ဘာလို့ သိုင်းပညာကို ယှဉ်ပြိုင်ကြမှာလဲ၊ ဘာ့ကြောင့် သိုင်းကျင့်စဉ်ကို ဆွေးနွေးကြမှာလဲ၊
Vol. 24 Ch. 360
“ဟင်း...”
ကြည့်ရသည်မှာ ဂိုဏ်းသုံးဂိုဏ်း စုပေါင်းသိုင်းပညာပြိုင်ပွဲသည် သွေးထွက်သံယို သတ်ဖြတ်ပွဲအဖြစ် ပြောင်းလဲသွားတော့မည်ပင်။
ထိုစဉ်တွင် သက်ပြင်းချသံ သဲ့သဲ့လေးတစ်ချက် ထွက်ပေါ်လာသည်။
အသံသည် မည်သို့ပင်ဆိုစေ ကျယ်လောင်မှုမရှိသော်လည်း ကျင်းယူတောင်ထိပ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး လူတိုင်း၏ နားထဲတွင် တဒိတ်ဒိတ် ပဲ့တင်ထပ်လျက် တုန်ခါနေသည်။
ထိုနေရာရှိ လူအားလုံးသည် နှိုင်းယှဥ်မရသော ဖိအားတစ်ခုကို ခံစားလိုက်ရကာ မျက်လုံးများက ဦးတည်ရာတစ်ခုတည်းသို့ တပြိုင်နက်တည်း စုပြုံရောက်ရှိသွားကြ၏။
ထိုသူကား ဤ ဂိုဏ်းသုံးဂိုဏ်း စုပေါင်းသိုင်းပညာပြိုင်ပွဲ၏ အဓိကဒိုင်လူကြီးပင်ဖြစ်သည်။
ကျိတော့ဂိုဏ်းမှ အကြီးအကဲဝူးရှန်...
အကြီးအကဲဝူးရှန်သည် ထရပ်လိုက်ပြီး လျစ်လျူရှုသောလေသံဖြင့် ပြောဆိုလိုက်သည်။
“စင်မြင့်ပေါ်မှာ သိုင်းယှဥ်ပြိုင်တဲ့အခါ လက်နှက်မှာ မျက်စိမပါတော့... မမျှော်လင့်တဲ့အဖြစ်အပျက်တွေရှိလာတာက ပုံမှန်ပါပဲ... အားလုံး ဆုတ်ခွာကြလော့... ပွဲစဉ်ကို မနှောင့်ယှက်ကြနဲ့...”
ဆွန်ယင်ယန်သည် ဝမ်းသာအားရအမူအရာဖြင့် ပြောလိုက်သည်။
“အကြီးအကဲ ပြောတာ မှန်ပါတယ်...”
နဝမအကြီးအကဲသည် အကြီးအကဲဝူးရှန်က ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်လာမည်ကို မမျှော်လင့်ခဲ့ပေ။ သူသည် နက်ရှိုင်းစွာ မျက်မှောင်ကြုတ်လိုက်ရင်း မရှောင်သာဘဲ ပြောလိုက်သည်။
“အကြီးအကဲဝူးရှန်... ဂိုဏ်းသုံးဂိုဏ်းပေါင်းစုံသိုင်းပညာပြိုင်ပွဲဟာ ယခင်ကတည်းကပင် ချစ်ကြည်ရင်းနှီးစွာ စမ်းသပ်ယှဉ်ပြိုင်ကြတာပါ... အသက်သေဆုံးတဲ့အထိ မတိုက်ရဘူးလို့လည်း သတ်မှတ်ထားပါတယ်... လျှပ်ယွမ်ဂိုဏ်းတပည့် ဆွန်ချွမ်ဝူက ဒီလောက် ယုတ်မာပြီး ကျုပ်တပည့်ကို ရက်ရက်စက်စက် သတ်ဖြတ်တာဟာ ပြင်းပြင်းထန်ထန် စည်းကမ်းချိုးဖောက်တာပါ... ရွှမ်ယွမ်ဂိုဏ်းအနေနဲ့ ဒီကိစ္စကို လက်ပိုက်ကြည့်နေရမှာလား...”
အကြီးအကဲဝူးရှန်သည် မျက်ခုံးများ အနည်းငယ် တွန့်ချိုးလိုက်ပြီး ဤသို့ သူ့အား အထွန့်တက်သည်ကို မနှစ်သက်သော သဘောရှိနေသည်။
“ငါက ဒီဂိုဏ်းသုံးဂိုဏ်းပေါင်းစုံသိုင်းပညာပြိုင်ပွဲရဲ့ အဓိကဒိုင်လူကြီးဖြစ်တဲ့အတွက် စည်းကမ်းချိုးဖောက်တာ ဟုတ်မဟုတ် ငါ့မှာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်... ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ ဆူးခင်းတဲ့လမ်းတစ်ခုပဲ... ဒီလမ်းကို လျှောက်လှမ်းတဲ့သူတွေဟာ သေခြင်းရှင်ခြင်းနှစ်ခုကြားမှာ ရပ်နေကြရတာပါ... တကယ့်စွမ်းအားရှင်တွေဆိုတာ သေခြင်းရှင်ခြင်းကို ရင်ဆိုင်ရတဲ့အခါမျိုးမှာမှ ပေါ်ထွက်လာကြတာပါ... ယှဥ်ပြိုင်တဲ့ပွဲမှာတောင် တွန့်ဆုတ်နေမယ်ဆိုရင် ဘာလို့ သိုင်းပညာကို ယှဉ်ပြိုင်ကြမှာလဲ... ဘာလို့ လမ်းစဉ်ကို ဆွေးနွေးကြမှာလဲ...”
အကြီးအကဲဝူးရှန်သည် မိမိ၏ဝတ်ရုံလက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရင်း အေးစက်သောလေသံဖြင့် ပြောလိုက်သည်။
“ငါ့စကားက ဘယ်သူ့ကိုမှ ဘက်လိုက်တာမဟုတ်ဘူး... မင်းတို့ ရွှမ်ယွမ်ဂိုဏ်းက မတရားဘူးလို့ ခံစားရတယ်ဆိုရင် မင်းတို့လည်း စင်မြင့်ပေါ်မှာ သူတို့ကို ပြန်လည်တိုက်ခိုက်ပြီး ချေပနိုင်တာပဲ...”
“ကဲ ပြောရရင်... ဒီ ဂိုဏ်းသုံးဂိုဏ်းပေါင်းစုံ သိုင်းပညာပြိုင်ပွဲကို ပုံမှန်အတိုင်း ဆက်လက် မလုပ်ဆောင်နိုင်အောင် မနှောင့်ယှက်ကြနဲ့တော့... မဟုတ်ရင် ဒီအဘိုးကြီးကို ရိုင်းတယ်လို့ အပြစ်မတင်နဲ့...”
အကြီးအကဲဝူးရှန်၏အသံသည် မကျယ်လောင်သော်လည်း ငြင်းပယ်၍မရသော ဩဇာအာဏာများ ပါဝင်နေသည်။
ဆွန်ယင်ယန်သည် စိတ်အေးလက်အေးဖြစ်သွားပြီး နဝမအကြီးအကဲကို ရယ်မောပြရင်း ပြောလိုက်သည်။
“ချန်ဟန်... အကြီးအကဲဝူးရှန် ပြောတာမှန်ပါတယ်... မှန်လှောင်အိမ်ထဲမှာ စွမ်းအားရှင်တွေကို မွေးထုတ်လို့ မရပါဘူး”
“နောက်ပွဲတွေမှာ မင်းတို့ ရွှမ်ယွမ်ဂိုဏ်းတပည့်တွေက သူတို့ရဲ့စွမ်းအားအပြည့်အစုံကို ထုတ်ပြနိုင်ပါတယ်... ချုပ်တည်းစရာမလိုပါဘူး... ငါ့ လျှပ်ယွမ်ဂိုဏ်းကတပည့် သေဆုံးသွားရင်လည်း ငါ တစ်ခွန်းမှ မပြောပါဘူး... ငါ မင်းတို့ ရွှမ်ယွမ်ဂိုဏ်းကို အနှောင့်အယှက်ပေးမှာ မဟုတ်ပါဘူး...”
“မင်း ပါးစပ်ပိတ်ထားလိုက်...”
နဝမအကြီးအကဲက ဒေါသမျက်လုံးများဖြင့် စူးစိုက်ကြည့်ကာ ဝိညာဥ်စွမ်းအင်များ ဆူပွက်နေသည်။ သူသည် အလွန်မကျေနပ်ဖြစ်နေ၏။
ဤဒေါသကို သူ မည်သို့မျှ မျိုချ၍ မရနိုင်ပေ။
သို့သော် အကြီးအကဲဝူးရှန်၏ ကျင့်ကြံမှုအဆင့်သည် သူတို့ထက် သာလွန်နေကာ နောက်ခံတွင်လည်း ကျိတော့ဂိုဏ်းရှိနေသည့်အတွက် တစ်ဖက်လူ၏ ဆန္ဒကို မဖြစ်မနေ ဂရုစိုက်ရပေမည်။
ချန်ရွှမ်အကြီးအကဲ၏ မျက်နှာသည်လည်း အလွန်အမင်း မည်းမှောင်နေသည်။
သို့သော် အခြေအနေက ကိုယ့်ဘက်တွင် မရှိချေ။ အကြီးအကဲဝူးရှန်ကိုယ်တိုင် ဝင်တားနေသည့်အတွက် သူတို့သည် မည်မျှပင် မကျေနပ်စေကာမူ လုပ်ဆောင်ရန် နည်းလမ်းမရှိပေ။
ထို့ပြင် ရွှမ်ယွမ်ဂိုဏ်း၏ ယှဉ်ပြိုင်သည့်တပည့်များ၏ စွမ်းအားသည် လျှပ်ယွမ်ဂိုဏ်းထက် သိသိသာသာ တစ်ဆင့်နိမ့်နေပြန်သည်။
ယခုအခါ လက်ခံ၍လည်း မဖြစ်နိုင်...
လက်မခံရန်လည်း မဖြစ်နိုင်...
ဤအကြောင်းကို တွေးမိသောအခါ ချန်ရွှမ်အကြီးအကဲသည် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ရွှမ်ယွမ်ဂိုဏ်းတွင် ယခုအချိန်၌ ဟွာကျင်းယန် သို့မဟုတ် ယန်ချင်းရှုံးကဲ့သို့သော ဦးဆောင်သူရှိခဲ့ပါက ဤမျှအထိ ဖြစ်လာမည် မဟုတ်ပေ။
ဤအတိုင်း သွားကျိုးရာ ဝမ်းထဲ မျိုချလိုက်ရမည်လော။
“ဆရာ... နဝမအကြီးအကဲ... သူတို့ ဒီလောက် ဆုံးဖြတ်နေတယ်ဆိုလည်း လက်ခံလိုက်ကြပါ... ကျွန်တော်တို့ ရွှမ်ယွမ်ဂိုဏ်းဟာ ဘယ်သူ့ရဲ့ ဖိနှိပ်မှုကိုမှ ခံယူနေမှာ မဟုတ်ပါဘူး...”
ချန်ရွှမ်နှင့် အခြားသူများသည် ဆုံးဖြတ်ချက်ချရန် ခက်ခဲနေချိန်တွင် ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာကာ ကျင်းယူတောင်ထိပ်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။
လူအများစုသည် အသံလာရာဆီသို့ တပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
ရွှမ်ယွမ်ဂိုဏ်းဘက်မှ တပည့်တစ်ဦး ထွက်ပေါ်လာသည်။
အပြာရောင်ဝတ်ရုံဝတ်ဆင်ထားပြီး ခါးတွင် ဓားရှည်တစ်ချောင်း ချိတ်ဆွဲထားကာ လူတကာထက် ထူးခြားထင်ရှားနေ၏။
သူကား လော့ချန်ပင်...
“ကောင်းပြီ...”
ဤကိစ္စတွင် နောက်ဆုတ်ရန် လမ်းမရှိတော့သည့်အတွက် နဝမအကြီးအကဲသည် အေးစက်သော အသံဖြင့် အော်ဟစ်လိုက်ရင်း ဆွန်ယင်ယန်နှင့် အခြားသူများကို ကြည့်ကာ ခက်ထန်သောလေသံဖြင့် ပြောလိုက်သည်။
“ရွှမ်ယွမ်ဂိုဏ်းတပည့်အားလုံး နားထောင်ကြ... နောက်ပွဲတွေမှာ လျှပ်ယွမ်ဂိုဏ်းတပည့်တွေနဲ့ တွေ့ရင် သတ်ပစ်ကြ...”
“နားလည်ပါပြီ...”
ချန်လင်းယူနှင့် အခြားသူများသည် ယခင်ကတည်းကပင် ဒေါသများဖြင့် ပြည့်နှက်နေပြီး ခေါင်းညိတ်လိုက်ကြသည်။
“ဟဲ... ဟဲ...”
ဆွန်ယင်ယန်သည် အေးစက်စွာ လှောင်ရယ်လိုက်ပြီး ချန်ရွှမ်တို့ကို ကြည့်ကာ မထီမဲ့မြင် ပြုံးလိုက်သည်။
“စောစောကတည်းက ဒီလိုလုပ်လိုက်ရင် မကောင်းဘူးလား... ဒီတစ်ခေါက် မင်းတို့ ရွှမ်ယွမ်ဂိုဏ်းက ဘယ်နှစ်ယောက် ပြန်သွားနိုင်မလဲ မသိဘူးနော်”
ချန်ရွှမ်အကြီးအကဲက အေးစက်သောလေသံဖြင့် ပြောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ လျှပ်ယွမ်ဂိုဏ်းထက်တော့ ပိုများမှာပါ...”
“ဟားဟား... ဒါဆိုရင် စောင့်ကြည့်ရအောင်...”
ဆွန်ယင်ယန်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဆွန်ချွမ်ဝူကို ခေါ်ဆောင်ကာ မာန်မာနကြီးစွာဖြင့် သူ၏နေရာသို့ ပြန်သွားခဲ့သည်။ ချန်ရွှမ်အကြီးအကဲ၏ စကားကို သူ အနည်းငယ်မျှ အလေးထားခြင်းမရှိပေ။
သူတို့ လျှပ်ယွမ်ဂိုဏ်းတွင် ဟွာကျင်းယန် ရှိသည်...။
ဖေ့ကျွယ်လည်း ရှိသည်...။
ရွှမ်ယွမ်ဂိုဏ်းမှာ ဘာရှိသလဲ...။
အသုံးမဝင်သောသူများသာ...။
လျှပ်ယွမ်ဂိုဏ်း၏ ထိပ်တန်းတပည့်ဆယ်ဦးတွင် ပထမငါးဦးသည် ရွှမ်ယွမ်ဂိုဏ်း၏ ထိပ်တန်းတပည့်ဆယ်ဦးကို အလွယ်တကူ အနိုင်ယူနိုင်သည်။
ချန်ရွှမ်အကြီးအကဲတို့သည်လည်း မျက်နှာများ မည်းမှောင်နေလျက် ပွဲကြည့်စင်ပေါ်သို့ ပြန်သွားကြသည်။
အခြေအနေ ပြေလည်သွားသော်လည်း ကျင်းယူတောင်ထိပ်တစ်ခုလုံး၏ အခြေအနေသည် ပိုမိုပြင်းထန်လာသည်။
ပြိုင်ပွဲသည် ဤအချိန်မှစ၍ လုံးဝကွဲပြားသွားမည်ကို လူတိုင်း နားလည်ကြသည်။
ရွှမ်ယွမ်ဂိုဏ်းနှင့် လျှပ်ယွမ်ဂိုဏ်းတပည့်များသည် တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံပါက သေသည်အထိ တိုက်ခိုက်ကြမည်မှာ ကျိန်းသေပေါက်ပင်။
ယခုမြင်ကွင်းသည် မုန်တိုင်းမတိုက်မီ ခဏတာ ငြိမ်သက်ခြင်းမျှသာ...။
နဝမအကြီးအကဲသည် နေရာသို့ ပြန်ရောက်လာပြီး ဒေါသကြောင့် ပြာနှမ်းနေသော မျက်နှာဖြင့် ထိုင်လိုက်သည်။ သူသည် လော့ချန်ကို ကြည့်ရင်း မေးလိုက်သည်။
“လော့ချန်... မင်း အဲ့ဒီ ဆွန်ချွမ်ဝူကို သတ်ဖို့ ယုံကြည်မှုရှိလား...”
လော့ချန် အလေးအနက် ခေါင်းညိတ်လိုက်သည်။
“နဝမအကြီးအကဲ စိတ်ချပါ... ကျွန်တော် သတ္တိရှိရှိ ကတိပေးခဲ့တာဖြစ်တဲ့အတွက် လုံးဝ အာမခံပါတယ်... လျှပ်ယွမ်ဂိုဏ်းက ကျွန်တော်တို့ ရွှမ်ယွမ်ဂိုဏ်းကို စော်ကားခဲ့သမျှ အရာအားလုံး သူတို့ နှစ်ဆ ပြန်ပေးဆပ်စေရမယ်...”
နဝမအကြီးအကဲသည် လော့ချန်၏ လေသံကို အံ့အားသင့်သွားပြီး ဤအရာက သူ့အား အနည်းငယ် စိတ်အေးသွားစေသည်။
သူသည် လေးနက်စွာ ပြောလိုက်သည်။
“မင်းမှာ ဒီလောက် ယုံကြည်ချက်ရှိတာ အရမ်းကောင်းတယ်... ဒါပေမဲ့ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့... နောက်ပွဲတွေက ချစ်ကြည်ရေး ယှဥ်ပြိုင်တာ မဟုတ်တော့ဘဲ သေခြင်းရှင်ခြင်း တိုက်ပွဲတွေ ဖြစ်လာလိမ့်မယ်... စင်မြင့်ပေါ်ကို တက်လိုက်တာနဲ့ အသက်ကို လောင်းကြေးထပ်ရလိမ့်မယ်...”
“မင်းတို့လည်းပဲ... လုံးဝ အာမခံချက်မရှိဘဲ စင်ပေါ်ကို မတက်ကြနဲ့... အလျော့ပေးသင့်ရင် ပေး... နောင်တချိန်မှာ ပိုသန်မာလာရင် လက်စားပြန်ချေလို့ရတယ်... ကိုယ့်အသက်ကိုယ် မဖျက်ဆီးမိစေနဲ့... မင်းတို့ကမှ ငါတို့ ရွှမ်ယွမ်ဂိုဏ်းရဲ့ အနာဂတ် မျှော်လင့်ချက်တွေပဲ...”
လင်ချီတုန်း မရှုမလှ သေဆုံးသွားသည့်အတွက် နဝမအကြီးအကဲသည် ဒေါသအလျှံအပယ်ဖြစ်နေသော်လည်း အသိဉာဏ် မပျောက်ဆုံးသေးပေ။ ရွှမ်ယွမ်ဂိုဏ်းတပည့်များသည် လျှပ်ယွမ်ဂိုဏ်းထက် တစ်ဆင့်နိမ့်သည်ကို သူ ကောင်းကောင်းသိ၏။ မျက်နှာပျက်ရခြင်းသည် အသက်ဆုံးရှုံးရခြင်းထက် ပိုကောင်းသေးသည်။
“ဟုတ်ကဲ့...”
ချန်လင်းယူနှင့် အခြားသူများသည် ခေါင်းညိတ်လိုက်ကြသည်။
လော့ချန်တစ်ဦးတည်းသာ စကားမပြောဘဲ အကြည့်ကို လျှပ်ယွမ်ဂိုဏ်းဘက်သို့ လွှဲလိုက်သည်။ သူ၏အကြည့်သည် ဆွန်ချွမ်ဝူအပေါ်သို့ ကျရောက်နေ၏။
သူ၏ မူလအစီအစဉ်တွင် ပြိုင်ပွဲ၏စည်းကမ်းကို ချိုးဖောက်သည်ဖြစ်စေ၊ မချိုးဖောက်သည်ဖြစ်စေ ဆွန်ချွမ်ဝူသည် သူ မဖြစ်မနေ သတ်ရမည့်သူပင်။
ယခုအခြေအနေသည် သူ၏ဆန္ဒနှင့် ကိုက်ညီနေသည်မှာ မည်မျှ ကောင်းလိုက်သနည်း။
နောက်ပိုင်းတွင် သူ ဘာကိုမှ စိုးရိမ်ပူပန်စရာ မလိုတော့ပေ။
ထိုအချိန်တွင် ဆွန်ချွမ်ဝူသည် တစ်စုံတစ်ရာကို ခံစားမိဟန်တူပြီး သူ၏အကြည့်ကို ပြန်လည် တုန့်ပြန်လိုက်သည်။
မျက်လုံးချင်းဆုံမိသည်နှင့် ဆွန်ချွမ်ဝူ၏မျက်နှာတွင် ကြောက်မက်ဖွယ်ကောင်းသော အေးစက်သည့်အပြုံးတစ်ခု ပေါ်လာသည်။ သူသည် လက်ကို လည်ပင်းရှေ့တွင် ကန့်လန့်ဖြတ်ကာ အားပြင်းစွာဖြင့် ပွတ်ဆွဲသည့်ဟန် လုပ်ပြလိုက်သည်။
သူသည် မူလက လော့ချန်၏ ကျိမိသားစုသွေးသားကို စိုးရိမ်သောကြောင့် ဓားငှား၍ လူသတ်ရန်အတွက် ဟွာကျင်းယန်အား လော့ချန်ကို ဖျက်ဆီးပစ်စေရန် ကြိုးပမ်းခဲ့သည်။
ယခုမူ ထိုသို့လုပ်ဆောင်ရန် မလိုအပ်တော့ပေ။
ဂိုဏ်းနှစ်ခုလုံး မျက်နှာချင်းဆိုင် တိုက်ခိုက်ရန် ပြတ်သားသွားပြီဖြစ်သည့်အတွက် သူသည် အမည်နာမဖြင့် တရားဝင် စင်မြင့်ပေါ်တွင် လော့ချန်ကို ကိုယ်တိုင် ဒဏ်ရာရအောင် သို့မဟုတ် ဖျက်ဆီးပစ်ရန် အခွင့်အရေးရှိပြီပင်။
ဤအချိန်တွင် ဆွန်ချွမ်ဝူသည် ရှေ့ဆက်လာမည့် ဆယ်ပွဲတာကာလ မြန်မြန်ကုန်ဆုံးပြီး လော့ချန်နှင့် အမြန်ဆုံး တွေ့ဆုံရန်သာ မျှော်လင့်နေသည်။
ဆွန်ချွမ်ဝူ၏ ခြိမ်းခြောက်သည့်အမူအရာကို ကြည့်ရင်း လော့ချန်သည် ဖျော့တော့စွာ ပြုံးလိုက်သည်။ သူ၏စိတ်ထဲမှ အတွေးသည် ဆွန်ချွမ်ဝူ၏ အတွေးနှင့် ထပ်တူပင်ဖြစ်၏။
လော့ရှာဂိုဏ်းအကြီးအကဲက ပြိုင်ပွဲဆက်လက်ကျင်းပရန် ကြေညာလိုက်သည်။
ယခင်အကျော့ပြိုင်ပွဲများတွင် တိုက်ပွဲဆယ်ပွဲမှ ဆယ့်နှစ်ပွဲအထိ ကျင်းပခဲ့ရသည်။
ယခုမူ မီးတောက်လောင်နေသည့် တိုက်ပွဲမြင်ကွင်းမျိုး မရှိတော့ပေ။
ပြိုင်ဘက်သည် လော့ရှာဂိုဏ်းမှ တပည့်မဟုတ်ပါက လျှပ်ယွမ်ဂိုဏ်းတပည့်နှင့် ရွှမ်ယွမ်ဂိုဏ်းတပည့်တို့ တွေ့ဆုံသည့်အခါ တစ်ဦးနှင့်တစ်ဦး အဆင့် သို့မဟုတ် ခွန်အားကွာခြားလွန်းပါက ချက်ချင်း အရှုံးပေးကြတော့သည်။
ယခုပွဲသည် ချစ်ကြည်ရေး ယှဥ်ပြိုင်ခြင်းမဟုတ်ဘဲ သေခြင်းရှင်ခြင်း တိုက်ပွဲဖြစ်သည်ကို လူတိုင်း နားလည်ကြသည်။
စင်ပေါ်တက်သည်နှင့် သေသည်အထိ တိုက်ခိုက်ရမည်သာ။
ခွန်အားနည်းသူသည် အသေခံရန် စင်ပေါ်သို့ တက်လာမည် မဟုတ်ပေ။
အခန်း ၃၆၀ ပြီးပါပြီ။