ်တစ်ခုလုံး ထုံကျဉ်သွားစေပြီး သွေးက ပွက်ပွက်ဆူလာသဖြင့် ချက်ချင်း သွေးတစ်လုတ် အန်လိုက်ရပြီး မထိန်းနိုင်ဘဲ နောက်ဆုတ်သွားသည်။
“ဗြီး...”
ဆွန်ချွမ်ဝူ မျက်ဆံ ကျုံ့သွားသည်။ ဤမျှဖြင့် ရပ်တန့်ရန် မရည်ရွယ်ချေ။ လက်နှစ်ဖက်ဖြင့် ရှည်လျားသော ဓားကို မြင့်မြင့်မားမား ကိုင်မြှောက်လိုက်ပြီး အပြာရောင် ဓားအလင်း ဖြန့်ကျက်လိုက်ကာ လင်ချီတုန်းကို ပစ်မှတ်ထားပြီး ပြင်းထန်စွာ လှီးဖြတ်ချလိုက်သည်။
“တောက်...”
လင်ချီတုန်းသည် ဆွန်ချွမ်ဝူ လက်နက်ထုတ်သုံးမှု ဤမျှ ရက်စက်မည်ဟု မထင်ထားခဲ့ချေ။ လက်တစ်ချက်မျှ ချန်မထားချေ။
ဤဓားချက်သာ ထိမှန်ခဲ့ပါက မသေရင်တောင် ပြင်းထန်စွာ ဒဏ်ရာရမည် ဖြစ်သည်။
ချက်ချင်း အသက်ရှူ တစ်ချက် အားထည့်လိုက်ပြီး သတ်ဖြတ်နည်းကို အသုံးပြုရန် ကြံစည်ကာ ဓားအလင်းကို အပြည့်အဝ ခံနိုင်ရန် ပြင်ဆင်လိုက်သည်။
“မကောင်းတော့ဘူး... ချီစွမ်းအင် မလည်ပတ်နိုင်တော့ဘူး...”
ရုတ်တရက် လင်ချီတုန်း မျက်နှာ မည်းမှောင်သွားသည်။
သူ ခန္ဓာကိုယ်တစ်ခုလုံး သွေးစီးဆင်းမှု ရှုပ်ထွေးနေသည်ဟု ခံစားရပြီး ချီစွမ်းအင်သည် သူ့ဆန္ဒကို လုံးဝ မနာခံချေ။ တစ်ချက်မျှ လည်ပတ်နိုင်ခြင်း မရှိချေ။
“ဘာဖြစ်တာလဲ...”
လင်ချီတုန်း မျက်နှာ ပြောင်းလဲသွားပြီး ဒွါရခုနစ်ပေါက်မှ သွေးများ စီးကျလာသည်။
ထိုခဏတွင်ပင်...
“ဖူး...”
ဓားအလင်း ရောက်ရှိလာသည်နှင့် သူရပ်တည်နေရာတွင် ရုတ်ချည်း သွေးမိုးရွာသွန်းသွားခဲ့သည်။
လင်ချီတုန်း၏ ခန္ဓာကိုယ်သည် လေထဲတွင်ပင် တိုက်ရိုက် အပိုင်းပိုင်း ခွဲဖြတ်ခံရပြီး အသားများ အူများ မြေပြင်ပေါ် ပြန့်ကျဲကျသွားသည်။
ကျင်းယူ တောင်ထိပ်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။
လူအားလုံး အံ့အားတသင့်ဖြင့် သွေးစွန်းနေသော နံပါတ်လေး တိုက်ပွဲစင်မြင့်နှင့် လင်ချီတုန်း၏ လူပုံစံ မရှိတော့သော အလောင်းကို ကြည့်နေကြသည်။
ဆွန်ချွမ်ဝူ ဤမျှ ရက်စက်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ချေ။ ဓားတစ်ချက်ဖြင့် လင်ချီတုန်းကို နေရာတွင် အပိုင်းပိုင်း ခွဲဖြတ်ပစ်လိုက်သည်။
ဂိုဏ်းသုံးဂိုဏ်းသိုင်းယှဉ်ပြိုင်မှုသည် သိုင်းပညာ ဆွေးနွေးခြင်း သက်သက်သာ ဖြစ်သည်။ သေခြင်း ရှင်ခြင်း သွေးစွန်းစစ်ပွဲ မဟုတ်ချေ။
ရွှမ်ယွမ်ဂိုဏ်းနှင့် လျှပ်ယွမ်ဂိုဏ်း၏ ရန်ငြိုးသည် နက်ရှိုင်းနေသော်လည်း အချင်းချင်း လက်နက်ထုတ်သုံးရာတွင် ရက်စက်ရုံမျှ ဖြစ်ပြီး တစ်ဖက်ကို ဒုက္ခ ပိုပေးရုံသာ ရှိသည်။
ယခု မှာမူ နေရာတွင် သတ်ဖြတ်ပစ်လိုက်ခြင်း ဖြစ်သည်။
အမှန်တွင် ဆွန်ချွမ်ဝူ ကိုယ်တိုင်ပင် အံ့အားတသင့် ဖြစ်သွားပြီး ဓားကို ကိုင်ထားရင်း နေရာတွင် မှင်တက်မိစွာ ရပ်တန့်နေသည်။ ခေါင်းထဲ တဘုန်းဘုန်း မြည်ဟီးနေသည်။
သူ လင်ချီတုန်းကို ပြင်းပြင်းထန်ထန် သင်ခန်းစာ ပေးရန်သာ ရည်ရွယ်ခဲ့သည်။ သူ့အား အိပ်ယာထက်တွင် ဆယ်ကိုးရက်ခန့် လဲနေရအောင် လုပ်ရန်သာ ရည်ရွယ်ခဲ့သည်။
သတ်ဖြတ်ရန် တစ်ခါမျှ မတွေးခဲ့ချေ။
တစ်ဖက်က နောက်ဆုံး ကာကွယ်ရန် မကြိုးစားခဲ့မှန်း လုံးဝ မထင်ထားခဲ့ချေ။
လော့ချန် တိတ်ဆိတ်စွာ ရှိနေပြီး ဖုန်းရှန်အကြီးအကဲနှင့် ရှဲ့ယန်အကြီးအကဲကို တစ်ချက် လှမ်းကြည့်လိုက်သည်။ မျက်လုံးထဲ အလင်းတန်း လက်သွေးနေသည်။
စင်မြင့်ထက်တွင် လင်ချီတုန်း ယခုလို မရှုမလှ သေဆုံးရမှခြင်းသည် ချင်းယွမ် သွေးရွှင်ဆေးလုံးကြောင့်ပင် ဖြစ်သည်။
“မင်း ရဲတင်းလွန်းလှချည်လား... ဆွန်ချွမ်ဝူ... ငါ့ တပည့်ရင်းကို မင်း ရက်ရက်စက်စက် သတ်ပစ်တယ်... ငါ့ကို အသက်နဲ့ ပြန်ပေးဆပ်စမ်း...”
ရုတ်တရက် ကောင်းကင်ကို လှုပ်ခတ်စေသော ဒေါသတစ်ချက် ဟိန်းထွက်လာကာ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
ပဉ္စမအကြီးအကဲသည် ဒေါသတကြီး ဆံပင်များပင်ရှုပ်ပွနေပြီး ပုံရိပ်က လက်ခနဲ လှုပ်ရှားသွာကာ နံပါတ်လေး တိုက်ပွဲစင်မြင့် အထက်လေထဲ ရောက်ရှိသွားသည်။ လှံတစ်ချက်တွင် ပြင်းထန်သော မီးတောက်များ ပါဝင်ပြီး အောက်ဘက် ပြင်းထန်စွာ ထိုးချလိုက်သည်။
“ဘုန်း...”
နေရာတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားသည်။ လေပြင်းများ ရူးသွပ်စွာ လှိုင်ထလာသည်။
မရေမတွက်နိုင်သော တိုက်ပွဲများ ခံခဲ့ရသော တိုက်ပွဲစင်မြင့်သည် မျက်နှာပြင်ပေါ် အက်ကွဲရာ များစွာ ပေါ်ပေါက်လာသည်။
စွမ်းအင်လှိုင်း ပျံ့နှံ့သွားသဖြင့် ဆွန်ချွမ်ဝူ ပေါက်ကွဲသလို နောက်ဆုတ်သွားပြီး ဆယ်လှမ်းကျော် နောက်ပြန်လဲကျသွားသည်။ ဆွန်ယင်ယန်က သူ့ရှေ့ ပိတ်ဆို့ရပ်တည်လိုက်ပြီး ခေါင်းမော့ကြည့်ကာ ပဉ္စမအကြီးအကဲကို ပြောလိုက်သည်။
“ချန်းဟန်... ငါ့သားမှာ သတ်ဖြတ်လိုစိတ် မရှိပါဘူး... ဒါ မတော်တဆ ဖြစ်သွားတာပဲ...”
“သတ်ဖြတ်ချင်တဲ့ စိတ်မရှိဘူး... ဟုတ်လား... ကြည့်စမ်းပါအုံး... ငါ့တပည့်က ဘယ်လို သေသွားရတာလဲ...”
ပဉ္စမအကြီးအကဲ ဒေါသတကြီး မျက်လုံး ပြူးကျယ်သွားပြီး ဆွန်ချွမ်ဝူကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“သူ လူနဲ့ဓား တစ်သားတည်း နားလည်ထိုးထွင်းထားတယ်... ဓားက စိတ်နဲ့ လိုက်တယ်... ဆုတ်ချင်ရင် ဆုတ်နိုင်တယ်... ဖြန့်ချင်ရင် ဖြန့်နိုင်တယ်... မင်း သူ့မှာ သတ်ဖြတ်ချင်တဲ့ စိတ်မရှိဘူး လို့ ပြောနေတာ ငါ့ကို ငတုံးလို့ ထင်နေတာလား...”
“ဘုန်း...”
စကားပြောနေချိန် ပဉ္စမအကြီးအကဲ ခန္ဓာကိုယ်မှ ပြင်းထန်သော မီးစွမ်းအင်က ကောင်းကင်သို့ တက်လာသည်။ လူတစ်ယောက်လုံး မီးမုန်တိုင်း အလယ်တွင် ရပ်နေသလို ဖြစ်နေပြီး ပူနွေးသော လှိုင်းများ ကျင်းယူ တောင်တစ်ခုလုံးကို ဖုံးလွှမ်းလိုက်သည်။
“ရှူး... ရှူး... ရှူး...”
ချန်ရွှမ်၊ ရှဲ့ယန်နှင့် ဖုန်းရှန်တို့ အားလုံး ပဉ္စမအကြီးအကဲ ဘေးသို့ ပျံသန်းလာကြသည်။
လေထဲ ခွဲထွက်သံ မြည်ဟီးလာသဖြင့် လျှပ်ယွမ်ဂိုဏ်း အကြီးအကဲ သုံးဦးလည်း အလားတူ ဆွန်ယင်ယန် ဘေးသို့ ရပ်တည်လာကြသည်။
၎င်းတို့ထဲမှ ကိုယ်လုံး ကြီးမားပြီး မျက်နှာ ခရမ်းရောင်ရှိသော အလယ်တန်းအရွယ် ပုဂ္ဂိုလ်တစ်ဦး ရှေ့သို့ ထွက်လာပြီး ချန်ရွှမ်ကို အေးစက်စွာ ကြည့်လိုက်သည်။
“ချန်ရွှမ်... တိုက်ပွဲစင်ပေါ် ယှဉ်ပြိုင်ရင် ဓားလှံမှာ မျက်စိ မရှိဘူး... မတော်တဆ ဖြစ်တတ်တယ်... ဒါ မတော်တဆ ဖြစ်သွားတာပဲ။ မင်းတို့ ရွှမ်ယွမ်ဂိုဏ်း ဆုံးရှုံးမှုအတွက် ငါတို့ လျှပ်ယွမ်ဂိုဏ်း ချီစွမ်းအင်ဆေးလုံး တစ်စိတ်တစ်ပိုင်း လျော်ပေးမယ်... ဒီအမှု ဒီမှာ ရပ်တန့်လိုက်ပါ...”
မျက်နှာ ခရမ်းရောင်ရှိသော အလယ်တန်းအရွယ် ပုဂ္ဂိုလ်မှာ လျှပ်ယွမ်ဂိုဏ်း အပြင်စည်း အကြီးအကဲ ရမ်ကွေ့ ဖြစ်သည်။
ပဉ္စမအကြီးအကဲက အေးစက်စွာ ရယ်မောလိုက်သည်။
“ငါတို့ ရွှမ်ယွမ်ဂိုဏ်းက ဘယ်တော့မှ မင်းတို့ လှူဒါန်းမှုကို မလိုအပ်ဘူး... သတ်ရင် အသက်နဲ့ ပြန်ဆပ်ရမယ်... ဆွန်ချွမ်ဝူကို လွှဲပေး...”
လျှပ်ယွမ်ဂိုဏ်း အပြင်စည်း အကြီးအကဲ မျက်နှာ မည်းမှောင်သွားသည်။
“ဒီကိစ္စကို မပြောနဲ့တော့... ဘာလဲ... မင်းတို့ ငါတို့ လျှပ်ယွမ်ဂိုဏ်းကို စစ်ကြေညာ ချင်နေတာလား...”
ချန်ရွှမ်အကြီးအကဲ ဒေါသတကြီး ဖြစ်နေသည်။
“စစ်ကြေညာ ချင်ရင် ကြေညာလိုက်ပါ... မင်းတို့ကို ကြောက်နေတာ မဟုတ်ဘူး...”
“လူကို အရမ်း နှိမ့်ချနေတယ်...”
ပဉ္စမအကြီးအကဲ မျက်နှာ ရက်စက်စွာ ပြောင်းလဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ချီစွမ်းအင်က လှိုင်းလုံးကြီးလို တက်လာသဖြင့် မည်သည့်အချိန်မဆို ပေါက်ကွဲတော့မည် ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ လူများ မျက်လုံး ပြူးကျယ်သွားကြသည်။
သုံးဂိုဏ်းယှဉ်ပြိုင်မှုမှသည် သွေးစွန်းစစ်ပွဲ ဖြစ်သွားမည်လား။
လော့ရှာဂိုဏ်း အကြီးအကဲ ပိကျိုးရွှေ ပါးစပ် ဟလိုက်သော်လည်း အကူအညီ မဲ့စွာ သက်ပြင်းသာချလိုက်သည်။ ယခု အခြေအနေ သည် သူမ တားဆီးနိုင်တော့သည့် အဆင့် မဟုတ်တော့ချေ။
အခန်း ၃၅၉ ပြီးပါပြီ။